ဗိုလ်ချုပ်အား ဤသို့... လုပ်ကြံခဲ့သည်...

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,

  • အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း
    အသက် ။ ။ ၁၈နှစ်
    လူမျိုး ။ ။မြန်မာ
    ကိုးကွယ်သည့်ဘာသာ ။ ။ဗုဒ္ဓဘာသာ
    အဘအမည် ။ ။ကိုမောင်ထွန်း




    ဓါတ်ပုံအား (ဧရာဝတီ)ထံမှ ယူသုံးသည်။

    ကျွန်တော်သည်အုတ်ဖိုမြို့ အရှေ့အလယ်ကုန်းရွာတွင် လွန်ခဲ့သော ၉-နှစ်၊၁၀-နှစ်လောက်ကစပြီး နေထိုင်ပါသည်။ ကျွန်တော်မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်ကကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယတန်းအထိ စာသင်ဘူးပါသည်။ လွန်ခဲ့သည့် ၄-လ က ဂဋ္ဌုန်ဦးစော အုပ်ဖိုမြို့သို့လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏နေအိမ်တွင်တည်းခိုပါသည် ။ ဦးစော၏ နှမဝမ်းကွဲတော်သူ မတင်ညိုက ကျွန်တော့်အား “နင့်ဦးလေး ဦးစောရောက်နေတယ် ၊ တခါမှမင်းကို မမြင်ဘူးသေးဘူး ၊ သွားကြည့်အုံး”ဟု ပြောပါ သည်။

    ကျွန်တော်လည်း ဦးဘရင် အိမ်သို့သွားရာ ဦးစောကိုတွေ့ရပါသည်။ ဦးစောက “မင်းဘယ်ကလဲ” ဟုမေးပါသည်။
    ထိုအခါ ကျွန်တော်က “အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည် ”ဟုပြောရာ ဦးစောက “မင်း ငါ့ဆီလိုက်နေမလား” ဟု မေးပါသည်။ ကျွန်တော်ကလည်း “လိုက်နေပါမည်”ဟုပြောလိုက်ပါသည်။ နောက်တနေ့တွင် ဦးစော မင်းလှမြို့တွင် တရားဟောသွားပါသည်။ ညနေတွင် ဦးစောသည် မော်တော်ကားဖြင့် အုပ်ဖိုသို့ ပြန်လာပါသည်။ နောက်တနေ့ နံနက် ဝေလီဝေလင်းတွင် အုပ်ဖိုမှ ကား ၃စီးဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ရာ ကျွန်တော်လည်း အတူပါလာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်းရှိ နေအိမ်သို့ ညနေဘက်တွင် ရောက်ရှိ ကြပါသည်။

    ကျွန်တော်သည် ထိုအိမ်တွင် ကိုစိန်၊ စိန်မောင်၊ မြအုန်း၊ တင်ရွှေ၊ ကိုစိုး၊ ကိုကြီးငွေ၊ ရင်ဖေ၊ ရင်မောင်၊ ခင်မောင်ရင်တို့ကို တွေ့ရပါသည်။ ၎င်းတို့နှင့် အတူနေရပါသည်။ နောက်တနေ့တွင် ရင်ဖေမှာ သူ့အိမ်သို့ ပြန်သွားပါသည်။ တစ်လလောက် ဦးစော၏အိမ်တွင်နေပြီးလျှင ် ကျွန်တော့်၏ရွာသို့ ခေတ္တပြန်ပါသည ်။ ရွာတွင် ၃-ရက်ခန့်နေပြီးအပြန်တွင် ရန်ကြီးနိုင်(ခေါ်)မောင်ထွန်းရှိန်အား အတူလိုက်နေရန်ခေါ်လာခဲ့ပါသည်။ နောက်တစ်လခန့်ကြာသောအခါ ကိုသက်နှင်း၊ ကိုသုခနှင့် ကိုဘညွန့်တို့ရောက်လာပါသည် ။ ထိုအခါ ကိုဘညွန့်သည် ဦးစော၏အိမ်တွင် ကြာကြာမနေပါ။ သွားချည်လာလှည့်နေပါသည်။ ကိုသက်နှင်းနှင့် ကိုသုခက ကျိုက်လတ်က ဟုပြောပါသည်။ ကိုဘညွန့်ကတော့ အိုးသည်ကုန်းက ဖြစ်ပါသည်။ရန်ကြီးနိုင်၊ စိန်မောင်နှင့် ကျွန်တော်တို့သည် ဦးစောအိမ် နောက်ဖေးအဖီကလေးမှာနေရပါသည်။

    ကျွန်တော်တို့ ဦးစောအိမ်ရောက်ပြီး ၂-လ လောက်ကြာသောအခါ ဦးစောက ကျွန်တော်နှင့်တကွ ကိုသက်နှင်း၊ ကိုသုခ၊ ရန်ကြီးနိုင်၊ ကိုစိုး၊ ကိုစိန်၊ ခင်မောင်ရင်၊ တင်ရွှေ၊ စိန်မောင်၊ မောင်မြအုန်းတို့အား ဘုရားကျောင်းဆောင်သို့ ခေါ်သွားပြီးလျှင် ငါးပါးသီလခံယူစေပါသည်။ ၎င်းနောက် ကိုသုခဆိုသည့်အတိုင်း လိုက်ဆိုရပါသည်။ အတိုချုပ်မှာ တိုင်းပြည် ဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါမည်။ သစ္စာဖောက်က ငရဲပြည်ရောက်ပါစေ ဖြစ်ပါသည်။ ကိုသုခ ရှေ့မှချပေးသည့်အတိုင်း လိုက်ဆိုပြီးလျှင် ကျွန်တော်တို့ အားလုံး သစ္စာရေသောက်ရပါသည်။ ၎င်းနောက် ကျွန်တော်သစ္စာဖေါက်မိသဖြင် ့ ကျွန်တော်၏ ကိုယ်ကို ကျွန်တော်အဆုံးစီရင်လိုက်သည်ဟု ကိုယ်တိုင် ရေးပြီး လက်မှတ်ထိုး၍ ဦးစောလက်သို့ ပေးအပ်ရပါသည်။

    ဤကိစ္စများ ပြီးသည့်နောက် ဦးစောကိုယ်တိုင် ကျွန်တော့အား စတင်းဂန်း၊ နှစ်လုံးပူး ၊ခြောက်လုံးပူး သေနတ်များ အပစ်သင်ပေးပါသည်။ ကိုခင်မောင်ရင်နှင့် အခြားသေနတ်ပစ်တတ်သည့် သူများကိုလည်း ဦးစောက ထပ်မံ သင်ကြားပေးပါသည်။ ကျွန်တော်သည် အစမ်းသဘောဖြင့် ဓါတ်ဆီပုံး၊ ရေနံဆီပုံးလွတ်တို့ကို ချိန်ပြီး အစမ်းပစ် လေ့ကျင့်ရပါသည်။

    လွန်ခဲ့သော တစ်လလောက်က နံနက် ၉-နာရီခွဲခန့်တွင် ကိုဘညွန့်၊ မောင်စိန်၊ မောင်နီ၊ ရန်ကြီးနိုင်၊ တင်ရွှေ၊ လှထွန်း နှင့် ထွန်းရှိန်တို့သည် လော်လီတစီးနှင့် အေ-အို-ဒီ သို့သွားရောက်ပြီး ဘရင်းဂန်းအလက် ၂၀၀ လောက်ထုပ်ယူလာ သည်ကိုတွေ့ရပါသည်။ထိုအချိန်က ကိုဘညွန့်သည် ကာကီရောင်အကျင်္ီနှင့် ဘောင်းဘီကိုဝတ်၍ ပုခုံးတွင် ပုလိပ်တံဆိပ်များ တပ်ထားသည်ကိုတွေ့ရပါသည်။ မောင်စိန်ကလည်း ပုလိပ်အဝတ်အစား အကျင်္ီီဘောင်းဘီများ ၀တ်လျက် လက်မောင်းတွင် အဖြူအရစ် ၃-တန်းတပ်ထားပါသည်။ ကျန်လူများလည်း ယူနီဖေါင်း ၀တ်ထားပါသည်။ ထိုသူများယူလာသည့် ဘရင်းဂန်းများတင်ထားသော လော်လီကားကြီးကို ဦးစောအိမ်ရှေ့ သရက်ပင် အောက်တွင် ထားပါသည်။ နောက်ထိုကားမှ ဘရင်းဂန်းများကို ဦးစောအိမ်၏ ဆင်ဝင်တွင်ချထားပါသည်။ ၎င်းနောက် ကျွန်တော်တို့ သည် ဘရင်းဂန်းသေနတ်များကို အမဲဆီသုတ်လိမ်း၍ အသင့်ရှိသော သံစည်များတွင် ထည့်ကာ ညဉ့် ၈-နာရီလောက်တွင်ဦးစောအိမ်အနီး ရေကန်ထဲသို့ ချထား ကြပါသည်။
    (ထိုလက်နက်များကို Capt: Bivian ၏အကူအညီနှင့် ကိုဘညွန့်က IP ယူနီဖေါင်းဝတ်၍ ထုတ်ယူခဲ့ ပါသည်။)

    နောက်တနေ့တွင် ကျန်ဘရင်းဂန်းများကို ထင်းရူးသေတ္တာ များတွင်ထည့်သွင်းပြီး မောင်စိန်က လော်လီကားကို မောင်း၍ တင်ရွှေ၊ ထွန်းရှိန်၊ မောင်စိုးတို့က စီးလိုက်လျက် သေတ္တာ ၁၅-လုံးခန့်ကို တင်ယူသွားပါသည်။ ခင်မောင်ရင်ကလည်း ဖိုဒ်ဆင်း ကားမောင်းလျက် ကိုထွန်းရင်နှင့်အတူ လော်လီကားနောက်က လိုက်ပါ သွားကြပါသည်။ ၎င်းဘရင်းဂန်းများကို ပြည်လမ်းတလျှောက်ရှိ ဂဋ္ဌုန်တပ်ခွဲများသို့ သွားရောက်ပို့ဆောင်ထားကြောင်း နောင်အခါတွင် ကျွန်တော်သိရပါသည်။ နောက် ၁၀-ရက်ခန့်ကြာသော အခါတွင်လည်း ပြည်လမ်း ၁၆-မိုင်ရှိ အင်္ဂလိပ် တပ်မတော် ခဲယမ်းမီးကျောက် သိုလှောင်ရေးဋ္ဌာနမှ ယမ်းတောင့်သေတ္တာများကိုသွားရောက်ထုတ်ယူလာကြပါသည်။ ၎င်းသေတ္တာများကို စိန်မောင်၊ ရန်ကြီးနိုင်နှင့် ကျွန်တော်တို့ ဦးစော၏ အမိန့်အရ ရေကန်ထဲသို့ချထားရပါသည်။

    ဇူလိုင် ၁၈-ရက်နေ့ ညစာထမင်းစားပြီး ရ-နာရီခန့်တွင် ဦးစောက ကျွန်တော့်အား သူ့အိပ်ခန်းသို့ ခေါ်သွား ပါသည်။ ၎င်းနောက် ဦးစောက "မင်းကို ကိုစိုး၊ ကိုစိန်တို့နဲ့ထည့်လိုက်မယ်၊ သူတို့ကအပစ်ခိုင်းသည့်အခါ ပစ်ရမယ်၊ မင်းလိုက်သွားတဲ့အခါ တော်မီဂန်း တလက်ယူသွား" ဟု ပြောပါသည်။ ကျွန်တော်ကလည်း "ဟုတ်ကဲ့" ဟုပြော၍ ကျွန့်တော့်အိပ်ယာသို့ ပြန်ပြီးအိပ်ပါသည်။
    ( ဇူလိုင် ၁၉-ရက်နေ့ နံနက် ၁၀-နာရီတွင် ၀န်ကြီးအဖွဲ့ အစည်းအဝေး ကျင်းပမည်ကို ဦးစောက ကြိုတင် သတင်းရရှိပြီးဖြစ်နေ၏။ ထိုသတင်း မည်သို့ရရှိသည်ကို ဦးစောကဖွင့်ဟမသွားခဲ့ချေ)

    ဇူလိုင် ၁၉-ရက်နေ့ နံနက် ၉-နာရီလောက်တွင် ဦးစောသည် ကျွန်တော်၏အိပ်ရာကိုလာပြီး ကျွန်တော့်အား ယူနီဖောင်း အကျင်္ီနှင့် ဘောင်းဘီတို့ကို ၀တ်ခိုင်းပါသည်။ ကျွန်တော်လည်း ရန်ကြီးနိုင်၏ ယူနီဖောင်း အစိမ်းတစ်စုံကို အနီးရှိ ကြိုးတန်းပေါ်မှ အဆင်သင့်ဆွဲယူပြီး ၀တ်လိုက်ပါသည်။ ထို့နောက် ဦးစောက အိမ်ရှေ့ အင်းယားကန်စပ်သို့ ခေါ်သွားပြီး ကန်စပ်တွင်ရှိသော သံစည်ထဲမှ စတင်းဂန်းတလက်ကို ထုတ်ယူပြီး ဦးစောနှင့်အတူ အိမ်ဘက်သို့ တဖန်ပြန်သွားကြပါသည်။

    ဦးစော၏ အိမ်ရှေ့ခန်းတွင် ကိုစိုး၊ ကိုသက်နှင်း၊ ကိုစိန်၊ ကိုသုခ၊ ကိုဘညွန့်၊ ကိုနီ တို့ကိုတွေ့ရပါသည်။ ကိုစိုး၊ ကိုသက်နှင်း၊ ကိုစိန်၊ ကိုသုခ၊တို့မှာ ကျွန်တော့်ကဲ့သို့ ယူနီဖောင်း အစိမ်းဝတ်ထားပါသည်။ ကိုဘညွန့်နှင့်ကိုနီ တို့မှာ ရိုးရိုးအရပ်ဝတ်အရပ်စား ၀တ်ဆင်ထားပါသည်။ ကျွန်တော်ဝတ်ဆင်ထားသော ကာကီအစိမ်း ယူနီဖောင်းသည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ်(၄)နှင့် တူပါသည်။ ကျွန်တော့်ကိုယ်ပိုင် ပစ္စည်းမဟုတ်၍ သေချာစွာ မပြောနိုင်ပါ။

    ထို့နောက် ကိုစိုးက ကျွန်တော့်အကျင်္ီပခုံးတဘက်တချက်တွင် ခြင်္သေ့တံဆိပ်ပါရှိသော အဝတ်စကို တပ်ဆင်ပေး ပါသည်။ ကိုစိုး၊ ကိုစိန်၊ ကိုသက်နှင်းတို့၏ အကျင်္ီပုခုံးများတွင်လည်း ထိုကဲ့သို့ ခြင်္သေ့တံဆိပ်တပ်ထားပါသည်။ ကိုသုခ၏ယူနီဖောင်းတွင်မူ ခြင်္သေ့တံဆိပ်ကို မတွေ့မိပါ။တံဆိပ်တပ်ပြီးနောက် ကိုစိုးက ဦးထုပ်အပျော့ တစ်လုံးကို ဆောင်းပေးပါသည်။ ကျွန်တော့်ကိုဆောင်းပေးသော ဦးထုပ်သည် ယခုတရားသူကြီးရှေ့တွင် သက်သေခံပစ္စည်း အမှတ်(၅)နှင့်ဆင်တူပါသည်။

    ထို့နောက် ဦးစော၏အမိန့်အရ ဦးစောအိပ်ခန်းထဲသို့ဝင်၍ ဦးစော၏အကျိတ်အောက်က မဂ္ဂဇင်းဘောက် ၂-ခုကို ယူလာပြီး အိမ်ရှေ့ခန်းသို့ပြန်လာပါသည်။ ကျွန်တော်ပြန်ရောက်သောအခါ ကိုစိုး၊ ကိုစိန်နှင့် ကိုသက်နှင်းတို့မှာ တော်မီဂန်းတလက်စီကိုင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်ကသူတို့အား "ဘယ်သွားမလဲ" ဟုမေးရာ ကိုစိုးက "မြို့ထဲလိုက်ခဲ့ရမယ်၊ ဟိုကျတော့ ငါပစ်ခိုင်းတဲ့အတိုင်းပစ်ရမယ်" ဟု ပြောပါသည်။ နံနက် ၁၀-နာရီ လောက်တွင် ဦးစောက ကျွန်တော်တို့အား "အချိန်စေ့ပြီ ၊ သွားကြ၊ သွားကြ" ဟုပြောပါသည်။ ထိုအခါ ဂျစ်ကားကို ကိုသုခကမောင်း၍ ကိုစိုးက ကိုသုခဘေးတွင် ထိုင်ပါသည်။ ကိုသက်နှင်း၊ ကိုစိန်နှင့် ကျွန်တော်က နောက်မှ ထိုင်ပါသည်။ ဂျစ်ကားပေါ်သို့ရောက်သောအခါ ကိုစိုး၊ ကိုစိန်၊ ကိုသက်နှင်းတို့ ၃ယောက်က မိုးကာအကျင်္ီကို ခြံုလိုက်ပါသည်။ ကျွန်တော်က သူတို့ကြားတွင်ထိုင်နေ၍ မိုးကာမခြံုခဲ့ပါ။ ထိုအချိန်လောက်တွင် ကိုဘညွန့်၊ ကိုမောင်ညို၊ ခင်မောင်ရင်တို့သည် မြို့ထဲသို့ ရောက်ရှိနေကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ထိုင်နေကြကြောင်း ဦးစောထံဖုန်းဖြင့် သတင်းပေးပို့သည်ဟု နောင်သောအခါကျမှ ကျွန်တော်သိရပါသည်။ ကျွန်တော်တို့ ဂျစ်ကားထွက်သောအခါ ဦးစောက "ဂွတ်ဒ် လပ်" ဟု နှုတ်ဆက်ပါသည်။ ကိုစိုးကလည်း ပြန်လည် နှုတ်ဆက်ပါသည်။ ထိုနောက်ဂျစ်ကားကို ကိုသုခက မြို့ထဲဘက်သို့မောင်းလာပါသ ည်။

    မြို့ထဲသို့ ဂျစ်ကားရောက်သောအခါ ကိုစိုး၊ ကိုစိန်၊ ကိုသက်နှင်းတို့သည် မိုးကာအကျင်္ီများကို ချွတ်လိုက်ကြပါသည် ။ ကျွန်တော်တို့လည်းသေနတ်ဖြင့် ပစ်ရမည့်ရုံးတွင်းသို့ ဂျစ်ကားနှင့်ဝင်လာပြီး ရုံးလှေကားအနီးတွင် ဂျစ်ကားကိုရပ်၍ ကိုစိုး၊ ကိုသက်နှင်း၊ ကိုစိန်နှင့် ကျွန်တော်က ကားပေါ်မှဆင်းပါသည်။ ထို့နောက်ရုံးပေါ်သို့ ကိုစိုးက ရှေ့ဆောင်၍ တက်ပါသည်။ ကိုစိုးနောက်ကပ်လျက် ကိုစိန်က လိုက်ပါသည်။ ကိုစိန်နောက်တလံလောက်အကွာတွင် ကိုသက်နှင်းက လိုက်၍ ကိုသက်နှင်းနောက်ကမှ ကျွန်တော်က လိုက်ပါသည်။

    ၀န်ကြီးများ စည်းဝေးသောအခန်းသို့ရောက်သောအခါ ကိုစိုးနှင့်၊ ကိုစိန်တို့က ရှေ့ကဝင်သွားပါသည်။ ကိုစိုးနှင့်ကိုစိန်က အခန်းထဲသို့ ၀င်လျင်ဝင်ချင်း ၎င်းတို့တွင်ပါလာသော တော်မီဂန်းများနှင့် ရုံးခန်းထဲရှိ ၀န်ကြီးများကို စ၍ပစ်ပါသည်။ ကျွန်တော်နှင့် ကိုသက်နှင်းကလည်း ကျွန်တော်တို့လက်တွင် ပါလာသော သေနတ်ဖြင့်ပစ်ပါသည်။ ကျွန်တော်က ထိုင်ပြီး စတင်းဂန်းနှင့် ၀ပ်နေသောသူများကိုပစ်ပါသည် ။ ထို့နောက် အခန်းတွင်းမှ ကျွန်တော်တို့ထွက်လာကြပါသည်။ ထိုအချိန်တွင် ၀ရံတာတွင် ခြောက်လုံးပြူးနှင့် ရပ်နေသော လူတစ်ယောက်ကိုတွေ့ရပါသည်။ ထိုအခါ ကျွန်တော်တို့အထဲမှ တစ်ယောက်က " ပစ်၊ ပစ်" ဟု ပြောရာ ကျွန်တော်က ကျွန်တော့်စတင်းဂန်းဖြင့် တချက်ဆွဲလိုက်ပါသည်။ ကျည်ဆန်၂တောင့်၊ ၃တောင့် ထိုလူအား ထိသွားပါသည်။ ထို့နောက် ကျွန်တော်တို့လည်း ရုံးပေါ်မှ ပြေးဆင်းလာကာ အသင့်ရပ်ထားသော ဂျစ်ကားပေါ်သို့ တက်စီးပြီး ရုံးအတွင်းမှ မောင်းထွက်လာခဲ့ပါသည်။

    ဦးစောနေအိမ်သို့ ပြန်ရောက်ကြသောအခါ အိမ်ဝင်းတံခါးကို မောင်တင်ရွှေက ဖွင့်ပေးနေစဉ် ကိုစိုးက "မြန်မြန်ဖွင့်၊ မြန်မြန်ဖွင်"့ ဟုကြိမ်းပါသည်။ အိမ်တွင် ဦးစော အသင့်စောင့်နေသည်ကိုတွေ့ရပ ါသည်။ ဦးစောက" ကိစ္စပြီးပလား" ဟုမေးရာ၊ ကျွန်တော်တို့အားလုံးက " ပြီးပါပြီ" ဟုပြန်ပြောလိုက်ပါသည်။

    ထို့နောက် ကျွန်တော်တို့အားလုံး အဝတ်လဲရန် ကိုယ့်နေရာအသီးသီးသို့ပြန်သွားကြပါသည်။ လက်နက်များ နှင့် အကျင်္ီများကို ဂျစ်ကားပေါ်တွင်ထားခဲ့ပါသည် ။အကျင်္ီများကို မောင်မြအုန်းလာယူသွား၍၊ လက်နက်များကို စိန်မောင်က ဘုရားကျောင်းဆောင်သို့ ယူသွားပါသည်။ ဦးထုပ်များတော့ မည်သူယူသွားသည်ကိုမသိပါ။ ကျွန်တော်တို့ အကျင်္ီလဲပြီးနောက် ကိုစိန်၊ ကိုစိုး၊ ကိုသကိနှင်း၊ ကိုသုခတို့က အဖြစ်အပျက်ကိုပြန်ပြောပြပါ သည်။ ဤကဲ့သို့ ပြောနေစဉ် ကိုခင်မောင်ရင်နှင့် ကိုဘညွန့်တို့လည်း အိမ်သို့ပြန်ရောက် လာကြပါသည်။ နေ့ခင်းတစ်နာရီ ကျော်တွင် ကျွန်တော်တိုအားလုံး အဖမ်းခံရပါသည်။

    ဗိုလ်ဥတ္တမကျော်
    (ဗိုလ်ချုပ်အောင်ဆန်းနှင့်နိုင်ငံတော်ခေါင်းဆောင်များအားလုပ်ကြံ သတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ခဲ့သော တရားခံ “ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း ပြောပြ(ထွက်ဆိုချက်)ချက်များ ဖြစ်ပါသည်။ )
    လင်းဦး(စိတ်ပညာ)

    9 comments:

    netizen said...

    မှတ်သားရပါတယ် ကိုလင်းဦးရေ..

    ဆောင်းနှင်းရွက် said...

    ဖတ်ရတာ ဗဟုသုတ ရသွားတယ် ..

    ငယ်ငယ်က သင်လာတာတွေက
    ရေးရေးပဲ မှတ်မိတော့တယ် ..
    ခု ပြန်ဖတ်တော့
    ရေးရေးပဲ မှတ်မိနေတာ တွေကို
    ပြန်မှတ်မိအောင် လုပ်ပေးလိုက်တယ် ..
    ကျေးးဇူးးး ....!

    သမီးပျို said...

    ဘာမုန့်များရောင်းသတုန်း ကိုလင်းဦးရေ..
    ကြံုများကြံုရင် အားပေးချင်လို့ပါ ခွင့်မတောင်းပဲ အက်ထားလို့ ခွင့်လွှတ်ဗျို့

    အားပေးလျှက်
    သမီးပျို

    may16 said...

    မျှဝေပေးတာကျေးဇူးပါ ကိုလင်းဦး

    Nge Naing said...

    ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘယ်လိုလုပ်ကြံခံရတယ် ဆိုတာ အကြမ်းဖျင်း သိပေမဲ့ အခုလောက် အသေးစိတ်မသိခဲ့ဘူး။

    ဂျူနို said...

    ဖတ်ဖူးတယ် ကိုလင်းဦးရေ
    စာအုပ်ထဲမှာတော့ သုခတို့ ရန်ကြီးအောင်တို့ ဓါတ်ပုံတွေလည်း ပါတယ်။

    ဒါတွေဟာ အမှန်တွေရော ဟုတ်ရဲ့လား မသိပါဘူး သမိုင်းကို လိမ်ကြ လွန်းလို့ပါ။


    မအယ်

    phyuthi said...

    လူထုဦးလှရေးတာ ဖတ်ဖူးပါတယ်
    အခုပို့က ကောင်းပါတယ် ဒါပေမယ့် တစ်ချို့အပိုဒ်လေးတွေ ပြုတ်ကျ ကျန်ခဲ့တယ်လို့ထင်မိပါတယ်
    ှုဥပမာ ဦးစောက သူတို့ကို သေနတ်ပစ်သင်ပေးချိန်မှာ ဘဏ်ဓါးပြတိုက်ဖို့လို့ပြောခဲ့တာမို့သူတို့အားတတ်သရော်သင်ခဲ့တာမျိုး ကို
    လူထု ဦးလှက ရင်ဖွင့်စကားတွေကို အသေးစိတ်ရေးထားတာကိုဖတ်ဖူးပါတယ် လိုက်ရှာကြည့်ပါအုံးမယ် တွေ့ရင် ပို့ပေးပါမယ်
    ခင်မင်လျက်

    bravo said...

    အဲလိုမိုက်ရိုင်းခဲ့ကြတယ်

    မိုးယံ said...

    ဘယ္စေ်းထဲမွာလဲ အစ္ကိုရေ အဆင်ပြေရင် ၀င်နှုတ်ဆက်ရင်း မုန့်လဲ အားပေးရမွာပေါ့။
    ဧရာဖောင့္ကို မထည့်ထားလို့ စာတလွောမဖတ်ဖြစ်တာဗျ။ ဟိုတစ္လောက တောင္ အစ္ကို ရေးထားတဲ့ဆောင္းပါလေး ကၽနြ္တော္ယူသုံးသေးသဗ်ာ။ အခုမွ ပဲ ၀န္ခံရတော့ ဒယ္။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo