ဂါဇာကမ်းမြောင်ဒေသနယ်စပ်တစ်လျှောက် အစ္စရေးတပ်များ အမြောက်အများရောက်ရှိ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,

  • တတိယမြောက်တနင်္လာနေ့တွင် အစ္စရေး လေယာဉ်များ ဂါဇာကို တိုက်ခိုက်ပြီးနောက် သေဆုံးသူများ ဦးရေမှာ (၃၀၀)နီးပါးသို့ ရောက်ရှိလာပါသည်။ အစ္စရေးတပ်များနှင့် တင့်ကားများသည် ဂါဇာကမ်းမြောင် ဒေသ နယ်စပ်တစ်လျှောက် အမြောက်အများစုစည်းလျက်ရှိ၍ အစိုးရအနေဖြင့် မြေပြင်စစ်ဆင်ရေးအတွက် အရန်တပ်များကိုပါ ဆင့်ခေါ်ထားသည်ဟု ဆိုပါသည်။

    ဟာမာ့စ်က ပြောကြားရာ၌ လွန်ခဲ့သော တနင်္ဂနွေနေ့ညက ၎င်းတို့၏အမာခံနေရာဖြစ်သော မွတ်စလင်တက္ကသိုလ်နှင့် အစိုးရဝန်ကြီးဌာနတစ်ခု၏ ခြံဝင်းကို အစ္စရေးတို့က ဗုံးကြဲခဲ့သည်ဟု ဆိုပါသည်။ ဟာမာ့စ်ပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော Al Aqsa မှာလည်း ဗုံးကြဲခြင်းကို ခံရပါသည်။ အစ္စရေးတပ်မှ ပြောကြားရာ၌ မွတ်စလင်ဗလီတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်သူများ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ တနင်္လာနေ့တွင် အစ္စရေးစစ်လေယာဉ်များက ဟာမာ့စ်တို့ လုပ်ကိုင်နေသည့် ပြည်ထဲရေးဝန်ကြီးဌာနကို ဗုံးကြဲခဲ့သည်ဟု ဟာမာ့စ်တို့၏ ကြေညာချက်အပေါ် အခြေခံ၍ ရိုက်တာသတင်းဌာနက ဆိုပါသည်။

    အစ္စရေးစစ်တပ်မှ ပြောကြားရာ၌ တနင်္လာနေ့တွင် ဂါဇာမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်ခုသည် အစ္စရေးတောင်ဘက်ရှိ Ashkelon မြို့သို့ ကျရောက်ပြီး လူတစ်ဦးကိုသေစေ၍ လူ(၇)ဦးကို ဒဏ်ရာရစေခဲ့ သည်ဟု ဆိုပါသည်။ နောက်ဆက်တွဲအနေဖြင့် စစ်တပ်မှပြောကြားရာ၌ အနောက်ဘက်ကမ်းခြေရှိ ဂျူးလူမျိုး တို့ အခြေချနေထိုင်သည့် ရပ်ကွက်တစ်ခုတွင် ဂျူးလူမျိုး(၃)ဦးကို ပါလက်စတိုင်းတစ်ဦးက ဓါးဖြင့် ထိုးခဲ့သည်ဟု ဆိုပါသည် ။

    ယခုလို ဆက်တိုက်အစ္စရေးတို့မှ တိုက်ခိုက်ခြင်းသည် ဂါဇာမှနေ၍ ဒုံးကျည်အမြောက်အများဖြင့် ၎င်းတို့၏နယ်နမိတ်အတွင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် လက်တုန့်ပြန်သည့်အနေဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း အစ္စရေးတို့က ပြောကြားပါသည်။ ထိုသို့ တုန့်ပြန်ခြင်းကြောင့် အာရပ်ကမ္ဘာတစ်ဝှမ်းလုံး အမျက်ဒေါသဖြင့် တုန့်ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ဒေသအတွင်း အကြီးအကျယ်မတည်မငြိမ်ဖြစ်မည်ကို စိုးရွံ့ထိတ်လန့်စေမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

    များစွာသော အမျက်ဒေါသတို့သည် အီဂျစ်နိုင်ငံသို့ စုပုံကျရောက်ခဲ့ပါသည်။ အကြောင်းမှာ ဂါဇာနှင့် စပ်နေသည့် ၎င်းတို့၏နယ်စပ်ကို ပိတ်ထားခြင်းဖြင့် အစ္စရေးတို့၏စစ်ဆင်ရေးဆောင်ရွက်မှုကို လိုက်လျော ပေးသကဲ့သို့ဖြစ်ပြီး ဖျက်စီးခံရမှုများမှ လွတ်မြောက်ရန်ကြိုးစားသည့် ပါလက်စတိုင်းများကို လက်နက်ပြ၍ နောက်ပြန်ဆုတ်ခို်င်းသကဲ့သို့ဖြစ်အောင် အီဂျစ်တို့က ဖန်တီးသည်ဟု ဟာမာ့စ်နှင့် အိမ်နီးချင်းအစိုးရအချို့က မြင်ပါသည်။

    မျက်မြင်သက်သေများ၏အဆိုအရ Rafah နယ်စပ်တွင် ကြိုကြားကြိုကြား ဟာမာ့စ်နှင့် အီဂျစ်စစ်တပ် တို့ အပြန်အလှန် ပစ်ခတ်နေသည့်ကြား၌ လူငယ်များသည် အီဂျစ်နယ်စပ်သို့ ဖြတ်ပြေးကြကြောင်း ၊ အီဂျစ် အစိုးရရုပ်မြင်သံကြား သတင်းဌာန၏ ဖော်ပြချက်အရ ဟာမာ့စ်သေနတ်သမားလက်ချက်ကြောင့် အီဂျစ် နယ်စောင့်တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ၊ ပါလက်စတိုင်းတစ်ဦးမှာလည်း အီဂျစ်နယ်စောင့်တပ်သား တစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဆိုပါသည်။

    ဂါဇာရှိ အရာရှိများက ပြောကြားရာ၌ ဆေးကုသရေးအနေဖြင့် အစ္စရေး၏ (၁၈)လကြာ ပိတ်ပင်မှုကြောင့် ဆေးဝါးများပြတ်တောက်လျက်ရှိပြီး (၂)ရက်အတွင်း ဒဏ်ရာရသူ လူ(၆၀၀)ကျော်ကို ကုသပေးရန် အခက်အခဲဖြစ်လျက်ရှိပါသည်။


    ဂါဇာမြို့ရှိ Shifa ဆေးရုံတွင် မိန်းမများသည် ဆေးရုံကြမ်းပြင်ပေါ်တွင် ပုံထားသည့် ဒဏ်ရာရသူများမှ ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ငိုကြွေးလျက် ရှာဖွေနေကြကြောင်း ၊ ဒဏ်ရာပြင်းထန်စွာရသူများကို ဆေးဝါးအခက်အခဲကြောင့် ကုသပေးနိုင်ခြင်းမရှိဘဲ အသက်ဆုံးရှုံးသည်အထိ လက်ပိုက်ကြည့်နေရကြောင်း ၊ အသက်မပါဘဲ သယ်လာသည်ကမှ ပို၍ကောင်းမည်ဟု ပြောရမလိုဖြစ်နေကြောင်းဖြင့် ဆရာဝန်တစ်ဦးက ပြောကြားပါသည်။

    ကြက်ခြေနီ၏ အပြည်ပြည်ဆိုင်ရာကော်မတီက တနင်္ဂနွေနေ့တွင် ဆေးဝါးများပါရှိသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားသော အကူအညီများကို ဂါဇာသို့ သယ်ဆောင်ခွင့်ပြုပေးရန် အသနားခံစာ တင်သွင်းပါသည်။ အစ္စရေးအရာရှိများက ပြောကြားရာ၌ နယ်စပ်ဖြစ်ကျော်သည့် လမ်းများအနက် တစ်လမ်းကို အကူအညီပေးမှု အချို့အား ဖြတ်သန်းသယ်ဆောင်ခွင့်ပေးမည်ဟု ဆိုပါသည်။ အီဂျစ်အစိုးရက Rafah နယ်စပ် ဖြတ်ကျော်လမ်းကို စနေနေ့တွင် ယာယီဖွင့်ပေးခဲ့ပြီး ဒဏ်ရာရသူများကို အီဂျစ်ဆေးရုံများသို့ သယ်ဆောင်ခွင့် ခွင့်ပြုခဲ့ပါသည်။


    အစ္စရေးအနေဖြင့် ဟာမာ့စ်တိုက်ခိုက်မှုများကို ၎င်းတို့၏နိုင်ငံသားများအား ကာကွယ်ရန်အတွက် စစ်အင်အားကိုအသုံးပြုရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ တစ်ချိန်တည်းတွင် အီရန်နိုင်ငံ၏ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်နှင့် ဟစ်ပိုလာခေါင်းဆောင်တို့က ဟာမာ့စ်တို့ကို ခိုင်မာစွာ ထောက်ခံပါကြောင်း ထုတ်ဖော်ပြောကြားပါသည်။

    ဂါဇာတစ်လျှောက်တွင် အစ္စရေးဂျက်လေယာဉ်များ အန္တရာယ်မှ ကာကွယ်ရန်အတွက် ပါလက်စတိုင်း မိသားစုများသည် အိမ်တွင်းတွင် ပုန်းခိုနေရပြီး၊ လျှပ်စစ်မီးများ မရရှိသကဲ့သို့ ချက်ပြုတ်ရန်အတွက် ဂက်စ်ငွေ့များလည်း မရရှိဟု ဆိုပါသည်။ အချို့မှာ အရဲစွန့်၍ မုန့်ဖုတ်ဆိုင်များတွင် ရာရှင်ဖြင့် ရရှိသော မုန့်များကို ယူရသကဲ့သို့ ဆေးရုံတွင် သေဆုံးများထဲမှ မိိမိတို့၏ ဆွေမျိုးသားချင်များကို ရှာဖွေရန်အတွက် အရဲစွန့်၍ လမ်းပေါ်သို့ သွားရောက် ကြရပါသည်။ သေဆုံးသူများ၏ အသုဘကိစ္စရပ်များကို အခမ်းအနား ခပ်ကျင်းကျင်းဖြင့် ဆောင်ရွက်ကြရပါသည်။

    တနင်္ဂနွေနေ့ မှောင်ရီပျိုးချိန်တွင် အစ္စရေးတိုက်ခိုက်ရေးဂျက်လေယာဉ်များသည် အီဂျစ်နှင့် တဆက်တည်းရှိသည့် ဂါဇာနယ်နမိတ်တစ်လျှောက်တွင်ရှိသော ဥမင်လိုဏ်ခေါင်း (၄၀)အပေါ် ဗုံးများဖြင့် ကျဲချခဲ့ပါသည်။ အစ္စရေးစစ်တပ်မှ ပြောကြားရာတွင် အဆိုပါ ဥမင်လိုဏ်ခေါင်းများကို လက်နက်၊ ဗုံးများနှင့် ထွက်ပြေးတိမ်းရှောင်သူများကို တရားမဝင် သယ်ထုတ်သော လမ်းကြောင်းများဖြစ်သည်ဟု ဆိုပါသည်။ ဂါဇာရှိလူများအနေဖြင့် အစ္စရေးတို့ စီးပွားရေးအရ ပိတ်ဆို့ထားမှုကြောင့် အဆိုပါ ဥမင်လိုဏ်ခေါင်းများကို စားသုံးကုန်ပစ္စည်းများနှင့် လောင်စာများတင်သွင်းရာတွင် အသုံးပြုပါသည်။

    စစ်ဆင်ရေးကာလ(၂)ရက်အတွင်း အစ္စရေးဂျက်လေယာဉ်များသည် ဂါဇာရှိ ပစ်မှတ်ပေါင်း အနည်းဆုံး (၃၀)ခုကို ဖျက်ဆီးခဲ့ပါသည်။ ထိုသို့ဖျက်ဆီးရာ၌ ဂါဇာမြို့ရှိ Saraya အမည်ရှိ အဓိကလုံခြံုရေးဝန်းနှင့် အကျဉ်းထောင်၊ ဒုံးကျည်များပြုလုပ်သည်ဟု သံသယရှိသည့် ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်ရှိ သတ္တု အလုပ်ရုံများနှင့် ဟာမာ့စ်တို့၏ စစ်စခန်းများလည်း ပါ၀င်ပါသည်။

    အစ္စရေးအနေဖြင့် ရေရှည်ဖြေရှင်းမည့် နည်းလမ်းကို အသုံးပြုမည့်ဟန် ရှိပါသည်။ ဂါဇာအစိုးရ အနေဖြင့် တနင်္ဂနွေနေ့တွင် ထောင်ပေါင်းများစွာသော အရံတပ်ဖွဲ့ဝင်များကို အရေးပေါ် ခေါ်ယူရန်အတွက် အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ အကြောင်းမှာ အစ္စရေးတို့၏တပ်များ ၊ တင့်ကားများ၊ သံချပ်ကာတပ်သား သယ်ယူရေးကားများ၊ သံချပ်ကာ မြေတူးကားကြီးများ၊ အမြောက်အများတို့သည် နယ်စပ်တွင် စုစည်း နေခြင်းကြောင့် မြေပြင်တိုက်ပွဲများဖြစ်လာနိုင်သည့်အလားအလာအတွက် ပြင်ဆင်ခြင်းဖြစ်ပါသည်။

    ဂျေရူစလင်မြို့ရှိ အပတ်စဉ်ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးမတိုင်မီ အစ္စရေးကာကွယ်ရေး ၀န်ကြီး Mr. Ehud Barak က ပြောကြားရာ၌ ၎င်းတို့တပ်အနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်ချက် များကို လိုအပ်ပါက နက်ရှိုင်းကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်မှုကို ဆက်လက် ပြုလုပ်သွားရန် ရှိသည်ဟု ပြောကြားပါသည်။ ၀န်ကြီးချုပ် Mr. Ehud Olmert က ပြောကြားသည်မှာ အစ္စရေး၏ ရည်မှန်းချက်သည် ဂါဇာကို ပြန်လည်သိမ်းပိုက်ရန်မဟုတ်ကြောင်း၊ ၎င်းကို ၂၀၀၅ခုနှစ်တွင် တစ်ဖက်သက် စွန့်လွှတ်ခဲ့ပြီဖြစ်ကြောင်း ၊ သို့ရာတွင် ပုံမှန်ဘဝရောက်ရန်နှင့် အစ္စရေးတောင်ပိုင်းရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဖြစ်ကြောင်းဖြင့် ပြောကြားသွားပါသည်။



    အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Ms . Tzipi Livni က အမေရိ်ကန်ဆွေးနွေးပွဲကဏ္ဍဖြစ်သည့် Fox News Sunday တွင် အစ္စရေးကိစ္စကို ပြောကြားရာ၌ ယခုစစ်ဆင်ရေးမှာ လက်တွေ့တွင် ဖြစ်ပေါ်နေသော ပြဿနာ များကို ပြောင်းလဲပစ်ရန် လိုအပ်သည့်အတွက်ကြောင့် ဖြစ်ကြောင်းနှင့် အစ္စရေးတောင်ပိုင်းရှိ မိမိတို့၏ နိုင်ငံသားများအနေဖြင့် စိတ်ငြိမ်သော ငြိမ်းချမ်းမှုရရှိရေးကို ပေးရန်အတွက် ဖြစ်ကြောင်းဖြင့် ပြောကြားသွားပါ သည်။

    ဂါဇာရှိ စစ်သွေးကြွများက ဒုံးကျည်နှင့် မော်တာအမြောက်များဖြင့် တနင်္ဂနွေနေ့က အဝေးဆုံး အကွာအဝေးဖြင့် အစ္စရေးနယ်မြေထဲသို့ ပစ်ခတ်ခဲ့ပါသည်။ အဓိက ဆိပ်ကမ်းမြို့ဖြစ်သည့် Ashdod အနီးရှိ Gan Yavneh အမည်ရှိရွာသို့ ဒုံးကျည်တစ်ခု ကျရောက်ခဲ့ပါသည်။ Ashdod သည် ဂါဇာမှ မြောက်ဘက် မိုင်(၂၀)နီးပါးလောက်တွင် ရှိပါသည်။ ဒုံးကျည်နှစ်ခုမှာ ကမ်းရိုးတန်းမြို့ဖြစ်သည့် Ashkelon သို့ ကျရောက် ခဲ့ပါသည်။ အစ္စရေး အမြောက်အများ ဒဏ်ရာရရှိခဲ့ပါသည်။

    ဟာမာစ့် ပြောရေး ဆိုခွင့်ရှိသူ Mr . Fawzi Barhoum က သတင်းထောက်များကို ပြောကြားရာ၌ အစ္စရေးအနေဖြင့် စစ်ကိုစတင်ခဲ့ပြီး မည်ကဲ့သို့အဆုံးသတ်ရမည်ကို မရွေးချယ်နိုင်ဘဲ ဖြစ်နေကြောင်း ၊ ၎င်းက ဇီယွန်နစ် အဖွဲ့အစည်းအတွင်းသို့ အသေခံတိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် နက်ရှိုင်းစွာ ကလဲ့စားချေ တိုက်ခိုက်သွားရန် တောင်းဆိုလိုပါသည်။

    ရာထောင်ပေါင်းများစွာသော အစ္စရေးနိ်ုင်ငံသားများသည် ယခုအခါ ဒုံးကျည်ဖြင့် ပစ်ခတ််ခံရနိုင်သည့် အကွာအဝေးသို့ ရောက်ရှိနေသဖြင့် အကာအကွယ်ရှိသည့်နေရာများတွင်နေရန် အာဏာပိုင်များက ညွှန်ကြား ထားပါသည်။

    လက်ဘနွန်တွင် ရှီရိုက် စစ်သွေးကြွအုပ်စု ဟစ်ပိုလာခေါင်းဆောင် Sheik Hassan Nasrallah က ၎င်း၏ စစ်သွေးကြွများကို တပ်လှန့်ထားပါသည်။ ၎င်းက ဟာမာ့စ်ကို ခိုင်မာစွာထောက်ခံပါကြောင်းနှင့် အစ္စရေးအနေဖြင့် ၂၀၀၆ခုနှစ်က ကဲ့သို့ စစ်ပွဲနှစ်ရပ်ကို ဆင်နွှဲ့ရန် ကြိုးစားလာနိုင်သည်ဟု မိိမိအနေဖြင့် ယုံကြည်ပါကြောင်းဖြင့် ပြောကြားသွားပါသည်။ ၎င်းက တနင်္လာနေ့တွင် ဘေရွတ်မြို့၌ လူထုဆန္ဒပြပွဲကြီး ပြုလုပ်ရန် တိုက်တွန်းလိုက်ပါသည်။ အီဂျစ်ခေါင်းဆောင်များကို ရှုံ့ချလိုက်ပြီး အီဂျစ်အနေဖြင့် နယ်စပ်များကို မဖွင့်ပါက ၎င်းတို့သည် သတ်ဖြတ်မှုတွင်ပါ၀င်သည့် ကြံရာပါများဖြစ်သည်ဟု ရုပ်မြင်သံကြားမိန့်ခွန်းတွင် စွပ်စွဲပြောကြားသွားပါသည်။

    အီရန်၏အမြင့်ဆုံးဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က အချို့အာရပ်နိုင်ငံများ၏ တိတ်ဆိတ်စွာနေမှုအပေါ် ရှုတ်ချလိုက်ပြီး ၎င်းတို့သည် ဘေးဆိုးကြီးကျရောက်ရန်အတွက် ပြင်ဆင်ပေးနေ သကဲ့သို့ ဖြစ်နေပါသည်ဟု အီရန် သတင်းအေဂျင်စီဖြစ်သော ISNA က ဆိုပါသည်။

    ဂါဇာရှိ ဇီယွန်နစ်အုပ်စိုးမှု၏ ကြောက်မက်ဖွယ်ရာကောင်းသော ပြစ်မှုကြီးသည် ရုပ်ဖျက်ထားရာမှ သွေးဆာသောမျက်နှာဖြင့် ပြန်လည်ပေါ်ပေါက်လာသည်ဟု အီရန်၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။ ယခုဘေးဆိုးကြီးထက်ပို၍ ဆိုးရွားသည်မှာ မိမိကိုယ်မိမိ မွတ်ဆလင်ဟု ကြွေးကြော်နေသူအာရပ်နိုင်ငံအချို့၏ တိတ်ဆိတ်စွာနေနေမှုပင် ဖြစ်သည်ဟု အီဂျစ်နှင့် ဂျော်ဒန်ကို ရည်ညွန်း၍ ပြောကြားသွားပါသည်။

    အီဂျစ်အနေဖြင့် အစ္စရေးနှင့်ပါလက်စတိုင်းအကြားတွင်လည်းကောင်း၊ ဟာမာ့စ်ပြိုင်ဘက်များအကြား တွင် လည်းကောင်း စေ့စပ်ဆွေးနွေးပွဲများကို ပြုလုပ်ပေးခဲ့ပါသည်။ သို့ရာတွင် အီဂျစ်အနေဖြင့် အစ္စရေးနှင့် အလုပ်လုပ်ရန် အလွန်ဆန္ဒပြင်းပြသည်ဟု ဝေဖန်မှု ခံရပါသည်။ အီဂျစ်နှင့် အခြားအနောက်နိုင်ငံများနှင့် မဟာမိတ်ပြုထားသည့် ဆွန်နီအာရပ်နိုင်ငံများအနေဖြင့် ဟစ်ပိုလာနှင့် ဟာမာ့စ်တို့ကို နက်ရှိုင်းစွာ ဆန့်ကျင်နေကြသူများ ဖြစ်ကြပါသည်။

    ဒေသတစ်ဝှမ်းလုံးတွင် အစ္စရေးတိုက်ခိုက်မှုများကို မုန်တီးလောက်အောင် အသေးစိတ်ပြကွက်များဖြင့် အာရပ်ဂြိုဟ်တုကွန်ရက်များက ဆက်တိုက်ပြသလျက်ရှိပါသည်။


    ဆီးရီးယားနိုင်ငံမြို့တော် ဒါမတ်စကပ်တွင် ဆန္ဒပြသူ လူအုပ်ကြီးက Yusuf al Azmeh Square သို့ ကြွေးကြော်သံများဖြင့် ကြွေးကြော်ချီတက်ကြပြီး အစ္စရေးနှင့် အမေရိကန်အလံများကို မီးရှို့ကြပါသည်။

    ဘေရွတ်မြို့တွင် ဆန္ဒပြသူများက ကုလသမဂ္ဂ္ဂရုံးရှေ့တွင် ပါလက်စတိုင်းနှင့် ဟာမာ့စ်အလံများ ကိုင်ဆောင်၍ ဆန္ဒုပြကြပါသည်။ စစ်ပြေးဒုက္ခသည်စခန်းတစ်ခုတွင်နေသော (၂၅)နှစ်အရွယ် ပါလက်စတိုင်း လူမျိုး Mr. Muhammad Mazen Ibrahim က အီဂျစ်၊ ဆော်ဒီအာရေးဘီယား၊ ဂျော်ဒန်နှင့် အစ္စရေးတို့အကြား ဟာမာ့စ်ကို ဆန့်ကျင်ရန် သဘောတူညီချက် ရရှိထားကြောင်း၊ ဟာမာ့စ်ကို ၎င်းတို့ အနေဖြင့် အဆုံးသတ်စေခြင်ကြောင်း ၊ အားလုံးသောနိုင်ငံများအနေဖြင့် ဟာမာ့စ်ကို ဆန့်ကျင်ရန် လျှို့ဝှက် အစီအစဉ်များ လုပ်နေကြကြောင်း ၊ သို့ရာတွင် ဘုရားသခင်၏ အလိုတော်အရ မိမိတို့ အနိုင်ရလိမ့်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

    ဖော်ပြပါ ခံစားချက်အတွေးအခေါ်သည် အာရပ်လောကတွင် ပျံ့နှံလျက်ရှိပါသည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Ms. Livni ၏ ကိုင်ရိုသို့ ယခင်အပတ်ကလာရောက်မှုသည် သက်သေအထောက်အထား တစ်ခုပင်ဖြစ်၍ အီဂျစ်အနေဖြင့် ဟာမာ့စ်ကိုဖယ်ရှားရန် ဆန္ဒပြင်းပြလျက်ရှိပြီး အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကို သဘောတူညီခဲ့ပါသည်။

    ၂၀၀၆ခုနှစ်၊ ဇူလိုင်လအဖြစ်အပျက်က အာရပ်လောကတွင် ဒေါသဖြစ်ပွားစေမှုကို ဂရက်ရိုက်ခတ် စေခဲ့ပါသည်။အဆိုပါ အဖြစ်အပျက်မှာ ဟစ်ပိုလာအနေဖြင့် အစ္စရေးနှင့်စတင် ပဋိပက္ခဖြစ်မှုအပေါ် ဆော်ဒီအာရေးဘီးယားနှင့် အီဂျစ်ခေါင်းဆောင်များက အများသိ အပြစ်တင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

    ယခင်နှစ်က ဖာတာကို ဖယ်ရှားပြီးနောက် ဟာမာ့စ်အနေဖြင့် ဂါဇာကိုထိန်းချုပ်ပြီး အစ္စရေးကို ဖျက်ဆီးပစ်ရန် သစ္စာဆိုခဲ့ပါသည်။ အီဂျစ်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟာမာ့စ်အကြား (၆)လတာ ယာယီ စစ်ပြေငြိမ်းမှုမှာ ခိုင်မြဲမှုမရှိဘဲ နိုဝင်ဘာလအစောပိုင်းမှ စတင်၍ ပြေလျှော့ပြီး (၁၀)ခန့်တွင် အဆုံးသတ်ခဲ့ ရပါသည်။


    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    2 comments:

    thihanyein said...

    အကိုလင်းဦးရေ အကို့စာကိုဖတ်ရတာ သတင်းစာတစ်ခုကိုဖတ်
    ရသလိုပဲ မိုက်တယ်ဗျာ စိတ်ဝင်စားစရာပဲ စစ်ရေး နိုင်ငံရေး စီးပွားရေး
    ဗဟုသုတရတယ်ဗျာ အရင်လိုပဲ အသစ်တင်တိုင်းလာဖတ်တော့မယ်
    စာမေးပွဲနားပြီ အကိုရွှင်လန်းချမ်းမြေ့ပါစေခင်ဗျ

    ပျံသန်းခြင်းရပ်ဝန်း said...

    အကိုရေ..မှန်မှန်မှားမှား သတင်းဟာသတင်းပါပဲဗျာ။
    ကျွန်တော်ကတော့နိုင်ငံတကာသတင်းဆိုရင်အကို့ဆီပဲလာဖတ်နေကြပါဗျာ။

    အားပေးလျက်
    နွေသူရ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo