ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်(၁၆) (သို့) ကာရံမပါ ကဗျာမဟုတ်တဲ့လား

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ဟုတ်ကဲ့..............။ ကဗျာနဲ့ပတ်သက်ပြီး ဒီဆောင်းပါးလေး ရေးဖို့ ဖြစ်လာခဲ့ပြန်ပြီ။ ရာစုနှစ်တစ်ခုပြီး တစ်ခု ကျော်ဖြတ်ပြီး၊ ခေတ်တွေက ပြောင်းလာတယ်။ ကျွန်တော်တို့တွေ ဘာတွေ တိုးတက်လာခဲ့သလဲ။ စာပေနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လောက် အမြင်ပြောင်းလာသလဲ။ စာပေတိုးတက်မှုကကော ရှိလာခဲ့ရဲ့လား၊ အဆင့်အတန်းတစ်ခုကို ရောက်ပြီလား.....စာပေအဆင့်အတန်းမြင့်လာတယ်ဆိုတာကော ဘာတွေနဲ့တိုင်းလို့ သိလာရတာလဲ...... စသဖြင့် မေးခွန်းပေါင်းစုံနဲ့ ...။

    ကဗျာဆရာ.... သူဟာ ကဗျာဆရာတစ်ယောက်၊ သောကြာနဲ့ ရယ်စရာမဂ္ဂဇင်းပေါ်မှာ ငြင်းလာကြတဲ့၊ မေးလာတဲ့ စကားတစ်ခု။ ကောင်းပါပြီ။ ကျွန်တော်ပြောပါ့မယ်။ အစ်ကိုဟာ ကဗျာဆရာတစ်ယောက်ဆိုတာထက် မျက်လုံးစုံမှိတ်ပြီး ကိုယ့်အမြင်ကိုပဲ အမှန် လုပ်နေတဲ့သူပဲလို့ ကျွန်တော်ထင်ပါတယ်။ အစ်ကို အောင်မြင်ခဲ့တဲ့ ကဗျာတွေ အများကြီးပါ။ ကျွန်တော်ဟာ ခေတ်ပေါ်ကဗျာမော်ဒန်ကို ချစ်မြတ်နိုးသလို ဂန္ဓဝင်ကိုလည်း မပစ်ပယ်ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်ဟာ မော်ဒန်မှ မော်ဒန်၊ ဂန္ဓဝင်ဆိုတာကြီးကို မြောင်းထဲထိုးထားတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် လေးလုံးစပ်ကဗျာတွေကို ရေးခဲ့ဖူးတယ်ဆိုတာ အစ်ကိုသိပါတယ်။

    ဟုတ်ပါပြီအစ်ကို။ အစ်ကိုက မော်ဒန်ကဗျာဟာ ဘာစည်းမှ မရှိ၊ ဖြစ်ကလက်ဆန်း ရေးထားသော ကဗျာများ ဆိုပြီး ဆောင်ပါးတွေရေးပြီး မော်ဒန်ကဗျာဆရာများကို ထိုးနှက်ရေးခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာက အစ်ကို့အနေနဲ့ ဂန္ဓဝင်ကဗျာများ( ချုပ်ပြီးပြောလိုက်တာပါ)ကို စွဲလန်း မြတ်နိုးစွာ ရေးတယ်ဆိုတာ လက်ခံပါတယ်။ ကျွန်တော်ပြောချင်တာက ဂန္ဓဝင်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မော်ဒန်ဆိုတဲ့ အဓိပ္ပါယ်လေး။ အစ်ကို ဖြေကြည့်စမ်းပါ။

    အစ်ကိုဖြေမှာက ဂန္ဓဝင်ဆိုတာ သူ့စည်း၊ သူ့နည်းနဲ့ရေးထားတာကွ၊ မင်းတို့ မော်ဒန်ကဗျာဆိုတာတွေက စာရေးသလိုပဲ ၊ ဒါကို ကဗျာလို့ သတ်မှတ်လို့ မရဘူး....... အဲ့လိုပဲ ဖြေမှာပါ။ ဖြေလည်းဖြေခဲ့ဖူးတယ်၊ ပြောလည်း ပြောဖူးတယ် မဟုတ်လား။ အတန်းထဲမှာ မော်ဒန်ကဗျာ (ခေတ်ပေါ်ကဗျာ) ရေးကြတဲ့ ကလေးတွေကို အစ်ကိုက အမြဲတမ်း ရှုံ့ချပြောဆိုလေ့ ရှိတယ်မဟုတ်လား။ ပြီးတော့ အဆင့်အတန်း မရှိတဲ့ကဗျာ၊ မင်းတို့ကြောင့် ငါတို့ မြန်မာကဗျာအဆင့်အတန်း နိမ့်ကျတယ် ဆိုပြီး ပြောဆိုလေ့ရှိှတယ် မဟုတ်လား။ ဒီမှာ အစ်ကို .... သူတို့မှာ သူတို့ခံစားချက်၊ သူတို့ရဲ့ ရင်ထဲက စကားကို ချပြနေတာ။ အစ်ကိုတို့ ဂန္ဓဝင်ကဗျာတွေကကော ရင်တွင်းက လာတာမဟုတ်ဘူးလား။ ကတယ်တမ်းပြောရရင် အစ်ကိုတို့ အခုပြောနေ၊ ရေးနေကြတဲ့ ဂန္ဓဝင်ကဗျာဆိုတာဟာလည်း တစ်ခေတ်က မော်ဒန်ဖြစ်ခဲ့တာပဲ။ ဒါကို အစ်ကိုတစ်ယောက် သိပါရဲ့လား။ သူ့ခေတ် သူ့ခေတ်အခါက သူဟာ မော်ဒန်ပါပဲ ။ ဟိုးခေတ်အခါကကော လူပုဂ္ဂိုလ်တွေ ကဗျာရေးကြလား။ ရဟန်းစာဆိုတော်တွေပဲ ပေါ်ပေါက်ခဲ့ဖူးတာ တွေ့မှာပါ။ နောက်ပိုင်းမှ လူပုဂ္ဂိုလ်တွေက ရေးလာကြတာ မဟုတ်လား။

    ပြီးတော့ ကဗျာကို ကဗျာလို ဖတ်ဖို့ပြောတော့ ...မင်းတို့ဟာက ကဗျာတွေမှ မဟုတ်တာ....လို့ ပြောတယ်နော်။ ကာရံပါမှ၊ အလုံးရေတွေနဲ့ ရေးမှ ကဗျာလို့ ခေါ်သလားအစ်ကို။ လွတ်လပ်ကာရံကို အစ်ကို သဘောပေါက်ရဲ့လား။ Rhythm ကိုကော အစ်ကို သဘောပေါက်ပါရဲ့လား။ မော်ဒန်ကဗျာဆိုတာတွေကလည်း ရင်တွင်းကလာတဲ့ ခံစားချက်တွေကို ဖော်ပြချက်တစ်ခုပါ။ ဖော်ပြချက်တစ်ခုမှာ အမှန် ၊ အမှားတွေနဲ့ ငြင်းဦးမလို့လား။ ဖော်ပြချက်တစ်ခုမှာ ကာရံပါရမယ်တဲ့လား။ ကာရံမပါ ကဗျာမဟုတ်လို့ ပြောဦးမလို့လား။ ကျွန်တော်ကိုယ်တိုင် ကာရံတွေကို နှစ်ခြိုက်တယ်။ ကာရံကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရမ်းကို နှစ်ခြိုက်ကြတယ်။ ခေတ်ဟောင်းသမားကော၊ ခေတ်သစ် လူငယ်တွေကော ကာရံကို နှစ်သက်ကြတယ်။ အများစုလို့ ခြံုပြီး ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုနေကြတဲ့ Hip Hop ကိုပဲကြည့်။ ကာရံနဲ့ဆိုတော့ လူငယ်တွေ ကြိုက်ကြတယ်။ ဒါဟာ ကာရံကို နှစ်သက်ကြတယ်ဆိုတာ ပြတာပဲ ။

    ပြီးတော့ အစ်ကိုက ရေးသား၊ မေးလာပါတယ်။ မော်ဒန်တွေကို ကျောင်းသုံးသင်ရိုးစာအုပ်မှာ မထည့်သွင်းသင့်ပါကြောင်း။ မော်ဒန်ကဗျာတွေကို တော်ရုံ ကျောင်းသား (ကျောင်းသားအားလုံးနီးပါး) နားမလည်နိုင်ပါကြောင်း၊ ကန့်ကွက်ခဲ့တယ်။ ဒီတော့ ကျွန်တော့်က ပြန်ပြီး ပြောချင်၊ မေးချင်လာတယ် အစ်ကို။ မော်ဒန်ကိုပဲ နားမလည်နိုင်တာမဟုတ်ပါဘူး။ ဂန္ဓဝင်ကိုလည်း ကျောင်းသားတွေ နားမလည်ပါဘူး။ အစ်ကို မယုံဘူးဆိုရင် အခု သင်ရိုးစာအုပ်ထဲက ခက်ဆစ်ဆိုတဲ့ ဖွင့်ဆိုချက်လေးကို ဖြုတ်ပြီး ကျောင်းသားတွေကို ကဗျာဖတ်ကြည့်ခိုင်းပါလား။ နားလည်နိုင်ပါ့မလား။ ဥပမာ- နွေဦးကာလ မြူထသောအခါ ကဗျာကို ဖတ်ကြည့်ခိုင်းကြည့်၊ ရင်းထောင် ရင်းစွဲ = ဆိုတာကို ကျောင်းသားတွေ နားမလည်နိုင်ပါဘူး။ ခက်ဆစ်ဆိုတဲ့ ဖွင့်ဆိုချက်လေးကို ဖတ်ပြီးမှ နားလည်ကြရတာပါ။ ဒါကြောင့် မော်ဒန်ကဗျာကို ကျောင်းသုံးစာအုပ်တွေမှာ ထည့်သွင်းနိုင်ပါတယ်။

    နောက်တစ်ခုက အစ်ကိုက မော်ဒန်ကဗျာဆရာကြီးလို့ အမည်သမုဒ်ခံရတဲ့ ဆရာကြီးဦးသာနိုးကို အပြစ်ဖို့ခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာက မော်ဒန်ကဗျာကို ဆရာကြီးဦးသာနိုး မသယ်လာလည်း အခြားလူတွေ သယ်လာမှာပါ။ မောင်စိန်ဝင်း(ပုတီးကုန်း)တောင် မော်ဒန်ကို လက်ခံနေပါပြီ။ သူကိုယ်တိုင် စာပေဟောပြောပွဲမှာ ဧရာဝတီကဗျာကို ဖတ်ပြခဲ့တယ် မဟုတ်လား။ အစ်ကို့အနေနဲ့ ဂန္ဓဝင်ကို မပစ်ပယ်သလို မော်ဒန်ကိုလည်း မရှုံ့ချပါနဲ့လို့ တောင်းဆိုပါရစေ။ စာရေးဆရာ တာရာမင်းဝေ ပြောသလို ကျွန်တော်တို့ကို နားလည်မှုလေးနဲ့ပဲ ခံစားကြည့်ပေးပါ။

    လင်းဦး (စိတ်ပညာ)

    2 comments:

    Mintasay said...

    You have right to do anything u want

    တေဇာ (လရောင်လမ်း) said...

    မှန်ပါတယ်...။ ကာရံပါမှ စည်းစနစ်မှန်မှရယ်လို့ ကန့်သန်ထားလိုက်ရင် ခံစားချက်ကိုဖော်ထုတ်ဖို့ ခက်ပါမယ်။
    တစ်ခါတစ်ခါ ခံစားချက်ကနေသွေဖည်ပြီး ကာရံတွေ၊ စကားလုံးအလှအပတွေရဲ့ သွေးဆောင်တာခံရပြီး (ကိုယ်တိုင်) ခံစားချက်ကတခြား၊ ထွက်လာတဲ့ ကဗျာကတစ်ဖုံ ဖြစ်တတ်ပါတယ်။ ခပ်ညံ့ညံ့ကောင်လေး မို့လို့လားတော့ မသိပါဘူး။ ဒီတော့ ကာရံနဘေနဲ့ ကဗျာဆန်တာတွေ မရေးဖြစ်ကြောင်းပါ။ (မရေးနိုင်ဘူးပဲ ပြောပါရစေတော့ဗျာ)
    အဲ ...ဒါနဲ့ ခံစားချက်ကို စကားလုံးလေးတွေဖြစ်အောင် ပုံဖော်ကြည့်ပါတယ်။ ပေစောင်းစောင်းစာသားလေးတွေတော့ ရပါရဲ့...။ မခေါ်ဘဲရောက်လာတဲ့ ကာရံတွေ ထပ်နေပြန်ပါရော...။ ကဲ...။
    ဟုတ်ပါတယ်အစ်ကို...။ ကျွန်တော့် (တစ်ယောက်ထဲ) အနေနဲ့တော့ ကဗျာကို ရေးတတ်သလိုရေးပါတယ်။ ရေးချင် စိတ်ပေါ်လာသလိုရေးပါတယ်။ ကဗျာဖြစ်လား မဖြစ်လားတော့ ကျွန်တော်လည်း မဆုံးဖြတ်တတ်ပါဘူး။
    မဖြစ်လည်း ရပါတယ်။ ကျွန်တော်ရေးတဲ့ကဗျာ(လိုလို)လေးတွေ ကျွန်တော် ပြန်ဖတ်ဖြစ်ပါတယ်။ ဟုတ်ကဲ့...။
    (ဆရာ) မောင်ချောနွယ်...၊ အောင်ချိမ့်.. ကြိုက်ပါတယ်။
    ြ(ကို)ကည်ဇော်အေးရဲ့ နိမိတ်ပုံလေးတွေကို နှစ်သက်ပါတယ်။
    (ကို)ဇေယျာလင်းကို ကြိုက်သလိုလိုပါပဲ။ (နားတော့ မလည်ပါဘူး)
    အစ်ကို့ ကဗျာတွေဘက် သွားဦးမှ.. ၀ှစ်...။
    :P

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo