၂၀၀၉ အီရန်ရွေးကောက်ပွဲ ရလဒ်အပေါ် ဆန္ဒပြနေခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ဆောင်းပါး သရုပ်ဖေါ် © မင်းကျော်

    အီရန်နိုင်ငံ၏ အုပ်ချုပ်မှုပုံစံ

    အမေရိကန်နိုင်ငံက ထောက်ခံအားပေးသည့် Shah Mohammad Reza Pahlavi ၏ ဘုရင်စနစ်ကို အဆုံးသတ်စေခဲ့သည့် ၁၉၇၉ အီရန် တော်လှန်ရေး အပြီးတွင် အစ္စလာမ်သမ္မတနိုင်ငံ (Islamic Republic) ဖြစ်လာခဲ့သည့် အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးပုံစံမှာ ဘာသာရေးခေါင်းဆောင် (unelected religious Leadership) နှင့် ဒီမိုကရေစီစနစ် စနစ်(၂)ခုကို ပေါင်းစပ်ထားသည့် အုပ်ချုပ်ရေးပုံစံဖြစ်သည်။ အီရန်နိုင်ငံ၏ အခြေခံဥပဒေမှ ၁၉၇၉ တော်လှန်ရေးခေါင်းဆောင်ဖြစ်ခဲ့သူ Ayatollak Ruhollah Khomeni အား အီရန်နိုင်ငံ၏ အထွတ်အထိပ်ခေါင်းဆောင် (Supreme Leader) အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်း ၁၉၈၉ ၌ မကွယ်လွန်မီက ယခု Supreme Leader ဖြစ်နေသူ Ayatollak Ali Khameni အား မိမိအားဆက်ခံရန် သတ်မှတ်ပေးခဲ့သည်။

    အီရန်အုပ်ချုပ်ရေးပုံစံတွင် Supreme Leader သည် အမြင့်ဆုံး decision maker ဖြစ်သည့်အတွက် ကာကွယ်ရေး၊နိုင်ငံခြားဆက်ဆံရေး၊ နျူကလီးယားကိစ္စအားလုံးတွင် ဆုံးဖြတ်ချက်ချမှတ်သူဖြစ်သည်။ Supreme Leader ကပင် ရွေးကောက်ပွဲ ကြီးကြပ်ပေးသည့် Guardian Council အဖွဲ့ဝင်များအား ရွေးချယ် သတ်မှတ်ခြင်း၊ ကာကွယ်ရေး၊ထောက်လှမ်းရေးနှင့် အင်အားကြီးမားသည့် Iran Revolutionary Guard ၏ အဓိကရာထူးနေရာများကို ရွေးချယ်သတ်မှတ်ပေးသည်။ ထို့အပြင် သူမှပင် သမ္မတ ရွေးချယ်ခန့်အပ်ခြင်းကို အတည်ပြုပေးသည် ။

    Supreme Leader ပြီးလျှင် အီရန်တွင် အာဏာအရှိဆုံးမှာ Guardian Council ဖြစ်သည်။ Supreme Leader မှ သတ်မှတ်ပေးသည့် ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီး(၆)ဦးနှင့် ပါလီမန်မှ ရွေးချယ်ပေးသည့် ဂျူရီအဖွဲ့ဝင် (၆)ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် Guardian Council သည် တိုင်းပြည်အတွင်း တာဝန် ထမ်းဆောင်မည့် ၀န်ထမ်းများ၊ အရာထမ်းများအားလုံးကို အတည်ပြုခြင်း၊ ရွေးကောက်ပွဲရလဒ်များကို ဆန်းစစ်ခြင်း၊ ပါလီမန်မှ သဘောတူပြဋ္ဌာန်းလိုက်သည့် အမိန့်ကြေငြာချက်များသည် အစ္စလာမ်ဥပဒေနှင့် ကိုက်ညီခြင်းမရှိက ဗီတိုဖြင့် ပယ်ချခြင်း စသည့် အခွင့်အာဏာများရှိသည်။

    အီရန်နိုင်ငံ၏ သမ္မတရာထူးနေရာကို တိုက်ရိုက်မဲပေးသည့်စနစ်ဖြင့် (၄)နှစ်လျှင်(၁)ကြိမ် ရွေးကောက် တင်မြှောက်ပါသည်။ သမ္မတနေရာကို (၂)ခါသာ ၀င်ရောက်ထမ်းဆောင်ခွင့်ရှိသည်။ သမ္မတသည် နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာပေါ်လစီများချမှတ်ခွင့်ရှိသော်လည်း အရေးပါသည့်ကိစ္စများကိုမူ Supreme Leader မှ ချမှတ်သည်။

    အီရန်နိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးတပ်မတော်အပြင် တော်လှန်ရေး ကာလက ခေါင်းဆောင် များကို အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် Revolutionary Guard၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ် အဖွဲ့ဖြစ်သော ဘာဆစ်ဂျ်(Basij) တို့လည်းရှိပါသည်။ Revolutionary Guard သည် အီရန် Supreme Leader ၏ တိုက်ရိုက်ထိမ်းချုပ်မှု အောက်တွင်ရှိပြီး အစိုးရ၏ အစ္စလာမ်ဘာသာရေးကျင့်စဉ် (Islamic Codes) နှင့် morality တို့ကို လိုက်နာကြရန် အရေးယူ ဆောင်ရွက်ရသည်။ အဖွဲ့ဝင်အင်အား ၂၀၀,၀၀၀ ကျော်ရှိပြီး တိုင်းပြည်၏ အဓိကအရေးပါသည့် ရေနံစက်ရုံများနှင့် ဒုံးကျည်ပစ်စင်များရှိရာတို့ကို ကာကွယ်ပေးရသည်။ ပြည်သူ့စစ်အဖွဲ့ Basij တွင် ဆန္ဒအလျောက်ဝင်ရောက်သူ (volunteer) အင်အား သန်းပေါင်းများစွာရှိပြီး Revolutionary Guard ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သည်။

    ၂၀၀၉ အီရန်သမ္မတရွေးကောက်ပွဲ

    လက်ရှိသမ္မတ အာမက်ဒိနီဂျက်အား ရွေးကောက်ပေးခဲ့သည့် ၂၀၀၅ ရွေးကောက်ပွဲအပြီး ၂၀၀၉ ဇွန်လ ၁၂ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲသည်် မဲပေးသူဦးရေသည် စံချိန်တင်သည့် ရွေးကောက်ပွဲ ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းပြည်၏ ၄၆သန်းသော မဲပေးပိုင်ခွင့်ရှိသူများ၏ ၈၅%မှာ မဲပေးခဲ့ကြသည့် များပြားသည့် မဲပေးသူအရေအတွက်ကို ကြည့်ခြင်းဖြင့် မဲရေတွက်မှုမှာ အနည်းဆုံး (၃)ရက်ခန့်အထိ ကြာနိုင်သည်ဟု ကနဦးအစိုးရမှ ထုတ်ပြန်ပြောဆိုထားသော်လည်း ရွေးကောက်ပွဲတာဝန် ရှိသူများမှ ၁၂ရက် ရွေးကောက်ပွဲအပြီး (၂)နာရီခန့်အကြာ၌တွင်ပင် အာမက်ဒိနီဂျက်မှ အနိုင်ရရှိကြောင်း ကြေငြာခဲ့ရာတွင် ကျန်အရွေးခံသူ(၃)ဦးစလုံးမှ အစိုးရ၏ရလဒ်ကို ကန့်ကွက်ပြီး ပယ်ချခဲ့ကြသည်။ ၎င်းတို့မှ တရားဝင်ကန့်ကွက်စာကို Guardian Council ထံသို့ တင်ပြခဲ့သည်။

    ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်ကြသည့် ပြည်သူများမှ ဇွန်လ (၁၃)ရက်နေ့မှ စတင်ပြီး လမ်းပေါ် တက် ဆန္ဒပြ ခဲ့ကြသည်။ သမ္မတ အာမက်ဒီနီဂျက်ကမူ ရွေးကောက်ပွဲမှာ “လုံးဝလွတ်လပ်မှုရှိပြီး” ရွေးကောက်ပွဲရလဒ်သည် အီရန် အတွက် ကြီးမားသည့် အောင်မြင်မှုကြီးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြမှုများကို ဘောလုံးပွဲအပြီး စိတ်အား ပြင်းပြပြီး ထူပူမွှန်နေခြင်းသာသာဖြစ်ကြောင်း ၊ “passions after a soccer match” အဖြစ် ပယ်ချခဲ့သည်။ Supreme Leader Khameni မှလည်း ရွေးကောက်ပွဲရလဒ်အား ဘုရားသခင်၏ အကဲဖြတ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဆန့်ကျင်ဘက်ဝင်ရောက်ယှဉ်ပြိုင်သူ မိုဆဗီ (Mousavi) ၏ တိုင်ကြားထားမှုအား စစ်ဆေးရန် Guardian Council အား ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

    ဆန္ဒပြနေသည့် အခြေအနေများ

    • ဇွန်လ ၁၃ရက် ။ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဆုံး လူထုအုံကြွမှုကြီးတစ်ခုအဖြစ် ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ကြသည့် ဆန္ဒပြမှုသည် စနေနေ့နံနက်မှ စတင်ခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲတို့ကြား ရုန်းရင်း ဆန်ခတ်မှုများပါ ဖြစ်ပေါ်လာခဲ့သည်။ ကနဦးပိုင်းတွင် ငြိမ်းချမ်းစွာဖြင့် စတင်ခဲ့သည့်ဆန္ဒပြမှုကြီးသည် တဖြည်းဖြည်းနှင့် ကြမ်းကြမ်းတမ်းတမ်း ဖြစ်လာခဲ့သည်။ ဆန္ဒပြသူများမှ “အာဏာရှင် စနစ်ကျဆုံးရေး” “ကျွနု်ပ်တို့၏ မဲများကိုပြန်ပေး” စသည်ဖြင့် ကြွေးကြော် ခဲ့ကြသည်။ မိုဆဗီမှ ၎င်းအား ထောက်ခံအားပေးသူများကို အေးအေးချမ်းချမ်း ဆန္ဒပြကြရန်နှင့် အကြမ်းဖက်မှုများကို ရှောင်ရှားကြရန် ပြောကြားခဲ့သည်။ အတည် မပြုပေးနိုင်သည့် သတင်းများအရ ရဲများသည် Islamic Iran Perticipation Front ၏ ရုံးချုပ်ကို ၀င်ရောက်စီးနင်းပြီး လူအများကို ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။ ဆန္ဒပြမှုများသည် လန်ဒန်နှင့် နယူးယောက်မြို့အပါအဝင် အခြားကမ္ဘာ့မြို့ကြီးများတွင်လည်း ဖြစ်ပေါ်ခဲ့သည်။
    • ဇွန်လ ၁၄ရက် ။ တနင်္ဂနွေနေ့တွင် ဆန့်ကျင်ဆန္ဒပြမှုများသည် အရေအတွက်နှင့် ကြမ်းတမ်းမှုအရ တွင်ပါ ပိုမို၍ ပြင်းထန်လာခဲ့သည်။ AL Jazeera အသံလွှင့်ဌာန၏ ပြောဆိုမှုအရ ယခုဆန္ဒပြမှုကြီးသည် ၁၉၇၉ တော်လှန်ရေးအပြီး အကြီးမားဆုံးဖြစ်သည်ဟု သိရသည်။ လမ်းပေါ်တွင် ကားများ၊ အမှိုက်ပုံးများကို မီးရှို့ပြီး လမ်းပိတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဆိုင်များ၊ အစိုးရရုံးများ၊ ရဲစခန်းများ၊ ရဲကားများ၊ ဓါတ်ဆီဆိုင်များနှင့် ဘဏ်များကို တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြမှုများမှ အဓိကရုံးများသို့ ကူးပြောင်းကာ တီဟီရန် တက္ကသိုလ်၊ အမီရ်ကာဗီးရားတက္ကသိုလ်စသည့် နေရာများအပါအဝင် Ahwaz, Shiraz, Mashhad, Sari, Karaj စသည့် နေရာများတွင်လည်း ကျယ်ပြန့်စွာဖြစ်ပွားခဲ့သည်။ ၁၄ ရက် ညပိုင်းတွင် ပြည်သူ့စစ်အဖွဲ့ဝင် များမှ တီဟီရန် တက္ကသိုလ်အဆောင်များသို့ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းသားများစွာ သေဆုံးထိခိုက်ခဲ့ရသည်။ ဆန္ဒပြမှုများသည် New York, Paris, Berlin, London, Sydney, Kuala Lumpur, Dubai, Turkey, Rome, The Hague စသည့် မြို့ကြီးများတွင်လည်း ဖြစ်ပေါ်ခဲ့သည်။
    • ဇွန်လ ၁၅ရက် ။ မိုဆဗီမှ ရွေးကောက်ပွဲအပြီး ပထမဦးဆုံးလူထုရှေ့ထွက်ပြီး မိန့်ခွန်းပြောကြား ခဲ့ရာတွင် ထောက်ခံသူ ၁၀၀,၀၀၀ ထက်မနည်း တီဟီရန် Freedom Square ၌ စုရုံးခဲ့ကြသည်။ အခြားအီရန်မြို့များတွင်လည်း ဆန္ဒပြမှုအသေးများ ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့မြို့ကြီးများတွင်လည်း ဆန္ဒပြမှု များ ဆက်၍ ဖြစ်ပေါ်ခဲ့သည်။
    • ဇွန်လ ၁၆ရက် ။ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ တီဟီရန်မြို့လမ်းမများအပေါ် စုရုံးခဲ့ကြသည်။ Guardian Council ကလည်း မဲများ၏ အချို့အစိတ်အပိုင်းကို ပြန်လည်ရေတွက် မည်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲ တဖန်ပြုလုပ်ရန် တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ၎င်းကို အဓိက ဆန့်ကျင်ဖက် ဖြစ်သူ မီရာဟိုစိန်မူဆာဗီမှ ပယ်ချခဲ့ပြီး ရွေးကောက်ပွဲတဖန်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    • ဇွန်လ ၁၇ရက် ။ အီရန်အမျိုးသားလက်ရွေးစင်ဘောလုံးအဖွဲ့ တောင်ကိုရီးယားဘောလုံးအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခဲ့ရာတွင် အီရန်အသင်းသားအချို့သည် မိုဆဗီအား ထောက်ခံသည့်အနေဖြင့် အစိမ်းရောင်လက်ပတ်များ ၀တ်ဆင်ခဲ့ကြ သည်။ တီဟီရန် 7 Tir Square တွင် လူဦးရေ 70,000 မှ 800,000 ကြားရှိ ဆန္ဒပြသူများ စုရုံးဆန္ဒပြခဲ့ကြသည်။
    • ဇွန်လ ၁၈ရက် ။ မိုဆဗီမှ ယမန်နေ့ဆန္ဒပြပွဲများ၌ သေဆုံးခဲ့ကြသူများကို အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်များ ကိုင်ဆောင်၍ ဆန္ဒပြကြရန် တိုက်တွန်းခဲ့မှုကြောင့် တီဟီရန်မြို့လယ်တွင် လူဦးရေ 100,000 ထက်မနည်း ချီတက်ဆန္ဒပြခဲ့ကြသည်။ သမ္မတ အာမက်ဒီနီဂျက်အား ထောက်ခံသည့် တန်ပြန် ဆန္ဒပြသည့် သဘောထားတင်းမာသည့် ကျောင်းသားဆန္ဒပြမှုလည်း ပြုလုပ်ခဲ့ကြသည်။ Guardian Council မှ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သည့် အဓိကပြိုင်ဖက်(၃)ဦးကို ဖိတ်ခေါ်ပြီး ၎င်းတို့၏ မကျေနပ်ချက်များကို ဆွေးနွေးခဲ့သည်။
    • ဇွန်လ ၁၉ရက် ။ ဘာသာရေးခေါင်းဆောင် Ali Khameni မှ ပုံမှန်ရုပ်သံထုတ်လွှင့်မှုတစ်ခုတွင် ပြောကြားရာ၌ “ဇီယွန်ဝါဒီတွေရဲ့ သတင်းထုတ်လွှင့်မှုတွေ၊ မကောင်းဆိုးဝါးတွေရဲ့ မီဒီယာ” များသည် အီရန် နိုင်ငံတော်ကြီးအား ပြိုကွဲရန် လုပ်ဆောင်နေကြောင်းနှင့် ရွေးကောက်ပွဲရလဒ်အပေါ် သံသယဝင်သွားအောင် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။ မိုဆဗီ၏ရုံးအား အရပ်ဝတ်ရဲများ ၀င်ရောက် ဖျက်ဆီးကာ ၀န်ထမ်းများကို ဖမ်းဆီးသွားကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
    • ဇွန်လ ၂၀ရက် ။ အီရန်အစိုးရပိုင် သတင်းစာနှင့် ရုပ်သံမှဆန္ဒပြမှုများအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ကြောင့် အနည်းဆုံး လူ(၁၀)ဦး သေဆုံးပြီး လူ(၁၀၀)ကျော် ဒဏ်ရာရရှိသွားကြောင်း ကြေငြာခဲ့သည်။ Supreme Leader နှင့် လုံခြံုရေးကောင်စီတို့မှ သတိပေးတားမြစ်ချက်ကို ဆန့်ကျင်ပြီး ထောင်ပေါင်းများစွာ လမ်းပေါ်တက် ဆန္ဒပြခဲ့သည့်အတွက် လူပေါင်း (၅၀၀)နီးပါးအား ဖမ်းဆီးခဲ့သည်။ စနေနေ့ညတွင် ဗုံးကိုင်ဆောင်လာသူ အကြမ်းဖက်သမားတစ်ဦးအား ယခင် Supreme Leader ၏ ခန္ဓာကိုယ်အား မြှုပ်နှံထား သည့် ၀တ်ကျောင်းအဝင်ဝတွင် လုံခြံုရေးများက ပစ်ခတ်ခဲ့ကြသည်။
    • မိုဆဗီမှ ရွေးကောက်ပွဲရက်ကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲအသစ်ပြန်လည်ပြုလုပ် ပေးရန်နှင့် ၎င်းမှ မိမိ၏အသက်ကို အာဇာနည်အဖြစ် စွန့်လွှတ်သွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူထုဆန္ဒ ပြပွဲကြီး ဆက်လက်ပြုလုပ်သွားရန် တောင်းဆိုခဲ့သည်။ ဆန္ဒပြမှုများ New York အပါအဝင် ကမ္ဘာ့မြို့ကြီးအချို့တွင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

    • ဇွန်လ ၂၁ရက် ။ အီရန်နိုင်ငံခြားရေးဝန်ကြီးမှ ဗြိတိန်၊ပြင်သစ်နှင့် ဂျာမနီနိုင်ငံများအား ရွေးကောက်ပွဲ အပေါ် ဝေဖန်ခဲ့ခြင်းအတွက် ပြင်းထန်စွာရှုတ်ချခဲ့သည်။ ၎င်းမှ ဗြိတိန်နိုင်ငံအား ရွေးကောက်ပွဲအား နှောက်ယှက်ဖျက်ဆီးရန် သူလျှိုများ ကြိုတင်စေလွှတ်ထားကြောင်း စွပ်စွဲခဲ့သည်။ ဗြိတိန်အစိုးရက အဆိုပါ စွပ်စွဲမှုကို ငြင်းဆန်ထားသည်။ အီရန်အစိုးရပိုင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Press TV မှ ပြောကြားရာတွင် Governing Council မှ ရွေးကောက်ပွဲအတွင်း မသမာမှုအချို့ကို တွေ့ရှိရကြောင်း ၀န်ခံခဲ့ သည်ဟု ထုတ်လွှင့်သွားခဲ့သည်။
    • ဇွန်လ ၂၂ရက် ။ Guardian Council မှ လက်ရှိသမ္မတ Ahmadinejad ရွေးကောက်ပွဲတွင် အနိုင်ရရှိ ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်များ မသမာမှုများရှိသည်ဆိုခြင်းကို ပယ်ချခဲ့သည်။ ၎င်းတို့မှ ဆက်ပြီး မြို့၅၀ခန့်တွင် မဲရေတွက်မှု မသမာမှုများ တွေ့ရှိခဲ့ရသော်လည်း စစ်ဆေးရန်လိုအပ်သည့်အခြေအနေတွင် မရှိကြောင်း ပြောဆိုခဲ့သည်။

    အစိုးရ၏ တုန့်ပြန်မှုများ

    ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်များက တီဟီရန်မြို့အတွင်း အစိုးရမှ ၀င်ရောက်နှိမ်နင်းရာတွင် လူ(၁၇၀) ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု ရဲတာဝန်ရှိသူများ ပြောကြားခဲ့သည်။ ၎င်းတို့အထဲတွင် MIRD ကို တည်ထောင်ခဲ့သူ Behzad Nabavi, IIPF ခေါင်းဆောင် Mohsen Mirdamadi နှင့် သမ္မတဟောင်း Mohammad Khatami ၏ ညီတို့လည်း ပါ၀င်ခဲ့သည်။ ထောက်လှမ်းရေးဝန်ကြီးမှ ဖမ်းဆီးမှုအချို့အား ပြည်ပမှ သောင်းကျန်းသူများနှင့် ဆက်နွယ်သူများဖြစ်ကြောင်းနှင့် ဖောက်ခွဲရေးပစ္စည်းများပါ၀င်သည့် ကုန်ပစ္စည်း (၂၀)ကျော် ဖမ်းဆီးရရှိကြောင်းနှင့် ပြည်ပမှ “တန်ပြန်တော်လှန်ရေးအဖွဲ့များ”သည် ရွေးကောက်ခံ အဖွဲ့များအတွင်း စည်းဝင်တိုးဖောက်နေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ကျောင်းသား (၁၀၀)ကျော် ကိုလည်း Shiraz တက္ကသိုလ်အား ဇွန်၁၆ရက်နေ့ဝင်စီးနင်းရာတွင် ဖမ်းဆီးခဲ့သည်။ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့၏ အဆိုအရ ၁၆ရက်နေ့အထိ သတင်းထောက်(၁၁)ဦး ဖမ်းဆီးခံထားရကြောင်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲစသည့်အချိန်မှ လူ(၅၀၀)ခန့်အား ဖမ်းဆီးထားသည်ဟု သိရှိရသည်။

    သတင်းဌာနများနှင့် အင်တာနက်တို့၏ အရေးပါမှု

    အီရန်အစိုးရသည် တီဟီရန်မှ သတင်းများ ပြင်ပသို့ထွက်မသွားစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိသည်။ ဇွန်လ ၁၄ရက်နေ့တွင် Al Arabiya ရုံးအား ပိတ်ခဲ့သည်။ တီဟီရန်ရှိ NBC ရုံးများအားလည်း ၀င်ရောက်စီးနင်းခြင်းခံရပြီး ပစ္စည်းများ သိမ်းဆည်းခံခဲ့ရသည်။ BBC အသံလွှင့်ဌာန၏ ဒါရိုက်တာမှလည်း ၎င်းတို့၏ ပါရှန်းဒေသသို့ ရုပ်သံထုတ်လွှင့်မှုများကို ဂြိုဟ်တုများထံသို့ အီလက်ထရောနစ်စနစ်ဖြင့် နှောက်ယှက်မှုများ (electric jamming) များကြောင့် အီရန်၊ အရှေ့အလယ်ပိုင်းရှိ BBC နားထောင်သူများ အနှောက်အယှက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဇွန်လ ၁၆ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်ပြီး နိုင်ငံခြားသတင်း ထောက်များအား မိမိတို့၏ ရုံးခန်းများမှ အပြင်မထွက်ရန် တားမြစ်ခဲ့ကာ ဇွန်လ ၂၀ရက်နေ့တွင် ထပ်မံပြီး အီရန်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြမှုသတင်းများ မထုတ်လွှင့်ရန် တားမြစ်ခဲ့သည်။

    ရွေးကောက်ပွဲအပြီး စနေနေ့မှစပြီး မီရာဟိုစိန်မိုဆာဗီ၏ ဘက်တော်သားများမှ သမ္မတ Ahmadinejad ၏ အင်တာနက်စာမျက်နှာများသို့ ၀င်ရောက်ကြည့်နိုင်မှု မရစေရန် “DDoS C Denial of Service) attack” ဖြင့် နှောက်ယှက်ခဲ့သည့် ၎င်းနောက်အစိုးရမှ အင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့သည်။ ဇွန်လ ၁၃ရက်နေ့ ရွေးကောက်ပွဲရလဒ်များ ကြေငြာနေချိန်တွင် အစိုးရမှ အင်တာနက်ဆက်သွယ်မှုများကို ၄၅မိနစ်ကြာ ဖြတ်တောက်ခဲ့ပြီးနောက် bandwidth နှေးနှေးဖြင့် ပြန်လည်ဖွင့်ပေးခဲ့သည်။ ၎င်းနောက် facebook, Twitter နှင့် အခြားသော သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ (CNN, BBC, Guardian) စသည်တို့ကိုလည်း ပိတ်ဆို့ထားခဲ့သည်။

    ဆန္ဒပြသူများကလည်း တယ်လီဖုန်းများ၊ e-mail အပြင် ပါးစပ်ဖြင့်လည်း လူစုစည်းရန် ဆောင်ရွက်ခဲ့ သည်။ ဆန္ဒပြသူများကို ထောက်ခံသူများမှ Ahmadinejad နှင့် Khameni တို့၏ အင်တာနက်စာမျက်နှာများ ကို မကြာခဏ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

    အီရန်တွင် ဆန္ဒပြသူများအပေါ် ဖိနှိပ် နှိမ်နင်းနေမှုများကို များစွာစိတ်မအေးဖြစ်ရကြောင်းနှင့် အကြမ်းဖက်နှိမ်နင်းမှုများကို ရပ်ဆိုင်းရန် EU, ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ New Zealand၊ နော်ဝေး စသည့် နိုင်ငံများမှ အသီးသီးပြောကြားချက်များ ထုတ်ပြန်ခဲ့ကြသည်။ အမေရိကန် နိုင်ငံမှမူ ဆန္ဒပြနေသူများအား အီရန်အစိုးရမှ အမေရိကန်၏ သူလျှိုများဟု သတ်မှတ်ပြီး၊ အစိုးရမှ ပိုမို၍ နှိမ်နင်းလာနိုင်သည့် အခြေအနေနှင့် လက်ရှိ သမ္မတ Ahmadinejad အား ပိုမို၍ အားကောင်းသွားစေနိုင်သည့် အတွက် တရားဝင်ဝေဖန်မှုပြုလုပ်ခြင်းမှ ရှောင်ရှားလျက်ရှိသည်။

    ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ်များတွင်လည်း အီရန်နိုင်ငံတွင် ပြည်သူများမှ လမ်းပေါ်သို့ထွက်၍ ဆန္ဒ ထုတ်ဖော်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ရာတွင် ရက်အနည်းငယ်အတွင်း Revolutionary Guard မှ ၀င်ရောက် နှိမ်နင်းခဲ့သည့်ပုံစံများရှိခဲ့ရာ ၂၂ရက်နေ့တွင် Khameni မှ အီရန်ရွေးကောက်ပွဲရလဒ်ကို ထပ်မံအတည်ပြုခဲ့ပြီး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ဆန့်ကျင်နေသည့် ခေါင်းဆောင်များသည် ဖြစ်ပေါ်လာမည့် သွေးထွက်သံယိုမှုများအတွက် တာဝန်ယူရမည်ဟု ပြောကြားခဲ့သဖြင့် ဆန္ဒပြမှုများအနေဖြင့် မည်သို့ ဖြစ်ပေါ် လာမည်ကို ကမ္ဘာမှ စောင့်ကြည့်လျက်ရှိပါသည်။

    လင်းဦး ( စိတ်ပညာ )

    1 comments:

    တားမြစ် ထားသော... said...

    ဖတ်သွားပါတယ်။
    ဆောင်းပါးလေးအတွက်ကျေးဇူးဗျ။

    သုခမိန်(E-Journal)

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo