အလိမ္မာ စာမှာရှိသည်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  •  
    “အလိမ္မာ စာမှာရှိသည်” ဟူသော စကားကို များသောအားဖြင့် ကြားဖူးကြသည်။ ဖတ်ဖူးကြသည်ဟု ဆိုရပါမည်။ စာပေကို ဖတ်၍ အသိဉာဏ်ကြွယ်ဝလျက် လိမ္မာသောသူတို့ ဖြစ်သွားကြသည်ကိုလည်း တွေ့ကြံုဖူးကြပါမည်။ စာပေကို ဖတ်သော်ငြားလည်း အသိဉာဏ်မတိုးပွားဘဲ ဆုတ်ယုတ်သွားသူတို့ကိုလည်း တွေ့မြင်ကောင်း တွေ့မြင်ခဲ့ကြပါမည်။ ကြားဖူးကောင်း ကြားဖူးခဲ့ကြပါမည်။ ထို့ကြောင့် စာပေတိုင်းတွင်ရှိသော အတွေးအခေါ်၊ အယူအဆတို့သည် လူသားအားလုံးအတွက် လိမ္မာရေးခြား ရှိနိုင်ပါသလား။ စဉ်စားသုံးသပ်ကြည့်ချင်စရာ ကောင်းပါသည်။ စာပေဟု ဆိုရာ၌ ဗရုတ်သုတ်ခ အတွေးအခေါ်တို့ ပါ၀င်သော စာပေ၊ လေးနက်သော ဘဝအသိအမြင်တို့ကို ပေးနိုင်သောစာပေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် အတွေးအခေါ်တို့ ပါ၀င်သောစာပေဟူ၍ စာပေ အမျိုးမျိုး ရှိပါမည်။ ဤနေရာ၌ ကျွန်တော်ပြောချင်သည်မှာ ဘာသာရေးနှင့် ပတ်သက်သော အတွေးအခေါ်တို့ ပါ၀င်သည့် စာပေတို့ကိုသာလျှင် အဓိကဖြစ်ပါသည်။

    စာပေသည် အဆိပ်အတောက် ကင်းရပါမည်။ ဘာသာရေးစာပေသည် အခြားသောစာပေတို့ထက်ပို၍ အဆိပ်အတောက် ကင်းနိုင်ရပါမည်။ အဆိပ်ပင်ကို ရေးလောင်းပေးလျှင် ထိုအဆိပ်ပင်သည် ကြီးထွားရှင်သန် လာပါမည်။ အဆိပ်ပင်သည် လူတို့အား ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ အကျိုးပေးပါမည်။ ထို့အတူ အဆိပ်အတောက်မကင်းသော ဘာသာရေးစာပေတို့သည်လည်း လူတို့၏ အတွေးအခေါ် အယူအဆတို့ကို အကောင်းထက် အဆိုးဘက်သို့သာ ဦးတည်စေပါလိမ့်မည်။ မှန်ကန်သော အတွေးအခေါ်၊ အယူအဆတို့ကို သတ်ဖြတ်ပစ်ရာလည်း ရောက်သည်ဟု ဆိုနိုင်ပါမည်။ ထို့ကြောင့် အဆိပ်အတောက်မကင်းသော စာပေတို့ကို ဘာသာရေး စာရေးဆရာတို့အနေဖြင့် လုံးဝ မရေးသားသင့်ပါ။ ဘာသာရေးစာပေတို့ကို မြတ်နိုး လိုက်စားနေသူတို့ အနေဖြင့်လည်း လုံးဝ မဖတ်သင့်ဟု ထင်ပါသည်။

    မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်ဟု ကမ္ဘာက သိနေကြ၏။ ကမ္ဘာက သိနေကြသည့်အတိုင်း ထေရဝါဒ ဗုဒ္ဓဘာသာ ပီသဖို့ လိုပါသည်။ “ပီသဖို့”ဆိုရာ၌ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်နှင့်အညီ ချမှတ်ထားသော လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးခြင်းတို့ကို ဆိုလိုပါသည်။ လိုက်နာကျင့်သုံးခြင်းသည် ချမှတ်ထားသော လမ်စဉ်တို့ကို သိနေမှ ဖြစ်နိုင်ပါမည်။ ထိုအခါ လမ်းစဉ်တို့ကို သွန်သင်ပြမည့်သူ၊ လမ်းစဉ်ကို မီးမောင်းထိုးပြမည့်သူတို့ လိုအပ်လာပါမည်။ လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးနိုင်မည့် ပုဂ္ဂိုလ်တို့သည် ဆရာတော်များ၊ ဘာသာရေးတတ်ကျွမ်းသည့် လူပုဂ္ဂိုလ်များ၊ ဘာသာရေး အတွေးအခေါ်တို့ကို တိကျမှန်ကန်စွာ ရေးသားကြသော စာရေးဆရာတို့ပင် ဖြစ်ကြပါ၏။

    ယခုအခါ မြန်မာနိုင်ငံ၏ စာပေလောက၌ မဂ္ဂဇင်း၊ ဂျာနယ်စသော စာစောင်တို့ အများအပြား ပေါ်ထွက် နေကြ၏။ တချို့ မဂ္ဂဇင်း ၊ ဂျာနယ်တို့သည် ဘာသာရေး သီးသန့်မဟုတ်ကြသော်လည်း ဘာသာရေးနှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာတို့ ပါ၀င်ထည့်သွင်းတတ်ကြ၏။ ပါ၀င်ထည့်သွင်းထားသော ဆောင်းပါး၊ ကဗျာတို့ကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ညီ မညီ အယ်ဒီတာတို့က သုံးသပ်သင့်ပါသည်။ မိမိတို့ အမှန်တကယ် မသိလျှင်လည်း တတ်ကျွမ်းသည့် ပုဂ္ဂိုလ်တို့ထံ မေးမြန်း၍ မိမိတို့ မဂ္ဂဇင်း၊ ဂျာနယ်တို့၌ ထည့်သုံးသင့်ပါက ထည့်သုံးရပါမည်။ ပယ်သင့်ပါက ပယ်ရပါမည်။ ပြင်ဆင်သင့်ပါက ပြင်ဆင်ရပါမည်။ သို့ဖြစ်မှသာ စစ်မှန်သော ဘာသာရေး၊ အသိပညာတို့ကို တိုးပွားစေသော ထေရဝါဒ ဗုဒ္ဓဘာသာစာပေတို့ ဖြစ်လာပါမည်။

    လူတို့သည် အစွဲအလန်း အလွန်ကြီးမားကြပါသည်။ လှေနံ ဓါးထစ်၊ တစ်သမတ်တည်း ယူဆတတ်သူ၊ ငါထင်တာမှန်သမျှ လုံးဝမှန်ကန်သည်ဟု ယူဆတတ်သူတို့ အများအပြား ရှိကြပါသည်။ ထိုသူတို့ထံသို့ ဟိုဟာ ဟုတ်နိုး၊ ဒီဟာ ဟုတ်နိုးစသည့် အတွေးအခေါ်၊ အယူအဆတို့ကို ညစ်နွမ်းစေသော ယောင်ဝါးဝါးစာပေတို့ ရောက်ရှိသွားပါက အမှန်သည် အမှားဖြစ်၍ အမှားသည် အမှန်ဖြစ်သွားနိုင်ပါသည်။ ထိုသို့ မဖြစ်ခဲ့လျှင်သော်မှ ငါဖတ်ဖူး ကြားဖူးခဲ့သည်က တစ်မျိုး၊ ယခု ဖတ်လိုက်ရသည်က တစ်မျိုး၊ ဘယ်အရာက မှန်ပါလိမ့် စသည်ဖြင့် သံသယကို ထုံမွမ်းထားသော အမြင် အတွေးတို့ဖြင့် ဘာသာရေး အတွေးအခေါ်၊ အယူအဆများ ကျဉ်းမြောင်း သွားနိုင်ပါသည်။

    ထင်ရှားသော ဥပမာကို ပြရလျှင် ထေရဝါဒ ဗုဒ္ဓစာပေ၌ လုံးဝမပါရှိသော “သူရဿတီမယ်တော်”သည် ထေရဝါဒ ဗုဒ္ဓဘာသာဟု ခံယူထားကြသူအချို့က ဗုဒ္ဓ၏ ပိဋကတ်သုံးပုံကို စောင့်ရှောက်သော နတ်သမီးအဖြစ် လက်ခံယူဆနေကြ၏။ ထိုအယူအဆအား ကျွန်တော် လုံးဝ ကန့်ကွက်ပါသည်။ နောက်တစ်ခုက သာသနာတော် အနှစ်ငါးထောင်တွင် ဘုရားရှင်ထားတော်မူခဲ့သော သာသနာ အနှစ် နှစ်ထောင်ငါ့ရားသည် ကုန်ဆုံးသွားပြီဖြစ်၍ ယခုအခါ သိကြားမင်း စောင့်ရှာက်သော သာသနာအနှစ် နှစ်ထောင့်ငါးရာသာ ကျန်တော့သည်ဟု ယူဆလက်ခံနေကြသူတို့က ရှိသေး၏။ ထိုအရာတို့သည် စာပေရေးသားမှုမှတစ်ဆင့် ပေါ်ပေါက်လာသော အတွေးအခေါ်၊ အယူအဆတို့ပင် ဖြစ်ပါသည်။

    စာပေရေးသားသော စာရေးဆရာတို့ ရှိနေပါလျှင် စာပေကို ဖတ်ရှုနေကြသော စာဖတ်ပရိသတ်လည်း ရှိနေပါမည်။ ထိုအခါ စာရေးဆရာဟု အမည်ခံထားသူတို့၌ လုံးဝတာဝန်ရှိသွားပြီဟု ဆိုရပါမည်။ ဘာကြောင့် ဤသို့ ပြောဆိုရပါသနည်းဟု မေးလာခဲ့လျှင် အဖြေသည် ရှင်းရှင်းလေးပင်ဖြစ်ပါ၏။ “လူအများစုတို့သည် ယုံလွယ်ကြသောကြောင့်” ဟု ဖြေရပါလိမ့်မည်။ ယုံလွယ်ကြသူတို့၏ သန္တာန်၌ မှားယွင်းသည့် အတွေးအခေါ်၊ ယောင်ဝါးဝါးဖြစ်စေမည့် အတွေးအခေါ်၊ အယူအဆတို့ ၀င်ရောက်သွားနိုင်သည့် စာပေတို့ကို ရေးသားခြင်း၊ ဖော်ပြခြင်း မပြုသင့်ပါ။ ရေးသားဖော်ပြလျှင်လည်း ထိုစာပေသည် “အလိမ္မာ စာမှာရှိသည်”ဟူသော ဆိုရိုးစကားကို ဖျက်ဆီးရာရောက်သည်။ စာဖတ်ပရိသတ် အနေဖြင့်လည်း ကျော်လွှား၍ ဖတ်ရှု့သင့်ပါသည်။

    ဘာသာရေးစာစောင် အမည်ခံထားသော မဂ္ဂဇင်းတစ်ချို့၌ပင် ဘာသာရေးနှင့် လုံးဝမပတ်သက်သော ယောင်ဝါးဝါးစာပေတို့ ပါလာတတ်၏။ ဥပမာ-သက်သက်လွတ်စားမှ အကျင့်မြတ်သယောင်ယောင်၊ မီးလွတ်၊ ရေလွတ် စားသုံးမှ ပုဂ္ဂိုလ်ထူး ဖြစ်သယောင်ယောင်၊ ဘယ်ရိပ်သာသို့သွား၍ တရားအားထုတ်လိုက်ပါမှ တရားထူးတွေ့သယောင်ယောင် စသည့် ယောင်ခြောက်ဆယ် အရေးအသားတို့ဖြင့် အမွှမ်းတင် ရေးသားကြသည်တို့ ဖြစ်၏။ ထိုအရေးအသားတို့တွင် “ရဟန္တာ”ဆိုသည်က ပါပြန်သေး၏။ ရဟန္တာ မရှိဟု မဆိုလိုပါ။ သာသနာတော် မကွယ်ပျောက်သရွေ့ ရဟန္တာ မဆိတ်သုဉ်းကြောင်း ပိဋကတ်တော်စာပေ၌ အခိုင်အမာ ရှိပါသည်။ သို့သော် အရေးအသားတို့ကို ထိန်းထိန်းသိမ်းသိမ်း ရှိ့ဖို့လိုပါသည်။ အထက်၌ ဖော်ပြခဲ့သော ရေးသားမှုမျိုးသည် သဒ္ဓါတရားကို ထက်သန်စေနို်င်သော်လည်း အသိပညာတို့ကိုတော့ ထက်သန်စေနို်င်မည် မဟုတ်ပါ။

    အသိပညာ တိုးပွားစေကြောင်းကို ရေးသားလိုလျှင်လည်း သက်သက်လွတ်စားသုံးမှုကြောင့် ကိုယ်ခန္ဓာသည် မည်သို့ မည်ပုံ ကျန်းမာရေးနှင့် ညီညွတ်သည်၊ မည်သို့မည်ပုံ အာဟာရနှင့် ညီညွတ်သည် စသဖြင့် ကျန်းမာရေးရှုထောင့် အသီးသီးမှ ရေးသားတင်ပြသင့်ပါသည်။ ဘာသာရေးရှုထောင့်တို့တွင်လည်း ထို့အတူ မှန်ကန်သော သုံးသပ်တင်ပြမှုမျိုးတို့ကိုသာ ရေးသားတင်ပြသင့်ပါသည်။

    ဘာသာရေးရှုထောင့်တို့၌ “နိဗ္ဗာန်”သည် မည်ကဲ့သို့သဘော အဓိပ္ပါယ်ရှိသည်ကို လည်းကောင်း၊ “ကံကံ၏ အကျိုးတရား”တို့သည် ဘယ်ပုံ၊ ဘယ်ကဲ့သို့သော ဥပမာနှင့် တူသည်ကို လည်းကောင်း၊ “ထေရဝါဒ ဗုဒ္ဓဘာသာ”သည် ဘယ်လို အဓိပ္ပါယ်ရှိသည်ကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဆန့်ကျင်သော သုံးသပ် တင်ပြမှုတို့ဖြင့် ရေးသားတင်ပြသင့်ပါသည်။ ရဟန္တာနှင့် ပတ်သက်လျှင် “ဘယ်မြို့၊ ဘယ်ဒေသ၌ရှိသော ပုဂ္ဂိုလ်သည် အကျင့်သီလနှင့် အလွန်ပြည့်စုံနေပြီး ရဟန္တာဟု ထင်ရကြောင်း ၊ ရဟန္တာတမျှဖြစ်ကြောင်း” စသည်ဖြင့် ရေလာမြောင်းပေး စကားမျိုး၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော စကားမျိုးတို့ဖြင့် ရေးသားတင်ပြမှုမျိုး မပြုသင့်ပါ။ ထို့ကြောင့် စာပေရေးသားနေကြသော စာရေးဆရာတို့သည် မိမိတို့ရေးသား တင်ပြမှုသည် အဆိပ်အတောက် ကင်း မကင်း ဆိုသည်ကို အမြဲတမ်း သတိထား၍ ရေးသားတင်ပြသင့်ပါသည်။

    “အများသိလျှင် ဤ ကို ကျွဲ” ဖတ်ချင်ကြသော ယခုခေတ်၌ ဘာသာရေးနှင့် ပတ်သက်လာလျှင် အမှားအယွင်း ဖြစ်စေနိုင်သော အတွေးအခေါ်၊ အယူအဆတို့ ပါ၀င်သည့် ရေးသားမှုတို့ကို ရေးသားတင်ပြခြင်း မပြုလုပ်ပါရန် ထပ်မံ၍ မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော့်အနေဖြင့် “အားလည်းနာတယ်၊ ပြောလည်းပြောချင်ပါတယ်၊ ပြောလည်းပြောပြီးသည့် အနေအထားလည်း ဖြစ်သွားပါပြီ ”။

    နောက်ဆုံးပြောချင်သည်မှာ “ချွန်ချင်လွန်းလျှင်လည်း တုံးတတ်သည်၊ သွန်သင်လွန်းလျှင်လည်း မုန်းတတ်သည်” ကိုသာ ရင်တွင်းခံယူ ရေးသားလိုက်ရပါသည်။

    (ကျွန်တော်၏ ဤဆောင်းပါးအား ပြန်လည် တင်ပြရခြင်းမှာ ယခု Blog အသိုင်းအဝိုင်းနယ်ပယ် တွင်လည်း ထိုကဲ့သို့ ဗုဒ္ဓဘာသာအား စော်ကားစွာ၊ အပြစ်အနာဆာများဖြင့် ရှုတ်ချနေကြသည်တို့အား တွေ့မြင်နေရခြင်း ၊ အချို့ Blog ရေးသူများ ဗုဒ္ဓဘာသာ ဘာသာရေးအကြောင်း ရေးနေသော်လည်း မိမိရေးသားသော စာသည် ဖတ်သူအဖို့ မည်သို့သော လမ်းကြောင်းများ မှားယွင်းစွာ တွေးတောသွားနိုင် ကြောင်းများကို စာဖတ်သူ၊ Blog ဖတ်သူများ၊ရေးသူများ သတိပြု ဆင်ခြင်သင့်သည်ဟု ထင်မြင်မိ၍ ယခုတစ်ဖန် ပြန်လည်တင်ပြရခြင်း ဖြစ်ပါသည်၊ မိမိ၏ ဆောင်းပါးအား ဖတ်ရှု့ကာ သတိပြုဆင်ခြင်နိုင်ကြပါစေ ။ )
    လင်းဦး (စိတ်ပညာ

    32 comments:

    ကေမောင်ငြိမ်း said...

    ဟုတ်ပါတယ်ခင်ဗျာ... သတိပြု ဆင်ခြင်စရာ အချက် တွေကို ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်...ဆက်လက် မျှဝေ ပေးပါရစေ ခင်ဗျာ...

    poemflower said...

    ကိုလင်းဦးရေးတာ မှန်ပါတယ် အားလုံးဖတ်ပြီး သတိထားနိုင်ပါစေရှင်. မျှဝေပေးတာကျေးဇူးပါ.

    မိုးခါး said...

    စာရေးနေသူတွေအကုန် သတိထားသင့်ပါတယ်
    ဘာသာရေးစာပေတွေရေးနေသူတွေအတွက်ပိုပြီး လိုအပ်တယ်ထင်ပါတယ်
    ခုလိုဝေမျှတာ ကျေးဇူးတင်ပါတယ်နော်

    နေ့အိပ်မက် said...

    အဲဒီသူရဿတီတို့ သိကြားမင်းသာသနာတို့ကို နေ့အိပ်မက်စိတ်ညစ်နေတာ တော်တော်ကြာပြီ.... တချို့တွေက အနန္တောအနန္တငါးပါးမဟုတ်တာကို ကန်တော့မိရင် သရဏဂုံပျက်တယ်ဆိုတာတောင် မသိဘဲ တွေ့သမျှ ပြားပြားဝပ်လက်အုပ်ချီကန်တော့နေကြတော့ မြန်မာပြည်က ထေရဝါဒဗုဒ္ဓဘာသာအတွက် ရင်လေးမိတယ်....
    ဒါမျိုးတွေ များများဖတ်ရတာ စိတ်ကျေနပ်တယ်....

    နှင်းဆီနက် said...

    နောက်ဆုံးပြောချင်သည်မှာ “ချွန်ချင်လွန်းလျှင်လည်း တုံးတတ်သည်၊ သွန်သင်လွန်းလျှင်လည်း မုန်းတတ်သည်” ကိုသာ ရင်တွင်းခံယူ ရေးသားလိုက်ရပါသည်။
    ဦးလေးလင်းဦးက ချွန်တာလား တုံးတာလား သွန်တာလား မုန်းတာလားဆိုတာ သေချာပြောပြပါဗျို့
    :) :P :D

    နေစိုးနိုင် said...

    မှတ်သားသင့်တဲ့ ပိုစ့်လေးဖြစ်ကြောင်းနှင့်
    ကိုလင်းဦး အား ကျေးဇူးအထူးတင်ရှိပါကြောင်း
    မှတ်တမ်းတင်ခဲ့ပါသည်

    ခိုင်စိုးလင်း said...

    စာရေးသူ၏စေတနာ တာဝန် စသည်များကို တစ်လုံးမှ နားမလည်ဘဲ လာဖတ်သွားပါကြောင်း

    မာရေးသျှင် said...

    သာဓု သာဓု သာဓု ပါခင်မျာ။

    မြစ်ကျိုးအင်း said...

    ကိုလင်းဦးရေ ပြည့်ပြည့့်စုံစုံ လေးကို ရေးထားတာပဲ..
    ကလေးတယောက်ကို ငယ်စဉ်ထဲက စာပေကို ချစ်တဲ့စိတ် တန်ဘိုးထားပြီး လေ့လာတတ်တဲ့စိတ်ကို ပျိုးထောင်ပေးနိင်ရင် သေချာပါတယ် အဲဒီကလေးကို တုတ်ကိုင်ဘို့ မလိုတော့ပါဘူး..ချွင်းချက်ရှိနိင်ပေမယ့်
    ဒါဟာ ယေဘူယျ အမှန်တရား ပါပဲ..
    စာဖတ်သူအပေါ်မှာ စေတနာထားတာ မြင်ရပါတယ် ကျေးဇူးတယ်ပါတယ်ဗျာ...
    ....ခင်မင်သောအားဖြင့်....

    မေသစ္စာမောင် said...

    အလည်လာ စာလာဖတ်သွားပါတယ်ရှင်။

    ကိုရင်ညိန်း said...

    တွေးတွေးဆဆ ဖတ်သွားပါတယ်ဗျာ .. ။ ဟောလိုက်ကြတဲ့ ဆရာတော်တွေ ၊ ရေးလိုက်ကြတဲ့ ဆရာတော်တွေ ၊ စာရေးဆရာတွေ လည်း မနည်းတော့ဘူး ။ ခုထက်ထိလည်း ဖြစ်နေကြတုန်းပဲ ။ အခြေခံ သက်ဝင်မှုကိုမေ့ထားကြတာကိုး ။ မေ့နေတဲ့ ၊ မသိသေးတဲ့လူတွေအတွက် နယ်သားပို့စ်က အတော်အရာရောက်ပါတယ်ဗျာ ။ အဆင်ပြေပါစေ နယ်သားရေ . ။ အဟေးဟေး

    ဒူကဘာ said...

    ဆင်ခြင်တုံတရား ရှိကြဖို့ စာရေးခြင်း သိက္ခာတရားကို ထောက်ရှုပြသပေးတဲ့ အတွက် ကျေးဇူးပါပဲ ကလင်းဦး

    တားမြစ် ထားသော... said...

    ကိုလင်းဦးဆောင်းပါးကိုဖတ်၍ ဘေလော့ဂ်ရေးသူအများစု သတိပြုဆင်ခြင်နိုင်ကြပါစေ။

    ထပ်ဆင့် ဆန္ဒပြုလိုက်ပါကြောင်း။

    သုခမိန်(E-Journal)

    ဗီလိန် said...

    ကိုလင်းဦးဆိုလိုတဲ့ သဘောတွေလည်းနားလည်သလို ပြောချင်တဲ့ ဘလော့ကိုလည်း ရိပ်မိပါတယ်။ ဘာသာရေးအတွက် အဆိပ်တောက်မဖြစ်စေဖို့ အရေးကြီးပါတယ်။ အထူးသတိပြုနိုင်ကြပါစေ။

    Dodi said...

    မှတ်စရာရှိတာ မှတ်ယူသွားတယ် ကိုလင်းဦးရေ!!!!!

    shwelannwelanwinkyi said...

    ဆရာလင်းဦး အမှန်တရားကိုလူတိုင်းသဘောကျကြပါလိမ့်မယ်။ဒါပေမယ့်
    မှန်တာတွေကိုပြောရင် မမှန်တဲ့သူတွေက မုန်းကြမယ်။ စာရေးသူဆိုတာ လမ်းပြပေးယုံသာတတ်နိုင်ပါတယ်။ ကိုယ်တိုင်ကျင့်ပြီး ကိုယ်တိုင်ဟောတော်မူတဲ့ ဘုရားရှင်တော်မှ ကဲ့ရဲ့ခြင်း၊စောဒကတက်ခြင်း မကင်းခဲံပါ။ အများအတွက် လမ်းကောင်း လမ်းမှန်ရွေးနိုင်ရန် ဆက်လက်ရေးသားပါလို့ အားပေးလိုက်ပါတယ်..။

    KoGyi said...

    လေးစားပါတယ် ကိုလင်းဦး။

    mgnge said...

    Thanks Bro;

    zaw said...

    ကိုလင်းဦးရေ
    ဖတ်ကြည့်လိုက်တာနဲ့ စာရေးသူရဲ့ စေတနာကို တွေ့နေရတယ်ဗျာ။ တလွှဲစေတနာတွေပေါ့။ ဟဲဟဲ။

    user said...

    အော် ကိုလင်းအူး။ ပြန်ဆုံကြပြန်ပါပေ့ါ။ ဒီလိုစာတွေရေးတိုင်း သတိတရနဲ့ ပြေးလာရတာကိုက ကျနော် ကိုလင်းအူးကို ဘယ်လောက် လေးစားတယ်ဆိုတာ ပြတာပါပဲ။ ဖြစ်ရလေဗျာ။ သူရသာတီမယ်တော်ကြီးကိုများ ပြစ်ပြစ်ခါခါ။ ကိုလင်းအူးမပြောနဲ့။ ကျေးဇူးတော်ရှင်ပိဋကတ်သုံးပုံ အာဂုံဆောင် မင်းကွန်းဆရာတော်ကြီးတောင်မှ ဥံုတိဓိညာ၊ ညာတိဓိလို့ သူရသာတီမယ်တော်ကို နေရာတစ်ခု ပေးခဲ့သေးတာပဲ။ နှံ့စပ်အောင် လေ့လာစမ်းပါ ကိုယ့်လူရာ။ ဖတ်မှတ်သူတွေ အူကြောင်ကျားကုန်ပါဦးမယ်။ သက်သက်လွတ်ကိစ္စလဲ ပြောဦးမယ်ဗျ။ ကျန်းမာရေးရှုထောင့်က မဟုတ်ပါဘူးဗျာ။ ဘုရားကဟောမထားဘူးဆိုပြီး သက်သက်လွတ်ကို ဇွတ်မှိတ်၊ အသားဟင်းတွေချည်း ကြိတ်မနေပါနဲ့။ သက်သက်လွတ်ချည်း မစားခိုင်းတာ ဘာ့ကြောင့်လဲ ဆိုတာ နက်နက်လေး တွေးကြည့်ပါဦး။ ပြီးမှ ရေးပေါ့နော။ ကဲ ဒီမှာတင် ဖိုရမ်ကို စဖွင့်ပါပြီ။ လူတတ်ကြီးများ ၀င်ရောက် ကျနော်များ Userone14 လေးကို ၀င်ရောက်ဆဲဆို၊ အဲလေ..၀င်ရောက် ဆိုဆုံးမဆရာကြီးလုပ်နိုင်ပါပြီ။ မသိသားဆိုးရွားတဲ့ ငမိုက်သားက ဉာဏ်ပညာရဲ့ကျယ်ပြန့်သော တံခါးဝကနေ စောင့်နေပါတယ်။ Hello Come on !!

    နေ့အိပ်မက် said...

    ဆီဗုံးဘယ်ရောက်....

    moe said...

    (မေး) ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီ မယ်တော် အမှန်တကယ် ရှိ-မရှိနှင့် အကယ်၍ အမှန်တကယ်ရှိပါက သူရဿတီဂါထာအစစ်ကို ကျမ်းကိုး အထောက်အထားနှင့် သိလိုပါသည်ဘုရား။
    ( မောင်ရဲဝင်း-မြောက်ဥက္ကလာ )

    (ဖြေ) သူရဿတီ-ဟူသည်မှာ အိန္ဒိယပြည် မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တခု၏ နာမည် ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူ အာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တပါး အနေဖြင့် ကိုးကွယ်လာကြကြောင်း (ဣတ္ထိလိင် သဒ္ဒါ) မြစ်-နဒီ မှ နတ်သမီးဖြစ်လာကာ သူရဿတီ မြစ်သည် သူရဿတီ နတ်သမီး ဖြစ်၍လာကြောင်း ကြာသော် ရိုးရိုးနတ်သမီးမဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ ဇနီး၊ နတ်ဘုရားမ တပါး ဖြစ်လာပြီး ၀ါစာ-စကားကို အစိုးရသည်၊ ကဗျာလင်္ကာ စာပေပညာတို့ကို ပေးစွမ်းနိုင်သည်၊ ဗေဒင်ကျမ်းတို့ကို စောင့်ရှောက်သည်၊ အတတ်ပညာကို ပေးနိုင်သည်-ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မဏဝါဒီတို့က ပိုမို ကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။
    ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မဏဝါဒီတို့ ဆိုင်ရာ နတ်သာဖြစ်သည်၊ ဗြဟ္မဏတို့၏ တန္တရ-မန္တရတို့ကို လက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာခဲ့သည်၊ နီပေါလ်ပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့် အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကိုးကွယ်မှု ပြုခဲ့ကြောင်း သိရသည်။
    မြန်မာဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ပိဋကသုံးပုံစောင့် မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။
    သက္ကတအလင်္ကာကျမ်းကို အမှီပြု၍ သီဟိုဠ်ကျွန်း၊ အရှင်မဟာသံဃရက္ခိတ မထေရ်သည် သုဗောဓာလင်္ကာရ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ၀ါဏီ-ဗေဒင် သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမ ပြုသကဲ့သို့ သရဏံ ပါဏိနံ ၀ါဏီ ၊ မယှံ ပိဏယတံ မနံ -ဟု ဘုရားစကားတော် ပိဋကတ်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေ-ဟု တင်စားသုံးလိုက်လေသည်။

    ထိုစကား အမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒ ဗုဒ္ဓနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့် နတ်သမီး နတ်သား နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော် သံဃာတော် များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို၊ သူရဿတီဂါထာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ၊ ဘုရား တရား သံဃာ ရတနာသုံးပါးမှ အခြားကိုးကွယ်ရာ မရှိပါ။
    (ဘဒ္ဒန္တ တိလောကသာရ)

    user said...

    ကိုမိုးလား၊ မမိုးလားတော့ ဖြစ့် လိင်ဖော်ပြမထားတော့ မသိပါဘူး။ အခုလို စနစ်တကျ ပြန်ရှင်းပြထားတာကိုတော့ လေးစားတယ်။ ကျေးဇူးလည်းတင်တယ်။ ကျနော့်အထင် မင်းကွန်းဆရာတော်ကြီးဟာလည်း ပိဋကတ်သုံးပုံကို ကျက်မှတ်အာဂုံဆောင်စဉ်မှာ နုစဉ်အခါက ရွတ်ဖတ်ခဲ့တဲ့ သူရသာတီဂါထာကို နူတ်စွဲပြီး ရွတ်ဖတ်မိတယ်လို့ ယူဆမိပါတယ်။ ပိဋကတ်သုံးပုံကို အဲဒီမော်ဒယ်..အဲလေ။ အဲဒီမယ်တော်ကြီး စောင့်တယ်ဆိုတာကိုတော့ ကျနော်လည်း လက်မခံနိုင်ပါဘူး။ သက်သက်လွတ်နဲ့ အသားစားခြင်းအပေါ် မျှတတဲ့အမြင်နဲ့ တင်ပြလာမယ့် နောက်ထပ် မိတ်ဆွေတစ်ယောက်က်ုိ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။ ကိုလင််းအူးတော့ မရေးပါနဲ့။ ထပ်ပြောပါမယ်။ ကိုလင်းအူးကလွဲရင် ကျန်တဲ့ ဘယ်သူမဆို ရေးနိုင်ပါတယ်။ ကျနော်လေးစားစွာ စောင့်မျှော်နေပါ့မယ်။ ကိုလင်းအူးကို ဘာလို့မရေးစေချင်လဲဆိုတာ သိချင်ရင် သူ့စာကို အထပ်ထပ်ဖတ်ကြည့်စေချင်ပါတယ်။ ဘာလေသံပေါက်နေလဲဆိုတာ ရိပ်မိပါလိမ့်မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    လွင်အောင်စိုး said...

    ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ကျင့်သုံးလာအောင် ကူညီပေးလိုတဲ့အတွက် ကျနော့်ဘလော့ဂ်မှာ ဖော်ပြပေးချင်ပါတယ်။ ခွင့်ပြုပေးနိုင်-မနိုင်ကို အကြောင်းပြန်ကြားပေးဖို့ မေတ္တာရပ်ခံပါရစေ။
    http://saveburma.wordpress.com/

    လင်းဦး(စိတ်ပညာ) said...

    လွင်အောင်စိုး >>>>> ဟုတ်ကဲ့ပါ... ဖော်ပြနိုင်ပါတယ်..

    ကျွန်တော့်အနေဖြင့် မည်သည့် ဘာသာသည် မကောင်း၊ မိမိကိုးကွယ်သည့် ဘာသာလျှင် အကောင်းဆုံးဟုမပြောပါ... ကြိုက်သည့် အရာနှင့် ကြိုက်သလို တွေးတောနိုင်ကြပါသည်။ သို့သော် သင်သည် ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူ ကိုးကွယ်ပါသလား။ ကိုးကွယ်သည်ဟုဆိုလျှင် မိမိ ယုံကြည်ကိုးကွယ်နေသော ဘာသာမှ အမြင်တိမ်းကာ တလွဲထင် ကိုးကွယ်နေမှုများ မဖြစ်အောင် ရေးသား တင်ပြရခြင်းဖြစ်သည်။ စာပေနယ်ပယ်၌ လမ်းလွှဲအောင် ရေးသားသော စာပေများ၊ စာရေးဆရာများအား အသိပေးခြင်းဖြစ်သလို၊ ဘာသာရေးဘလောဂ်ရေးသူများအနေဖြင့်လည်း သိရှိစေရန် ရည်ရွယ်ပါသည်။ ဤဆောင်းပါးသည် ဓမ္မရံသီ မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိပြီးသားဖြစ်ပါသည်။

    User >>> အနေဖြင့် ဤblog တွင် အစပိုင်း သူရဿတီနှင့်ပတ်သက်၍ မည်သို့သောမှတ်ချက်မျိုး ရေးခဲ့သလဲ ဆိုတာ မှတ်မိပါရဲ့လား....။ ကျွန်တော်၏ စေတနာအား ကျွန်တော့်၏ ပြင်ပ စာဖတ်ပရိတ်သက် သိ၏။ Blog စာဖတ် ပရိတ်သက် သိ၏။

    ကောင်းမွန်သော ဘာသာရေးဆွေးနွေးမှုမျိုးမဟုတ်ဘဲ လှည့်ပတ်ကာ ပြောဆိုနေသည်မှာ အင်မတန် ဆိုးရွားလှသည်။ မိမိဘလောဂ်ပေါ်လာပြီး မိမိကို မရေးနှင့်ဟု ဆိုသည်မှာ ပုဂ္ဂိုလ်ရေး အလွန်ဆန်သော ပြောဆိုမှုမျိုးပင်ဖြစ်သည်ဟု ကောက်ချက်ချမိသည်။

    စေတနာသည် အကျိုးပေးပါမည်။ နောက်လည်း ဓမ္မရံသီ၊ ဓမ္မဗျူဟာ၊ သီလဝံ ဘာသာရေး မဂ္ဂဇင်းများတွင် ရေးသားထားသော မိမိ၏ ဆောင်းပါးများအား ဆက်လက်ဖော်ပြ ရေးသားပါဦးမည်... ။ ကျေးဇူးတင်ပါသည်....

    Moe said...

    ကို user ခင်ဗျား...မမိုး မဟုတ်ပါဘူး...ကျွန်တော့်နာမည် မိုးစက်ပါ.....email ကတော့ moeezett@gmail.com ပါ....
    ဆရာတော်ရှင်ဆန္ဒာဓိကရေးထားတဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ်ဆိုတဲ့ စာအုပ်ထဲမှာ ဒီလိုရေးထားပါတယ်။

    “အစားအစာတစ်ခုကြောင့် လူတစ်ယောက်မှာ ကုသိုလ်စိတ်လည်း ဖြစ်နိုင်သလို အကုသိုလ်စိတ်လည်း ဖြစ်နိုင်ပါတယ်။ ကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားရင် ကုသိုလ်စိတ်ဖြစ်နိုင်ပြီး အကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားရင် အကုသိုလ်စိတ်ဖြစ်နိုင်ပါတယ်။ အစားသက်သက်ကြောင့် ကုသိုလ်စိတ် အကုသိုလ်စိတ် ဖြစ်တာမဟုတ်ပါဘူး။ အစားအစာကို စားသုံးသူရဲ့ နှလုံးသွင်းမှုကြောင့်သာ ကုသိုလ်၊ အကုသိုလ်ဖြစ်ပေါ်လာရတာပါ။ သက်သတ်လွတ်ပဲစားစား သက်သတ်မလွတ်ပဲစားစား၊ ဘာဝနာတစ်ခုခုပွားရင်း စားရင်ကုသိုလ်ရပါတယ်။ ဘာဝနာတစ်ခုခုပွားစားရင်း စားနေသူရဲ့ သန္တာန်မှာ စားနေဆဲ အစားအစာနဲ့ပတ်သက်ပြီး ကောင်းလိုက်တာဆိုတဲ့ လောဘ၊ မကောင်းဘူးဆိုတဲ့ ဒေါသ ဖြစ်ခွင့်မရတဲ့အတွက် အကုသိုလ်စိတ် ကင်းရှင်းနေပါတယ်။ မိမိပွားတဲ့ ဘာဝနာနဲ့ လိုက်လျောညီထွေနေတဲ့ ကုသိုလ်စိတ် ဖြစ်နေတဲ့အတွက် အစားစားရင်း ကုသိုလ်ရနေပါတယ်။
    ဒေါသကိလာသာ လောဘစိတ်တွေနဲ့စားနေရင် အကုသိုလ်စိတ်တွေဖြစ်နေပါလိမ့်မယ်။ ကိုယ်စားနေဆဲ အစားအစာနဲ့ပတ်သက်တဲ့ လောဘ၊ ဒေါသပဲဖြစ်ဖြစ်၊ အစာစားရင်း သူများအကြောင်း၊ တစ်ခြားအကြောင်း တွေးလို့ပဲဖြစ်ဖြစ် လောဘ ဒေါသတွေ ဖြစ်လာရင်တော့ အကုသိုလ်တွေ ချည်းပါပဲ။
    လူတစ်ယောက်ဟာ သက်သတ်လွတ်အစာတစ်ခုကို စားနေတယ်ဆိုပါစို့။ ဟယ်အသားတုဟင်းလေးကရှယ်ပဲ ကောင်းလိုက်တာ ဆိုပြီးတွေးရင် လောဘကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ ဟွန်း ဒီနေ့သက်သတ်လွတ်စားမယ်မှန်း သိလျက်နဲ့ ဟင်းကိုကောင်းကောင်း ချက်မထားဘူး၊ တစ်ခါလာလည်း ဒီကန်ဇွန်းရွက်ပဲ ဆိုရင် ဒေါသကိလေသာနဲ့ အကုသိုလ်ဖြစ်ပါတယ်။ ဟင်း ငါမို့လို့ သက်သတ်လွတ် စားနိုင်တာ၊ ဟိုကောင်မတွေဆို သက်သတ်လွတ် စားနိုင်တာမဟုတ်ဘူး ဆိုရင် မာနကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ သက်သတ်လွတ်စားမှ မေတ္တာသမား၊ သက်သတ်လွတ်စားတာ ကုသိုလ်ရတယ်၊ ငါတော့ဒီနေ့အတော်လေး ကုသိုလ်ရသွားပြီဆိုရင်တော့ ဒိဌိကိလေသာနဲ့ အကုသိုလ်တွေဖြစ်ရပါတယ်။ ဒါကအစားအသာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အကုသိုလ်စိတ်တွေပါ။ သက်သတ်လွတ် အစားကိုစားနေရင် သူများအကြောင်းတွေးပြီး လောဘ၊ ဒေါသ၊ မစ္ဆရိယ ဖြစ်နေမယ်ဆိုရင်လည်း အကုသိုလ်တွေ တိုးပွားနေမှာပါပဲ။
    သက်သတ်လွတ်အစာကို စားလိုက်ရုံနဲ့ လူတစ်ယောက်ဟာ အလိုလိုနေရင်း ကုသိုလ်တွေရမသွားပါဘူး။ ကုသိုလ်စိတ်နဲ့စားမှ ကုသိုလ်ရနိုင်ပါတယ်။ ဘဝနာတစ်ခုခုပွားများခြင်း၊ လောဘ ဒေါသစတဲ့ကိလေသာ မဖြစ်အောင် နှလုံးသွင်းနိုင်မှသာ ကုသိုလ်ရနိုင်မှာ ဖြစ်ပါတယ်။ “

    ဆရာတော်ရဲ ့ အဲဒီအဆုံးအမဟာ အင်မတန် ကြိုးကြောင်းဆီလျော်တယ်လို ့ကျွန်တော်မြင်ပါတယ်..ဒီလိုအကြောင်းတွေကို သိမြင်တော်မူလို ့သာ ဗုဒ္ဓမြတ်စွာဘုရားက သက်သတ်လွတ်စားခြင်း ကို မြတ်သောအကျင့် တစ်ခုအနေနဲ ့သော်လည်းကောင်း..နိဗ္ဗာန်ရောက်ကြောင်းအကျင့် အနေနဲ ့ ့သော်လည်းကောင်းမဟောကြားခဲ့တာ လို ့ကောက်ချက်ချမိပါတယ်...ထို ့ကြောင့်..ကိုယ့်ရဲ ့ မေတ္တာစိတ်အရင်းခံကြောင့်ဖြစ်စေ...ကုသိုလ်ရကြောင်းအကျင့်ကောင်းလို ့ ယုံကြည်လက်ခံလို ့ဖြစ်စေ...လူအထင်ကြီးစေ လာဘ်လာဘရစေဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်စေ...သက်သတ်လွတ်စားချင်တဲ့သူ စားနိုင်ပါတယ်...ဟုတ်တယ်လေ သူများကိုထိခိုက်တဲ့ အလုပ်မှမဟုတ်တာပဲ..(ကမ္ဘာ့စားနပ်ရိက္ခာတောင် ပိုလျှံလာနိုင်သေး ) ဒါပေမယ့် ဘာသာ (ထေရဗုဒ္ဓ) ရေးနဲ ့ ရောထွေးဆက်ယှက် မမြင်သင့်ဘူး ရောထွေးဆက်ယှက် အောင်မကြိုးစားမလုပ်ဆောင်သင့် ဘူးလို ့ ထင်မြင်မိပါကြောင်း ခင်ဗျား....

    မိုးစက်

    user said...

    ဟယ်အသားတုဟင်းလေးကရှယ်ပဲ ကောင်းလိုက်တာ ဆိုပြီးတွေးရင် လောဘကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ ...ကိုမိုးစက်ရေ အစ်ကို ပြန်တည်တင်ပြတဲ့ စာစုကလည်း အတော်ကိုကျိုးကြောင်းသင့်ပါတယ်။ ဒါပေမယ့် အခုဖော်ပြသလို အသားဟင်းကို အာရုံကျပြီး သက်သက်လွတ်စားရမှာ မဝံ့ရဲတဲ့ သူတွေအတွက် ဘုရားရှင်ရဲ့အားမပေးမှုကို အထောက်အထားပြု၊ လက်ကိုင်စွဲထားမယ့် အနေအထားရှိနေပါတယ်။ ဆိုလိုတာကတော့ဗျာ။ ဘာစားစားပေါ့။ အကုန်ဝါးတဲ့သူကလည်း သက်သက်လွတ်ချည်းစားတဲ့သူကလည်း အသားဟင်းပါစားတဲ့သူကို ငါ့လို မစားနိုင်ပါဘူးလို့ အသားလွတ်မာန်မတက်သင့်သလို၊ ဘုရားဟောအတိုင်း တစ်လုံးတပါဒမကျန် လိုက်နာကျင့်ကြံနေသလိုလိုနဲ့ အသားဟင်းချည်း အာသာငမ်းငမ်းကြိတ်နေသူတွေကလည်း သက်သက်လွတ်စားတဲ့ တကယ့်သူတော်စင်အချို့ကို မပုတ်ခတ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။ ရယ်စရာလေးတစ်ခုတော့ မြင်မိတယ်ဗျာ။ အသားဟင်းစားတဲ့နေရာမှာတော့ ဘုရားစကားနားထောင်ပြီး ဘီယာ၊ အရက်၊ စီးကရက်စတဲ့ စွဲလန်းခြင်း ဥပါဒန်တွေကိုတော့ ဘုရားဟောအတိုင်း မဖြတ်နိုင်တာကရော ဘုရားစကား တစ်ခွန်းမကျန်လိုက်နာသူတွေလို့ ဆိုနိုင်မလားဆိုတာလေးပါ။ ကိုယ်ကြိုက်တဲ့အရာကျရင် ဒါဘုရားဟောပေါ့။ ကိုယ်မလုပ်နိုင်တာကျတော့ အင်း .. မသိချင်ယောင်ဆောင်နေမှ..အဲလိုပေါ့နော်။ ဟဲဟဲ။ ဘာပဲဖြစ်ဖြစ် ကိုမိုးစက်ကို ကျေးဇူးအမှန်ကန်တင်ပါတယ်။ နောင်လဲ ရေးသားပါဦး။ ကျနော်တော့ ဉာဏ်ပညာတံခါးကိုဖွင့်ထားသလောက် လွတ်လပ်ပြီးတရားမျှတတဲ့ ဘာသာတရားအောက်မှာ ကျမး်စွဲ ဆရာစွဲတွေနဲ့ ဝါဒအစွဲတွေကိုင်ရေးနေသူတွေကို ဘာပြောဦးမလဲဆိုတာ စောင့်ကြည့်ပါဦးမယ်။

    Moe said...

    ကို user ရေ...တကယ် ဝမ်းသာမိတယ်ဗျာ...ကျွန်တော့်ကို ကျေးဇူးတင်တယ်ဆိုလို ့ မဟုတ်ပါဘူး..ကို user ဟာ ကျွန်တော်နဲ ့ မတူတဲ့နေရာမှာ ရပ်နေပေမယ့် ငါ့စကားနွားရသမား မဟုတ်ပါလားဆိုတာ သိရလို ့ပါ... ကိုလင်းဦးနဲ ့ ကို user တို ့ရဲ ့ကြားထဲက အာဃာတ တွေကို ကျွန်တော် အပြည့်အစုံလည်းမသိဘူး စိတ်လည်းမဝင်စားပါဘူး...ဒါကြောင့် ပုဂ္ဂိုလ်ရေးရနံ ့ မကင်းတဲ့ အပြောအဆို အရေးအသားတွေ အပေါ်မှာတော့ဖြင့်ရင်..ကျွန်တော် ဝင် comment ပေးမှာမဟုတ်ပါဘူး... တစ်ခုလေးပြောချင်တာက...အမှန်ကိုသိတာနဲ ့ သိတဲ့အတိုင်းကျင့်ကြံ တဲ့နေရာမှာ...သိတာကသိတာတစ်ပိုင်း ကျင့်တာကကျင့်တာတစ်ပိုင်း ဗျ...မသိပဲကျင့်ရင်..ဆင်ကန်းတောတိုးဆိုသလို...မရောက်သင့််တဲ့နေရာတွေလည်း ရောက်သွားမှာပဲ...အဲ..သိပြီးမကျင့်ရင်တော့...ကိုယ်ရောက်ချင်တဲ့နေရာ မရောက်ဘူးပေါ့ဗျာ...ဒီတော့ အကောင်းဆုံးက အမှန်အတိုင်းလည်းသိရမယ်...သိတဲ့အတိုင်းလည်း ကျင့်ကြံနိုင်ရမယ်... ဒီ ၂ ခုမှာ...အမှန်အတိုင်းသိရမယ့် အပိုင်းက ပိုအရေးကြီးတယ်ဆိုတာကတော့ဖြင့် ငြင်းခုံစရာမရှိလောက်ဘူး ထင်ပါတယ်...မကျင့် ့တဲ့သူကို ကွန်တော်တို ့ က ရိုက်နှက် ပြီးကျင့်ခိုင်းလို ့မရဘူးဗျ...မသိသေးတဲ့သူတွေကိုကျတော့...ကိုလင်းဦးတို ့လို..ကို user တို ့ လို... အတွေးအခေါ်နဲ ့ ကလောင်အင်အား ရှိသူတွေက...ဒီလိုစာတွေရေးပြီး...သိအောင်လုပ်ပေးဖို ့ရာ လွယ်တယ်လေ....အရေးကြီးတာက ဒီလိုလုပ်ပေးကြတဲ့နေရာမှာ...စေတနာကောင်းသော်လည်း အမှန်တရား အမှန်အသိ ဆီကို ဦးတည်ပေးမိဖို ့ လိုတယ်ဆိုတာပါပဲ... ဒီတော့ဗျာ..ကိုယ်ဖေါက်ပေးလိုက်တဲ့လမ်းမှာ...နင်းလျှောက်ကြမယ့်... ကိုယ့်လောက်ခွန်အားမရှိသူတွေ လမ်းမှားကိုမရောက်ဖို ့တော့...လမ်းဖေါက်တဲ့သူတွေမှာ တာဝန်ကြီးစွာ..ရှိနေပါတယ်...ဒီအသိကလေးမရှိရင်တော့...ခင်ဗျားတို ့ ကျွန်တော်တို ့မှာ...သံသရာဝန် လေးလွန်းလှပါကြောင်း........

    မိုးစက်

    Pinkgold said...

    ဟုတ်ကဲ့ မှတ်သား သွားပါပြီရှင်...

    သီဟသစ် said...

    ကိုလင်းဦးရေ..

    သေချာလေ့လာ မှတ်သားသွားပါတယ်ခင်ဗျာ..

    မြန်မာပြည်က ဘာသာရေး အမည်ခံ စာစောင်အချို့ကိုတော့ စိတ်ကုန်တာ အတော်ကြာပါပြီ..

    ဘုရားပေါ်မှ မြွေတွေထားတဲ့ ဂေါပက တွေကိုလည်း စိတ်ကုန်တယ်ဗျာ..

    အနမ်း said...

    ကိုလင်းဦးရေ မှတ်သားသင့်တဲ့အကြောင်းအရာတွေကို ရေးသားဖော်ပြပေးတာကျေးဇူးပါ။
    မိုးစက်ဖြေကြားပေးထားတာတွေကိုလည်းနှစ်သက်မိပါတယ်။ ဒီပိုစ့်လေးအတွက်တော့ အမှန်တကယ်ကျေးဇူး တင်ပါတယ်။

    မောင်ကောင်း said...

    ကိုလင်းဦးရေ.. တကယ်အကျိုးရှိတဲ့ ပိုစ့်ပါပဲ...
    ကျနော့်ဆီလည်းလာလည်ပြီး ဝေဖန် အကြံပေးစေလို ပါတယ်.. လိုအပ်တာများရှိရင်လည်း ပြုပြင်ပေးဖို ့ တိုက်တွန်းပါတယ်...
    သာသနာတော် သန့်ရှင်းပြန့်ပွားဖို ့ အခုလို သတိပေးစာလေးရေးပေးတဲ့အတွက် သာဓုခေါ်သွားပါတယ်.. ကိုလင်းဦး စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo