ကမ္မာဝါစာ မပီသသော်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ကမ္ဘာပေါ်မှာ လူမျိုးအမြောက်အများရှိရာမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးဟာ စကားချင်းမတူကြပါဘူး။ မိမိနဲ့ စကားချင်းမတူတဲ့ လူမျိုးတစ်မျိုးရဲ့ စကားကို သင်ကြားလျှင် တတ်မြောက်ပါတယ်။ သို့သော်လည်း မူရင်း မိခင်အသံလိုတော့ မပီသနိုင်ပါဘူး။ တရုတ်က မြန်မာလိုပြောလျှင် တရုတ်သံပေါက်ပြီး ကုလားက မြန်မာလို ပြောလျှင်လည်း ကုလားသံပေါက်မြဲပါ။ ထို့အတူ မွန်မြန်မာလူမျိုးတွေဟာ အားကြီးတဲ့ သဒ္ဒါတရားတွေနဲ့ ဘုရားရှင်ရဲ့ ပါဠိတော်များ ကျက်မှတ်ထားသော်လည်း မိမိတို့ရဲ့ မိခင်အသံကို မစွန့်နိုင်ပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲ ဂရုစိုက်ပြီး အာဂုံဆောင်ထားထား၊ မူလ မဂဓအသံနှင့်တော့ မတူနိုင်ဘူး။

    မြန်မာနိုင်ငံတော်အတွင်းမှာ တည်ရှိတဲ့ ဘုရားရှင်ရဲ့ ခြေတော်ရာနှစ်ဆူဟာ အင်းဝသတိုးမင်းစောလက်ထက် တိုင်းပြည်မငြိမ်မသက် ဖြစ်သည်ကစပြီး လူသူအရောက်အပေါက်မရှိ၊ ချံုပုတ်ပေါင်းဖုံးအုပ်ပြီး မင်းလေးဆက် တိုင်တိုင် ပျောက်ကွယ်နေခဲ့ပါတယ်။ ကောဇာသက္ကရာဇ် ၉၉၁-သာလွန်မင်းတရားကြီး လက်ထက်တော် ရောက်လာတော့ အာနန္ဒာဆရာတော်၊အရိယာလင်္ကာရဆရာတော်၊ တိလောကဂုရုဆရာတော် ၊ ပေါင်းဆရာတော်လေးပါးဦးဆောင်ပြီး သံဃာတစ်ကျိပ်နှစ်ပါး အခြံအရံနဲ့ စက်တော်ရာကို အဖူးအမြော် အရှာအဖွေ ကြွတော်မူပါတယ်။ သာလွန်မင်းတရားကြီးက အစောင့်အရှောက် လူငါးထောင်စေခန့်ပြီး ဆွမ်း၊ ပန်းကိစ္စ အလုံအလောက်နဲ့ ရွှေလှေကြီးလေးစင်း၊ လှော်ခတ်သူတစ်ရာ့နှစ်ဆယ်၊ ဒိုင်းမှူး၊ ဆင်မှူး မြင်းစုကြီး၊ လူတို့က လက်နက်ကိရိယာအစုံအလင်၊ ကုလားပျိုသွေးသောက်တို့က လူငါးရာအခြံအရံနဲ့ သက္ကရာဇ် ၁၀၀၀-ပြည့်၊ ကဆုန်လပြည့်နေ့ နေပြည်တော်က စုန်တော်မူကြပြီး မင်းဘူးဆိပ်မှာ လှေဆိုက်ကာ တောကို ၀င်ကြပါတယ်။

    တောင်ဖီလာဆရာတော်ဟာ ညဉ့်နက်သည့်တိုင်အောင် ပဋ္ဌာန်းကျမ်းကို သရဇ္ဇျာယ်ပြီး ကျိန်းတော်မူပါတယ်။ ည ၃နာရီလောက်မှာတော့ အိပ်မက်မြင်မက်ပါတယ်။ အိပ်မက်အတွင်းမှာ လူတစ်ယောက်ဟာ လှံတံကိုင်ပြီး ခွေးနက်ကြီးတစ်ကောင်နဲ့ ၊ ဆရာတော်ရှိရာကို လာနေပါတယ်။ ဆရာတော်ရှေ့ရောက်တော့ ဒီတောတွင်းမှာ ဘေးရန်အန္တရာယ်တွေ ပေါများတယ်၊ မသိဘူးလား၊ ဘာကိစ္စလာတာတုန်းလို့ ဆရာတော်ကို မေးပါတော့တယ်။ ဆရာတော်က ရွှေစက်တော် အရှာလာပါကြောင်း ပြန်ပြောတော့ ခွေးနက်ကြီးကို လက်ညှိုးညွှန်ပြပြီး၊ ရွှေစက်တော်ကို ဖူးချင်လျှင် ခွေးနက်ကြီးနောက် လိုက်သွားလို့ ပြောပါတယ်။ နောက်တစ်ရက်မိုးလင်းတော့ တောင်ဖီင်္လာဆရာတော်က အခြားဆရာတော်များကို အိပ်မက်အကြောင်း လျှောက်ထားပြီး တောနက်အတွင်းဝင်ကြပါတယ်။ တောနက်အတွင်းဝင်ကြတဲ့အခါ လူမနီးတဲ့တောကြီးထဲ ခွေးနက်ကြီးတစ်ကောင်လာတာကို မြင်ကြပါတယ်။ ခွေးနက်ကြီးနောက်လိုက်ရင်း ထူးဆန်းတဲ့ လူတစ်ယောက်ထိုင်နေတာကို တွေ့ရပါတယ်။ ထူးဆန်းတဲ့လူက ဘာလာလုပ်ကြတာလဲလို့ မေးတော့ စက်တော်ရာ အရှာလာကြောင်း ၊ သိလျှင်ပြောပြဖို့ ပြောကြတဲ့အခါ၊ လူထူးကြီးက ဦးခေါင်းကိုဆတ်ပြီး တောင်ထိပ်ကို ညွှန်ပြပါတယ်။ သူညွှန်ပြရာကြည့်တော့ ကျီးတစ်ကောင်ကို မြင်ရတယ်။ ကျီးက တအာအာနဲ့ မြည်နေတယ်။ တောင်ထိပ်ကို တက်ကြည့်ကြတော့ အထက်စက်တော်ရာကို တွေ့ကြပါတယ်။ ဆရာတော်များလည်း ၀မ်းမြောက်ဝမ်းသာ ရှိခိုးပူဇော်ကြပြီး ရွှေစက်တော်အနီးမှာပဲ ကျိန်းစပ်ကြတယ်။

    ညအခါရောက်တော့ တောင်ဖီလာဆရာတော်က ပဠာန်းကျမ်းကို သရဇ္ဈာယ်တယ်၊ တောင်စောင့်နတ် တောင်စောင့်နတ်တို့က သာဓုခေါ်ကြတယ်။ သာဓုခေါ်တာ ဘယ်သူတုန်းလို့ ဆရာတော်က မေးတော့ သောတာပန်နတ်ဖြစ်ပါတယ်လို့ ဖြေပါသတဲ့။ အဲ့တော့ ဆရာတော်က သောတာပန်နတ် ၊ ဘုရားရှင်ကို မီရဲ့လားလို့ မေးတော့ ၊ မီပါတယ်လို့ ဖြေပါတယ်။ တာဝတိ ံသာမှာဟောတဲ့ ပဋ္ဌာန်းတရားတော်ကော နားဖူးရဲ့လားလို့ ထပ်မေးလိုက်ပါတယ်။ နတ်ကလည်း နာဖူးပါတယ်လို့ ပြန်ဖြေပါတယ်။ ဒီအခါ ဆရာတော်က ငါသရဇ္ဈာယ်တဲ့ ပဋ္ဌာန်းတရားနဲ့ပုဒ် ပါဌ်အက္ခရာညီရဲ့လား မေးတော့ ၊ နတ်သားက အရှင်ဘုရား- အရှင်ဘုရားဟောတဲ့တရားနဲ့ နှိုင်းယှဉ်ပြောရရင် နံသောငါးပိကို ပေါက်ဖက်နှင့် အထပ်ထပ်ထုပ်၍ နမ်းလျှင် အပေါ်ဆုံးပေါက်ဖက်နံ့နှင့် တူပါတယ်လို့ ပြောတယ်။ ဒီအခါ တောင်ဖီလာဆရာတော်က ဒါယကာနတ်သား- ငါဟာ ဤပဋ္ဌာန်းတရားတော်၌ အလွန်ကြည်ညိုသည်ဖြစ်၍ ရွတ်အံသရဇ္ဈာယ်စဉ် အက္ခရာ၊ပုဒ် မချွတ်ယွင်းရအောင် သတိတရား၊၀ီရိယ တရားရှေ့ထား၍ ရွတ်အံသရဇ္ဈာယ်ခြင်း မှန်၏..အကယ်၍ ချွတ်ယွင်းချေသော် ငါ့ဦးခေါင်း မိုးကြိုးစက် ထိပါစေလို့ ကျိန်ပြောပါတော့တယ်။ သောတာပန်နတ်က ဘုန်းကြီး၊ ရွတ်အံသရဇ္ဈာယ်ခြင်း မှန်ပါတယ်။ ဘုန်းကြီး ၀ီရိယတိုးပွားအောင်ဆိုပါတယ်၊ ဘုရားဆုကို တောင်းပါလို့ပြောပြီး ကွယ်ပျောက်သွားပါတယ်။

    ဒီစကားရပ်မှာ တောင်ဖီလာဆရာတော်ဟာ သတိ၊၀ီရိယနှင့် ပဋ္ဌာန်းတရား ရွတ်အံသရဇ္ဈာယ်တာလည်း မှန်တယ်၊ သောတာပန်နတ်ပြောဆိုတာလည်း မှန်တယ်လို့ ဆိုနိုင်ပါတယ်။ တောင်ဖီလာဆရာတော်ဟာ အားကြီးသော သတိ၊၀ီရိယနဲ့ ဘယ်လိုပင် မဂဓဘာသာကို ရွတ်စေဦးတော့ မိခင်မြန်မာအသံကို မစွန့်နိုင်ဘူး၊ ဒါကြောင့် ရွတ်ဆိုတဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ အားလုံးမှန်ပါတယ်၊ ဒါပေမယ့် မဂဓသံ မပီသဘူး၊ မပီသတဲ့အတွက် သောတာပန်နတ်က အပြင်ဘက်အနံ့နှင့် ဥပမာပေးသွားခြင်းပဲ ဖြစ်ပါတယ်။

    ဒါကြောင့် ကမ္မဝါရွတ်ဖတ်ရာမှာ မဂဓသံပီသမှ ရဟန်းဖြစ်ရမယ်ဆိုလျှင် မဂဓတိုင်းသားစစ်စစ်ဖြစ်တဲ့ ကမ္မဝါဆရာ ရွတ်ဖတ်ကံဆောင်ခြင်းမှတစ်ပါး ဘယ်ပုဂ္ဂိုလ်မှ ရဟန်းဖြစ်ခွင့်မရှိဘူး ဖြစ်သွားမှာပေါ့ ။ ဒီယနေ့ခေတ်မှာဆိုရင် မဂဓတိုင်း ရာဇဂြိုဟ်တစ်ဝိုက်မှာ မဂဓစကားပြောသူ မရှိတော့ဘူး၊ ဟိန္ဒူဘာသာ၊ သက္ကတဘာသာတို့က လွှမ်းမိုးနေပြီ၊ ဒါကြောင့် မဂဓသံ ပီပီသသ ကမ္မဝါစာရွတ်ဖတ်မှ ရဟန်းဖြစ်ရမယ်ဆိုလျှင် ရဟန်းဘဝဆိုတာ မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားနိုင်တယ်။ ဒီတော့လည်း ကျွန်တော့်ကို မေးစရာတွေ ရှိလာပြီပေါ့။ ကျမ်းဂန်တွေအရရော၊ လူတွေတော်တော်များများ ယူဆထားလာကြတဲ့ ပီပီသသ ရွတ်ရမယ်ဆိုတာကြီးနဲ့ ကိုင်ပေါက်နေလောက်ပြီပေါ့ ။ ဟုတ်ကဲ့ ပီပီသသ ရွတ်ရပါမယ်။ ကျွန်တော်ရှင်းပါမယ်၊ မဂဓတိုင်းသားလောက် အသံမပေါက်ပေမယ့် ဌာန်၊ကရိုဏ်း၊ပယတ် မမှားခဲ့လျှင် ကံမပျက်နိုင်ပါဘူး။ ဒီနေရာမှာ တိတိကျကျပြောရရင်ဖြင့် ဗျည်းသိမှတ်ဖွယ် (၁၀)ပါးကို ဗျဥ္ဇနဗုဒ္ဓိလို့ ခေါ်ပါတယ်။ ကမ္မဝါရွတ်ဖတ်တဲ့အခါ ဗျဥ္ဇနဗုဒ္ဓိ (၁၀)ပါးနဲ့ညီအောင် ရွတ်ဖတ်ရတယ်၊ အဲ့ဒီ (၁၀)ပါးကတော့ - (၁) သိထိလ -လျော့လျောရွတ်ရသော အက္ခရာ၊(၂) ဓနိတ- တင်းတင်းရွတ်ရသော အက္ခရာ၊ (၃)ဒီဃ - ရှည်ရှည်ရွတ်ရသောအက္ခရာ၊ ရဿ - တိုတိုရွတ်ရသော အက္ခရာ၊ (၅)ဂရု - လေးလေးရွတ်ရသောအက္ခရာ၊ (၆) လဟု - ပေါ့ပေါ့ရွတ်ရသောအက္ခရာ၊ (၇)နိဂ္ဂဟိတ် - နှာသံဖြင့် ရွတ်ရသော အက္ခရာ၊ (၈) ၀ိမုတ် - ခံတွင်းဖွင့်၍ ရွတ်ရသောအက္ခရာ၊(၉) သမ္ဗန္ဓ - ပုဒ်စပ်၍ ရွတ်ရသော အက္ခရာ၊ (၁၀) ၀၀တ္ထိတ - ပုဒ်ဖြတ်၍ ရွတ်ရသော အက္ခရာ တို့ ဖြစ်ပါတယ်။

    အထက်ပါ (၁၀)ပါးအတိုင်းမဟုတ်ပဲ... ဥပမာ တင်းတင်းရွတ်ဆိုရမှာကို လျော့လျော့ရွတ်ဆိုလျှင်လည်းကောင်း၊ အရှည်ဆွဲရွတ်ရမှာကို တိုတိုရွတ်ရွတ်ဆိုလျှင်သော်လည်းကောင်း ကံပျက်ပါကြောင်း ရေးသားလိုက်ရပါတယ်။


    (မှီငြမ်း -ထီးချိုင့်မြို့တည်တောဆရာတော်၏ ရဟန်းခံခြင်းနှင့်သံသယ- )
    လင်းဦး (စိတ်ပညာ)

    3 comments:

    myooo.nyan said...

    ကိုလင်းဦးရေ.. အသေချာရေးပြီး မျှဝေထားတာ အတော်လေးကောင်းလှပါတယ်..တကယ်တော့လည်း ရဟန်းဖြစ်ဖို့ အကျင့်သီလတင်မဟုတ်ဘူး..ရွတ်ဖတ် သရဇ္ဈာယ်တဲ့နေရာမှလည်း အရေးကြီးသကိုး ဆိုတာ ဒီပိုစ်လေးဖတ်ပြီး သိခဲ့ရတယ်ဗျာ.. မူရင်းရေးသားသူရော ကောက်နှုတ်ဖော်ပြသူပါ.. ကျေးဇူးတော် အနန္တဗျာ...

    JulyDream said...

    အခုလို ဝေမျှပေးတဲ့အတွက် မသိသေးတာတွေ သိခဲ့ရပါတယ်။ ၂၀၀၆ ကမှ ပထမဦးဆုံး ရောက်ခဲ့တဲ့ ရွှေစက်တော်ကိုလည်း ပြန်လွမ်းမိသဗျာ။

    ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    Thaung said...

    အခုလို တင်ပြမျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်... မသိတာတွေ တော်တော်များများကို သိခဲ့ရပါတယ်ရှင်... ဗျဥ္ဇနဗုဒ္ဓိ (၁၀)ပါးကို ကူးယူသွားပါသေးတယ်ရှင်....

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo