သင်၏နေထိုင်မှုပုံစံ၊ သင်၏မျိုးစေ့ဗီဇနှင့် ကင်ဆာ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • လေ့လာဆန်းစစ်မှုအသစ်များသည် ကျွန်တော််တို့အတွက် ကြောက်စရာအကောင်းဆုံးသော ရောဂါဖြစ်ပေါ်စေသည့် ရှုပ်ထွေးသည့် အပြန်အလှန်ဆက်နွယ်ဖြစ်ပေါ်မှုများကို လေ့လာလျက်ရှိသည်။

    အဆီများသည့် အစားအစာများ၊အဝလွန်ခြင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခြင်းတို့သည် နှလုံးရောဂါ၊ ဆီးချိုရောဂါ ဒုတိယအမျိုးအစားတို့ကို ဖြစ်စေနိုင်သည့် အခြေအနေပိုမိုဖြစ်ပေါ်စေကြောင်း ကျွန်တော်တို့ သိရှိခဲ့သည်မှာ ကြာပါပြီ။ ယခုထပ်မံ သိရှိလာကြရသည်မှာ အထက်ဖေါ်ပြပါ အချက်များသည်ပင်လျှင် ကင်ဆာဖြစ်ပေါ်စေရာတွင်လည်း အဓိက အကြောင်းအရာများ ဖြစ်နေကြောင်း ပင် ဖြစ်သည်။ ၎င်းမှာ သတင်းဆိုးကြီးပင်ဖြစ်သည်။ သို့ရာတွင် သတင်းကောင်းမှာ ကျွန်တော်တို့၏ နေထိုင်မှုပုံစံအတွက် ကျွန်တော်တို့ကိုယ်တိုင် လုပ်ပေးနိုင်သည့် အရာများ ရှိနေသေးခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် မဝအောင် ထိန်းနိုင်လျှင် (ပို၍ပိန်အောင်လုပ်နိုင်လျှင်)၊ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်လျှင်၊ အဆီများသည့် red meat (အမဲသား၊ သိုးသားတို့ကဲ့သို့သော ချက်ပြီးလျှင် အရောင်အညိုရင့်ရှိသော အသားများ) များရှောင်ကြဉ််ပြီး ကြက်၊ဘဲသားများ၊ ငါးနှင့် ပရိုတင်းပါ၀င်မှုများသည့် ဟင်းသီးဟင်းရွက်များကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်များ ပါ၀င်သည့် အစားအစာများကို များစွာစားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်လျှင် ကျွန်တော်တို့ အနေဖြင့် ကင်ဆာ အမျိုးအစားအားလုံး ဖြစ်နိုင်ခြေအား ရ၀%အထိ အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။

    ကင်ဆာနှင့် စပ်လျဉ်း၍ နေထိုင်စားသောက်မှုပုံစံ အရေးကြီးပုံ၏ အဓိကသက်သေ အထောက်အထားတစ်ခုမှာ အဓိက ကင်ဆာအမျိုးအစားများသည် ကမ္ဘာတစ်ဝှမ်း နေရာအလိုက် ဖြစ်ပွားမှုနှုန်း မတူညီဘဲ တိုးတက်ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားမှု အလွန်များနေသည့် ကင်ဆာအမျိုးအစားများဖြစ်သော အူမ ကင်ဆာ၊ ပရော့စတိတ်ကင်ဆာ (သုတ်ရည်လွှတ်် ပေးသည့် အကျိတ်ဖြစ်သည်) နှင့် ရင်သားကင်ဆာတို့သည် ကမ္ဘာ့အခြားနေရာများတွင် အမေရိကန်တွင်ဖြစ်ပွားမှုနှုန်း၏ ၁/၁၀ ပုံမှ ၁/၂၀ အတွင်းသာ ရှိသည်ကို တွေ့ရသည်။ အလားတူ အံ့ဩဖွယ်ကောင်းသည်မှာ အခြားနိုင်ငံများမှ အမေရိကသို့ ပြောင်းရွှေ့ လာရောက်နေထိုင်ကြသည့်အခါ မျိုးဆက်တစ်ခုအတွင်း၌ပင် ၎င်းတို့ မိသားစုဝင်များ၏ ကင်ဆာ ဖြစ်ပွားမှုနှုန်းများသည် အမေရိကတွင် အစဉ်တစိုက်နေထိုင်ခဲ့ကြသည့် မိသားစုများ၏နှုန်းသို့ တိုးတက်ဖြစ်ပွားလာခြင်းပင် ဖြစ်သည်။ အခြားနိုင်ငံမှသူများသည် အမေရိကားသို့ ပြောင်းရွှေ့ လာရောက်နေထိုင်ခြင်းမပြုဘဲ ၎င်းတို့နိုင်ငံတွင် ဆက်လက်နေထိုင်စေကာမူ အမေရိကနိုင်ငံ၏ လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မှု ပြုလာပါကလဲ ၊ ၎င်းတို့ ကင်ဆာဖြစ်ပွားမှုနှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ဥပမာ- ဂျပန်လူမျိုးများသည် အနောက်တိုင်း လူနေမှုပုံစံများကို ပြောင်းလဲလာကြသည့် အလျောက်၊ ၎င်းတို့ အူမ၊ ရင်သားနှင့် ပရော့စတိတ်ကင်စာဖြစ်ပွားမှုနှုန်းသည် တဟုန်ထိုး တိုးတက် လာခဲ့သည်ကို တွေ့ရှိရပါသည်။


    ကျွန်တော်တို့၏ နေထိုင်မှုပုံစံများထဲမှာ မည်သည့်အချက်များသည် ကင်ဆာအမျိုးအစား များစွာတို့၏ ဖြစ်ပွားမှုနှုန်းကို တိုးတက်လာစေပါသနည်း။ အဓိက တရားခံမှာ အနောက်တိုင်းပုံစံ စားသောက်ခြင်း၊ အဝလွန်ခြင်းနှင့် လှုပ်ရှားမှုနည်းခြင်းတို့ ဖြစ်ပုံရှိသည်။ ကျွန်တော်တို့သည် ဆေးရွက်ကြီးနှင့် ကင်ဆာ၏ အရေးပါမှုကို သိရှိခဲ့သည်မှာ နှစ်ပေါင်း (၅၀)ကျော်ခဲ့ပြီဖြစ်သော်လည်း အစားအသောက်၊ ကောင်းမွန်သည့် ကိုယ်အလေးချိန်နှင့် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့သည် ကင်ဆာ ဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ကြောင်းကို ယခုမှ စတင် သိရှိလာနေခြင်း ဖြစ်သည်။

    စားသောက်ပုံအနေဖြင့် ကင်ဆာဖြစ်နိုင်မှုအပေါ် ကြီးမားစွာ အကျိုး သက်ရောက်မှုရှိနိုင်သည့်အကြောင်း သိသာထင်ရှားသော ဥပမာအား ပြီးခဲ့သည့် နွေရာသီတွင် အမေရိကန်ဆေးဝါးနှင့် ကျန်းမာရေးအဖွဲ့ဂျာနယ် (Journal of American Medical Association) တွင် ဖော်ပြထားသည့် အစီရင်ခံစာတွင် တွေ့ရှိရပါသည်။

    ဆရာဝန်များမှ အူမကြီးကင်စာရှိသူများအား ခွဲစိတ်မှုပြုလုပ်ပြီး ကင်ဆာအား ဖယ်ရှားပြီးနောက် ၎င်းတို့၏ စားသောက်မှုပုံစံအား လေ့လာခဲ့ကြရာ (၅)နှစ်အတွင်း အနောက်နိုင်ငံ၏ စားသောက်မှုပုံစံ ရှိသူများမှာ ကင်ဆာပြန်ဖြစ်နိုင်သည့်အခြေအနေသည် အစားအသောက်အား ချင့်ချိန်ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံးပြီး red meat အနည်းငယ်သာ စားသုံးသူများထက် (၃)ဆပိုများ သည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း လူနာများအပေါ် အစားအသောက်မှ မည်ကဲ့သို့အကျိုးသက်ရောက်မှု ရှိနေသနည်း။ ခွဲစိတ််မှုအနေဖြင့် အူမကြီးကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားနိုင်ခြင်းမရှိသည်မှာ ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ််မှုမပြုခင်၌ပင် ကင်ဆာဖြစ်နေသည့် ဆဲလ်များးမှာ အဓိက Tumor (တျူမာ) ဆီမှတဆင့် ပြန့်နှံ့သွားပြီဖြစ်သည်။ အနောက်နိုင်ငံ၏ စားသောက်ပုံများမှာ ကျန်ရစ်သည့် ကင်ဆာဆဲလ်များအား တိုးပွားလာရန် တနည်းနည်းဖြင့် လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။

    အဝလွန်ခြင်းသည်လည်း ဆေးရွက်ကြီးပြီးလျှင် အနောက်နိုင်ငံများတွင် ကင်ဆာဖြစ်စေသည့် ဒုတိယအရေးကြီးသည့် အချက်ဖြစ်သည်။ သင့်တင့်သည့် ကိုယ်အလေ့ချိန်ထားရှိခြင်းသည် ကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အထောက်အထားတွေ့ရိ်ှထားပြီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန် ကင်ဆာအဖွဲ့အစည်း (American Cancer Society)မှ ပြုလုပ်ခဲ့သည့် သုသေသနပြုမှုတစ်ခုတွင် ကျစ်လျစ်ပိန်ပါးသောသူနှင့် နှိုင်းယှဉ်လျှင် ၀လွန်းသောသူများအနေဖြင့် အမျိုးသားများတွင် ကင်ဆာ(၁၀)မျိုးဖြင့် လည်းကောင်း၊ အမျိုးသမီးများတွင် ကင်ဆာ (၁၂)မျိုးဖြင့် လည်းကောင်း သေဆုံးနိုင်မှုအခြေအနေ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိခဲ့ရသည်။ အဓိကအားဖြင့် အမျိုးသားများတွင် ကျောက်ကပ်ကင်ဆာာ (၉ဆအထိတိုးလာ) နှင့် အမျိုးသမီးများတွင် မျိုးဥအိမ်ကင်ဆာ (၆ ဆထက် ပို၍) တို့ဖြစ်သည်။

    အချို့ကင်ဆာအမျိုးအစားများမှ ကာကွယ်ရာတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့်ဆိုသော် သူနာပြုများ၏ ကျန်းမာရေးလေ့လာမှု အရ (Nurse’s Health Study) မှ တစ်နေ့လျှင် တစ်နာရီအနည်းဆုံး လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်သူအမျိုးသမီးများအနေဖြင့် လေ့ကျင့်ခန်း လျှော့၍ပြုလုပ်သည့် အမျိုးသမီးများထက် အူမကြီးကင်စာ ဖြစ်ပွားနိုင်မှုနှုန်း ၃၀% ပိုနည်းသည်ကို တွေ့ရှိခဲ့သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရင်သားကင်စာဖြစ်ပွားမှုမှလည်း အကာအကွယ်ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

    နေထိုင်မှုပုံစံသည် ကင်ဆာဖြစ်ပွားနိုင်သည့်ဆဲလ်နှင့် ကင်ဆာဖြစ်နေသည့်ဆဲလ်များကိုပါ အကျိုးတက်ရောက်မှုရှိစေသော ကြီးထွားမှုကို အားပေးသည့်အချက်ပြမှုများကို ထုတ်လုပ်ပေးခြင်းဖြင့် လူတစ်ဦးတွင် ကင်ဆာဖြစ်ပေါ်စေနိုင်မှုကို ပိုမို်စေသည်။ အဆိုပါ ဆဲလ်များအား ကင်ဆာ ဖြစ်ပေါ်စေနိုင်အောင် ဦးစွာပြုလုပ်ပေးသည့်အရာမှာ ၎င်းတို့၏ မျိုးဗီဇ(genes)များ ပြောင်းလဲ လာခြင်းပင် ဖြစ်သည်။

    တျူမာအားလုံးသည် ခွဲထွက်သွားသည့် (renegade) ဆဲလ်မှ စတင်ခြင်းဖြစ်သည်။ အစကနဦးတွင် အဆိုပါဆဲလ်သည် ခန္ဓာကိုယ်အတွင်းရှိ ၃၀,၀၀၀,၀၀၀,၀၀၀,၀၀၀ (သန်းပေါင်း သန်း၃၀) ပတ်ဝန်းကျင်ရှိ ဆဲလ်များထဲမှ တစ်ခုပင်ဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်တွင်ရှိသည့် အခြားဆဲလ်များနှင့် ကွာခြားမှု မရှိပါ။ ၎င်းအပြင် အဆိုပါဆဲလ်သည် ၎င်းပါ၀င်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမှ ခွဲထွက်ခိုင်းမှသာလျှင် ဆဲလ်ကွဲမှုပြုပါသည်။ ထိုကဲ့သို့ ဖြစ်သွားလျှင် အဆိုပါဆဲလ်၏ ပတ်ဝန်းကျင်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းမှ လိုအပ်သည့်ဆဲလ်ပမာဏရှိစေကာမူ ခွဲထွက်သွားသည့် ဆဲလ်သည် မထိန်းနိုင် မသိမ်းနိုင် ပွားများလာလေတော့သည်။

    ကင်ဆာဆိုသည်မှာ ချွတ်ယွင်းနေသည့် မျိုးဗီဇများနှင့် ဆိုင်သည့်ရောဂါဖြစ်သည်။ ကင်ဆာရောဂါသည်များအနက် ၁၀%မှာ ကင်ဆာဖြစ်စေနိုင်သည့် မျိုးဗီဇများကို ဆက်ခံထားသည့် သူများတွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အချို့တွင် ထိုမျိုးဗီဇများ၏ လွှမ်းမိုးမှုမှာ ကြီးမားလွန်းသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေမှာ အလွန်ပင် မြင့်မားသည်။ သို့ရာတွင် လူအများစုမှ အပြစ်အနာအဆာကင်းစွာ ဖွံ့ဖြိုးကြီးထွားမှုကို ဖြစ်စေသည့် ကောင်းမွန်သည့် မျိုးှဗီဇများနှင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ အမှန်မှာ ကျွန်တော်တို့၏ မျိုးှဗီဇများ (genes)များမှာ နှစ်သန်းပေါင်း ၆၀၀ကျော်အချိန်ယူပြီး အကောင်းဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းတို့သည် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရမည် ဖြစ်သည်။

    ကျွန်တော်တို့ ဘဝတစ်သက်တာတစ်လျှောက်တွင် ခန္ဓာကိုယ်တစ်ဝှမ်းမှဆဲလ်များသည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရသည်။ ၎င်း ပုံမှန်မဟုတ်သည့် (mutant cell) ဆဲလ်များသည်ပင်လျှင် ကင်ဆာ အများစုကို ဖြစ်စေခြင်းဖြစ်သည်။ ဆဲလ်တိုင်းတွင် ကြီးထွားမှုကို ဖြစ်စေသည့် “ပရိုတို-အွန်ကိုဂျင်း (proto-oncogenes)” များ ပါ၀င်သည့်အပြင် ကြီးထွားမှုကို ရပ်တန့်စေသည့် “တျူမာ တားဆီးသူ (tumor suppressor) ဂျင်းများ ပါ၀င်သည်။ ပရိုတို-အွန်ကိုဂျင်းအား အကျိုးတက်ရောက်မှုရှိသည့် mutation များသည် ကြီးထွားမှုကို လှုံ့ဆော်ပေးသည့် မော်လီကျူးက အချက်ပြမှုများကို ဆက်တိုက်ထုတ်လွှင့်ပေးစေသည်၊၊ ထိုအခါ ဆဲလ်အားအဆက်မပြတ်တိုးပွားခြင်း ဖြစ်ပေါ် စေသည်။ ထို့အတူTumor suppressors gene အား အကျိုးတက်ရောက်မှုဖြစ်ပေါ်ပါက ထိုသို့ကြီးထွားမှုကို ရပ်တန့်စေသည့် မော်လီကျူးက အချက်ပြမှုများကို တားဆီး လိုက်သည်။ လူနှင့် သက်ဆိုင်သည့် ကင်ဆာအတော်များများတွင် mutation ပုံစံအမျိုးမျိုးဖြစ်ပေါ်လေ့ရှိသည်။

    ၎င်းတို့အနက် အချို့မှာ oncogenes များအား အလုပ်လုပ်စေပြီး ၊ အချို့မှာ tumor suppressor gene များကို တားဆီး ပေးသည်။ တနည်းအားဖြင့်ဆိုလျှင် ကင်ဆာဆဲလ်များမှာ ညှပ်နေသည့် လီဗာ သို့မဟုတ် ချို့ယွင်းနေသော ဘရိတ်များရှိနေခြင်းပင် ဖြစ်သည်။ ဘဝသက်တမ်း တစ်လျှောက်တွင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် အကြမ်းအားဖြင့် ၁၀၁၆ ကြိမ် ဆဲလ်ကွဲမှုဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကင်ဆာဖြစ်ပေါ်နိုင်သည့် အခြေအနေအား လူ့ဘဝသက်တမ်းတစ်ခုတွင် အကြိမ်ပေါင်း ၁၀၁၆ ကြိမ် ဖြစ်စေနိုင်သည်။

    အခြားအရေးကြီးသည့် gene တစ်ခုဖြစ်သော Telom- erase သည် ကျန်းမာသည့် ဆဲလ်တွင် အလုပ်လုပ်ခြင်းမရှိ (Turn off) ဖြစ်နေသဖြင့် ဆဲလ်တစ်ခုသည် ၎င်း၏ မူလထက် နှစ်ဆတိုးပွားမှု အကြိမ်ပေါင်း (၅၀)ဖြစ်ပြီးလျှင် သေသွားစေသည်။ ကင်ဆာဆဲလ်အများစုတွင် အဆိုပါ gene သည် အလုပ် လုပ်နေသည် (Turn on ) ။ ထို့ကြောင့် ဆဲလ်အား အကန့်အသတ်မရှိ တိုးပွားမှု ဖြစ်ပေါ်စေသည်။ ဆဲလ်အနေဖြင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပေါ်စေသည့် gene အမျိုအစားများလည်း ရှိသေးသည်။ အဆိုပါ gene များ ပုံမှန် အလုပ်လုပ်ခြင်း မရှိသည့်အခါ ကင်ဆာဆဲလ်များ ဆက်လက်တိုးပွားမှု ဖြစ်ပေါ်နေတော့သည်။

    ကင်ဆာဖြစ်နေသည့်ဆဲလ်အား အဓိက Tumor ထံမှ ခွဲထွက်ပြီး အနီးရိ်ှ သွေးကြောပြွန်ငယ်များ ၊ သွေးဖြူဥပြွန်များ၏ နံရံများကို ဖြတ်ကျော်ပြီး သွေးလှည့်ပတ်မှုမှတဆင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားအောင် ပြုလုပ်ပေးသည့် gene များလည်း ရှိသေးသည်။ ယမန်နှစ်က ထုတ်ဝေခဲ့သော သုသေတန စာတမ်းတစ်ခုတွင် သားအိမ်ထဲရှိ ဆဲလ်သည် သန္ဓေသားလောင်းအတွင်း တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် လိုအပ်သည့် အခါမှသာ အလုပ်လုပ်သည့် (Active gene) များကို ရှာဖွေ၍ စာရင်းပြုစုခဲ့သည်။ Tumor ထံမှ ခွဲထွက်လာသည့် ဆဲလ်များတွင် အဆိုပါ gene များသည် ဆက်လက်၍ Active ဖြစ်နေသည်။ ဤနည်းဖြင့် ကင်ဆာဆဲလ်များအား ၎င်း၏ပတ်ဝန်းကျင်ရှိ တစ်ရှူးများထံမှ ခွဲထွက်စေသည်။

    မကြာသေးမီက RNA-10b ဟုခေါ်သည့် မော်လီကျူးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းသည် ရင်သားကင်ဆာဆဲလ်အား တစ်ရှူးဆီမှ ခွဲထွက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ တွေ့ရှိချက်သည် အလွန်အရေးပါသည့် သုသေတနရလဒ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမော်လီကျူုးအား ရင်သားကင်ဆာကုသရာတွင် အသုံးပြုလာနိုင်သောကြောင့်ဖြစ်သည်။

    ကင်ဆာ ဖြစ်ပေါ်စေသည့် မျိုးှဗီဇာပြောင်းလဲမှုများကို မည်သည့်အရာက ဖြစ်စေသနည်း။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်ရှိ မြူတေဂျင် (Mutagen)ဟုခေါ်သော Mutation ဖြစ်စေသည့် ဓါတုပစ္စည်းများသည် အထက်ပါ မျိုးဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ ပထမဦးဆုံးမှာ ဆေးလိပ်မီးခိုးဖြစ်သည်။ သို့ရာတွင် အများမှ ကင်ဆာဖြစ်စေသည်ဟု ယူဆထားကြသည့် ပတ်ဝန်းကျင်ရှိ ဓါတုပစ္စည်းများဖြစ်ကြသော အစားအစာကြာရှည်ခံဆေးများ ၊ ရေထဲတွင် ပါသည့် အဆိပ်အတောက် ရောဂါပိုးမွှားများ ၊ စက်ရုံမီးခိုးခေါင်းတိုင်များမှ ထွက်လာသည့် အဆိပ်အတောက် များတို့သည် ကင်ဆာကို ထင်သလောက် မဖြစ်စေကြောင်း တွေ့ရှိရပါသည်။ အမှန်အားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကင်ဆာများ၏ ၁% (သို့မဟုတ်) ၂% လောက်သာလျှင် အဆိုပါပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။

    ကင်ဆာဖြစ်စေသည့် Mutation များမှာ ဆဲလ်များမှ မိမိတို့၏ gene အား မတော်တဆ ဖျက်ဆီးလိုက်သည့်အခါတွင် ဖြစ်ပေါ်သည်က များသည်။ ကျွန်တော်တို့၏ ဆဲလ်တိုင်းသည် ၎င်း၏ ဇီဝဖြစ်စဉ်မှ ဘေးထွက််ပစ္စည်းအဖြစ် Mutation ဖြစ်စေသည့် ဓါတ်ပစ္စည်းများကို အစဉ်အမြဲထုတ်လွှတ်နေသည်။ ဆဲလ်များမှ အောက်ဆီဂျင်အား ရေအဖြစ်သို့ ပြောင်းလဲရာတွင် စွမ်းအင်ထွက်လာသည်နှင့်အတူ ပုံစံပြောင်းလဲ သွားသည့် အောက်ဆီဂျင်မော်လီကျူးများဖြစ်သော Oxygen Radical များကိုပါ ထုတ်လွှတ်ပေးသည်။ အဆိုပါ မော်လီကျူးများသည် ဆဲလ်များထဲရှိ DNA အပါအဝင် အခြားသောမော်လီကျူးများကို ၀ါးလုံးသိမ်းတိုက်ခိုက်လေတော့သည်။ ကျွန်တော်တို့၏ ဆဲလ်များသည် အဆိုပါတိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ပြင်ဆင်နိုင်သည့် အရည်အချင်းရှိသော်လည်း ပြီးပြည့်စုံသည့် ကာကွယ်မှုမျိုးကို မပေးနိုင်ချေ။ ထို့ကြောင့် ကျွန်တော်တို့ အသက်ကြီးပြင်းလာသည်နှင့်အမျှ Mutation များ ၊ Mutant gene များ တိုးပွားလာလေတော့သည်။

    Mutation များသည် ကင်ဆာဖြစ်ရန် လိုအပ်သည်ဆိုသော်လည်း လုံလုံလောက်လောက် မရှိပါ။ ကင်ဆာဆဲလ်၏ အပြင်မှ တစ်ခုခုမှလည်း အားဖြည့်ပေးရမည်ဖြစ်သည်။ Mutation ပေါင်းများစွာ ဖြစ်နေသော ဆဲလ်သည် ကင်ဆာဖြစ်ရန် တာဆူနေသည် (သို့မဟုတ်) ကင်ဆာဖြစ်စ ပြုနေပြီဆိုသော်လည်း ၎င်းဆဲလ်သည် ပြင်ပမှ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသည့် အချက်ပြမှုများ (Growth promoting signal)ရရှိမှသာလျှင် လုံးဝပြည့်စုံသည့် Tumor အဆင့်သို့ ရောက်ရှိသွားနိုင် သည်။ အမှန်အားဖြင့် လူသားများနှင့်သက်ဆိုင်သည့် ကင်ဆာဖြစ်ပေါ်မှုအများစုမှာ အထက်ဖော်ပြပါ ကဲ့သို့ Mutation နှင့် မဆိုင်သော မော်လီကျူလာ အချက်ပေးမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

    အနောက်နိုင်ငံ စားသုံးမှုပုံစံများသည် မည်သို့ ကင်ဆာဖြစ်ပေါ်မှုကို အားပေးသနည်း ဆိုသည်ကို မသိရှိရသေးပါ။ ကျွန်တော်တို့စားသုံးသည့် အစားအစာများတွင် gene များအား Mutate ဖြစ်စေသည့် ဓါတုပစ္စည်းများ ပါ၀င်သဖြင့် ကင်ဆာဖြစ်စေနိုင်သည်။ ဥပမာဆိုရလျှင် အဆီများသော red meat များအား အပူပြင်းပြင်းဖြင့် ချက်လိုက်လျှင် ဟက်ထရိုဆိုက်ကလစ် - အမိုင်နီ (Heterocyclic amines) ဟု ခေါ်သည့် ကင်ဆာဖြစ်စေနိုင်သည့် Mutagen များ ထုတ်လုပ်ပေးသည်။ အစားအစာများတွင် ဓါတုပစ္စည်းပေါင်းများစွာ ပါ၀င်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့်အခါ အခြားဓါတုပစ္စည်းများအဖြစ်သို့ ဓါတ်ပြု ပြောင်းလဲ သွားသည်။ ထို့ကြောင့် အနောက်နိုင်ငံအစားအစာများထဲမှ မည်သည်က ကင်ဆာဖြစ်စေနိုင်သည်ကို အတိအကျ မပြောနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် အနောက်နိုင်ငံ အစားအစာများသည် ကင်ဆာဖြစ်စေသည်မှာတော့ သေချာသည်။

    အဝလွန်ခြင်းသည် အဘယ်ကြောင့် ကင်ဆာပိုမိုဖြစ်စေသနည်းဆိုသည်ကို နားမလည် သေးသော်လည်း ကင်ဆာပိုမိုဖြစ်ပေါ်စေသည့် အချက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်မှာတော့ သေချာသည်။ အဝလွန်ခြင်းသည် ကြီးထွားမှုကို ဖြစ်စေသည့် အင်ဆူလင် ကဲ့သို့သော ဓါတ်များ (IGF-1) ကို သွေးထဲသို့ ပိုမိုထုတ်လွှတ််ပေးသည်။ သီအိုရီအရဆိုလျှင် ၎င်း IGF-1 သည် ကနဦး ကင်ဆာဆဲလ်များကို မသေသွားအောင် ကာကွယ်ပေးသည်။ ထို့ကြောင့် ခန္ဓာကိုယ် ရောင်ကိုင််ခြင်းသည်လည်း အဝလွန်ခြင်းနှင့် ကင်ဆာကြား ဆက်နွယ်မှုကို ရှင်းပြနိုင်သည်။ ရောင်ကိုင်း်ခြင်းသည် ရောဂါကူးစက်မှုဖြစ်နေသော တစ်ရှူးအား ဖယ်ရှားပြီး ပြန်လည်ကုသပေးသည့် ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်၏ ဇီဝကာကွယ်ရေးစနစ်တွင်ရှိသော ဆဲလ်များသည် အဆိုပါ ရောင်ကိုင်း်ခြင်းအား ဖြစ်ပေါ်စေသည်။ ၎င်းတို့ အသုံးပြုသည့် လက်နက်များမှာ ဆိုက်တိုကိုင်း (Cytokines) ဟုခေါ်သည့် ဓါတု အချက်ပြခြင်းများဖြစ်သည်။ များသောအားဖြင့် ရောင်ကိုင်းခြင်းမှာ ခဏသာ ဖြစ်လေ့ရှိသည်။ ရံဖန်ရံခါ ထိုရောင်ကိုင်းခြင်းများ အမြန်ပျောက်ကင်းခြင်းမရှိသည့်အခါ ၎င်းသည် နာတာရှည်ဖြစ်လာသည်။ ထိုအခါမျိုးတွင် ထိခိုက်ထားသော တစ်ရှူးသည် အမြဲပင် ဖွံ့ဖြိုးကြီးထွားမှုကိုအားပေးသည့် ဆိုက်တိုကိုင်းထဲတွင် နစ်မြှပ်နေလေတော့သည်။ ၎င်းအားဖြင့် ဆဲလ်များသည် စ၍ပွားများလာလေတော့သည်။ အကယ်၍ အဆိုပါဆဲလ်များသည် Mutation ဖြစ်ပြီးပြီဆိုပါက ဆိုက်တိုကိုင်းကြောင့် ကင်ဆာစတင်ဖြစ်ပေါ် လာစေတော့သည်။ ဥပမာ- အစာအိမ်အတွင်းရှိ အူများထဲမှ ဘက်တီးရီးယားများကြောင့် ၀မ်းဗိုက်အတွင်းရှိတစ်ရှူးများသည် ကြာရှည်စွာ ရောင်ကိုင်းနေသည့်အခါ ကင်ဆာဖြစ်ပေါ်လာ နိုင်သည်။ အလားတူ ဆီးအိမ်၏ နှုတ်ခမ်းသားများသည် ဆီးအိမ်အတွင်း ကျောက်တည်မှုများကြောင့် နှစ်ပေါင်းများစွာ ရောင်ကိုင်းနေသည့်အခါမျိုးတွင် ကင်ဆာဖြစ်နိုင်သည်။

    ရောင်ကိုင်းမှုနှင့် အဝလွန်မှု မည်သို့ ဆက်စပ်မှု ရှိသနည်း။ အဆီဆဲလ်များသည် ရောင်ကိုင်းမှုကိုဖြစ်စေသည့် ဓါတုပစ္စည်းများကို သွေးထဲသို့ထုတ်လွှတ်ကာ ကင်ဆာဖြစ်ပေါ်မှုကို အားပေးသည်။ အဝလွန်လေလေ အဆိုပါထုတ်လွှတ်မှု များလေလေ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ Cytokines များသည် ကင်ဆာ အားပေးသူအဖြစ် ဆောင်ရွက်ပေးသည်။ သို့ရာတွင် မှန်သည်မှားသည်ကို ဆုံးဖြတ်ရန် ဆက်လက်၍ သုတေသန လုပ်ဆောင်ရဦးမည်ဖြစ်သည်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ကျွန်တော်တို့၏ သွေးထဲရှိ IGF-1 နှင့် Cytokines ပမာဏကို လျှော့ချပေးနိုင်သည်။ ၎င်းသည်ပင်လျှင် ပုံမှန် လေ့ကျင့်ခန်းဖြင့် ကင်ဆာကို တားဆီးပေးသည် ဆိုသည့် အချက်ကို ရှင်းပြပေးနေခြင်း ဖြစ်သည်။ အမျိုးသမီးများတွင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် သွေးထဲရှိ အက်ထရိုဂျင် (Estrogen) ပမာဏကို လျှော့ချပေးပြီး ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

    ကျွန်တော်တို့ ကင်ဆာဖြစ်စေသည့် gene များအကြောင်းနှင့် အဆိုပါ gene များအပေါ် ကင်ဆာအားပေးသည့် ဓါတု အချက်ပြမှုများမှ လွှမ်းမိုးသက်ရောက်ပုံများကို ပိုမိုသိရှိနားလည်လာခြင်းဖြင့် ပိုမို ကောင်းမွန်သည့် ရောဂါစစ်ဆေးပုံများ၊ ကုသမှုစနစ်များ တွေ့ရှိလာကြသည်ဖြစ်သည့်အပြင် ပို၍ အရေးကြီးသည့် တိုးတက်မှုများကိုလည်း နောင်တွင် ရရှိလာစေမည်ဖြစ်သည်။ နေထိုင်မှု ပုံစံများနှင့် ကင်ဆာအကြောင်း လေ့လာခြင်းဖြင့် ကင်ဆာကိုလျှော့ချနိုင်သည့် အခွင့်အရေးများကိုလည်း ရရှိစေသည်။ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ရန်မလွယ်ကူသော်လည်း ဖြစ်နိုင်ပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံ၌ ဆေးရွက်ကြီးသုံးစွဲသူဦးရေမှာ လွန်ခဲ့သည့် မျိုးဆက်နှစ်ခုထက်စာလျှင် လွန်စွာ လျှော့နည်းသွားပြီ ဖြစ်သည်။ ဆေးရွက်ကြီးသုံးစွဲမှု ပိုမိုလျှော့ချရန်၊ စားသုံးမှုပုံစံပြင်ဆင်ရန်နှင့် ကိုယ်အလးချိန်လျှော့ချခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း စသည့် အလေ့အထများ ရရှိစေရန် မျိုးဆက် (၂)ဆက်ခန့် ကြာလိမ့်ဦးမည်ဖြစ်သည်။ သို့ရာတွင် ဖြစ်လာနိုင်သေးသည်။ ထိုသို့ဖြစ်လာလျှင် ကျွန်တော်တို့၏ မြေး၊မြစ်များသည် ကျွန်တော်တို့ မျိုးဆက်အား လည်ပြန်ကြည့်ပြီး ကျွန်တော်တို့ အကြောက်ရွံ့ဆုံးဖြစ်နေသော ရောဂါဆိုးကြီးမှ လွတ်မြောက်ရန် နေထိုင်မှုပုံစံအား ပြောင်းလဲလိုက်ခြင်းအားဖြင့် ပြုလုပ်နိုင်သည်ကို အဘယ်ကြောင့် ဤမျှ အချိန်ယူခဲ့ရသနည်းဆိုသည့် မေးခွန်းကို ခေါင်းကုတ်၍ အဖြေရှာနေပေတော့မည်။

    (ဤဆောင်းပါးအား မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းများသို့ မပို့ရသေးပါ။ စာတမ်းအတွက်နှင့် Blog များ မှ ကူးယူဖော်ပြလိုလျှင် ကျွန်တော့်ထံ ဦးဆုံး ခွင့်ပြုချက်ယူပါ )
    လင်းဦး (စိတ်ပညာ)

    3 comments:

    ခိုင်စိုးလင်း said...

    မခြောက်ပါနဲ့ အဲဒါတွေဖတ်ရင် စိတ္တဇ ဖြစ်တယ်

    myooo.nyan said...

    ကိုလင်းဦးရေးသားတဲ့ သုတ ဆောင်းပါကို ဘယ်မှမပို့ရသေးခင် အသေချာဖတ်သွားပါတယ်ဗျာ.. ဒါပေမယ့် မဆင်ခြင်တတ်ဘူးဗျာ..

    စိုးထက် - Soe Htet ! said...

    ကျွန်တော် ပြည်သူ့ကျန်းမာရေး ဘလော့ မှာ တင်ချင်ပါတယ် ... ခွင့်ပြုပါ ဗျို့ :)

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo