ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်(၁၇)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ဓမ္မရံသီမဂ္ဂဇင်း၊ဧပြီလ၌ပါရှိသော စာရေးသူ၏ တရားစခန်းမှာ ဆောင်းပါးနှင့် ပတ်သက်၍ တရားစခန်းတစ်ခုက စာရေးသူအား ဤသို့ရေးရကောင်းလားဟု တရားစွဲရန် ပြုလုပ်နေကြသည်ဟု ကြားသိရပါသည်။ စာရေးသူက မည်သည့်တရားစခန်းဟု အမည်ဖော်ရေးသားခဲ့ခြင်း မဟုတ်ပါ။ ပုဂ္ဂိုလ်ရေး မရေးခဲ့ပါ။ ယခု ဤဆောင်းပါး ရေးချိန်အထိတော့ ဘာမှ မထူးခြားသေးပါ။ အကယ်၍ ရုံးမှဆင့်ခေါ်လျှင်လည်း ရင်ဆိုင်ရန် အသင့်ရှိပါသည်။

    တရားစခန်းတစ်ခု၌ မလိုလားအပ်သော အရာများ ဖြစ်ပေါ်ရတတ်ခြင်း၏ အကြောင်းရင်းမှာ တရားပြဆရာ (ရဟန်း၊ သံဃာ၊ လူပုဂ္ဂိုလ်)နှင့် တရားစခန်းဖြစ်မြောက်ရေးအဖွဲ့ (ရဟန်း၊သံဃာ၊လူပုဂ္ဂိုလ်)အချို့တို့၏ သတိလက်လွတ် အပြုအမူတို့ကြောင့် ဖြစ်ပေါ်လာခြင်းက များပါသည်။ ဤ၌ တရားစန်းမှာ သည်လိုတရားပြ ဆရာမျိုးလည်း ရှိပါသည်ဟု ဖော်ပြလိုပါသည်။ စာရေးသူနှင့် ထိုတရားပြဆရာရဟန်းတို့ အကျွမ်းတဝင် ခင်မင်ခြင်း( ပုဂ္ဂိုလ်ရေး) မရှိပါ။ သို့သော် စာရေးသူ၏ ၀ါသနာအတိုင်း ထိုရဟန်းဆရာ၏ တရားပြပုံကို လေ့လာမိပါသည်။ စာရေးသူက ထိုဆရာ ရဟန်းတော်အား ဓါတ်ပုံ၊ အမည်၊နေရပ်( သီတင်းသုံးရာကျောင်း)တို့ကို ဖော်ပြခွင့်ပြုရန် လျှောက်ထားပါသည်။ ခွင့်မပြုခဲ့ပါ။

    ထိုဆရာရဟန်းတော်ကား သက်တော် ၅၀၊ ၀ါတော် ၃၀ ရှိပါပြီ။ တောင်တွင်းကြီး၊ ပြည်၊အောင်လံမြို့သွား မော်တော်ကားလမ်းနှင့် မနီးမဝေး တောရွာတစ်ရွာ၏အနီး တောရကျောင်းတစ်ကျောင်း၌ သီတင်းသုံးပါသည်။ နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့မှ သစ်ထုတ်လုပ်ရေးများ တစ်ခါတစ်ရံ ထိုကျောင်းထဲသို့ ရောက်သွားကြပါသည်။ ရေသောက်၊ အမောဖြေ၊ ဆရာတော်နှင့် တစ်ခါတစ်ရံတွေ့၍ မတွေ့ရသော အခါက များပါသည်။ ကျောင်း၌ ဘာမှ ထူးထူးဆန်းဆန်းမရှိ။ ကျောင်းစောင့်မရှိ။ ခွေး မွေးမထား။ တစ်ခါတစ်ရံ ကျောင်းဝိုင်းအတွင်း သစ်ပင်များမှ သစ်ရွက်ခြောက်များကို တံမြက်လှည်း သန့်ရှင်းရေးပြုလုပ်ထားသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ သစ်ရွက်ခြောက်များဖြင့် ရှုပ်ပွေနေတတ်ပါသည်။

    ကျောင်းကလေး၏အနီင်္းတွင် ရေနွေးကျိုမီးဖိုဟု ထင်ရသည့် ထင်းမီးဖိုတစ်ခု၊ ၎င်းအနီး၌ တစ်ချောင်းထောက် သုံးခွရေအိုးတစ်လုံးတင် စင်ကလေးနှင့် သောက်ရေအိုးတစ်လုံးမျှသာ ရှိပါသည်။ တစ်ခါတစ်ရံ ထိုရဟန်းတော်နှင့် ပက်ပင်းတွေ့ပါက ၊ ကိုင်း.........ဒါယကာတို့ နားကြ.........နားကြ၊ ဟိုမှာ သောက်ရေစင်ပါ၊ ရေသောက်ကြပါဟု နှုတ်စကားဆိုကာ တခြားဘက်လှည့်ထွက်သွားတတ်ပါသည်။ စကားများများ ကြာကြာမပြောတတ်ပါ။ ကားသမားများက အထာသိကြ၍ စကားများများ ဆက်မလျှောက်ကြပါ။ ပါလာသော ငွေကြေး၊ ၀တ္ထု၊ မုန့်ပဲသရေစာ၊ ဖယောင်းတိုင်၊ လက်ဖက်ခြောက်များကို ဆရာတော်အား ကပ်လှူကြပါသည်။ ဆရာတော်က ငွေကြေးဝတ္ထု လုံးဝ လက်မခံပါ။ မုန့်ပဲသရေစာတို့ကို ၊ ဒါယကာတို့ တောထဲမှာဆာရင် စားဖို့ ဆိုကာ ပြန်စွန့်ပါသည်။ ဖယောင်းတိုင်နှင့် လက်ဖက်ခြောက်ထုပ်ကိုတော့ လက်ခံထားပါသည်။

    ကျောင်းကလေးကလည်း ၄-ပင် ကျောင်း၊ အင်ဖက်မိုး၊ အင်ဖက်ကာမျှသာ။ ကျောင်းအတွင်း၌ သပိတ်ခြေနှင့် သပိတ်တစ်လုံး၊ ယပ်တစ်ချောင်းသာ ရှိပါသည်။ အခြား ထူးထူးထွေထွေပစ္စည်း မရှိပါ။ ဆရာတော်က ဆေးလိပ်မသောက်၊ ကွမ်းမစားပါ။ ဆရာတော်ကား တောရကျောင်းကလေးတွင် အချိန်ပြည့် တရားအားထုတ် နေတတ်ပါသည်။ အရေးကြီးမှသာ ရွာထဲက လူကြီးများနှင့် စကားလက်ခံပြောပါသည်။ နွားကျောင်းသား၊ ထင်းရှာ၊ ၀ါးရှာသူများကို လုံးဝ စကားရှာမပြောပါ။

    နံနက် ၉-နာရီခန့် ရွာဘက်သို့ ဆွမ်းခံထွက်ပါသည်။ သပိတ်တွင် ဆွမ်းဟင်းထည့်ရန် သီးခြားခွက် မပါပါ။ ဆွမ်းရော ဟင်းပါ တစ်ပေါင်းတည်း အလှူခံပါသည်။ ဆွမ်းခံရာ၌ စားသောက်ရုံမျှ အလှူခံပါသည်။ စားသုံး ဘုဉ်းပေးလောက်အောင်ရလျှင် ကျောင်းသို့ လှည့်ပြန်ပါသည်။ မည်သည့် အရပ်ဒေသ၊ ကျေးရွာကမဆို တရားစခန်းဖွင့်၍ တရားပြသပေးပါရန် ပင့်ပါက လိုက်ကြွ၍ တရားပြသပေးသည်။ ဆရာတော်က တရားအားထုတ်မည့်သူ မည်မျှရှိသနည်းဟု မေးပါသည်။ တရားအားထုတ်မည့်သူ ၁၀ဦးမှ ၅၀ဦးအထိသာ လက်ခံ တရားပြသပေးပါသည်။

    တရားစခန်း၏လက်ခံကျောင်း ကျောင်းထိုင်ဆရာတော်၊ သံဃာတော်တို့ လိုလိုလားလား ခွင့်ပြုချက်ကို အဓိကထားကာ တရားစခန်းဖွင့် တရားပြပေးပါသည်။ တရားစခန်း၌ စည်းကမ်းချက်အချို့ထားပါသည်။ တရားပြဆရာတော်အတွက် ဆွမ်း၊ ဆွမ်းဟင်းများ ချက်ပြုတ် မကပ်လှူရပါ။ တရားအားထုတ်သူများ တစ်ဦးချင်း ကိုယ့်အစီအစဉ်ဖြင့် ကိုယ့်အစားအစာ စားသောက်ရပါသည်။ ထို့ကြောင့် တရားစခန်း၌ အာဟာရအတွက် အလုပ် မရှုပ်တော့ပါ။ ဆရာတော်မှ ဆွမ်းခံချိန်တွင် တစ်ပါးတည်း ဆွမ်းခံထွက်ကာ ရရာဆွမ်းကို ဘုဉ်းပေးပါသည်။ နေ့ဆွမ်းတစ်နပ်သာ ဘုဉ်းပေးပါသည်။ နေ့လယ်၊ သို့မဟုတ် ညနေ၊ ညချမ်းများတွင် အချိုရည်၊ အချိုပုလင်း၊ ဘိလပ်ရည်များ မဘုဉ်းပေးပါ။ မန်ကျည်းဖျော်ရည်တစ်မျိုးသာ ကပ်လှူ၍ ဘုဉ်းပေးပါသည်။ နံနက်စောစော၌ ဆန်ပြုတ်တစ်ပန်းကန် ဘုဉ်းပေးသည်။

    တရားစခန်းကို ရ-ရက်၊ ၉-ရက်၊ ၁၀-ရက် သင့်သလို ဖွင့်လှစ်ပြသပါသည်။ တရားအားထုတ်လိုသူ ကျား-မ- ကြီး- ငယ် မရွေး တရားအားထုတ်နိုင်ပါသည်။ ယောဂီဝတ်စုံကို ၀တ်ရမည် မသတ်မှတ်ပါ။ ရှိပါက ၀တ်နိ်ုင်ပါသည်။ အခြားအဝတ်ဖြင့်လည်း ၀တ်၍ တရားထိုင်နိုင်ပါသည်။ နံနက်၊ နေ့လယ်၊ ည တရာထိုင်ချိန် သတ်မှတ်ထားပါသည်။ အာနာပါန ကစ၍ စိတ်အာရုံကို စိတ်ဖြင့် ပြန်လည်ထိန်းကျောင်း စောင့်ကြည့်ခြင်းနည်းကို ပြသပါသည်။ အားလပ်ချိန်တွင် သီးသန့်တရားဟောခြင်း မပြုပါ။ အများနှင့်ဆိုင်ရာ တရားအားထုတ်နည်း မှားယွင်းချက် ပြုပြင်နည်းမျှသာ ဟောပြောပါသည်။

    တရားစခန်းသတ်မှတ်ရက် ကုန်ဆုံးချိန်မတိုင်မီ တရားစခန်းဖွင့်၍ သုံးလေးငါးရက် ရသောအခါ တရားစခန်းမှ ထွက်လိုက ထွက်ခွင့်၊ အိမ်ပြန်ခွင့်ပေးပါသည်။ တရားထုတ်သူက တရားပြဆရာကို မကြိုက်၍ဖြစ်စေ၊ နည်းကို မနှစ်သက်၍ဖြစ်စေ တရားအားထုတ်မှုမှရပ်၍ သွားလိုက သွားခွင့်ပေးပါသည်။ သို့သော် ပြန်ဝင်ခြင်းကိုတော့ လုံးဝလက်မခံတော့ပါ။ စည်းမရှိ ၊ ကမ်းမရှိ မဟုတ်ပါ။ တရားအားထုတ် (တရားထိုင်)နေစဉ် တစ်ဦးနှင့်တစ်ဦး တရားမပြောရ၊ လျက်ဆား မလျက်ရ၊ မန်ကျည်းစေ့၊ ကွာစေ့ မစားရ။ တရားထိုင်နားပါက ဆရာတော်နှင့် တစ်ဦးချင်း ဆွေးနွေးနိုင်ပါသည်။ တရားစစ်ခြင်းပါ။ ဆရာတော်က လိုအပ်သမျှသာ ပြောဆို ပြန်ကြားပါသည်။

    ဤဆရာတော်၏ တရားစခန်းကား ခြောက်သွေ့လှသည်။ တိတ်ဆိတ်ငြိမ်သက်လှသည်။ ဘာသံမျှ မကြားရ။ အသံချဲ့စက် အသုံးမပြုပါ။ ပြင်ပလူများ မရှုပ်ပါ။ ဝေယျာဝစ္စ ထမ်းဆောင်စရာမရှိသဖြင့် ဝေယျာဝစ္စ ထမ်းဆောင်ကူညီရသူများ မရှိပါ။ တရားပွဲတွင် ၀တ္ထုငွေကြေး၊ ပစ္စည်းပစ္စယ ဘာမျှမလို။ အလှူခံရခြင်းလည်း မရှိသဖြင့် ဘာဂုဏ်ပြုလွှာမှ ပေးစရာမလိုပါ။

    တရားစခန်းကား ပြီးလေပြီ။ သိမ်းလေပြီ။ ဆရာတော်အား သင်္ကန်း၊ မုန့်ပဲသရေစာ စသည့် လှူဖွယ်ဝတ္ထုများ ၀ိုင်းဝန်းလှူကြပါသည်။ လှူဖွယ်ဝတ္ထုများကို အားလုံးလက်ခံ၍ တရားစခန်းကျောင်းထိုင် ဆရာတော်အား ချက်ချင်း ပြန်လှူခဲ့ပါသည်။ ပြီးမှ ရေစက်သွန်းချ အမျှပေးဝေပါသည်။ တရားပြဆရာတော်က အမိန့်ရှိသည်မှာ ရဟန်းမှာ ဘာပစ္စည်းကိုမှ လိုလေးသေးမရှိ၊ ပြီးပြည့်စုံနေပါပြီ၊ ရဟန်းက သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ရှိလျှင် ရပါပြီ ဟု တိုတိုနှင့် လိုရင်း အမိန့်ရှိကာ ပြန်ကြွသွားတတ်ပါသည်။

    ကိုင်း....... သည်လို တရားစခန်းကလေးများ တစ်ပြည်ထောင်လုံး လိုအပ်- မလိုအပ်၊ ကောင်း- မကောင်း၊ သင့်- မသင့် စဉ်းစားကြည့်ကြစေလိုပါသည်။ တကယ်တမ်းပြောရလျှင် ဘယ်တရားစခန်းပွဲမှာ တရားအားထုတ်သည် ဖြစ်စေ၊ တရားကို အမှန်တကယ် တွေ့မြင်ဖို့က အဓိက မဟုတ်ပါလား။ ဒီအကြောင်းကြောင့် ၊ ဒီအတွက်ကြောင့်၊ ဒီလိုတရားစခန်းဖွင့်၍ ဒီလို တရားပြတတ်သော ရဟန်းပုဂ္ဂိုလ်များလည်း ရှိလျက်ပါဟု သိကြစေရန် တင်ပြရေးသားရခြင်း ဖြစ်ပါသည်။

    လင်းဦး (စိတ်ပညာ)

    4 comments:

    wynn.sun said...

    တကယ်ကို ကြည်ညိုမိပါတယ်.. ဒီလိုအေးမြတဲ့နေရာမျိုးကို မုဒုံဖားအောက်တောရမှာ တစ်ခါတွေ ့ဖူးပါတယ်.. ကျွန်တော် မလုပ်နိုင်သေးပေမယ့် အဲဒီလိုနေရာမျိုးမှာ တရားစခန်းဝင်လိုစိတ် ရှိပါတယ်.. တစ်နေ ့နေ ့ပေါ့.. (ဟူး.. ခက်တာက သေမင်းက အဲဒီတစ်နေ ့နေ ့ကို စောင့်ပါမလား.....)

    khunhein said...

    မင်္ဂလာပါကိုလင်းဦး..ကိုလင်းဦးရဲ့"ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်" ပို့စ်အားလုံးကိုဖတ်ပြီးမှဒီမှာတစ်ခါထဲ ပြောချင်တာပြောလိုက်တာပါ။ အလွန်ကောင်းပါတယ်။ တကယ်ဖြစ်ပျက်နေတာကိုသုံးသပ်ချက်တွေကအလွန
    ်ကောင်းပါတယ်ဗျာ..ကျွန်တော်ကမကြာသေးခင်မှစပြီး
    ဘလောဂ့်လုပ်ထားတဲ့ငတိလေးပါ။ ကိုလင်းဦးဆီက ပညာသင်ချင်တာတွေအများကြီးရှိပါတယ်။ဂစ်တာနဲ့ပတ်
    သက်ပြီးတော့ပါ။အချိန်ရမှပါခင်ဗျာ။ ကျွန်တော့်အတွက် အရေးမကြီးပါဘူး။တဖြည်းဖြည်းမှလေ့လာလဲရပါတယ်။
    ဂစ်တာတီးတာတော့၅နှစ်ကျော်ပါပြီ။ဆရာကောင်းနဲ့သင်ခဲ့တာ
    မဟုတ်တော့အခြေခံမပိုင်ခဲ့ပါဘူး..တတ်တဲ့သူငယ်ချင်းတွေကိုပဲ
    ဆရာတင်ပြီးဟိုစပ်စပ်ဒီစပ်စပ်သင်ခဲ့ရတာပါ။အခြေခံကို သေချာလေ့လာချင်နေတာ ဘယ်လိုစရမလဲမသိလို့ပါ။ တကယ်လို့ကိုလင်းဦးအချိန်ရှိမယ်ဆိုရင်ဂစ်တာအခြေခံလေးတေ
    ွပြန်သင်ချင်လို့ပါခင်ဗျာ..ကျွန်တော့်မေးလ်ကkhunhein@gmail.com ပါ။ အားလပ်ချိန်ရှိမှပါခင်ဗျာ..ပို့စ်တွေဆက်ရေးပါလား။ အားပေးနေပါ့မယ်။

    ကျောက်တာ said...

    ဆရာလင်း အခု ပို့စ်လေးကို သိမ်းထားချင်ပါတယ် ။ခွင့်ပြုရင် လာယူပါမယ် ကျနော် Cbox မှာ ဆရာ ရောက်တတ်ပါတယ် ။ကြုံရင် ခွင့်ပြု မပြု မိန့်ကြားခဲ့ပါခင်ဗျား။
    စောစောကတော့ ကျနော်က စာဖတ်ရင် နေရာတစ်ခုကို အကုန်ဖတ်တဲ့ အကျင့်ရှိပေမယ့် နောက်ပိုင်း အကျင့်ပျက်နေတယ်။အဲဒီအချိန်မှာဆရာ့နေရာ ရောက်ဖြစ်တော့ အကုန် မဖတ်ဖြစ်ဖူး ..အခု ဆောင်းပါးဖတ်ပြီး အကုန်ပြန်ဖတ်ဖို့ သတိရပါပြီ။

    လင်းဦး(စိတ်ပညာ) said...

    ကျောက်တာ>>ဟုတ်ကဲ့ ရပါတယ်... အဆင်ပြေပါစေခင်ဗျာ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo