စစ်သားများနှင့် သက်ဦးဆံပိုင် ဘုရင့်နိုင်ငံတော်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • အမေရိကန် နိုင်ငံသည် မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးလိုသည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်နိုင်ရန် အတွက် “အဘ” ဟု ခေါ်နေကြသည့် ထိုစစ် ဗိုလ်ချုပ် အကြောင်းကို သိရှိရန်ဝါရှင်တန် အနေဖြင့် ဦးစွာ လေ့လာရန် လိုအပ် ပေဦးမည်။

    မန်ယူ အသင်းကို အားပေးကြသည့် ကမ္ဘာတဝှမ်းမှ သန်း (၃၀၀)ရှိ အားပေးသူများ ထဲတွင် ဘောလုံး အားကစားကို မျိုးဆက် (၂)ဆက် ကျော်ကပင် မြတ်နိုးခဲ့ကြသူ မြန်မာ(၂)ဦး ပါ၀င်သည်။ တဦးမှာ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး မျက်မှန်တပ်ကာ ကွမ်းဝါးလေ့ရှိသည့် (၇၀)ကျော် ဦးကြီးတဦးနှင့် သူ၏ ချစ်လှစွာသော မြေးလေးဖြစ်သည်။ သူတို့ (၂)ဦးသည် အခြားသော ဘောလုံး ချစ်မြတ်နိုးသူ အပေါင်းအပါများ ကဲ့သို့ပင် မြန်မာပြည်၏ အပူပိုင်းဒေသ ညတွင် မိုးချုပ်စောင့်ပြီး အင်္ဂလန်မှ တိုက်ရိုက် ထုတ်လွှင့်သည့် ဘောလုံးပွဲကို စောင့်ကြည့်လေ့ ရှိသည်။

    သို့ရာတွင် ယခုကဲ့သို့သော ကြင်နာဖွယ်ရာ မြင်ကွင်းတွင် ပါ၀င် နေသူမှာ နိုင်ငံခြားသား များကို မုန်းတီးနေသည့်၊ မြန်မာ စစ်အစိုးရ၏ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်နေခြင်းမှာ မယုံနိုင်ဖွယ် ဖြစ်သည်။ ပြင်းထန်စွာ အနောက်တိုင်း ဆန့်ကျင်နေသော်လည်း Wayne Rooney (ရူနီကို ထောက်ခံသောသူ)၊ ၎င်းမှာ ကျွန်ုပ်တို့သိသည့် ၊ ကျွနု်ပ်တို့ မုန်းနေသည့် မင်းဆိုး ဟုတ်ပါ၏လား ?အင်္ဂလိပ် ဘောလုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မထင်ရသည့် ၀ါသနာကြီး ဖြစ်သည် ဆိုသည်မှာ အသေးအဖွဲ ကိစ္စဖြစ်သော်လည်း ၎င်းအချက်မှ အရေးပါသည့် မေးခွန်း ထွက်လာသည်။ စက်တင်ဘာ (၂၄)တွင် အမေရိကန် ပြည်ထဲရေး အတွင်းဝန် Hilary Clinton မှ ပြောကြားရာတွင် ၀ါရှင်တန်အနေဖြင့် နှစ်ပေါင်း ၂၀ကျော်ကြာ ပိတ်ဆို့ အရေးယူခဲ့ပြီးနောက် ဗမာစစ်တပ် ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်သွားမည့် အကြောင်း ပြောကြားခဲ့ရာ ကျွန်တော်တို့(အမေရိကန်) အနေဖြင့် စစ်တပ် အစိုးရအကြောင်း ဘယ်လောက် နားလည်ကြပြီလဲ? ဂျပန်နိုင်ငံ အိုကီနာဝါ ရှိ မီရိုတက္ကသိုလ်မှ မြန်မာနိုင်ငံ အကြောင်း ကျွမ်းကျင်သူ Donald M.Seekins မှ ပြောကြားရာတွင် “နားလည်မှု ကောင်းကောင်း မရှိသေးပါဘူး၊ နားလည်ဖို့လည်း မလွယ်ကူပါဘူး” စစ်အစိုးရ၏ ကမ္ဘာ့အမြင်ကို သိရှိရန် လေ့လာခြင်းသည် ၎င်း၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို ခွင့်လွှတ်ပေးခြင်း မဟုတ်ပါဘူး၊ အများစု ကတော့ မြန်မာစစ်တပ်မှ ဆက်လက် ကျူးလွန်နေသည့် ရက်စက်မှု များသည် war crime ဖြစ်သည်ဟု ယူဆနေကြပါသည်။ သို့ရာတွင် မြန်မာ့ရေးရာ ကျွမ်းကျင်သူများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏လူများကို ကောင်းစွာ နားလည်ခြင်း မရှိဘဲ (သို့) လွှဲမှားစွာ နားလည်မှုအပေါ် အခြေခံသည့် ပေါ်လစီများသည် ထိရောက်မှု မရှိနိုင်သည့်အပြင် ဆိုးကျိုးကိုပင် ဖြစ်စေနိုင်သည်ဟု သတိပေး နေကြသည်။ ထို့ကြောင့်ပင် ယခုအခါတွင် မြန်မာစစ်သားများမှ အဘကြီးဟု ခေါ်နေကြသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ စပြီး မြန်မာဗိ်ုလ်ချုပ်များ အကြောင်း သိရှိ နားလည်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါသည်။

    *သစ္စာရှိခြင်း နှင့် အသရေ ပျက်ခြင်း*
    ၁၉၉၂ မှ မြန်မာ စစ်တပ်အစိုးရ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာနိုင်ငံ၏ ထူးဆန်းသော၊ ငြင်းစရာ မရှိသော ခေါင်းဆောင်ဖြစ်သည်။ Seekins မှ ပြောကြားရာတွင် “သူ့မှာ သက်ဦးဆံပိုင် လိုမျိုး အာဏာရှိတယ်၊ ဒါကြောင့်လဲ သူ့ကို ဘယ်သူမှ စိန်မခေါ် ရဲဘူးလေ၊ အနည်းဆုံးတော့ ရှေ့ကနေ ဗြောင်စိန် ခေါ်တာမျိုး မရှိဘူးပေါ့” ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘဝမှာ နှိမ့်ကျသော ဘဝဖြင့် စခဲ့ခြင်းဖြစ်သည်။ မြန်မာ နောက်ဆုံး မင်းဆက်၏ မြို့တော် ဖြစ်ခဲ့သော မန္တလေးမြို့မှ မဝေးလှသည့် ရွာလေးတရွာတွင် မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အထက်တန်းကျောင်းမှ ထွက်ကာ တပ်မတော် အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းသို့ မတက်ခဲ့စဉ်က စာတိုက် တနေရာတွင် ၀င်ရောက်လုပ်ကိုင် ခဲ့သေးသည်။

    တပ်အတွင်းတွင် စိတ်ဓါတ် စစ်ဆင်ရေးကို အဓိက ကျွမ်းကျင်ခဲ့ပြီး အဆင့်ဆင့် ရာထူးတက်ခဲ့သည်။ မကြာမီ ထွက်လာမည့် “သန်းရွှေ ဗမာမင်းဆိုး၏ သရုပ်မှန်ကို ဖော်ထုတ်ခြင်း” (Than Shwe Unmasking Burma’s Tyrant) အမည်ရှိ စာအုပ်၏ ပူးတွဲ စာရေးဆရာ Benedict Rogers မှ “မေးခွန်း ထုတ်ခြင်းမရှိဘဲ သစ္စာစောင့် သိတတ်ခြင်း”သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်အတွင်း အောင်မြင်မှုရခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ “သူဟာ အမြဲ အမိန့်ကို တသွေမတိမ်း လိုက်နာခဲ့တယ်၊ ဘယ်သူကမှ သူ့ကို အန္တရာယ်ပေးမယ့် သူအဖြစ် မမြင်ခဲ့ဘူး၊ ဒါကြောင့်လဲ သူ့ကို ရာထူးတွေ အဆင့်ဆင့် တိုးပေးခဲ့တယ်။ အဓိက ကတော့ သူဘယ်တော့မှ မိမိ၏ အစွမ်းနှင့် စတင် ကြံဆမှုတွေကို ထုတ်ဖော်ပြသခြင်း မပြုခဲ့လို့ပဲ”

    Seekins မှ ပြောရာတွင်မူ “ထိပ်ဆုံးသို့ ရောက်ချိန်က စပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အာဏာကို စွဲကိုင် ထားနိုင်သည့် အစွမ်းရှိကြောင်း ပြသလာခဲ့တယ်၊ သူရဲ့ပြိုင်ဘက်တွေဟာ ရက်စက်စွာပဲ ရှင်းထုတ် ဖယ်ရှားခြင်း ခံခဲ့ရတယ်။ သူရဲ့ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဖြစ်ပြီး ရည်မှန်းချက် ကြီးသည့် ဗိုလ်ချုပ်ခင်ညွန့် ကလည်း ၂၀၀၄ မှစပြီး အိမ်တွင်း အကျယ်ချုပ် ခံထားရတယ်၊ မြန်မာ့အရေး စောင့်ကြည့် သူတွေ ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သစ္စာစောင့်သိသည့် စစ်ဗိုလ်တွေကို အခွင့်အရေးတွေ ပေးပြီး မသမာ နည်းလမ်းများ၊ ရာထူးနေရာ ရှာဖွေနိုင်စေပြီး တိုးမြှင့် ကြီးပွားအောင် စောင့်ရှောက် ပေးကြောင်း” ပြောကြား ခဲ့သည်။

    အနောက်နိုင်ငံတွေ ကတော့ သူ့ကို ခေတ်နောက်ပြန် ဆွဲသူအဖြစ် ထင်မြင်ကြသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက်(၇၆) နှစ်ရှိသူဟာ မိမိကိုယ်ကိုတော့ ရဲဝံ့ပြီး ဆင်းရဲမွဲတေ နေသည့် တိုင်းပြည်ကြီးကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် တံခါးဖွင့်ပေးခဲ့သူအဖြစ် ထင်မြင် နေသည်။ သူသည် လမ်းများ၊ တံတားအသစ်များကို ဆောက်လုပ်ပေးခဲ့ခြင်းသာ မဟုတ်ဘဲ၊ နေပြည်တော်ဟု ခေါ်သည့် (ဘုရင်များ၏ စံအိမ်ဟု အဓိပ္ပါယ်ရ) မြို့တော် အသစ်ကိုပါ ဆောက်လုပ်ခဲ့သည်။ အမှန်တရား ကတော့ အနည်းငယ် ကွဲပြားပါသည် ။

    နိုင်ငံခြား ကုန်သွယ်မှုသည် စစ်အစိုးရကို ကြီးပွားချမ်းသာ စေသည်။ ရတနာ သဘာဝ ဓါတ်ငွေ့ စီမံကိန်း တခုတည်းမှပင် စစ်အစိုးရအတွက် ၂၀၀၀ ခုနှစ်မှ စပြီး ဒေါ်လာ 4.38 billion ရရှိစေပါသည်။ ၀ါရှင်တန်အခြေစိုက် Earth Rights International မှ ထုတ်ပြန်သည့် အစီရင် ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားပါသည်။ သို့ရာတွင် မြန်မာပြည်သား အများစုမှာ စိတ်ပျက်စရာ ကောင်းသည့် ဆင်းရဲမွဲတေမှုတွင် နေထိုင်နေရသည်။ မြို့တော် အသစ်သည်လည်း ကုန်ကျစရိတ်များပြီး မလိုအပ်ဘဲ တိုးချဲ့သည့် အလုပ်ပင် ဖြစ်သည်။

    သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အပေါင်း အဖော်မဲ့နေသည့် အစိုးရ၏ အယူလွဲမှား နေသည့် ခေါင်းဆောင်တဦး အဖြစ် အမှတ်ပြု လိုက်မည်ဆိုလျှင် မှားယွင်း နေပေမည်။ စစ်အစိုးရသည် အာရှတိုက် အတွင်း ပြင်းထန်စွာ အရှိန်မြင့် တိုးတက်နေမှုနှင့် လိုက်လျော ညီထွေမှုရှိအောင် တိုင်းပြည်ကို ထူးချွန်စွာ ပြုပြင်ပြောင်းလဲ နိုင်ခဲ့သည်။ ထိုသို့ ပြုလုပ်ရန်အတွက် ရှေးဦးစွာ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှု များကို ဒေသအတွင်း စီးပွားရေး အင်အားကြီးတခု ပေါ်ထွက်လာခဲ့သည့် အချိန်အထိ ဆွဲဆောင်ခဲ့သည်။ Seekins မှ “၁၉၈၈ အတောအတွင်းက မြန်မာ စစ်တပ်အတွင်းမှ ဘယ်သူကမှ တရုတ်ပြည်ကြီး အခုလို အရှိန်နှင့် စီးပွားရေး တိုးတက် လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး၊ ဒါပေမယ့် ယခုလို အခြေအနေမျိုးမှာ မြန်မာ စစ်အစိုးရက အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချလိုက်ပါတယ်။ တရုတ်နိုင်ငံနှင့် ပိုပြီး အနီးစပ် ဆက်ဆံ လာခဲ့တယ်”ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံသည် ASEAN ကို ၁၉၉၇ တွင် ၀င်ရောက်ခဲ့ခြင်းဖြင့် အနောက်နိုင်ငံ များ၏ ဝေဖန်မှု များအတွက် ထပ်မံ၍ မဟာမိတ် ရလာခဲ့ပြီး၊ ကုန်သွယ်ခွင့်များ ပိုမို ရရှိလာခဲ့သည်။ (ထိုင်းနိုင်ငံသည် ၎င်းနိုင်ငံအတွက် သဘာဝဓါတ်ငွေ့ အများစုကို မြန်မာနိုင်ငံမှ ရရှိခဲ့သည်)။ ထို့အပြင် မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံနှင့်လည်း ဆက်ဆံမှုပိုမို ကောင်းမွန်အောင် ဆောင်ရွက်လျှက် ရှိသည်။ ယခင်က ခွဲထွက်နေမှု၏ ပြယုဂ်ဖြစ်သည့် နေပြည်တော်၌ပင် စစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်တခု ဆောက်လုပ်ရန် စီစဉ်လျှက် ရှိပြီး၊ ၎င်းလေဆိပ်မှ တနှစ်လျှင် ခရီးသည် ၁၀ သန်းကို ၀န်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။ “သူတို့တွေက ကျွန်တော်တို့ ထင်သလောက် အထီးကျန် မဆန်ပါဘူး၊ သူတို့က သူတို့ရဲ့ မိတ်ဆွေကို အသေအချာ ရွေးတာပါ”ဟု Rogers မှ ဆက်လက် ပြောကြားခဲ့သည်။ “အဲ့ဒီ မိတ်ဆွေတွေ ကတော့ သူတို့ ဘာလုပ်လုပ် မသိချင်ယောင် ဆောင်နေတဲ့ နိုင်ငံတွေပေါ့” ဟု ဆက်လက် ပြောကြားခဲ့သည်။

    စစ်အစိုးရ၏ နိုင်ငံခြားသားများကို လွန်ကဲစွာ ကြောက်ရွံ့ မုန်းတီးနေခြင်း ကလည်း တိုင်းပြည်ကို ပြည်ပမှ ကျူးကျော်လာမည့် အရေး မွေးရာပါ ကြောက်ရွံ့နေမှု တွင်လည်း သီးခြား နေလိုသည့် ဆန္ဒထက် ပိုနေသည်။ မြန်မာနိုင်ငံကို နိုင်ငံခြား အစိုးရအမျိုးမျိုးမှ ရာစုနှစ်ပေါင်း များစွာ ကြာမြင့်အောင် ကျူးကျော် သိမ်းပိုက်ခဲ့သည့် အပြင် လွတ်လပ်ရေး ရခဲ့စဉ်ကစပြီး လူနည်းစုများ၏ သောင်းကျန်းမှု မျိုးစုံကို ရင်ဆိုင် နေခဲ့ရသည်။ မြန်မာစစ်တပ်၏ သမိုင်းပေး တာဝန်မှာ တိုင်းပြည်ကို ပြည်တွင်း၊ ပြည်ပ ရန်သူများမှ ကာကွယ်ပေးရန် ဖြစ်သည်။ စစ်တပ် ဗိုလ်ချုပ်များသည် ၎င်းတို့ အစိုးရအား ခြိမ်းခြောက်မှု အားလုံးကို တိုင်းပြည်အပေါ် ခြိမ်းခြောက်မှုဟု ယူဆ နေကြသည်။ ထိုသို့ အယူအဆမှာ မှားနေမည် ဖြစ်သော်လည်း စစ်တပ် ဗိုလ်ချုပ်များ၏ ကျူးကျော်မှုကို ကြောက်နေခြင်း မှာတော့ အမှန်ပင် ဖြစ်ပြီး၊ ၎င်း စိတ်ဓါတ်သည် အနောက်နိုင်ငံများ၏ ပြုမူပုံများ၊ ပြောဆိုမှု များကြောင့် အမြဲ နိုးကြားလျှက် ရှိသည်။

    ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲ ကာလတွင် အမေရိကန် အစိုးရသည် ရေတပ်တပ်ဖွဲ့ တဖွဲ့ကို မြန်မာ့ ပင်လယ်ကမ်းလွန်တွင် ထားရှိခဲ့သည့် အပြင် နောက်ပိုင်းတွင် မြန်မာနိုင်ငံကို အီရန် ၊ မြောက်ကိုရီးယား နိုင်ငံများနှင့် တတန်းတည်းထား ဆက်ဆံခဲ့သည့် အပြင် “ဖိနှိပ်အုပ်ချုပ်သည့် မင်းဆိုးများ၏ ရှေ့တန်း”ဟု တင်စားခဲ့သည်။ အမှန်တကယ် ဟုတ်သည် ဖြစ်စေ၊ စိတ်ထင်၍ ဖြစ်စေ အနောက် နိုင်ငံများ၏ လုပ်ဆောင်မှု များသည် စစ်အစိုးရကို တိကျသည့် လုပ်ဆောင်မှု(၂)ခု ကို လုပ်စေရန် ဖိအားပေးသလို ဖြစ်ခဲ့ရသည်။ ၎င်းတို့မှာ အာရှတွင် အကြီးဆုံး အမြဲတမ်း တပ်မတော် များထဲမှ တခုကို တည်ဆောက်ခြင်းနှင့် တရုတ်၊ ရုရှားနိုင်ငံများနှင့် ပိုမို၍ နီးကပ်စွာ ဆက်ဆံလာခြင်း တို့ဖြစ်ပါသည်။

    *လူကြမ်း၊ လူဆိုးတို့၏ ပြပွဲခန်းမ*
    ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာပြည်၏ ဥသျှောင် ဖြစ်သည်။ သို့ရာတွင် သူသည် ထိပ်ဆုံးတွင် တဦးတည်း ရှိသည် မဟုတ်ပါ။ သဘောထား တင်းမာသည့် သစ္စာခံတပ်၏ ခေါင်းဆောင်ပိုင်းတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရာထူး အား အဆက် ခံနိုင်ဆုံးလူ)၊ ယခင် အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး နှင့် ယခု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး ဦးသောင်း (ဦးသောင်းသည် စစ်အစိုးရ၏ နှစ်ရှည် ကာလကြာမြင့်စွာ အနုမြူနည်းပညာ စီမံကိန်းကို ဦးဆောင်နေသူ ဖြစ်သည်)။ ၎င်းအပြင် ဩဇာ လွှမ်းသူများထဲတွင် မြန်မာပြည်၏ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ပြီး ဗိုလ်ချုပ်များ နည်းတူ အမေရိကန် နှင့် EU တို့၏ ပိတ်ဆို့ အရေးယူမှု ခံနေရသူများ ပါ၀င်သည်။

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက် ၎င်း စီးပွားရေး လုပ်ငန်းရှင်ကြီးများမှ စေ့စပ် ပေးနေခြင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အမေရိကန်နိုင်ငံမှ ဆွေးနွေးမှုကို အားပေးသည့် ဆီးနိတ် လွှတ်တော်အမတ် Jim Webb အား နွေးထွေးစွာ ဩဂုတ်လတွင် တွေ့ဆုံခဲ့ခြင်းမှ ပြသလျှက် ရှိသည်။ အစိုးရ ရုပ်သံလွှင့် အစီအစဉ်၌ ပြံုးရွှင်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ မရိန်း တပ်သားဟောင်း၏ လက်ကိုဆွဲ၍ နေသည့်ပုံများကို ပြသခဲ့ပြီး၊ စစ်အစိုးရ၏ ပါးစပ်ပေါက် သဖွယ်ဖြစ်သည့် New Light of Myanmar ၌လည်း ဩဇာလွှမ်းမိုး သည့် အမေရိကန် လွှတ်တော်အမတ် မှလည်း မိမိတို့ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များကို ဆန့်ကျင်သည်ဟု ဖော်ပြခဲ့သည်။

    စစ်အစိုးရသည် နှစ်ပေါင်း (၂၀)ကြာ တဖြည်းဖြည်း ပိုမိုတင်းကြပ်၍ လာသည့် ပိတ်ဆို့မှုကို ခံနိုင်ခဲ့သည့် အပြင် ပို၍ပင် ကြွယ်ဝ လာခဲ့သည်။ ထိုသို့ နှစ်များ ကြာစေကာမူ အဆိုပါ ပိတ်ဆို့မှုများကို ဖယ်ရှားစေလိုသည့် ဆန္ဒများ မှေးမှိန်သွားခြင်း မရှိပါ။ “အများက ပြောတာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တကမ္ဘာလုံး ဘာထင်ထင် ဂရုမစိုက် ပါဘူး၊ ဒါပေမယ့် သူက အပယ်ခံဘဝ ကိုတော့ ဖယ်ရှား စေချင်နေပါတယ်။ ပြီးတော့ သူက ၎င်းအုပ်ချုပ်မှုအား ဟန်ပြ တရားဝင်မှု အခြေအနေကိုလည်း လိုချင်နေပါတယ်၊ ဒါကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲက အဲ့ဒီ တရားဝင်မှုကို ပေးလိမ့်မယ်လို့ သူထင်နေပါတယ်” ဟု Rogers မှ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ “စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ”ဟု ခေါ်သည့် စံနစ်ကို တည်ဆောက်ရန် ကြံုးဝါး ထားသည်။ ၎င်းစံနစ်သည် စစ်အစိုးရကို ဆက်ပြီးအားပေး သွားမည့်အပြင် သူ့၏ အုပ်ချုပ်မှုကိုလည်း တရားဝင် ဖြစ်စေမည် ဖြစ်သည်။ သူ့အသက်ကိုလည်း အာမခံပေးနိုင်မည် ဖြစ်ပါသည်။

    ၂၀၀၂ တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မိမိကို ဖြုတ်ချရန် စီစဉ်သည်ဟု သံသယရဖြင့် သူ့အား နေရာ၊ ရာထူးမြှင့်တင် ပေးခဲ့သည့် အာဏာရှင် ဦးနေဝင်းနှင့် သမီးတို့ကို အကျယ်ချုပ် ဖမ်းဆီးခဲ့ပြီး ဦးနေဝင်း၏ မြေးများကို ထောင်ချ ထားခဲ့သည်။ ဦးနေဝင်းသည် လူမသိ သူမသိ ကွယ်လွန်ခဲ့သည်ဟု Living Silence : Burma Under Military Rule စာအုပ်၏ စာရေးဆရာ Christina Fink မှ ပြောကြားခဲ့သည်။ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အဲ့ဒီလို သူလည်း ဖြစ်နိုင်တယ် ဆိုတာ နာနာကျည်းကျည်း သဘောပေါက်ထား ပုံရတယ်”ဟု ဆက်၍ ပြောကြားခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင် ( ဗိုလ်ချုပ်မှူးကြီး သန်းရွှေ )တွင် အခြား အားနည်းချက် ရှိနေသေးသည် ။ ၎င်းမှာ သူ၏ မိသားစု ဖြစ်သည်။ “သူက သူ့မိသားစုကို ထင်ရာစိုင်းခွင့် ပြုလေ့ရှိတယ်”ဟု Rogers မှ ပြောကြားခဲ့သေးသည်။ ၂၀၀၆ ဇူလိုင်တွင် သူ၏ သားသမီး ရှစ်ယောက်ထဲမှ တဦးဖြစ်သော စိန်အပြည့် ဆင်ထားသည့် သမီး သန္တာရွှေသည် စစ်ဗိုလ်တဦးကို ကြီးကျယ်ခမ်းနားသည့် ပွဲဖြင့် လက်ထပ် ခဲ့သောကြောင့် ဆင်းရဲမွဲတေ နေသည့် နိုင်ငံတွင် လူအများကို ဒေါသထွက်စေ ခဲ့သည်။

    *သီးခြား ရပ်တည်နေခြင်း*
    မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အမေရိကန် ကွန်ဂရက်ရှိ လူအများစုမှာ ဗိုလ်ချုပ်များကို စကားဝိုင်းသို့ ဖိတ်ခေါ်ခြင်းသည် စစ်အစိုးရကို အလျှော့ပေးခြင်း ဖြစ်သည်ဟု ထင်နေကြသည်။ ၎င်းတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် သည်ပင်လျှင် တာဝန်ရှိသူ၊ အပြစ်ရှိသူ ဖြစ်သည်ဟု ဆိုသည်။ ယခင်က မြန်မာစစ်တပ်၏ ဗိုလ်မှူးဖြစ်ခဲ့ပြီး သံရုံးအရာရှိ တဦးဖြစ်ခဲ့သူ အောင်လင်းထွဋ်မှ အဘကြီးက ၁၉၉၈ ၌ ဝေးလံသည့် မြန်မာပိုင် ကျွန်းတခုမှာ လူ (၈၁)ဦးကို အသေသတ်ဖို့ ကိုယ်တိုင် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ (၅)နှစ်ကြာ ပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူမိုက်များမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ဒီပဲရင်းတွင် တိုက်ခိုက်ခဲ့သည့် အတွက် သူမကို ထောက်ခံသူ ဒါဇင်ပေါင်းများစွာကို သေကြေဒဏ်ရာ ရစေခဲ့သည်။

    နိုဘယ်လ်ဆုရ အမျိုးသမီးသည် သူ့အတွက် အဓိကပြိုင်ဘက် ဖြစ်နေသည်။ “သူက သူမကို ပုဂ္ဂိုလ်ရေး အရကို သဘော မကျတာပါ။ နိုင်ငံရေး တွက်ချက်မှု တခုတင် မဟုတ်ပါဘူး။ သူမက ခေါင်းမာ လွန်းတယ်၊ အနောက်တိုင်း ဆန်လွန်းတယ်၊ ပွင့်လင်း လွန်းတယ်၊ အမျိုးသမီးနဲ့ မတူဘူးလို့ ထင်ထားပါတယ်” ဟု Seekins က ပြောထားသေးသည်။ ဩဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် အမျိုးသားတဦး မဖိတ်ခေါ်ဘဲ သူမ၏ ကန်ဘေးအိမ်အတွင်း ၀င်ရောက်ခဲ့သဖြင့် အကျယ်ချုပ် သတ်မှတ်ချက် များကို ချိုးဖောက်သည်ဟု ဆိုပြီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ တရားရုံးတွင် ဖတ်ပြရာ၌ သူမ၏ ကနဦး ပြစ်ဒါဏ်ကာလ ၃နှစ်ကို သနားညှာတာသော အားဖြင့် ၁၈လသို့ လျှော့ပေါ့ ကျခံစေခဲ့သည်ဟု ဆိုသည်။ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူမအပေါ် သနားကြင်နာမှုကို ပြသခဲ့ခြင်း ဖြစ်သည်”ဟု ဆိုသည်။

    စစ်တပ်မှ ထွက်ပြေး တိမ်းရှောင်ခဲ့သူ အောင်လင်းထွဋ် ကတော့ ထိုသို့ မထင်ထားပါ။ ၎င်းမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နာမည်ပျက်စေရန် နည်းမျိုးစုံကို အသုံးပြုမည်ဟု ယူဆလျှက် ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက Jim Webb အား တွေ့ဆုံခြင်း သည်လည်း နိုဘယ်လ် ဆုရှင်ကို ပိတ်ဆို့မှုကို ထောက်ခံသူသဖြင့် မြန်မာပြည်သူများ၏ ရန်သူအဖြစ် ယူဆလာစေရန် အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ဆန့်ကျင်မှုကို လိုလားသည့် အတွေးအခေါ် မှာလည်း စွဲကိုင်ထားသည့် အရာမဟုတ်တော့ပါ။ NLD ၏ ပြောရေးဆိုခွင့် ရသူမှ တဆင့် မကြာသေးမီက သူမ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က “အမေရိကန်၏ ဆက်သွယ်ဆောင်ရွက်ရေး မူဟာလည်း ကောင်းသော အရာဖြစ်သည်”ဟု ၀န်ခံခဲ့သည်။

    ဒါ်အောင်ဆန်းစုကြည်သည် သတိထား ပြောကြားနေပုံရသည်။ ဘယ်သူကရော သူမကို အပြစ်ပြော နိုင်မည်နည်း? Seekins မှ ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် “ပြုပြင်ပြောင်းလဲမှု များအတွက် တောင်းဆိုမှုများကို လည်းကောင်း၊ ဆန့်ကျင်ဘက်များနှင့် အပေးအယူ ပြုလုပ်ရန် တောင်းဆိုမှုများကို လည်းကောင်း၊ မသိကျိုးကျွံ ပြုလုပ်နေသည်။ အဘယ်ကြောင့် ဆိုသော် အာဏာကို တဦးတည်း ချုပ်ကိုင်ထားလို၍ ဖြစ်သည်။ ဒါဆိုလျှင် သံတမန်ရေးအရ အသစ်တဖန် ကြိုးပမ်း ဆောင်ရွက်မှုများ အလုပ်ဖြစ်ပါမည် လား? အမေရိကန်အစိုးရ၏ မြန်မာအစိုးရ အပေါ်ထားရှိသည့် ချဉ်းကပ်ပုံ အသစ်သည် အိမ်ဖြူတော်၏ “သံတမန်ရေးကို ထိပ်တိုက် ရင်ဆိုင်ရေး” ထက် ဦးစားပေးရန် ဟူသည့် မူအသစ်၏ ရလဒ် ဖြစ်သည်။

    Fink က “ဒါဟာ ဗျူဟာ ပြောင်းတာ မဟုတ်ဘဲ လုပ်ကိုင်ပုံ စနစ်ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထိုသို့ မူဝါဒကို ပြင်ဆင်စေသည့် အခြား အကြောင်းအရာ နှစ်ခုမှာ မြန်မာ နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဩဇာကြီး ထွားလာမှုနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနုမြူ ရည်မှန်းချက် တို့ဖြစ်သည်။ Seekins ကတော့ အမေရိကန် အစိုးရသည် စစ်အစိုးရ၏ ပွင့်လင်းလိုမှုကို လွန်ကဲစွာ ခန့်မှန်းထားပုံ ရသည်ဟု ထင်နေသည်။ “အမေရိကန် အစိုးရဟာ ၁၉၉၀ ခုနှစ်များက ဂျပန်အစိုးရနှင့် ဆက်ဆံခဲ့စဉ်က ပုံစံမျိုး ပြန်ရောက် သွားနိုင်တယ်။ အဲ့ဒီအချိန်က တိုကျိုက အစိုးရကို စီးပွားရေး မက်လုံးတွေ ပေးလိုက်ရင် မိမိဖာသာ ပြုပြင်သွားမယ်လို့ ထင်ခဲ့တာလေ” ဟု ပြောကြားခဲ့သည်။

    ယခု အချိန်တွင်တော့ စစ်အစိုးရဟာ နေရာတိုင်းတွင် ထိတွေ့ဆောင်ရွက်မှု များကို ပြုလုပ် လာတာကို တွေ့နေရပါပြီ။ ပြီးခဲ့သည့် လက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ၁၄နှစ် အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည့် အဆင့်မြင့်ဆုံး မြန်မာ ကိုယ်စားလှယ် ဖြစ်ပါသည်။ ၎င်းက တက်ရောက် လာကြသည့် ကိုယ်စားလှယ်များကို ပိတ်ဆို့ အရေးယူမှုဟာ တရားမျှတခြင်း မရှိဟု ပြောကြားခဲ့သည်။ New York မှာ ရှိနေစဉ်အတွင်း ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဆီနိတ် လွှတ်တော်အမတ် Webb နှင့်လည်းကောင်း၊ အမေရိကန် Assistant Secretary of State ဖြစ်သူ Kurt Campbell နှင့် လည်းကောင်း သီးခြား တွေ့ဆုံဆွေးနွေး ခဲ့ပါသေးသည်။ မြန်မာပြည်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံပြီး ပိတ်ဆို့မှုများကို ဖယ်ရှား နိုင်ရေးအတွက် ဆွေးနွေးခဲ့ပုံ ရပါသည်။

    ဒါကတော့ မကြာမီ ကာလအတွင်း ဖြစ်လာဦးမည် မဟုတ်ပါ။ ဒါဟာ မှားယွင်းသည့် အချက်ပေးမှုတွေ ထွက်လာ နိုင်စေသည်ဟု Campbell မှ သတိပေးခဲ့ပါသည်။ သူ၏ အထက်အရာရှိမှ လည်း ၎င်းကို ထောက်ခံထားသည်။ “ပိတ်ဆို့ အရေးယူမှုတွေဟာ ကျွန်မတို့ ပေါ်လစီမှာ အရေးပါတယ်”ဟု Hillary Clinton က ပြောကြားခဲ့ပြီး ထိတွေ့ ဆက်ဆံခြင်းရော၊ ပိတ်ဆို့ အရေးယူမှု (၂)ခုလုံးသည် မိမိတို့ လိုချင်သည့် ပန်းတိုင်ကို ရရှိစေမည့် အရာများဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်း ပန်းတိုင်မှာ “မြန်မာပြည်တွင် ဒီမိုကရေစီ ရရှိရေးပင် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ပြုလုပ်ခဲ့မှု သမိုင်းမှတ်တမ်း (အစဉ်အလာ) မရှိခဲ့ခြင်းကြောင့်လည်း အမေရိကန် တာဝန်ရှိသူများမှ ထိတွေ့ ဆက်ဆံခြင်း၏ အကျိုး သက်ရောက်မှုကို အရေးမပါဟု ထင်မြင် နေကြခြင်းဖြစ်သည်။

    သဘောထား တင်းမာသူ ကိုယ်တိုုင် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ)မှ စစ်မှန်သည့် အပေးအယူကို မပြုလုပ်ခြင်းသည် (ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသား များကို လွှတ်ပေးခြင်း မှစပြီး ၎င်းတို့ကို လာမည့် မဲပေးမှုများတွင် ပါ၀င်ခွင့် ပြုခြင်း) ဒီမိုကရေစီနှင့် အလှမ်းဝေးနေစေမည့် အကြောင်းအရင်း တခု ဖြစ်နေသည်။ “အားလုံးက ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပြောနေကြတာပါ၊ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကတော့ သိပ်ပြီး အရေးပေးမဲ့ပုံ မရပါဘူး၊ သူ နိုင်ငံရေးမြင်ကွင်း ကနေ ပျောက်ကွယ် မသွားမခြင်း ဘာမှ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု Seekins မှ ပြောကြား သွားခဲ့သည်။ မြန်မာပြည်တွင် ဖြစ်သမျှ အားလုံးကို လူတစ်ဦး ထဲက ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။

    လင်းဦး ( စိတ်ပညာ )
    အောက်တိုဘာလ ထုတ် Time မဂ္ဂဇင်းမှ ဆောင်းပါးရှင် အင်ဒရူးမာရှယ် ၏ The Soldier and The State အား ဆီလျှော်အောင် ဘာသာပြန် ဆိုသည်။

    8 comments:

    ခိုင်စိုးလင်း said...

    တခါတလေ စဉ်းစားမိသည် ဗိုလ်ချုပ်သန်းရွှေနေရာမှာ ကိုယ်ဆိုလျင် ဘယ်လိုလုပ်မလဲ သူ့လိုပဲ မလုပ်ဘူး မပြောနိုင်ဘူး လုပ်မယ်လည်း မပြောနိုင်ဘူး ဒါပေမဲ့ ဖြစ်နိုင်ခြေက ငါးဆယ်ရာခိုင်နှန်းစီပါပဲ

    JulyDream said...

    အခုလို မြန်မာလို ဖတ်လိုက်ရတာ အရသာရှိတယ်။ အင်္ဂလိပ် ဖတ်ရင် အချိန်ကြာအုံးမယ်။ =)

    ဖြိုးဝေ-mmp said...

    စာလာဖတ်တယ်အကိုရေ အတော်လေးဖတ်လို့ကောင်းတယ် ဘာသာပြန်ပေးတာကျေးဇူးပါခင်ဗျာ

    နန်း said...

    လာလည်ပါတယ်။
    လာဖတ်ပါတယ်။

    Nge Naing said...

    စာလာဖတ်သွားပါတယ်။ ဘာသာပြန်ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။
    "စစ်တပ် ဗိုလ်ချုပ်များသည် ၎င်းတို့ အစိုးရအား ခြိမ်းခြောက်မှု အားလုံးကို တိုင်းပြည်အပေါ် ခြိမ်းခြောက်မှုဟု ယူဆ နေကြသည်။" ဒီအပိုဒ်ကိုတော့ လက်ခံတယ်။

    "ထိုသို့ အယူအဆမှာ မှားနေမည် ဖြစ်သော်လည်း စစ်တပ် ဗိုလ်ချုပ်များ၏ ကျူးကျော်မှုကို ကြောက်နေခြင်း မှာတော့ အမှန်ပင် ဖြစ်ပြီး၊ "

    ဒါပေမယ့် ဒီပိုဒ်ကတော့ ဟုတ်ချင်မှ ဟုတ်မယ်။ စစ်အုပ်စုက ကျူးကျော်မှုကို ကြောက်တာ မဖြစ်နိုင်ဘူး ပြည်သူလူထုကိုပဲ အရင်က နယ်ချဲ့ခံခဲ့ရတဲ့ သာဓကတွေနဲ့ နောက်ထပ် ကိုလိုနီ ထပ်ဖြစ်ခံရမယ်ဆိုတာနဲ့ ခြိမ်းချောက်ပြီး NLD နဲ့ အပြင်က ဒီမိုကရေစီ အင်အားစုတွေ ပြောစကားကို လူထုက လက်မခံအောင် လုပ်တာ သက်သက် ဖြစ်နိုင်တယ်။

    lonetone said...

    အများ အမှတ်မှားတတ်တဲ့ အခေါ်အဝေါ်လေး အကြံပြုချင်ပါတယ်။ အမေရိကန်က Secretary of State ကို ဘာသာပြန်ရင် နိုင်ငံခြားရေးဝန်ကြီး လို့သာ ဘာသာပြန်မှ သင့်လျော်မှန်ကန်ပါမယ်ခင်ဗျား။ ကိုလင်းဦး သိတဲ့အတိုင်း အမေရိကန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို Department of State လို့ အခြားနိုင်ငံများနဲ့မတူ ခေါ်ဝေါ် အသုံးပြုလို့ပါ။ ပုံမှန်အားဖြင့် Home Affairs, State, Interior စသည်တို့ကို ပြည်ထဲရေးနဲ့ပတ်သက်တဲ့ ဌာနများလို့သာ အသိများကြလို့ပါ။ အမေရိကန်မှာ ထူးခြားတာက ၀န်ကြီးဌာနများကို နိုင်ငံအများသုံးကြသလို့ Ministry လို့ မသုံးဘဲ၊ Department လို့ သုံးတာ၊ ၀န်ကြီးရာထူးကို Minister အစား Secretary လို့သုံးတာ စတဲ့ ကွဲပြားချက်လေးရှိလို့ပါ။ အမေရိကန် ပြည်ထဲရေးဌာနနဲ့ပတ်သက်ရင် Department of Homeland Security, Department of Interior တို့နဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်ခင်ဗျား။

    လင်းဦး(စိတ်ပညာ) said...

    Lonetone >> ယခုလို အကြံပေးမှုကို အကြံပြုမှုအတွက် ၀မ်းသာပါတယ်ခင်ဗျာ...

    ခင်မင်စွာဖြင့်

    Bo said...

    လာရောက်ဖတ်ရှုသွားပါတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo