ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင် (၁၄) (သို့မဟုတ်) ကဗျာကို ဘာသာပြန်တဲ့ ကိစ္စ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရန်ကုန်က မိတ်ဆွေတစ်ယောက်အိမ်ရောက်တော့ သူ့အိမ်က မဂ္ဂဇင်းတစ်ခုထဲမှာ ရောဘတ်ဖရော့(စ်) အကြောင်းရေးထားတာ ဖတ်ခဲ့ရဖူးပါတယ်။ ( ခရီးသွားဟန်လွဲမို့လို့ သေသေချာချာ အမှတ်အသား မရှိခဲ့တာတော့ ခွင့်လွှတ်ကြပါ)။ အဲ့ဒီအထဲမှာ ဖရော့(စ်)ရဲ့ The Pasture ကို ဘာသာပြန် ထားတာလည်း ပါတယ်။ ဘာသာပြန်ကို ဖတ်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာတစ်ခုခုဘဝင်မကျမိဘူး။ ဘာမှန်းတော့ မသိဘူး။ အဲ့ဒီ ကဗျာက အနောက်တိုင်းကဗျာအကြောင်း လေ့လာစဉ်က အတော်ကလေး လေ့လာစရာ ဖြစ်ခဲ့ရတာမို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားမိခဲ့တဲ့ကဗျာ။ ကျွန်တော်လည်း အိမ်ရှင်ဖြစ်တဲ့ မိတ်ဆွေဆီမှာ အင်္ဂလိပ်ကဗျာစာအုပ်တောင်းပြီး မူရင်းကို ရှာဖတ်မိပါတယ်။ (သူက အင်္ဂလိပ် ကဗျာ အတော်ဖတ်လို့ အင်္ဂလိပ်ကဗျာစာအုပ် စုံတယ်)။

    ဘဝင်မကျမိတာတွေထဲက သတိရနေသေးတဲ့ အချက်တစ်ချက် နှစ်ချက်ပဲ တင်ပြပါရစေ။ ......to rake the leaves away ဆိုတာကို ထွန်ခြစ်နဲ့ သစ်ရွက်တွေကို ဖယ်မယ် လို့ ဘာသာပြန်ထားတယ်။ ဘာမှားလို့လဲလို့ မေးပါလိမ့်မယ်။ Rake ဆိုတာ ထွန်ခြစ်။ the leave away ဆိုတာက သစ်ရွက်တွေကို ဖယ်တာ။ ဒီတော့ မှားတယ်လို့ မဆိုနို်င်ဘူး။ ဒါပေမယ့် တကယ်တော့ သူတို့ရဲ့ နေ့စဉ်သုံး ဘာသာစကား အခြေခံယဉ်ကျေးမှု ဘောင်ထဲမှာ ဆိုလိုတာက သစ်ရွက်တွေကို ဖယ်ဖို့ပဲ။ ရေပေါ်က သစ်ရွက်ကို ထွန်ခြစ်နဲ့ ဖယ်စရာ မလိုဘူး။ To rake ဆိုတာ ဆွဲဖယ်ပစ်တာပဲ။ With rake နဲ့ မတူဘူး ( မြန်မာတို့ရဲ့ နေ့စဉ်သုံး ဘာသာစကားထဲက ယဉ်ပါးပြီးသား အသုံးအနှုန်းနှစ်ခုကို နမူနာယူကြည့်ပါ။ ကားမောင်းတယ် နဲ့ နွားမောင်းတယ် ဆိုတာမှာ ဘာကို ဘယ်လိုမောင်းတယ်ဆိုတာ ထည့်ရှင်းပြဖို့ မလိုသလိုပဲ ) ။ ထွန်ခြစ်ပါလာတဲ့အတွက် ကဗျာဟာ မာသွားတယ်။ မူရင်းမှာ နုစေချင်သလို၊ သွယ်စေချင်သလို မဟုတ်တော့ဘူး။ (ဖရော့(စ်)က ဒီကဗျာကို သူ့ကလေး တစ်ယောက် တိမ်းပါးသွားတဲ့နောက် ရေးတာ)။ နောက်တစ်ချက်ကတော့ မူရင်းဘာသာစကားနဲ့ အသားကျအောင် ဖတ်ထားတဲ့ လူတွေလောက်ပဲ ဘဝင်ကျနိုင်တဲ့ အချက်ပါ။ ကဗျာကို ဖော်ထုတ် တင်ပြနေတဲ့ လူ ရပ်တာဟာ သစ်ရွက်ဖယ်ဖို့ပဲ။ သစ်ရွက်ဖယ်ဖို့ ရပ်တာမဟုတ်ဘူး။ Intention ကွာတယ် ။

    ဒီအချက်ကတော့ မြန်မာတို့ရဲ့ ဘာသာစကားဘောင်ထဲမှာ ဘာမျှ အဓိပ္ပါယ် ရှိမှာ မဟုတ်ဘူး။ ဆရာကြီး ဒေါက်တာခင်မောင်ဝင်း ပေးခဲ့ဖူးတဲ့ နမူနဲ့ဆိုရရင် Mg Ba Loves Ma Hla နဲ့ Ma Hla loves Mg Ba မတူသလိုပဲလို့ ပြောရရုံပဲ ရှိတယ်။ ဒီနေရာမှာ ကျွန်တော် ဖတ်ခဲ့ရဖူးတဲ့ ဖရော့(စ်)ရဲ့ ကဗျာကို ဘာသာပြန်သူကို မှား၊ မှန်၊ ကောင်း၊ ညံ့ အကဲဖြတ်နေတာ မဟုတ်ပါဘူး။ ဘာသာစကားထဲမှာ ကပ်ငြိနေတဲ့ ယဉ်ကျေးမှုဆိုတာကို တင်ပြချင်တာပါ။ ဒီလိုအနေအထားမျိုးမှာ ဘာသာစကားတစ်ခုက တစ်ခုကို အပြောင်းအလဲလုပ်ရတာ ခက်တယ်။ အထူးသဖြင့် စာလုံးကို လုံးခြင်းဘာသာပြန်နည်း သုံးလို့ရမှာ မဟုတ်တော့ဘူး။ Translation of world (s) အစား Translation of Text ပဲ ဖြစ်နိုင်တော့တယ်။ ရေးသားထားတာ တစ်ခုလုံး (Text ကို ဆိုလိုတာပါ) ကို ဘာသာပြန်သူ အနက်ဖော်ပြီး ဘာသာပြန်တာမှ ကနဦး ကဗျာဖန်တီးသူ၊ ကနဦး ဘာသာစကားထဲမှာ ဖော်ထုတ်ထားတဲ့ ရည်ရွယ်ရင်းကို ရမှာပဲ။ ဒီရည်ရွယ်ရင်းကို ဘာသာပြန်ရမှာပဲ။ တစ်နည်းဆိုရရင် ဘာသာပြန်သူဟာ နတ်ဝင်သည်များလိုပဲ။ တစ်ဖက်က ပြောတာကို၊ တစ်ခြားတစ်ဖက်မှာ နားလည်အောင် သူက ပြန်ပြောဖို့ပဲ။ (ဒီနေရာမှာ နတ်ဝင်သည်ဆိုတာ တကယ်ရှိတယ် မရှိဘူး၊ မှန်တယ် မှားတယ်......စတဲ့ အကြောင်းကို ဆွေးနွေးနေတာ မဟုတ်ပါဘူး။ အပြုအမူအပိုင်းမှာ မြင်သာတဲ့သဘောကို ဆောင်ပြရုံပါပဲ)။ ဘာသာပြန်တဲ့လူဟာ ကြားပွဲစားပဲ (Agent ပဲ)။ သူပြောနေတာ သူ့အသံမဟုတ်တော့ဘူး။ မူရင်းက ပေါ်နေတဲ့ အသံ။ ဒါပေမယ့် ဒဲ့ ပြန်ဆိုလိုက်တာဟာ ဘာသာပြန်တဲ့လူရဲ့ မူပဲ။ ဖစ်ဂျရယ် ဘာသာပြန်တဲ့ အိုမာရ်ခေယမ်းရဲ့ ကဗျာကိုပဲ ပြန်ကြည့်ရင်၊ မူရင်း ပါရှင် (ဖာရ်စီ) ကဗျာမှာ ကဗျာရေးတဲ့ ရေးထုံး ရူဘိုင် ( ရူ+ဘာ+အိုင်။ ruba'i ။ အဲဒီ ရေးစပ်နည်းအတိုင်း ရေးထားတဲ့ ကဗျာများ ဗဟုဝုစ် ကို ruba'iyyat လို့ ခေါ်ပါတယ်)။ ပုံစံအတိုင်း အင်္ဂလိပ်လို မပြန်နို်င်ဘူး။ အင်္ဂလိပ်ရဲ့ ကဗျာတည်ဆောက်နည်းအတိုင်း ပြန်ပြီး တည်ဆောက်ရတာ။ လေးကြောင်းတစ်ပိုဒ်စပ်တဲ့ ရူဘိုင်ဟာ အင်္ဂလိပ်လို Quatrain ဖြစ်လာတာကလွဲလို့ ကဗျာတည်ဆောက်ပုံ မတူတော့ဘူး၊ မတူဆို ဘာသာစကားရဲ့ စနစ်ကမှ မတူဘဲ။ အတင်း အဓမ္မ သူ့ကဗျာပုံစံကို ကိုယ့်ဘာသာစကားနဲ့ ပြန်တည်ဆောက်လို့ မဖြစ်နိုင်ဘူး။ ကဗျာကို ဘာသာပြန်လို့ မဖြစ်နိုင်ဘူးဆိုတာကို လက်ခံကြသူတွေ အနေနဲ့ ဒီအချက်ကို အဓိကထား ဆိုကြပါတယ်။

    တကယ်တော့ ကဗျာကို ဘာသာပြန်တာဟာ ကဗျာကို လေ့လာနည်းတစ်နည်းပဲလို့တောင် ဆိုနိုင်တယ်။ ကိုယ်နဲ့ အကျွမ်းတဝင်ဖြစ်နေပြီးသား ဘာသာစကားနဲ့ ရေးသားထားတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ပြီးရင်လည်း ဖတ်တဲ့လူအနေနဲ့ အနက်ဖော်ယူရတာပဲ။ ကဗျာရဲ့ ဘာသာစကားဟာ သီးခြားဘာသာစကားပဲ။ ဒါကြောင့်လည်း ကဗျာကို ကဗျာလို့ ခေါ်နေရတာပဲ။ ရှေးက ကဗျာ၊ ခေတ်ပေါ်ကဗျာ၊ ကာရံမဲ့ကဗျာ၊ အတွေးအခေါ်ပါတဲ့ကဗျာ၊ လက်တန်းချရေးထားတယ်ဆိုတဲ့ ကဗျာ၊ ဘယ်လို ကဗျာမျိုးပဲဖြစ်ဖြစ် ကဗျာဟာ ကဗျာပဲ။ ပို့စ်မော်ဒန်ကာလကြီးမှာ ကဗျာနဲ့ စကားပြေ အကြားက စည်းရိုးပေါက်သွားတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် စည်းရိုးရှိနေသေးတယ်။ ကျွန်တော်ပြောချင်တာက အဲ့ဒါပဲ။ ပါးပါးကလေး ဖြစ်ကောင်းဖြစ်မယ်၊ ရှိကောင်းရှိမယ်။ စကားပြေကဗျာ ဆိုတဲ့ စာလုံးကိုပဲကြည့်။ ကဗျာ ဆိုတဲ့ မျိုးတူစုပြစာလုံးကို ထည့်ပြထားရ သေးတယ်။ ဆိုလိုတာကတော့ ကဗျာဟာ ကဗျာပဲ ဆိုတဲ့ သဘောပဲ။ ကဗျာ မဟုတ်တော့ဘူးဆိုရင် စကားပြေမှာ ဘာမှ ထည့်ပြနေစရာ မလိုတော့ဘူး။ စကားပြေဟာ စကားပြေပဲ။ ကဗျာဆန်ဆန်ရေးတဲ့ စကားပြေဟာ စကားပြေပဲ။ ဒီတော့ ကဗျာဖတ်တဲ့လူဟာ ကဗျာကို ကဗျာလိုပဲ ဖတ်တယ်။ တစ်နည်းဆိုရရင် သူ့သိမှုအခြေခံနဲ့ ကဗျာကို လေ့လာနေတာပဲ။ တစ်ခါတစ်လေ ကဗျာကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရတဲ့ အဆင့်အထိတောင် ရောက်သွားတယ်။ ဒါမှလည်း ကဗျာရဲ့ စာကြောင်းတွေကို ၀န်းရံနေတဲ့ အနက်အဓိပ္ပာယ် တစ်စုံတစ်ရာနဲ့ ဖန်တီးထားတဲ့ ခံစားချက်/ဝေဒနာ (Semantics aura လို့ ခေါ်ချင်ခေါ်ပါ )ကို တွေ့မှာပဲ။ အဲဒီလိုတွေ့မှပဲ လက်ပြောင်းလက်လွှဲလုပ်လို့ အရသာ ရှိမယ်။ ဒီစာလုံးကတော့ ဒီလိုအနက်ထွက်တယ်။ ဟိုစာလုံးကတော့ ဟိုလိုအနက်ထွက်တယ်။ ဒီနှစ်လုံးပေါင်းလိုက်တော့ ဒီလို ဟိုလို နှစ်လုံးပေါင်း အနက်ထွက်တယ်ဆိုရင်ဖြင့် ဘာမျှ အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ဘူး။

    မြန်မာတို့ရဲ့ အရေးဘာသာစကားဆီကို ဘာသာပြန်လိုက်တဲ့ ကဗျာတွေနဲ့ပတ်သက်လို့ ဘာသာပြန်သူတွေ အနေနဲ့ ထိန်းမထားနိုင်တဲ့အချက်တစ်ခုက ပုံနှိပ်တိုက်တွေက စာစီတဲ့ လူတွေရဲ့ ထင်သလို လုပ်မှုတစ်ရပ်ပဲ။ ဘာသာပြန်သူတွေက မူရင်းနဲ့ညှိပြီး ဘယ်လိုပဲ စာကြောင်းကို တည်ဆောက်ပေးလိုက် ပေးလိုက်၊ ပုံနှိပ်စက်က စာစီသူတွေက သူတို့ထင်သလို (သူတို့ စိတ်ထဲမှာ ကြည့်ကောင်းမယ် ထင်သလို) လုပ်ထည့်လိုက်တာတွေ တွေ့နေရတယ်။ ဒီတော့လည်း မူရင်းကဗျာမှာ တည်ဆောက်ထားတဲ့ စာကြောင်းတွေရဲ့ ပုံစံမျိုးရဖို့၊ ဘာသာပြန်တဲ့လူတွေ ဘာမျှမလုပ်နိုင်တော့ဘူး။ ဘာသာပြန်တဲ့ လူတွေရဲ့ အားထုတ်မှု တစ်ဝက်လောက်ဟာ စာစီတဲ့လူတွေ လက်အောက်မှာ ပျက်စီးသွားရ ရှာတယ်။

    နောက်တစ်ခုပြောချင်တာကတော့ ဒီဆောင်းပါးလေးနဲ့တော့ မဆိုင်ဘူးပေါ့လေ။ ကျွန်တော် ရက်တော်တော်ကြာ ပျောက်သွားတယ်ဆိုတာ အလုပ်တွေတော်တော်လေး ရှုပ်နေလို့ပါ။ ပြီးတော့ လာပြီး အကူအညီတောင်းတဲ့သူတွေကများတော့ လိုက်လုပ်ပေးနေရတယ်။ ကိစ္စက သီချင်းကိစ္စ၊ ဒဂုံတက္ကသိုလ်မှာ ကျောင်းဖျော်ဖြေပွဲလေးလုပ်ဖို့ ၊ ခက်တာက ဒဂုံတက္ကသိုလ်နဲ့ဆိုင်တဲ့ သီချင်းတွေက မရှိ။ ကျွန်တော်တို့ Main ထဲမှာဆိုရင်တော့ သီချင်းတွေက သူနဲ့ဆိုင်တဲ့ သီချင်းတွေက အများကြီး ပေါ်ပေါက်ခဲ့တာကိုး။ ဒဂုံတက္ကသိုလ်နဲ့ဆိုင်တဲ့ သီချင်းကျတော့ မရှိဘူးလေ။ အဲ့ဒီတော့ ကျွန်တော့်ဆီကို ဆရာမျိုးရောက်လာပြီး ရေးပေးဖို့ ၊ လုပ်ပေးဖို့ အကူအညီတောင်းလာတော့ အလုပ်တွေ တော်တော်လေး ရှုပ်သွားတယ်။ ကြားထဲ နာဂစ်က ၀င်သမတော့ တော်တော်လေး ဒုက္ခရောက်သွားပြန်ရောဗျာ။ ပြီတော့ ကျွန်တော့်ဆီကို သတင်းလာမေးတဲ့ မိတ်ဆွေ BLOGGER များ အားလုံးကို ကျေးဇူးပါ။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး။ အခုလောလောဆယ်တော့ ကျွန်တော့်အိမ်ဘေးက အိမ်တွေပြိုကျသွားလို့ သူတို့ကို ခေါ်ထားပြီး ကျွေးမွေးထားပါတယ်။ တတ်နို်င်သလောက် ကူညီထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
    လင်းဦး (စိတ်ပညာ)



    3 comments:

    Emily said...

    အကိုရေ ဘာသာပြန်နဲ့ ပတ်သတ်ပြီး မူရင်းကို တိုက်ရိုက်ဘာသာပြန်တာနဲ့ ဆီလျော်အောင် ဘာသာပြန်တယ်ဆိုပြီး ကျွန်တော် သိထားတယ်။ တချို့ကတော့ မြန်မာမှုပြုလိုက်ကြတယ်။ ဘယ်လိုကဗျာမျိုးပဲ ဖြစ်ဖြစ် သူ့ဘာသာစကားနဲ့ သူဖတ်ရမှ အရသာ အပြည့်အဝ ခံစားရတာပါ။ မြန်မာကဗျာတပုဒ်ကို အင်္ဂလိပ်လို ဘာသာပြန်ရင်လည်း မူရင်း မြန်မာကဗျာလောက် အရသာ ( ခံစားချက် ) အပြည့်အဝ ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။ နောက်တခုက စကားပြေပေါ။ ကျွန်တော်ကတော့ ကဗျာကို စကားပြေ ပြန်တဲ့ကိစ္စကြီးကို သိပ်သဘောမကျလှဘူး။ ကဗျာက ကဗျာအတိုင်းထားတာပဲ ကောင်းပါတယ်။ အစကတည်းက စကားပြေလို ပြောချင်မှတော့ စကားပြေပဲ ရေးမှာပေါ့။ ကျွန်တော် ဆယ်တန်းတုန်းက ကဗျာကို စကားပြေပြန်ပြီး ဖြေရတဲ့ မေးခွန်းတွေကို အတော် အမြင်ကပ်ခဲ့တာ။ အခု အကို့ ပို့စ်ကိုတော့ ဘာမှ ဝေဖန်ချက် မပေးချင်ပါဘူး။ ကျွန်တော်က စိတ်ထဲရှိတာ ၀င်ပြောတာ ဟီးဟီး။

    Heartmuseum said...

    ကိုလင်းဦးရေ.... အတွေးတခုရသွားတယ်ဗျာ....
    ဒီလိုနေရာမှာ ဆရာ ဦးသာနိူးတို့၊ ဆရာ ဦးအောင်ကျော်(ဘဝသစ်) တို့ကကောင်းပြန်ရော.....

    Han Thit Nyeim said...

    ဘာသာပြန်တဲ့နေရာမှာ ကျွန်တော်ကြားဖူးတာက သုံးချက်ရှိတယ်တဲ့။ (အဲဒါကို ပြောပြတဲ့ဆရာက သုတပိုင်း၊ သတင်းပိုင်းကို ရေးတဲ့ ဂျာနယ်လစ်)

    ၃) Translate = တိုက်ရိုက်ဘာသာပြန်လိုက်တာ
    ဥပမာ (Fly = ယင်ကောင်၊ ပျံသည်၊ Apple = ပန်းသီး၊ Potato = အာလူး)

    ၂) Adapt = လိုက်လျောညီထွေဖြစ်အောင်ပြင်တာ
    ဥပမာ (Dragon fly = ပုစဉ်း၊ Pine apple = နာနတ်သီး၊ Sweet potato = ကန်စွန်းဥ...)

    ၁) Adopt = မွေးစားတာ
    ဥပမာ (Radio = ရေဒီယို၊ Guitar = ဂစ်တာ၊ Computer = ကွန်ပျူတာ...)

    အဲဒီသုံးချက်ကို မျှတအောင် မသုံးတတ်ရင် ဘာသာပြန်ကောင်းမဖြစ်ဘူးတဲ့။ အဲဒီမှာ ကိုလင်းဦးပြောသွားတဲ့ ရသတွေ ခံစားချက်တွေ မပါသေးဘူးနော်...။ အဲဒါတွေ ပါလာရင် ပိုဆိုးကုန်မှာ...။

    ကျွန်တော်တို့က သစ်ရွက်လေး လေအဝှေ့မှာ ကြွေကျလာတာကို ဆွေးပြီး ခံစားချင် ခံစားပေမယ့် ဟိုး ၀င်ရိုးစွန်း ပိုလာဒေသမှာ နေတဲ့သူက နွေဦးပေါက်မှာ ရေခဲတွေအရည်ပျော်လာတာကို ကြေကွဲချင် ကြေကွဲနေမှာဗျ...။ အဲဒီတော့ ဘာသာပြန်တဲ့သူဟာ ခုနက သုံးချက်အပြင် အဲဒီသက်ဆိုင်ရာ ဒေသရဲ့ Context, History, Tradition, Culture အစရှိတာတွေကိုပါ သိရှိဖို့ လိုအပ်မယ်လို့ ထင်တယ်။

    ဘာပဲဖြစ်ဖြစ် တော်တော်ကောင်းတဲ့ ဆောင်းပါလေးပါ။ ဆက်ရေးပါဦးဗျာ။

    အားပေးနေလျက်...

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo