ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ဆုံးမကဗျာ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , , ,
  • ကျီးသဲလေးထပ် ဆရာတော်ကြီးသည် "ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း"ခေါ် ဆုံးမကျမ်းတစ်ကျမ်းကို ဟံသာဝတီမြို့ အစိုးရလွှတ်တော်ကြီးက မင်းအမိန့်စာနှင့်တကွ ရွှေတောင်မြို့ စစ်ကဲမင်း မောင်မှဲ့၏ လျှောက်ထား တောင်းပန်ချက်အရ အရပ်ရပ်သော လောကီကျမ်း၊ လောကုတ္တရာကျမ်းတို့ကို ကိုးကား ထုတ်နှုတ်ပြီး ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်းကို ၁၂၄၂ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀)ရက်၊ ကြာသာပတေးနေ့ ညနေသုံးချက်တီးအချိန်ကျော်တွင် ရေးသားပြီးစီးခဲ့သည်။

    ကျီးသဲလေးထပ် ဆရာတော်ကြီးသည် ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်းကို သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်၍ နှစ်ကာလအားဖြင့် နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။ ဆရာတော်၏ ဩဝါဒကဗျာ ကို ထုတ်နှုတ် တင်ပြလိုက်ပါသည်။

    သဗ္ဗပညတ်၊ အမြဲမှတ်လော့ ၊
    တတ်သိစေလို၊ ပြညွှန်းဆိုအံ့၊
    ကိုယ်တွင်ရောဂါ အနာရှိလျက်၊
    ရက်ရက်ငယ်က၊ မကုသသော်၊
    နှိုင်းဆချင့်သား၊ မဆုံးလား ။

    တောင်ကိုမြင်လျှင်၊ ပြေးချင်ခုန်လွှား၊
    ကျွန်ငနွား၊ ချင်းအားချင့်ကိုယ်
    မပြုန်းလား ။

    ကျွန်ပြောင်မထား၊ မယားမနေ၊
    ယောကျ်ားလေးလည်း၊
    ရွာနေလူများ မမုန်းလား ။

    သားလည်းမသီး၊ သမီးမရ၊
    အိုရွယ်ကျသော်၊ ဒုက္ခချင့်မှာ မဖုံးလား ။

    သံလျက်ဖြစ်ငြား၊ မသွေးထားသော်၊
    ချင့်အားလိုခါ၊ မတုံးလား ။

    ဓမ္မသတ်တရား၊ မသင်ငြားသော်၊
    စကားဆိုခါ၊ မရှုံးလား။

    ငယ်ကပျော်လွန်၊ ကျမ်းဂန်တရား၊
    မသင်ငြားသော်၊ မင်းပါးစိုးခွင်၊
    မဝင်နိုင်ဘဲ၊ ဆင်းရဲပန်းတောင်း၊
    မကောင်းသက်မွေး၊ မယဉ်ကျေးသည်၊
    လူရေးလူစ မတုံးလား။

    ပညာရှိများ၊ ချစ်သနားလည်း၊
    တရားဟောခါ မဖုံးလား။

    မိဘမသင်၊ ပွဲတွင်မတည်၊
    ကုန်စည်မသွား၊ လူ့ငနွား၊
    မယားချင့်ကို မမုန်းလား ။

    မင်းစေလုပ်ငြား၊ လျင်ဖြတ်စားသည်၊
    ယောကျ်ားလူလေ၊ လူငမွှေကို၊
    ရွာနေလူများ မမုန်းလား ။

    ရေမရသော်၊ တွင်းဝအထဲ၊
    မြေနဲတိုင်အောင် တူး။

    သလိပ်သည်းခြေ၊ သွေးလေမကောင်း၊
    အနာထောင်းသော်၊
    စာဟောင်း ဒေါသထုတ်။

    ဥစ္စာနည်းရှာ၊ ကြွေးမြီများသော်၊
    ကုန်သွား လယ်ယာလုပ်။

    မိုးမရွာခင်၊ သစ်ငုတ်ဝါးရင်း၊
    ကျင်းကျင်း စင်အောင်ခုတ်။

    မြှုပ်၍အပင်၊ ပေါက်တုံချင်သော်၊
    ကျွဲ,ဆင်, နွားတား၊ မဝင်ငြားအောင်၊
    အတား စောင်ရမ်းလုပ်။

    ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားတို့၊
    မသွားနေ့တိုင်း၊ ကျောင်းတန်ရိုင်းသော်၊
    နေ့တိုင်း နားရင်းထုပ်။

    နားရင်းထုပ်လျက်၊ ဆိုနိုင်ခက်သော်၊
    လက်နှင့် ပျင်းပိုးထုတ်။

    ဇီဝကပင်၊ ဖြစ်လျင်ကစား၊
    မခေါ်ငြားသော်၊
    သွား၍ လွတ်အောင် မကုနှင့် ။

    နတ်သမီးပင်၊ ဖြစ်လျှင်ကစား၊
    သူ့မျောက်သားကို၊ ဖြောင့်ဖျပြောဆို
    မလုနှင့် ။

    သူဌေးသားပင်၊ ဖြစ်လျှင်ကစား၊
    မင်းဝတ်စားကို မတုနှင့် ။

    တစ်အိမ်ထွက်ဝင်၊ လင်လည်းမနေ၊
    မိန်းမလေကား၊ ရင်၌ သားကို မချစ်ပါ။

    တစ်ကျောင်းထွက်ဝင်၊
    ကျောင်းစဉ်လှည့်လည်၊
    တပည့်မည်ကာ၊ လူ့ဗာလာကား၊
    ဆရာမြတ်ကို မချစ်ရာ ။

    နံနက်ညခါ၊ သေစာစောင်းညှင်း၊
    သီချင်းတလိုက်၊ ကြက်တိုက်အန်ခတ်၊
    လည်ပတ်သွားများ၊ ထိုယောကျ်ားကား၊
    ဥစ္စာများကို မချစ်ရာ ။

    ကျောင်းကန်မတဲ၊ လူထဲမလာ၊
    တောမှာပျော်ပိုက်၊ ခွေးတိုက်လေးထား၊
    ချက်စားပြုတ်ကင်၊ လူ့ငဖင်ကား၊
    သူ့အသက်ကို မချစ်ရာ၊
    ကောင်းရာလားစွ၊
    ကောင်းမှုဟူသည် မဖြစ်ရာ။

    သမီးကညာ၊ ရွယ်ရောက်လာ၊
    အခါ မလင့်ပါစေနှင့်။
    အခါလင့်က ၊ အသင့်မရ၊
    ယုတ်သောသူနှင့် ညားတတ်စွ။

    ကိုယ်တွင်ရောဂါ၊ ကပ်ခဲ့လာ၊
    အနာ မရင့်ပါစေနှင့်။
    အနာရင့်က သက်နှင့်တမျှ၊
    ရှိတတ်စွ။

    သားငါးရဲရာ၊ သွားလာအတင့်မရဲနှင့်။
    ကိုယ်နှင့်ခန္ဓာ၊ ကင်းလွတ်ကွာ၊
    မကြာခဏ ပျက်တတ်စွ။

    မြစ်ကြီးဂင်္ဂါ၊ ကူးသောခါ၊
    ၀န်ပါ မလေးပါစေနှင့်။
    ၀န်လေးပါက၊ လှေလေးပေါက်လျက်၊
    မြစ်လည်ချက်ဝယ်၊
    ယက်ယက်ခဏ နစ်တတ်စွ။

    ပညာရှိလည်း၊ သတိမလျော့ပါစေနှင့်။
    သတိလျော့လျက်၊ အကြံပျက်သော်၊
    ကိုယ်တွင်းခဏ၊ ယုတ်တတ်စွ။

    လက်မှု နှုတ်မှု၊ စုစုအတတ်၊
    အရပ်ရပ်ကို မှတ်လေလူများ၊
    အမျိုးသားတို့၊ မှတ်သားနိုင်က၊
    ချမ်းသာရလိမ့်။

    ဆုံးမပေရာ၊ လူ့လိမ္မာတို့
    နည်းနာစကား ကြားဖန်များက၊
    ကြီးပွားပညာ၊ ထင်ရှားရာသည်၊
    လူ့ရွာ ကျော်ကျော် သဲသဲတည်း ။


    လင်းဦး(စိတ်ပညာ)

    6 comments:

    ကြည်ဖြူပိုင် said...

    မှတ်သားစရာကဗျာလေးမို့သေချာဖတ်သွားတယ်
    အကိုလင်းဦးရေ

    JulyDream said...

    ~~
    တစ်အိမ်ထွက်ဝင်၊ လင်လည်းမနေ၊
    မိန်းမလေကား၊ ရင်၌ သားကို မချစ်ပါ။
    ~~
    အိမ်သူသက်ထား ဇနီးမယားအတွက် ရေးထားတာက ရှင်းတယ်ဗျာ။

    လင်ယောကျာ်းအတွက် ရေးထားတဲ့နေရာမှာ...
    မယားမနေ ဆိုတာက မယားအနားမှာ မနေတာကို ပြောတာလို့ ထင်ပါတယ်။ ကျွန်ပြောင် မထား ဆိုတာ ဘာကို ပြောတာလဲ ခင်ဗျ။

    ~~
    သမီးကညာ၊ ရွယ်ရောက်လာ၊
    အခါ မလင့်ပါစေနှင့်။
    အခါလင့်က ၊ အသင့်မရ၊
    ယုတ်သောသူနှင့် ညားတတ်စွ။
    ~~
    သမီးအတွက်ကတော့ အရမ်းရှင်းတယ်ဗျာ။ =)

    netizen said...

    မှတ်သားစရာ ဂန္ဓဝင် အဆုံးအမ၊ အဆိုအမိန့်တွေပါပဲ.. ကိုလင်းဦးရေ..
    မှတ်သားသွားပါတယ်.. ကြိုက်တယ်.. ကောင်း၏

    may16 said...

    အဆုံးအမများကို မှတ်သားသွားပါတယ် ကိုလင်းဦး

    မြတ်မွန် said...

    မှတ်သားသွားပါတယ်။ အကိုရေ...

    HayMon said...

    မွတ္သားသြားပါ၏

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo