ဒါလား​ဟဲ့​ စာ​ရေး​ဆရာ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီစသည့် အနုပညာ နယ်ပယ်မှ အနုပညာသမားများသည် ခံစားစရာ ရှိလျှင် သူများထက် ပိုမို ခံစားတတ်ပြီး၊ ၎င်းတို့၏ ခံစားချက်များကိုလည်း လူအများ နားလည်သဘောပေါက်အောင် မိမိ၏ အတတ် ပညာများဖြင့် ဖော်ထုတ်ပြကြသူများပင် ဖြစ်သည်။

    နိုဘယ်လ်ဆုရှင် ပြင်သစ်စာရေးဆရာကြီးဖြစ်သူ အဲလ်ဘတ်ကမူးက "အသံမထွက်နိုင်ဘဲ ငုံ့၍ခံနေရသော ချောင်ကြိုချောင်ကြားမှ ဘဝဒုက္ခသည်များကိုယ်စား အသံထွက်ပေးရခြင်းသည် စာရေးဆရာတိုင်း၏ အဓိက လုပ်ငန်းပင် ဖြစ်သည်" ဟု ဆိုခဲ့သည်။ အနုပညာစိတ်ရှိသူများသည် ၎င်းထုတ်လုပ်လိုက်သော အနုပညာပစ္စည်းအပေါ်တွင်လည်း သံယောဇဉ် ကြီးတတ်ပြီး၊ မိမိဖန်တီးထားသော အနုပညာကို ကြည်နူးမှု များစွာဖြင့် ပီတိလွှမ်းခြံုလေ့ရှိသည်။

    ယခုလက်ရှိ စာပေနယ်တွင် မိမိကိုယ်ကို စာရေးဆရာဟု ကင်ပွန်းတပ်ကာ အရပ်တကာလှည့် ခြေကြွမာန်တက် ဖိနပ်ပူ မီးတိုက် ခြွေးအပြိုက်ပြိုက်နှင့် အတင်းအဖျင်း ငယ်ကျိုးငယ်နှာဖော်ကာ ဂုဏ်ဖော်တတ်သူများလည်း တွေ့နေရ၏။ ထိုသို့ပင် ပုဂ္ဂိုလ်ရေးထိခိုက်ကာ ဂျာနယ်အချင်းချင်းသော်လည်းကောင်း၊ မဂ္ဂဇင်းချင်းသော် လည်းကောင်း ပညာမရ၊ ဗဟုသုတမဖြစ်၊ စာဖောင်များကာ တင်ကြ ရေးနေကြ၏။

    ဂျာနယ်တိုက်နှင့်သိ၍သော်လည်းကောင်း၊ မဂ္ဂဇင်းအယ်ဒီတာနှင့် ရင်းနှီးနေ၍သော်လည်းကောင်း စာမူများ ပါနေသော်လည်း တကယ်တမ်း ဘာမှအကျိုးမပေးနိုင်သော စာမူများဖြစ်နေတတ်သည်။ ထို့ပြင် စာပေနယ် အတွင်းသို့ ယခုမှ ၀င်ရောက်လာသော သူများမှ စာမူလေးများ၊ ကဗျာလေးများ တိုက်ဆီသို့ လာအပ် လာတင်ပြီဆိုလျှင် "မင်းတို့ ကဗျာတွေ အဆင့်မမီဘူး၊ မင်းတို့စာတွေ အလကား ဘာမှလည်းမဟုတ်ဘူး၊ သင်ယူဦး၊" စသဖြင့် အယ်ဒီတာနှင့် ထိုစာရေးဆရာလူကြီးမင်းများမှ ဆရာကြီးများစတိုင်ဖြင့် အပေါ်စီးမှ ဖိကာဖိကာ ပြောလေ့ရှိကြသည်ကိုလည်း တွေ့နေရပြန်သည်။ လိုအပ်သည်များကို ထောက်ပြဝေဖန်ကာ အားပေးမှုဖြင့် လက်တွဲမခေါ်ဘဲ ကန်ချနေကြသည်။ အချို့သော အယ်ဒီတာများကလည်း လက်ဖက်ရည် လေးတိုက်၊ ဆေးလိပ်လေးနှိုက်ကာပေးမှ စကားပြောလက်ခံချင်ကြသည်။

    ဆိုလိုခဲ့သည်မှာ ပညာရမှ စာကောင်း၊ စာရေးဆရာဟု မပြောပါ။ ထိုသို့ အထင်မရောက်စေချင်ပါ။ ရသ၊သုတ စသဖြင့် ထောင့်မျိုးစုံမှ ရသမျိုးစုံ ရှိကြပါသည်။ မိမိခံစားချက်သော်လည်းကောင်း၊ အခြား ပြည်သူများ၏ ခံစားချက်ကိုသော်လည်းကောင်း ထင်ဟပ်ကာ တင်ပြခြင်းကိုသာ အားပေးပါသည်။ ထိုသို့မှ စာရေးဆရာ ကောင်းတစ်ယောက် ပီသပါမည်။

    အယ်ဒီတာမင်းများခင်ဗျားမှာလည်း အရည်အချင်းရှိ၍ မဟုတ်ပဲ တော်တော်များများမှာ ထုတ်ဝေသူများ ဖြစ်ပြီး မိမိကိုယ်တိုင်ပင် အယ်ဒီတာပြန်လုပ်နေသူများ ဖြစ်နေတတ်ကြသည်။

    နာမည်ကြီးစာရေးဆရာတိုင်းလည်း စာရေးဆရာကောင်း မပီသသည်များလည်း ရှိကြပါသည်။ အမှားများလည်း ရှိကာ အချိန်မီ ပြင်ဆင်ကာ တည့်မတ်သွားသည်များလည်း ရှိပါသည်။ တစ်ခါက နာမည်ကြီးစာရေးဆရာ တစ်ယောက်သည် ဟာသမဂ္ဂဇင်းတစ်စောင်တွင် အရက်အကြောင်းချည်းပဲ ရေးပြကာ အခြား စာရေးဆရာများသည်လည်း ထိုစာရေးဆရာ၏ ရောင်းရင်းများဖြစ်၍ အချင်းချင်း နောက်ကာ ပြောင်ကာ စာမူများ ထွက်လာပေါ်လာ၍ စာဖတ်ပရိတ်သတ်များမှ လူငယ်များ လမ်းမှားရောက်နိုင်ကြောင်း စာများပို့ကာ ကန့်ကွက်သည်အထိ ပြောဆို တိုင်ကြားခဲ့ရဖူးသည်။ နောက်ဆုံး အယ်ဒီတာမှ စာဖတ်ပရိတ်သတ်များအား တောင်းပန်ကာ ထိုကဲ့သို့ စာမူများကို ပယ်ဖျက်ခဲ့သည်။

    ဆရာ တက္ကသိုလ်စိန်တင် ရေးသားသော ဦးသန့်အကြောင်းစာအုပ်တွင် ဦးသန့်၏ ၀တ္ထုရေးလိုသူ လူငယ် တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း ဖတ်မိသည်ကို မှတ်မိပါသေးသည်။
    " ကဲ ...မင်း ဘာလုပ်မယ် စိတ်ကူးသလဲ "
    " ကျွန်တော် စာရေးချင်တယ်၊ ၀တ္ထုတွေ ရေးမယ် "
    " မင်း ပိုက်ဆံ များများရချင်လို့လား......"
    " အို... မဟုတ်ပါဘူး...။ ကျွန်တော် စာရေးချင်လို့ပါ "
    " မင်း ဘာသာရေးမှာ စိတ်ဝင်စားရဲ့လား "
    " ဟင့်အင်း... မဝင်စားပါဘူး။ ကျွန်တော် ၀တ္ထုပဲ စိ်တ်ဝင်စားတယ်၊ စာရေးချင်တယ် "
    " ရွေးကောက်ပွဲတို့၊ ဒိစတိတ်ကောင်စီတို့ကိုကော စိတ်ဝင်စားရဲ့လား"
    " ဟာဗျာ....စာပဲရေးချင်ပါတယ်ဆိုမှ ၊ ဒီနိုင်ငံရေးတွေ ကျွန်တော် ဘယ်စိတ်ဝင်စားမလဲ..."
    " ဒါဖြင့် ဘာလုပ်မလဲ။ နိုင်ငံရေးကို စိတ်မဝင်စားရင် မြန်မာလူမျိုးတွေ တိုးတက်ရေးအတွက် တခြားနည်းလမ်းနဲ့ ဆောင်ရွက်လိုစိတ် ရှိလို့လား...."
    " ဒါတွေ ကျွန်တော် နားမလည်ပါဘူး၊ ကျွန်တော်ဝတ္ထုရေးချင်တယ်၊ စာပေ ရေးသားချင်တာပဲရှိတယ် "
    " မင်း လူမှုရေးလုပ်ငန်းတွေ တိုးတက်ဖို့ကိုကော စိတ်ဆန္ဒ မရှိဘူးလား"
    " ဟင့်အင်း "
    " ချောချောလှလှ မိန်းကလေးတွေကို မင်းမြင်တဲ့အခါ သူတို့ကို ချစ်ခင်ပိုးပန်းချင်စိတ်များ မဖြစ်ပေါ်ဘူးလား"
    " သူတို့ ဘယ်လောက်လှလှ ... ကျွန်တော် လှည့်တောင်မကြည့်ပါဘူး၊ ကျွန်တော်စာပဲ ရေးနေချင်တာ..."
    " မင်း ကျောင်းဆရာတို့ မြို့အုပ်တို့ လုပ်ပြီးတော့ ကလေးတွေ... မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး မနေချင်ဘူးလား..."
    " ဟာဗျာ ... ခင်ဗျားကို ပြောပြီးပြီ မဟုတ်လား... ကျွန်တော့်ဆန္ဒက ၀တ္ထုရေးနေချင်တာပါလို့...."
    " ဟာ...ဒါဖြင့်ရင် မင်းက ဘာတွေရေးမှာလဲ၊ မင်းထားရှိတဲ့ဆန္ဒက စာပေရေးသားခြင်းတစ်ခုထဲ။ မင်းဝတ္ထုထဲမှာ ထည့်ရေးမှာက မင်း လုံးဝ စိတ်မဝင်စားဘူးဆိုတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ လှုပ်ရှားသွားလာမှုတွေ မဟုတ်လား။ လူတွေရဲ့ အောင်မြင်မှု၊ ဆန္ဒ၊ ဆုံးရှုံးရမှု၊ သောက၊ မေတ္တာ စသည်တွေ မပါဘဲ ယောကျ်ား၊ မိန်းမ အကြောင်း မထည့်ဘဲ ဘယ်လိုလုပ်ပြီး မင် ၀တ္ထုရေးမှာလဲ...."

    ယနေ့ခေတ် စာရေးဆရာများသည် ထိုကဲ့သို့ နားမလည်ဘဲ ရေးချင်နေသူတွေ အများကြီးပင် ဖြစ်နေသည်။ ရေးနေကြသူတွေ အများကြီး တွေ့မြင်နေရသည်။ ထို့ထက် ထိုနားမလည်သောသူများကို လက်တွဲမခေါ်ယူဘဲ ပိုချောက်ကျကာ နွံနစ် သထက် နစ်အောင် ပို့နေသူများကို မေးချင်ပါသည်။

    " မည်သို့သော သူမျိုးကို စာရေး ကောင်းသည်၊ စာရေးဆရာဟု သတ်မှတ်နေပါသနည်း "
    Rapper တွေလို၊ အကြည်တော်ပြောသော ငါးစိမ်းသည်များ အချင်းချင်း ရန်ဖြစ်သလို လက်ညိုးထိုးကာ မေးလိုက်ချင်သေးသည် ။

    " ဒါလားဟဲ့ စာရေးဆရာ" ဟူ၍ပင်..............။

    လင်းဦး(စိတ်ပညာ)
    (၂၈-၁-၂၀၁၀ ည ၁၀း၃၀တွင် ရေးသားသည်။)


    10 comments:

    မိုးခါး said...

    ဘယ်အရာဖြစ်ဖြစ် ပေါပေါလောလောဆို တန်ဖိုးက မရှိဘူး
    ပိုက်ဆံနဲ့ချည်း တန်ဖိုးဖြတ်နေပြန်တော့လည်း ပစ္စည်းရဲ့ တန်ဖိုးရင်းကို မသိနိုင်ကြတော့ဘူး ...

    မြတ်မွန် said...

    ဟုတ်ကဲ့ မှတ်သားသွားပါတယ် အကို..
    စာရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့ တော်တော်လေးကို ကြိုးစားရမယ်ဆိုတာ နားလည်ပါတယ်။။ကိုယ့်ကိုလဲ ဝါသနာအရရေးတဲ့ လူလို့ သတ်မှတ်ဆဲပါ အကိုရေ..။
    စာရေးကောင်းဖို့ နေ့တိုင်း စာတိုများများရေးရမယ်ဆိုတာကြောင့် ရေးနေခြင်းပါ။ ဝါသနာပါလို့လို့ပဲ ဆိုရမှာပါ။
    ကိုယ်အားသန်ရာ၊ ကိုပိုင်တာရေးရင်း ကြိုးစားဆဲလို့ ပြောပါရစေ။
    ကိုယ်ရေးတဲ့စာက ပညာမရပေမယ့် ရသတစ်ခုခုလောက် ခံစားရမယ်ဆိုရင် အားရှိနေပါတယ် အကိုရေ..
    အကိုစာလေး ကောင်းမွန်ပါတယ်။
    တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

    mm thinker said...

    အင်း
    လက်သင့်ရာ စားတော်ခေါ်နေကြတာ ကြာပါပြီ

    netizen said...

    မှတ်သားထိုက်ပါပေတယ်.. ကိုလင်းဦရယ်...

    နွေဆူးလင်္ကာ said...

    စာရေးဆရာ ဆိုတာ အဲဒါတွေ နားလည်မှလား၊ မှတ်ပါ၏။

    ဒူကဘာ said...

    အင်း ! ဒီအစွဲတွေက တို့ပြေမှာ ရှိတုန်း၊ ဖြစ်နေ တုန်းပဲကိုး၊ မြန်မာ စာပေနယ်မှာ ရှိသေးတယ် ကိုလင်းဦးရ ... ဂိုဏ်းဂဏ တွေလေ။ ရေးပါဦးဗျ ခင်ဗျားတို့ ရေးမှ ကျုပ်တို့လဲ သိရတာ။ ကျေးဂျူးကဘာ ပါ။

    Nyo Gyi said...

    ဖတ်ရတာကောင်းပါ၏။ ယနေ့ခေတ်စာရေးဆရာအများစု (အထူးသဖြင့် ကဗျာဆရာများ)မှာ စာပေသီးသန့်ရေးသားခြင်းဖြင့် ပိုက်ဆံရှာရန် မလွယ်ကူတော့ပါ။
    နဂိုက ပိုက်ဆံရှိသူများအဖို့ ကိုယ်ဝါသနာပါရာ စာပေရေးသားခြင်းအမှုကို အေးအေးဆေးဆေး ပြုနိုင်သော်လည်း နဂိုကမှ ဆင်းရဲသည့် စာပေရေးသားသူများမှာ ပိုက်ဆံငွေကြေး မဖြစ်စလောက်မျှသာ ရရှိသည့် စာပေရေးသားခြင်းအလုပ်ကို ကောင်းစွာ မလုပ်နိုင်ကြတော့ပေ။ အူမကို တောင့်ထားလျှင် အူမသာလျှင် ပေါက်သွားပေလိမ့်မည်။
    မိသားစုစားဝတ်နေရေးနှင့် ကြံုလာသောအခါ သူတောင်းစားသာသာ ဘဝ ရောက်သွားရသည့် စာရေးဆရာ၊ ကဗျာဆရာများကို ကြည့်၍ သနားစိတ်ဝင်မိတော့သည်။
    အူမ မတောင့်နိုင်ရှာသော စာပေလောကသားများအဖို့ နည်းလမ်းနှစ်ခုသာ ရှိတော့သည်။ ၁။ သူတောင်းစားဘဝ
    ၂။ လူလိမ်ဘဝ

    အရှင်ဝရသာမိ said...

    တကယ်ကို မှတ်သားစရာပို့စ်တခုကို ဖတ်လိုက်ရတာ
    တန်ဖိုးရှိပါတယ်
    ((("အသံမထွက်နိုင်ဘဲ ငုံ့၍ခံနေရသော ချောင်ကြိုချောင်ကြားမှ ဘဝဒုက္ခသည်များကိုယ်စား အသံထွက်ပေးရခြင်းသည် စာရေးဆရာတိုင်း၏ အဓိက လုပ်ငန်းပင် ဖြစ်သည်" ဟု ဆိုခဲ့သည်။)))

    တကယ်ကို မှတ်သားစရာလေးပါ
    ကျေးဇူးတင်ပါတယ်

    ~ဏီလင်းညို~ said...

    ကိုလင်းဦးရေ...
    ဟုတ်တယ်နော်...။
    အသစ်ရေးသူတွေကို သေချာလက်တွဲခေါ်ယူပေးမယ့် သူတွေ...၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ...ဒီဘက်ခေတ်မှာသိပ်မရှိတော့ဘူးနော်...။ ဒီစာလေးကိုဖတ်ရင်း... ၀ါသနာအရစာရေးနေတဲ့သူတွေအားလုံးကို..ကိုယ်ချင်းစာမိတယ်....။
    အားပေးနေပါတယ်...ကိုလင်းဦး...
    ခင်မင်တဲ့
    ဏီလင်းညို

    ချော (အစိမ်းရောင်လွင်ပြင်) said...

    မြန်မာပြည်ရဲ့ လက်ရှိ စာပေအသိုင်းအဝိုင်းအကြောင်း ပွင့်ပွင့်လင်းလင်းဖော်ပြထားတာ အလွန်ကောင်းပါတယ်..
    အားလုံးဘဲ ဆင်ခြင်သင့်ပါတယ်.. စေတနာနဲ့ ရေးသားထားတဲ့အတွက် ဖတ်ခွင့်ရတာ ကျေးဇူးပါရှင်...

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo