ပါကစ္စတန်နှင့် ဆက်နွယ်မှုရှိသည့် သဲလွန်စများ ပိုမိုရရှိလာခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,


  • ကြာသာပတေးနေ့တွင် အိန္ဒိယနိုင်ငံရှိ စုံစမ်းစစ်ဆေးရေးအရာရှိများက သဲလွန်စအသစ်များကို ပိုမိုရရှိဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ အဆိုပါသဲလွန်စများအရ စစ်သွေးကြွအုပ်စု ဖြစ်သည့် Lashkar-e-Taiba၏ ထိပ်တန်းခေါင်းဆောင်များက ပါကစ္စတန်နိုင်ငံ၏ မြို့(၂)မြို့တွင် မွန်ဘိုင်းကို အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် စနစ်တကျ စီစဉ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိ ရသည်ဟု ဆိုပါသည်။

    အိန္ဒိယနှင့်အမေရိကန်ထောက်လှမ်းရေးအရာရှိများက မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူ မှာ Lashkar အဖွဲ့၏ စစ်ဆင်ရေးများ ပြုလုပ်သူ Yusuf Muzammil ဖြစ်သည်ဟု ဖော်ထုတ်ခဲ့ပါသည်။ ကြာသာပတေးနေ့က အိန္ဒိယစုံစမ်းစစ်ဆေးရေးအရာရှိများက Lashkar အဖွဲ့တွင် လူသိအများဆုံး အဆင့်မြင့် ခေါင်းဆောင်များအနက် (၁)ဦးဖြစ်သည့် Zaki-ur-Rehman Lakhvi ကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပါသည်။

    မွန်ဘိုင်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားရာတွင် Muzammil သည် ကွပ်ကဲရေးအရာရှိ အဖြစ် ပါကစ္စတန်နိုင်ငံ လားဟော်မြို့တွင် ဆောင်ရွက်နေစဉ် ၎င်း၏အကြီးအကဲ Lakhvi နှင့် Lashkar အဖွဲ့၏ စစ်ဆင်ရေးအကြီးအကဲတို့သည် ပါကစ္စတန်တောင်ဖက်ဆိပ်ကမ်းမြို့ဖြစ်သည့် ကာရာချီမြို့တွင် ပူးပေါင်း လုပ်ကိုင်ခဲ့ကြသည်ဟု ဆိုပါသည်။

    ၎င်းတို့သည် ကာရာချီမြို့မှ မွန်ဘိုင်းမြို့သို့ ရေလမ်းကြောင်းဖြင့် ၀င်ရောက်ပြီး၊ အကြမ်းဖက် တိုက်ခိုက်မှုကို ဆက်လက်ပဲ့ကိုင်ညွှန်ကြားခဲ့ပြီး၊ အိန္ဒိယနိုင်ငံရှိ ရဲနှင့်စစ်တပ်များ၏ သတင်းအချက်အလက်များ ကိုလည်း ပေးပို့ကောင်း ပေးပို့နိုင်ခဲ့သည်ဟု ဖော်ထုတ်ချက်များအရ သိရှိလာရပါသည်။

    အသက်ရှင်ကျန်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အရာရှိတစ်ဦးနှင့် စုံစမ်းစစ်ဆေးရေးအရာရှိများ၏ လုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၏ သတင်းပေးပို့ချက်အရ၊ ဖမ်းဆီးထားသည့် ဓါးစားခံများအနက် မည်သူကို သတ်၍ မည်သူကို အသက်ချမ်းသာပေးရန် ဖုန်းဖြင့် ခေါ်ဆိုချက်များထဲမှ ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုပါသည်။

    အိန္ဒိယအရာရှိများက ပါကစ္စတန်လူမျိုးများပါ၀င်သည်ဆိုသော အချက်အလက်များကို ဖော်ထုတ်လျက် ရှိစဉ်၊ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် အနောက်နိုင်ငံအရာရှိအချို့က ယခုပုံပေါ် လာသည့် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သူများနှင့်ပတ်သက်သော အချက်အလက်များသည် နိဒါန်းမျှသာ ရှိသေးပြီး၊ အိန္ဒိယနိုင်ငံရှိ စစ်သွေးကြွများပါ ကျယ်ပြန့်စွာပါ၀င်လာနိုင်ကြောင်းဖြင့် သတိပေးပြောကြား သွားပါသည်။

    အိန္ဒိယခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် နောက်တစ်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Ms. Condoleeza Rice သည် ပါကစ္စတန်ခေါင်းဆောင်များနှင့် အစ္စလန်မာဘတ်မြို့တွင် တွေ့ဆုံခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စတန်(၂)နိုင်ငံပူးပေါင်း၍ အကြမ်းဖက်တိုက်ခိုက်သူများ၏ ခေါင်းဆောင်များကို ဖော်ထုတ်ပြီး ဥပဒေအရ အပြစ်ပေးရန် တိုက်တွန်းခဲ့ပါသည်။ ထိုသို့ တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ဆက်နွယ်မှုအသစ် များကို ဖော်ထုတ်လာနိုင်ခြင်း ဖြစ်ပါသည်။

    ပါကစ္စတန်သမ္မတ Asif Ali Zardari နှင့် ၀န်ကြီးချုပ် Yousaf Raza Gilani တို့နှင့် တွေ့ဆုံပြီးနောက် ပါကစ္စတန်လေတပ်စခန်းတွင် Ms. Rice က သတင်းထောက်များကို ပြောကြားရာ၌ မိမိအနေဖြင့် ပါကစ္စတန် ခေါင်းဆောင်များ၏ အရေးယူဆောင်ရွက်ပါမည်ဆိုသော ကတိစကားကို ရခဲ့ပါသည်ဟု ဆိုပါသည်။

    သို့ရာတွင် ပါကစ္စတန်ခေါင်းဆောင်များက ယဉ်ကျေးစွာဖြင့် အာမခံစကားကို ပေးခဲ့သော်လည်း Lashkar အုပ်စုကို တိကျစွာ အရေးယူဆောင်ရွက်မည်ဆိုသည့်အကြောင်း အများပြည်သူများ သိရှိအောင် ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါ။ ၎င်းတို့အနေဖြင့် ပါကစ္စတန်လူမျိုးများပါ၀င်သည်ဟု သံသယရှိမှုကို ဆက်လက် ဖော်ပြခဲ့ပြီး အိန္ဒိယနိုင်ငံမှ တောင်းဆိုထားသော သံသယရှိသူ လူ(၂၀)ကို လွှဲပြောင်းပေးရေးနှင့် ပတ်သက်၍ ငြင်းဆန်လျက်ရှိပါသည်။

    စစ်မှန်သောစစ်တပ် (Army of the Pure) အမည်ရသည့် Lashkar-e-Taiba ကို လွန်ခဲ့သော အနှစ် (၂၀)ကျော်က ပါကစ္စတန်ထောက်လှမ်းရေးအရာရှိများ၏ အကူအညီဖြင့် တည်ထောင်ခဲ့ပြီး မွတ်စလင်တို့ ကြီးစိုးသည့် ကက်ရှ်မီးရား၏ ထိန်းချုပ်မှုဖြင့် ကိုယ်ခွဲအဖွဲ့သည် အိန္ဒိယနိုင်ငံကို စိန်ခေါ်လျက်ရှိပါသည်။

    ထိုအချိန်မှစ၍ ၎င်းတို့၏ ရည်မှန်းချက်သည် ကျယ်ပြန့်လာပြီး Jihadi မွတ်စလင်သာသနာပြုစစ်ပွဲ အုပ်စု၏ အပြည်ပြည်ဆိုင်ရာ ကွန်ရက်နှင့် ချိတ်ဆက်ခဲ့ပါသည်။ ၎င်း၏ တိုက်ခိုက်ရေးသမားများသည် အာဖဂန်နစ္စတန်နှင့် အီရတ်တွင် ပေါ်ပေါက်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နာမည်ကြီးအကြမ်းဖက်တိုက်ခိုက်မှု အများအပြားအတွက် အပြစ်တင်ခြင်း် ခံခဲ့ရပါသည်။

    လက်ရှိတွင် Lashkar အုပ်စုကို ပါကစ္စတန်နိုင်ငံတွင် ဥပဒေအရတားမြစ်ထားသည် မှန်သော်လည်း ၎င်းနှင့်တွဲဖက်လုပ်ကိုင်နေသူများမှတဆင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအဖွဲ့သည် Al Qaeda အဖွဲ့နှင့် ဆက်နွယ်မှုရှိသည်ဆိုသည့်အချက်မှာ ယနေ့တိုင် ရှင်းလင်းစွာမသိရှိရသေးပါ။ သို့ရာတွင် ပါကစ္စတန်နိုင်ငံ၏ အဓိကထောက်လှမ်းရေး အေဂျင်စီ Inter-Services Intelligence (သို့မဟုတ်) ISI နှင့် လက်ရှိတွင် ဆက်နွယ်မှုများရှိပါသည်။

    ယခုအပတ်တွင် Lashkar အဖွဲ့၏ ပင်မအဖွဲ့အစည်းဖြစ်သော Jamoat-u-Dawa ၏ ပြောရေးဆိုခွင့် ရှိသူ Muhammad Yahya Mujahid က မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းတို့၏ ခေါင်းဆောင် Mohammad Hafiz Saeed (သို့မဟုတ်) Lashkar နှင့် ဆက်စပ်မှု မရှိဟု ငြင်းဆိုပါသည်။ မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သူက ပါကစ္စတန်ရှိ လေ့ကျင့်ရေးစခန်း တွင် Saeed နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုပါသည်။

    အမေရိကန် တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးအရာရှိက ပြောကြားရာ၌ မွန်ဘိုင်းအကြမ်းဖက် တိုက်ခိုက် မှုများတွင် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့က ပါ၀င်သည်ဆိုသော ထင်ရှားသိသာသည့် သဲလွန်စ မရရှိသေး သကဲ့သို့ အကြမ်းဖက်တိုက်ခိုက်သူများနှင့် ပါကစ္စတန်စစ်သွေးကြွများ ဆက်စပ်မှုရှိသည်ဆိုသော ခိုင်လုံသည့် အချက်အလက်တို့ကိုလည်း မရရှိသေးပါကြောင်းဖြင့် ပြောဆိုပါသည်။

    မွန်ဘိုင်းရဲတပ်ဖွဲ့၏ ဒုတိယရဲမင်းကြီး Deven Barthi က မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုများနှင့် Inter-Services Intelligence အကြား တိုက်ရိုက်ဆက်သွယ်မှုများရှိသည်ဆိုသော သတင်းမီဒီယာ အစီရင်ခံစာများအပေါ် မှတ်ချက်မပြုဟု ဆိုပါသည်။ သို့ရာတွင် ၎င်းက ပြောကြားရာ၌ အထောက်အထား အချို့ကို ရထားကြောင်း၊ သို့ရာတွင် စိစစ်ဆဲအခြေအနေတွင် ရှိပါကြောင်းဖြင့် ပြောကြားပါသည်။

    ထို့ပြင် ၎င်းက ဆက်လက်ပြောကြားရာတွင် အကြမ်းဖက်တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော လက်နက်များသည် ပါကစ္စတန်စစ်တပ်၏ ကန်ထရိုက်စာချုပ်အရ ဆောင်ရွက်နေသော ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အခြေစိုက်စက်ရုံတစ်ခုမှလာသည်ဟု ဆိုပါသည်။

    Mr. Barthi က ပြောကြားရာ၌ အဆိုပါစက်ရုံမှာ အိန္ဒိယနိုင်ငံတွင် အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သော လက်ပစ်ဗုံးနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများရရှိခဲ့ရာ ပင်မနေရာ ဖြစ်ကြောင်း၊ အစောပိုင်းအကြမ်းဖက်တိုက်ခိုက်မှုများတွင် ၁၉၉၃ခုနှစ် မွန်ဘိုင်းဗုံးပေါက်ကွဲခဲ့မှုများ၊ ၂၀၀၁ခုနှစ် အိန္ဒိယပါလီမန်တွင် အသေခံတိုက်ခိုက်ခဲ့မှုနှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့ရှိ အိန္ဒိယသံရုံး ဗုံးပေါက်ကွဲ ခဲ့မှုများ ပါ၀င်ပါသည်ဟု ဆိုပါသည်။

    အကြမ်းဖက်တိုက်ခိုက်မှုများ ရှင်းလင်းပြီးနောက် အကြမ်းဖက်တိုက်ခိုက်သူများ ကျန်ရစ်ခဲ့သည့် လက်ပစ်ဗုံးတွင် EN ARGES စာတမ်းကို ပုံနှိပ်ထားမှုအပေါ် ခြေရာခံ၍ ဖော်ပြခဲ့သော ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အခြေစိုက်စက်ရုံမှ ဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေး အရာရှိများက ဖော်ထုတ်ရရှိခဲ့သည်ဟု ဆိုပါသည်။ EN ARGES အမှတ်တံဆိပ်မှာ ပါကစ္စတန်စစ်တပ်အတွက် လက်နက်များ ထုတ်လုပ်နိုင်ရန် ဖော်ပြပါ စက်ရုံကို လိုင်စင်ခွင့်ပြုခဲ့သည့် ဂျာမဏီ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် အမှတ်တံဆိပ်နှင့် တူသည်ဟု ဆိုပါသည်။

    ယခုအကြမ်းဖက်တိုက်ခိုက်မှုများ စီမံချက်တွင် ပါ၀င်သည်ဟု အလားအလာရှိသူမှာ အိန္ဒိယပြည်နယ် မြောက်ပိုင်းတွင် ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့သည့် Faheem Ahmed Ansari အမည်ရ အိန္ဒိယလူမျိုး ဖြစ်သည်ဟု အာဏာပိုင်များက ဆိုပါသည်။ ၎င်းနှင့်အတူ သံသယရှိသည့် Lashkar အဖွဲ့ဝင်(၂)ဦးကိုလည်း ဖမ်းဆီးခဲ့ပါသည်။

    Ansari က စစ်ဆေးမေးမြန်းသူ ရဲအရာရှိများအား ပြောကြားရာတွင် ၂၀၀၇ခုနှစ် ကုန်ဆုံးပြီး ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလအတွင်း Victoria မီးရထားဘူတာရုံ၊ Chhatrapati Shivaji နောက်ဆုံးဘူတာစခန်း၊ Tower ဟိုတယ်နှင့် Taj Mahal Palace ဟိုတယ်တို့ ပါ၀င်သည့် အလားအလာရှိသော ပစ်မှတ်များကို မွန်ဘိုင်းရှိ Lashkar အဖွဲ့အတွက် စစ်ဆေးလေ့လာခဲ့သည်ဟု ဆိုပါသည်။

    Uttar Pradesh ရဲက ၎င်းကို Rampurမြို့ရှိ ရဲစခန်းကို နှစ်သစ်ကူးအကြိုနေ့တွင် သေနတ်နှင့် လက်ပစ်ဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းထားရစ််ခဲ့သော လက်နက်များကို ပြန်လာယူစဉ် ဖမ်းဆီး ခဲ့သည်ဟု ဆိုပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ နောက်ထပ် ဆောင်ရွက်မည့် တိုက်ခိုက်မှုအတွက် မွန်ဘိုင်းမြို့ သို့ သွားရောက်ရာတွင် လက်နက်များကို ယူဆောင်သွားရန်ပင် ဖြစ်ပါသည်။

    ဂျူးလူမျိုး ဗဟိုဌာနတွင် သေဆုံးခဲ့သော လူ(၆)ဦးမှာ ရက်စက်စွာအသတ်ခံထားရခြင်းဖြစ်ပါသည်။ ရဲများက ပြောကြားရာ၌ သေဆုံးသူများ၏ ခန္ဓာကိုယ်များပေါ်တွင် လည်ပင်းညှစ်ထားသည့် ဒဏ်ရာများနှင့် သေနတ်နှင့်လက်ပစ်ဗုံးးဒဏ်ရာမဟုတ်သည့် အခြားဒဏ်ရာများ ရရှိထားသည်ဟု ဆိုပါသည်။

    ပါကစ္စတန်အရာရှိတစ်ဦးက ပြောကြားရာ၌ Lashkar အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်ဖြစ်သည့် Lakhvi သည် ကရာချီမြို့မှနေ၍ လွန်ခဲ့သော (၃)လခန့်ကစပြီး အကြမ်းဖက်တိုက်ခိုက်မှုအစီအစဉ်အတွက် တိုက်ခိုက်ရေးသမားများ မွန်ဘိုင်းကမ်းစပ်သို့ ခြေမချမီအထိ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုပါသည်။

    အရာရှိများက ပြောကြားရာ၌ အကြမ်းဖက်တိုက်ခိုက်သူများသည် ဟိုတယ်(၂)ခုရှိ ဓားစာခံများကို စုနေစဉ်အတွင်း ပါကစ္စတန်ရှိ အကြမ်းဖက်တိုက်ခိုက်မှုအစီအစဉ်ကို ကိုင်တွယ်သူများနှင့် ဆယ်လူလာ ဖုန်းများဖြင့် ဆက်သွယ်ခဲ့သည်ဟု ဆိုပါသည်။

    မိုင်(၅၀၀) ခရီးဝေးသည့် မွန်ဘိုင်းမြို့သို့ ခရီးစတင်ရာနေရာဖြစ်သည့် ကရာချီမြို့အနီး ၎င်းတို့ အပိုင်စီးခဲ့သည့် ငါးဖမ်းလှေပေါ်တွင် သဲလွန်စလမ်းကြောင်း ပါရှိသည့် ဂြိုဟ်တုဖုန်းကို ထားရှိခဲ့သည်ဟု ဆိုပါသည်။

    အဆိုပါဖုန်းတွင် Muzammil , Lakhvi နှင့် အခြား Lashkar အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များ ပါ၀င်နေသည်ကို တွေ့ရှိရကြောင်းဖြင့် လုံခြံုရေးဆိုင်ရာ စိစစ်သုံးသပ်သူ(၂)ဦးဖြစ်သော J. Gohelနှင့် Sajjan M. Gohel တို့၏ ကြာသာပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်သိမ်းပိုက်မှု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

    ငါးဖမ်းလှေတွင် ရရှိခဲ့သော ဖုန်းပေါ်တွင် ခေါ်ဆိုထားသော နံပါတ်များသည် Taj နှင့် ့Oberoi ဟိုတယ်တွင် ရရှိခဲ့သော ဆယ်လူလာဖုန်းတွင် ပေါ်နေသော နံပါတ်များနှင့် ကိုက်ညီနေသည်ကို တွေ့ရကြောင်းဖြင့် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ငါးဖမ်းလှေတွင် ရရှိခဲ့သော ဖုန်းနှင့် ပတ်သက်၍ သဲလွန်စများအရ အခြားလူ(၅)ဦး ယခုအကြမ်းဖက်တိုက်ခိုက်မှု စီမံချက်တွင် ပါရှိနိုင်ပြီး၊ ယခုတိုင် လွတ်မြောက်လျက်ရှိသည်ဟု အစီရင်ခံစာက ဆိုပါသည်။

    တစ်ခုသောဟိုတယ်တွင် အကြမ်းဖက်သေနတ်သမားတစ်ဦးက တည်းခိုနေသည့် အိန္ဒိယလူမျိုးများကို ၎င်းတို့သည် မည်သည့်ဇာတ်အမျိုးအနွယ်ဖြစ်သည်နှင့် မည်သည်ပြည်နယ်မှလည်သည်ကို မေးမြန်းခဲ့သည်ဟု တည်းခိုသူများကို တွေ့ဆုံမေးမြန်းခဲ့သည့် အရာရှိတစ်ဦးက ပြောပါသည်။

    အကြမ်းဖက်တိုက်ခိုက်သူမှ ဇာတ်အမျိုးအနွယ်နှင့် မည်သည့်ပြည်နယ်မှ လာသည်တို့ကို သိရှိရသော အခါ Muzammil ဟု ယုံကြည်ရသူထံသို့ အကြောင်းကြားသည်ဟု စုံစမ်းစစ်ဆေးရေးအရာရှိများက တွေ့ရှိ ခဲ့သည့် ဖုန်းမှတ်တမ်းများအရ သိရကြောင်းဖြင့် ဆိုပါသည်။ ပါကစ္စတန်နိုင်ငံ၊ လဟောမြို့တွင်ရှိသည့် Muzammil ဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်ခဲ့သည့် သေနတ်သမားက ထုတ်ဖော်ခဲ့ပါသည်။

    အသက်ရှင်ကျန်ရှိခဲ့သည့် တည်းခိုသူများက ပြောကြားရာတွင် သေနတ်သမားက အခြားတစ်ဖက် ထံသို့ တည်းခိုသူများ၏ အသေးစိတ်အချက်အလက်များကို ပြောကြား၍ မည်သူကို ပစ်သတ်ရမည်၊ မည်သူကို မသတ်ရမည်တို့ကို မေးမြန်းခဲ့သည်ဟု ဆိုပါသည်။

    ထိုသို့ ဖုန်းဖြင့် ပြောကြားပြီးနောက် တည်းခိုသူ အုပ်စုသို့ ပြန်အသွားတွင် ရဲများက ပစ်လိုက်သည့် မျက်ရည်ယိုဗုံးကြောင့် တည်းခိုသူများထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဆိုပါသည်။

    အခြားအဖြစ်အပျက် တစ်ရပ်မှာ Oberoi ဟိုတယ်တွင် ဓားစာခံအဖြစ် အဖမ်းခံရသူ စင်္ကာပူအမျိုးသမီး Lo Hwei Yo ကို စင်္ကာပူရှိ ၎င်း၏ ယောကျ်ားထံ ဖုန်းဖြင့် ဆက်ခိုင်း၍ ဓားစာခံများအနေဖြင့် အိန္ဒိယအစိုးရအား ကယ်တင်ရေး အစီအစဉ်ကို မပြုလုပ်ရန် စင်္ကာပူအရာရှိများထံ တောင်းဆိုကြောင်းပြောခိုင်းပါသည်။ နောက်တစ်နေ့တွင် Lo မှာ အသတ်ခံရသည်ဟု အစီရင်ခံစာက ဆိုပါသည်။

    အကြမ်းဖက်လက်ကိုင်သူက သူမကို သတ်လိုက်ပြီးနောက် သူမ၏ဖုန်းကို အကြမ်းဖက်သူများက အသုံးပြုကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများက တွေ့ရှိရသည်ဟု အစီရင်ခံစာက ဆိုပါသည်။

    Muzammil အနေဖြင့် အခြားဓားစာခံ(၂)ဦးနှင့်အတူ သူမကို သတ်ပစ်ရန် အမိန့်ပေးနိုင်သည်ဟု အစီရင်ခံစာက ဆိုပါသည်။

    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo