ကျွန်တော်တို့ ဘလောဂ်ရပ်ဝန်းမှာ..........

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ပိုက်ဆံကိုယ်သုံးပြီး Blog ရေးနေသူများအား အေးအေးဆေးဆေး မမြင်ချင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်းများကို တွေ့နေ မြင်နေ ကြားနေရပါသည်။ လွတ်လပ်သော မီဒီယာဟုလည်းကောင်း၊ လွတ်လပ်စွာ ပြောဆို နိုင်သော နေရာဟူ၍လည်းကောင်း တင်စား ခေါ်ဝေါ် သုံးစွဲနေကြသော်လည်း၊ မလွတ်လပ်သော နယ်ပယ် တစ်ခု၊ အချုပ်အနှောင်နှင့်သာ မြင်တွေ့လိုသော အချို့သောသူများ၏ လုပ်ရပ်များကို အထူးအဆန်း ဖြစ်နေချေသည်။

    Gmail အကောင့်တစ်ခုရှိရုံဖြင့် Blog တစ်ခုကို အလွယ်တကူ တည်ဆောက်နိုင်သည်ဆိုသည်မှာ ဧကန် အမှန်ပင် ဖြစ်လင့် ကစား.........၊ သတင်း မီဒီယာဘက် အလေးထားရေးခြင်း၊ စာပေအနုပညာများအား အဓိကထား တင်ပြခြင်း၊ နည်းပညာများ ဝေမျှခြင်း၊ နေ့စဉ်မှတ်တမ်းသဘော ရေးခြင်း၊ နိုင်ငံခြားအတွေ့အကြံု ဝေမျှခြင်း၊ မိမိအမြင်များဖြင့် ဝေဖန်ခြင်း ... စသဖြင့် တတ်နိုင်သမျှ အားသာရာဖက်မှနေ၍ ရေးသားနေကြ သည်များကို တွေ့မြင် နေရပါသည်။ အကောင်းအဆိုး ဟူသည် စာဖတ်သူသာလျှင် ဆုံးဖြတ်ပါလိမ့်မည်။

    ဤ Blog ရပ်ဝန်းတွင် ဤသို့ အမျိုးမျိုုးရေးသားနေကြသော်လည်း... ဤ Blog ရပ်ဝန်းမှ ပုဂ္ဂိုလ်များသည် (စာဖတ်သူများအပါအဝင်) အချင်းချင်း ပုတ်ခတ်ခြင်း၊ ခင်မင်မှုကို အခွင့်ကောင်းယူကာ ရေးသားသည်များ အပေါ်မဟုတ်ဘဲ Personal ကိစ္စများအား ဖောက်သည်ချခြင်း၊ ထို့ထက် အဆုံးထိ ဆိုရသော် ထောင်နန်း စံသွားကြရသည်အထိ အရောက်ပို့ကြပါသည်။

    ဒီ Blogger ငါသိသည် ဆိုသည်တစ်မျိုး၊ မည့်သည့် နေရာတွင်နေသည်တစ်ဖုံ ဖောက်သည်ချခြင်းများသည် Blog ရေးသူများ၏ လုံခြံုရေးကို တိုက်ရိုက် ထိခိုက်နေသည်ဆိုသည်ကို ဤပုဂ္ဂိုလ်များ မသိခြင်းသည်လား ။ သို့မဟုတ် ချောက်ချ ပေခြင်းလား ။ သေချာသည်ကတော့ ထောင်နန်းစံ သွားကြရသည်ချည်းပင် ဖြစ်ပေသည်။ ဆိုရသော်.... ကိုယ့်အတွေး ကိုယ့်အရေးနှင့် ချုပ်နှောင်ခံရခြင်းပင် ဖြစ်သည်။ မိမိ၏ နှုတ်ထွက်စကား တစ်ခွန်းသည် လူတစ်ယောက်၏ ဘဝအား ပြောင်းလဲပေးသွားနိုင်ခြင်းကို မသိခြင်းပေလား ။

    စာရေးသူ နှင့် စာဖတ်သူအကြား အထင်လွဲမှားအောင်၊ ထင်ယောင်ထင်မှားဖြစ်အောင် ၊ နာမည်များ အလွဲသုံးစားလုပ်ကာ ပုံမှားရိုက်ခြင်းများလည်း ရှိသေးသည်။ အကျင့်စာရိတ္တများ ပျက်ပြားနေသူ အဖြစ် သော်လည်းကောင်း အမျိုးမျိုးအထွေထွေ သွေးထိုးလေ့ရှိကြသည်။

    မိမိ၏ မိတ်ဆွေ Personal ကြောင့်သာ လွတ်မြောက်ရေး၊လွှတ်ပေးရေး စသဖြင့် တင်ထားခြင်းဖြစ်ပြီး အခြားသူများ ထောင်ကျသည်ဖြစ်စေ၊ နာမည်ပျက်သည်ဖြစ်စေ မိမိတို့နှင့် မဆိုင်သလို လုပ်နေကြခြင်း ဖြစ်သည်။ မဆိုင်သလို လုပ်ခြင်းထက် အရောက်ပါ ပို့နေကြခြင်းမှာ အင်မတန်ရှက်ရွံ့ စက်ဆုတ်ဖွယ်ရာပင် ဖြစ်သည်။ ရှေ့တွင်တော့ အမှန်တရားကို လက်ကိုင်ထားသူ ပုံစံမျိုးဖြစ်ပြီး နောက်ကွယ်တွင် သတင်းပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤ Blog ရပ်ဝန်းတွင် ဤသို့သော Blogger များနှင့် စာဖတ်သူများလည်း ရှိနေပါကြောင်း ရေးသားလိုက်ရပါသည်။ ထိုပုဂ္ဂိုလ်များအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်များ ဆက်လက် လုပ်ကိုင်သင့် / မသင့်ဆိုသည်မှာ တွေးတောကာ ဆင်ခြင်နိုင်ကြပါစေဟုသာ................။


    လင်းဦး (စိတ်ပညာ)

    19 comments:

    ခိုင်စိုးလင်း said...

    တချို့က ဘာရယ်မဟုတ်ဘူး ငါသိတယ်ဆိုပြီး ကြွားချင်တာကနေ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖော်ကောင်ဖြစ်သွားတာ တချို့ကတော့ သက်သက်ကို ချောက်ချတာ မြန်မာပြည်က လူတွေရဲ့ စိတ်ဓာတ်တွေက ပျက်ပြားနေပြီလေကွယ် ဒီတော့ နိုင်ငံရေးနဲ့ ပတ်သက်တာ ရေးချင်ရင် တတ်နိုင်သလောက် ကိုယ်ထင်မပြပါနဲ့ နိုင်ငံရေးပရိယာယ်ထဲမှာလည်း ပုန်းလျှိုးကွယ်စွာ နေတတ်ရမယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လိပ်စာ ဖုန်းနံပါတ်စတာတွေကို တတ်နိုင်ရင် ခေါင်းထဲမှာ မှတ်ထားပါ၊ လူကြားထဲမှာ ထင်ပေါ်အောင် မနေပါနဲ့ စတာတွေပါတယ် ဒီတော့ နိုင်ငံရေး ဘလော်ဂါတွေအနေနဲ့ သတိပြုသင့်တာက ကိုယ်ကိုယ်တိုင်က လွဲပြီး မည်သူ့ကိုမှ ကိုယ်ဘယ်သူဆိုတာ မပြောသင့်ပါဘူး ဒါဟာ သတိထားရမဲ့ အချက်ပါပဲ
    လေးစားစွာဖြင့်

    ခိုင်စိုးလင်း

    Upasaka said...

    အင်မတန်ရှက်ရွံ့ စက်ဆုတ်ဖွယ်ရာပင် ဖြစ်သည်။ ရှေ့တွင်တော့ အမှန်တရားကို လက်ကိုင်ထားသူ ပုံစံမျိုးဖြစ်ပြီး နောက်ကွယ်တွင် သတင်းပေးနေခြင်း

    အဲ လို မျိုးတွေ ရှိတယ် တွေ့ ဖူး တယ် လူယုတ်မာတွေ အလုပ် မျိုး လုပ်ရဲတဲ့ကောင် တွေ။

    Upasaka said...

    အင်မတန်ရှက်ရွံ့ စက်ဆုတ်ဖွယ်ရာပင် ဖြစ်သည်။ ရှေ့တွင်တော့ အမှန်တရားကို လက်ကိုင်ထားသူ ပုံစံမျိုးဖြစ်ပြီး နောက်ကွယ်တွင် သတင်းပေးနေခြင်း

    အဲ လို မျိုးတွေ ရှိတယ် တွေ့ ဖူး တယ် လူယုတ်မာတွေ အလုပ် မျိုး လုပ်ရဲတဲ့ကောင် တွေ။

    ဒူကဘာ said...

    ကိုလင်းဦးရေ... အန်ဖတ်လို လူမျိုးတွေပေါ့ မျိုလို့မရ ထွေပြန်လဲနံ ခွေးတောင် မစားတဲ့ အတန်းစားလို လူတွေပေါ့ ပြောတော့ ဘလော့ဂ္ဂါတဲ့ ရှက်ဖွယ်လိလိ လုပ်ရပ်က အော့နှလုံးနာစရာ အဖြစ်တွေနဲ့ မွန်းထုံနေတဲ့ လူတွေလေ... ရှုတ်ချပါတယ်၊ ဒီလောက ကနေ ပျောက်ကွယ်ပါစေ ..လို့။

    အိမ် said...

    အကိုရေ အဲဒါမျိုးတွေက ဖြစ်နေဦးမှာပဲဗျ၊ ဘာကြောင့်လဲဆို အကောင်းအဆိုး ဆိုတာ အမြဲဒွန်တွဲ နေတတ်တာလေ၊ ဒီတော့ လူကောင်းက အကောင်းဘက်မှာ အသုံးချကြသလို၊ လူဆိုးတွေက အဆိုးဘက်မှာ အသုံးချတာ မဆန်းတော့ပါဘူးဗျာ။ ဒီတော့ဗျာ ဘလော့ရေးနေသူူ တယောက်အနေနဲ့ ပြောရရင်တော့ ကိုယ်ရေးတာကို ကိုယ်ရဲရဲ တာဝန်ယူရဲရပါမယ်။ ဒါမှလဲ ပြဿာနာ ဖြစ်လာရင် ဖြေရှင်းလို့ ရမှာပါ။ ကိုယ်ရေးတာ ကိုယ်တာဝန် မယူဘူးဆိုရင်တော့ ဘလော့မရေးတာ အကောင်းဆုံးပါပဲ။

    Shweyamin said...

    အင်း... ဖတ်ရတာ တစ်ယောက်သော မောင်လေးကို သွားသတိရမိပါတယ်။ ကျန်းမာပါစေ....

    ဖြိုးဝေ-mmp said...

    အဲ့ဒါမျိုးတွေတကယ်ကိုရှိနေတာအမှန်ပဲအစ်ကို
    အသားထဲကလောက်ထွက်တာ ရင်နာစရာပဲဗျာ
    ဘလော့ဂ်ဂါညီအစ်ကိုမောင်နှမများ
    မှန်ကန်သော သတင်းအချက်အလက်များ၊ ခံစားချက်များ၊ ကိုယ်သိထားတဲ့ သုတများ လွတ်လပ်စွာ ဖော်ပြနိုင်ကြပါစေ

    Nge Naing said...

    မရည်ရွယ်ပဲ ဖြစ်တာလည်း ရှိနိုင်ပါတယ်။ အခုလို သတိပေးတဲ့ စာမျိုး ဖတ်ထားရရင်တော့ သတိထားစရာ ရသွားတာပေါ့။ ပို့စ်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ထောင်ကျသွားတဲ့ အရင်ကလုပ်ဖေါ်ကိုင်ဖက် တယောက်အကြောင်းကို အတူတူ အလုပ်လုပ်ခဲ့တုန်းက အကြောင်းတွေကို သတိတရ အမှတ်ရရှိနေတဲ့ အနေနဲ့ရော သူ့ရဲ့ ရိုးသားကြိုးစားမှုကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ပါ အမှတ်တရ ပို့စ်တခုတင်ဖို့ လုပ်ဖူးတယ်။ အဲဒီအချိန်မှာ ကျွန်မ အမျိုးသားက ကျွန်မက အဲလိုသွားရေးရင် ဟိုက အမှုပိုကြီးသွားမှာပေါ့လို့ သတိပေးမှ ကျွန်မလည်း သတိထားမိပြီး ဒီပို့စ်ကို မတင်ဖြစ်တော့ဘူး။ ဒါကြောင့် အခုလည်း ကိုလင်းဦး ပြောတဲ့အထဲမှာလည်း အဲသည်လို မရည်ရွယ်ပဲနဲ့ ဖြစ်သွားတာတွေလည်း ရှိနိုင်တယ်လို့ ကျွန်မထင်တယ်။

    ဇောင်း said...

    သူများ မျက်ရည်ကြီးငယ်ကျတာကို ဘာကြောင့်များ အရသာခံချင်တာလဲ မသိဘူးဗျ...။
    အင်တာနက်က အကောင်းဘက်ကနေ အသုံးချမယ်ဆိုရင် တော်တော်ကို အကျိုးရှိပါတယ်၊ အဆိုးဘက်ကနေသုံးတယ်ဆိုရင် တစ်ဖက်က ခံရသူမှာ လူကိုသေစေနိုင်တယ်ဗျာ၊ အချင်းချင်းမျှတစိတ်ကလေးထားကြမယ်ဆိုရင် ပျော်စရာကောင်းမှာပဲဗျာ

    ZaunG

    မြတ်မွန် said...

    ဘလော့ကို စဝင်ခါစ ဆိုတော့ ဖတ်ပြီး ကြောက်မိပါတယ်..

    နွေဆူးလင်္ကာ said...

    အေးဗျာ ကျနော်လည်း နောက်ဆို သတိထားရမယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ ခုလို သတိပေးတာ။

    Hay Mar said...

    ဘလော့ဂ်ရပ်ဝန်းမှာ ဆိုလို ့လာဖတ်ကြည့်ပါတယ်။ ဘယ်သူတွေ ဘယ်လို seriously ဖြစ်နေကြလို ့ဆိုတာမသိပေမဲ့ ဆင်ခြင်သင့်တာလေးတွေရေးထားတာကျေးဇူးပါ။

    ♥ကိုဇော်♥ said...

    ဟုတ်တယ် ကိုလင်းဦး.။
    ကျနော်လည်း မာတီမှာ တော်တော် ဝိုင်းအဖဲ့ခံရတယ်။
    ဘာများကျနော်တို့မှာ စားရလို့လဲဗျာ.
    အဲ ပီတိ ပဲ ရှိတယ်လေ.။
    ဝေဖန်ချင်တယ် ၊ ဆွေးနွေးချင်တယ် ဆိုပဲ.။
    ကျနော်ကတော့ လိုတာ ယူသွားပါ။
    မလိုတာ ချန်ထားပါ။ ဒါပဲ ပြောလိုပါတယ်.။
    ( ကျနော် လင့်ချိတ်ထားလိုက်ပြီဗျာ။)

    နေစိုးနိုင် said...

    ကျေးဇူးပါခင်ဗျာ

    နေရာတိုင်းမှာ ပါပဲ .. ခက်ပါတယ်ဗျာ

    Welcome said...

    ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ မှန်တယ်လို့ ယူဆခဲ့ရင်
    သူတကာ ဝေဖန်ခံနိုင် ဆန်းစစ်ခံနိုင်ဖို့ လိုအပ်ပါမယ်။

    သူတကာ အဝေဖန် အဆန်းစစ် မခံနိုင်လို့ကတော့
    ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဟန်ဆောင် လိမ်ညာ နေတာပဲ ဖြစ်တယ်လို့ ၀န်ခံလိုက်တာနဲ့ တူပါတယ်။

    အမှားပါရင် ခွင့်လွတ်ပါ ..
    လေးစားခင်မင်လျက်နဲ့

    လင်းဦး(စိတ်ပညာ) said...

    ဟုတ်ကဲ့.. ကို၀င်းဇော်...

    ဒီဆောင်းပါးရေးခဲ့ရခြင်းမှာ အခြားသော နိုင်ငံရေးblogger များ၊ နိုင်ငံရေး တစ်ပုဒ်စ နှစ်ပုဒ်စ တင်ထားခဲ့ပြီး စိတ်ထဲက အမြင်များကို ဖော်ထုတ်ခဲ့ကြသော blogger များဟာ အဖမ်းခံနေရပါတယ်..။ သေချာသုံးသပ် လေ့လာမိတော့ ဒါတွေဟာ ကျွန်တော်တို့ blogger များထဲကပဲ ဖော်ထုတ် သတင်းပေးနေခြင်းသာ ဖြစ်နေတာကို တွေ့နေရပါတယ်။ ဒါ့အပြင် personal ကိစ္စများ ခဏခဏ စော်ကားခံနေရတဲ့သူ များလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါး ရေးခဲ့ရခြင်းသာ ဖြစ်ပါတယ်။

    ကိုယ့်လုပ်ဆောင်ချက်တွေ၊ ကိုယ့်လုပ်ရပ်တွေကို တာဝန်မယူရဲလို့ မဟုတ်ပါဘူး.... ။ ကိုဝင်းဇော်အနေနဲ့ ဒီဆောင်းပါးတစ်ခုတည်းကိုပဲ ချံုပြီး ဝေဖန်ခဲ့တာလား။ ဒါမှမဟုတ် အားလုံး တာဝန်ယူရဲဖို့ ပြောလိုတာလားဆိုတာ ကျွန်တော်မသိပါ...

    ခင်မင်စွာဖြင့်

    လင်းဦး(စိတ်ပညာ)

    ဇီဝက (ဆေး-၂) said...

    နာမည် အလွဲသုံးစားလုပ်တာကတော့ တကယ်ရှိတယ်။ ကိုယ်တိုင်ခံရဖူးလို့။ personal တိုက်ခိုက်တယ်ဆိုတာက မြန်မာပြည်မှာ အမြစ်တွယ်လာတာ တော်တော်ကြာပြီထင်တယ်။ ဦးနုတို့လက်ထက်ကတည်းက ဖိုက်ပြီးဆို personal ပဲလို့ ကျွန်တော့်အဖိုးက ပြောဖူးတယ်။

    mary said...

    i really hate this kind of ppl
    hate indeed!!!!
    i juz wanted to warn
    be carefull all bloggers...
    love ya'll
    be srtong
    be united!!!

    O Way said...

    အကိုရေ ရေးသင့်တယ်ဗျာ ဘလော့ဂါအချို့ အဖမ်းခံရတာ ဘလော့ဂါအချင်းချင်းကြောင့် ဆိုတာ ဟုတ်သဗျ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo