ဆရာကြီး ဒေါင်းနွယ်ဆွေ၏ ဘဝကဗျာကောင်းတစ်ပုဒ်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ယမမင်းနှင့်လင်္ကာဆရာ

    ငါ့အသက်လည်း
    တစ်ရက်တစ်နေ့၊ တရွေ့ရွေ့ဖြင့်
    လင့်ခဲ့ဇရာ၊ ရော်ရင့်လာခဲ့ ။

    ငါ့ဆံပင်လည်း
    ငွေမျှင်သေးသေး၊ ဖြူဖြူဖွေး၍
    ငယ်သွေးမစို၊ ပျက်ယွင်းယိုခဲ့ ။

    ငါ့မျက်လုံးလည်း
    ဖုံးခဲ့မွှေးရှည်၊ မျက်ရည်ခြောက်ခန်း
    လွှမ်းခဲ့မျက်တောင်၊ မှေးမှေးမှောင်ခဲ့ ။

    ငါ၏နားလည်း
    မကြားဆွံ့ထိုင်း၊ မုန်တိုင်းဆူညံ
    အသံသဲ့သဲ့၊ ဝေးဝေးခဲ့၏ ။

    ငါ့နှာခေါင်းလည်း
    ပန်းပေါင်းနံ့သာ၊ သင်းသင်းဖြာကို
    ရှိုက်ပါရှူငြား၊ ခါးကြီးခါးခဲ့ ။

    ငါ့နှုတ်ခမ်းလည်း
    စိမ့်စမ်းသီတာ၊ ချိုသကာလူး
    ပန်းဖူးငုံဆင့် ၊ မလန်းပွင့်တော့ ။

    ငါ့အသားလည်း
    ပပ်ကြားအက်နေ၊ ပါးရေတွန့်တွန့်
    လှိုင်းလွန့်လွန့်ထ၊ အိုမင်းလှပြီ ။

    ငါ့အသွေးလည်း
    ခြင်ကျွေးသန်းကိုက်၊ သိုက်သိုက်ရုံးရုံး
    "စားမြိန်တုံး"သာ ဖြစ်ခဲ့ပါ၏ ။

    ငါ၏ခြေလည်း
    မိုးအမြေအဆုံး၊ စက်ဝိုင်းကုံးရောက်
    မလျှောက်တော့နိုင်၊ နွမ်းနွမ်းယိုင်ခဲ့ ။

    ငါ၏လက်လည်း
    မသွက်တော့ပြီ၊ ကြံုလှီဖျော့ညှိုး
    အရိုးပေါ်တွင်၊ အရေတင်ခဲ့ ။

    ငါ၏စိတ်လည်း
    အတိတ်တွင်ကျန်၊ မုန်တိုင်းထန်ည
    လွန်ခဲ့ရသို့၊ မှိုင်းမှိုင်းညို့ခဲ့ ။

    ငါ့အတွေးလည်း
    ရှုပ်ထွေးနောက်ကျိ၊ အဆိပ်ထိပန်း
    ပြန်မလန်းသို့ မည်းမည်းညို့တည်း ။

    ငါ့ဦးနှောက်လည်း
    ကျောက်ဆောင်အိုကြီး၊ အထီးတည်းသို့
    ငြီးငွေ့လောက၊ ရွံ့မုန်းခွေတည့်။

    ငါ့အသည်းလည်း
    အက်ကွဲကြေမွ၊ အပိုင်းစနှင့်
    ရှေးကတုန်းလို၊ ရင်မဖိုတော့ ။

    ငါ့ကလောင်လည်း
    မင်ကြောင်စပြု၊ ချေးညိုစု၍
    စာနုရေးတိုင်း၊ တုံ့နှေးဆိုင်းခဲ့ ။

    ငါ့ဝိညာဉ်လည်း
    သိပ်သည်းကျဉ်းမြောင်း၊ သစ်ခေါင်းတိုးငှက်
    အသက်ရှူရပ်၊ ဆို့ဆို့ကျပ်ခဲ့ ။

    ငါ့လိပ်ပြာလည်း
    စွန့်ခွာကိုယ်မှ၊ ထွက်ပြေးကြ၍
    ဘဝလမ်းခွဲ၊ မျက်နှာလွှဲကြ ။

    ငါ့မိခင်မှ
    ရွှေစင်သူ့သား၊ လက်ဖဝါးကို
    ကိုင်ထားယုယ၊ ခေါင်းငိုက်ချလျက် ။

    ငါ့ဇနီးကား
    ငါ့အားပွေ့ပိုက်၊ နမ်းရှိုက်နောက်ဆုံး
    ငိုချုန်းပဲ့တင်၊ အလောင်းပြင်၏ ။

    ငါ့သမီးမူ
    မြင်းဖြူသစ်ရုပ်၊ ဆော့လှုပ်ကစား
    ငါ့အနားတွင်၊ ပြံုးရွှင်ရွှင်တည့် ။

    ငါ့မိတ်ဆွေများ
    ၀ိုင်းရံထား၍၊ ငါ့အားစိုက်ကြည့်
    မျက်ရည်ပြည့်နှင့်၊ သောကဆင့်ကြ ။

    ေဩာ်.... ကဗျာ... ကဗျာ
    ရေးခဲ့ပါလည်း၊ ကြေးဝါတစ်ပြား
    သနားသူမျှ၊ မရှိကြတည့် ။

    ငါကမယူ၊ "ဝေဖန်သူ"သာ
    ဖွေရှာတွေ့လို့၊ လက်ကမ်းကြိုခဲ့
    ညဆိုအိပ်ပျက်၊ လန့်လျက်ထနိုး
    တစ်မိုးလည်းသောက်၊ တစ်ညဉ့်ရောက်ပြန်
    ကြိမ်ဖန်ဖန်ပင်၊ သွားပြန်လမ်းဆုံ
    ၀ိညာဉ်ဘုံက၊ သံစုံဟစ်အော်
    သေမင်းခေါ်သံ၊ စောင်းသံလေလား
    ထွေပြားစိတ်မှာ၊ ငါ့လင်္ကာကို
    ဖတ်ပါသေမင်း၊ သူပင်ညှဉ်း၍
    ငိုချင်းနှင့်တေး၊ ကြိုက်ရာရွေးရ
    နံနက်ထသော်၊ ရေးစလင်္ကာ
    စာရွက်ပြာသည်
    လေမှာလွင့်လွင့်ဝဲဝဲတည်း ။

    ဤကဗျာကို ဆရာကြီးဒေါင်းနွယ်ဆွေသည် ၁၉၅၉ခုနှစ်(အသက် ၂၈နှစ်အရွယ်)တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ဆရာကြီး၏ အကြောင်းကို ရေးသားရန်စဉ်းစားခဲ့သော်လည်း မြန်မာဝီကီတွင် ဆရာကြီး၏ အကြောင်းကို ရေးသားဖော်ပြထားသည်ကို တွေ့ရှိရ၍ ဤblog တွင် ထပ်မံမဖော်ပြတော့ပါ ။ မြန်မာဝီကီတွင် ဆရာ့အကြောင်းအား သွားရောက်ဖတ်ရှု့နိုင်ပါသည်။ ဆရာ့အား လေးစားစွာ ဂါ၀ရပြုလျက်။


    လင်းဦး(စိတ်ပညာ)

    13 comments:

    နှင်းဆီနက် said...

    ငါ့အသည်းလည်း
    အက်ကွဲကြေမွ၊ အပိုင်းစနှင့်
    ရှေးကတုန်းလို၊ ရင်မဖိုတော့ ။

    ငါ့မိခင်မှ
    ရွှေစင်သူ့သား၊ လက်ဖဝါးကို
    ကိုင်ထားယုယ၊ ခေါင်းငိုက်ချလျက် ။

    ငါ့ဇနီးကား
    ငါ့အားပွေ့ပိုက်၊ နမ်းရှိုက်နောက်ဆုံး
    ငိုချုန်းပဲ့တင်၊ အလောင်းပြင်၏ ။

    ငါ့သမီးမူ
    မြင်းဖြူသစ်ရုပ်၊ ဆော့လှုပ်ကစား
    ငါ့အနားတွင်၊ ပြံုးရွှင်ရွှင်တည့် ။

    " ဆရာကစပ်တတ်လိုက်တာနော် မျက်စိထဲကိုတန်းမြင်တာပဲ အရေးအသားအရမ်းကောင်းတယ် အခုလိုကဗျာလေးကိုတင်ပေးတာ ကျေးဇူးပါ "

    GreenGirl said...

    ဘဝဆိုတာကို တစ်ခါတည်း မျက်စိထဲမြင်စေတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။။

    ခိုင်စိုးလင်း said...

    း) ကဲခုလိုကဗျာကောင်းကို တင်ပေးတဲ့တွက် ရော ရိပ်သာဝင်ချင်စိတ်ပေါက်လာတဲ့ တွက်ရော ကျေးဇူးတင်ပါတယ်တဲ့ ကျေနပ်ပြီလား

    သက်ပိုင်သူ said...

    ဆရာက အသက်၂၈နှစ်မှာ ဒီလိုရေးခဲ့တယ်ဆိုတော့
    ငယ်ငယ်ကတည်းက တော်တော်အတွေးအခေါ်ရင့်ကျက်တာပဲနော်

    နှင်းပွင့်ဖြူလေး said...

    ကဗျာရဲ့ အပိုဒ်တိုင်းလိုလိုက လူ့ဘဝနဲ့ တစ်ထပ်တည်းပဲ...
    ဆရာရဲ့ ကဗျာအရေးအသားတွေကို လေးစားပါတယ်။

    မသက်ဇင် said...

    ဆရာ့ကဗျာလေးကို-
    နှစ်လုံးသားနဲ့ ဖတ်ပါတယ်--
    ဦးနှောက်က တွေးပါတယ်--
    ကိုလင်းဦးရေ---ကျေးဇူး--

    အိန္ဒြာ said...

    ၂၈ နှစ်အရွယ်ကနေ
    အနာဂတ်ကို...လှမ်းပြီး
    ဒီလောက်ပီပြင်အောင်
    ဖွဲ့နွဲ့ခံစားထားနိုင်တာ.......။

    ကဗျာဆရာဖြစ်ဖို့လူလာဖြစ်တယ်လို့
    ပြောရမှာတောင်ပေါ့သိမ်လွန်းနေတယ်..။

    ကျေးဇူးတင်ပါတယ်..
    ကိုလင်းဦးရေ...

    ပြည့်စုံ said...

    ကိုလင်းဦး....

    ေဩာ်.... ကဗျာ... ကဗျာ
    ရေးခဲ့ပါလည်း၊ ကြေးဝါတစ်ပြား
    သနားသူမျှ၊ မရှိကြတည့် ။

    ကဗျာလေးကို ရှာဖွေတင်ပြပေးတဲ့အတွက်... ကျေးဇူးပါ....

    Dr. Win Thein said...

    ကိုလင်းဦး ဘလော့ကို မကြာမကြာ ရောက်ပါတယ်.. cbox မတွေ့လို့ မရေးဖြစ်ခဲ့ဘူး..comment က တစ်ခါတစ်ခါ ၀င်ရခက်လို့ပါ.. ဆရာကြီး ဒေါင်းနွယ်ဆွေ ကဗျာကို အလွန်ကောင်းလို့ ကူးယူထားလိုက်ပါတယ်.. ကိုလင်းဦး ဘလော့ဂ်က marquee code ကို အတုယူသွားပါတယ်.. ကျေးဇူးတင်ပါတယ် ကိုလင်းဦးခင်ဗျား...

    poemflower said...

    ကိုလင်းဦး ကဗျာလေးကို ရှာဖွေဖော်ပြတာကျေးဇူးတင်ပါတယ် ....

    Khinmarlaraung said...

    :)..အရမ်းကို လက်တွေ ့ကျပြီး မှန်လွန်းတဲ့ ကဗျာလေး။
    တွေးပြီး ရေးထားတာလေးတွေကို အရမ်းလေးစားရ
    ပါတယ်။ ရှာဖွေပြီး ပြန်တင်ပေးထားတဲ့ ကိုလင်းဦးကို
    ကျေးဇူးတင်ပါတယ်ရှင့် ။ :)...အေးချမ်းပါစေ။

    ခမ်းကီး said...

    မျှဝေပေးတဲ့အတွက် ကျေးဇူးလို့ မဆုံးပါဘူး။
    Dr. Win Thein ပြောသလိုပါပဲ။ comments ပေးလို့ မရခဲ့ဘူး။

    nayhtike said...

    အရှိတရားအချို ့ကို ကာရံနဲ ့ ဘောင်ခတ်လိုက်ပါတယ်
    ပြီးတော့ ကဗျာလို ့သတ်မှတ်လိုက်ပါတယ်
    ကျနော်တို ့မသိတာတွေများလွန်းပါတယ်
    Interviewတွေမှာရေပန်းစားတဲ့ စကားလုံးက
    ကျေးဇူးတင်ပါတယ် ပေါ့နော်
    တစ်နေရာရာမှာမဆီမဆိုင်ဆုံတွေ ့တတ်တာလည်း ရင်ခုံစရာပါပဲ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo