ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်( ၁၅ )

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ကျွန်တော်ဒီဆောင်းပါးကို ရေးဖို့ တော်တော်းလေး စဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ဟာ မြန်မာ လူမျိုးတစ်ယောက်၊ ခေတ်နောက်မဆွဲသလို၊ ခေတ်နဲ့ အညီ လိုက်နေတဲ့သူ တစ်ဦးပါ။ သို့သော်လည်းပဲပေါ့လေ။ အချို့သော သူများက ခေတ်နောက်ကျနေသူ အဖြစ်၊ ရှေးရိုးစွဲအဖြစ် မြင်နေကြပါတယ်။ ကျွန်တော် အချက်နှစ်ချက်ကို ရေးသားတင်ပြမှာပါ။ ပထမက မိန်းကလေးတွေကိုယ်တိုင် ဆင်ခြင်ဖို့။ ဒုတိယကတော့ အုပ်ထိန်းမှုနဲ့ ပတ်သက်ပြီး တင်ပြသွားမှာပါ ။

    ကျွန်တော်တို့ မြန်မာမိန်းကလေးတွေဟာ အိန္ဒြေကြီးကြပါတယ်။ အခုတော့ ဒါတွေဟာ တော်တော်များများ ပြောင်းလဲကုန်တာ သတိထားမိကြမှာပါ။ အခု ဆယ်ကျော်သက် မိန်းကလေးများဟာ ကိုးရီယားစတိုင်များကို နှစ်သက် ၀တ်ဆင်တာကို သဘောကျတာကို တွေ့ရမှာပါ။ ဒါ့ထက် မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားတစ်ယောက်ကို ချစ်ရေးဆိုခွင့် ရှိတယ်၊ မိန်းကလေးတစ်ယောက်ဟာ သူ့လုပ်ပိုင်ခွင့် ၊ ပြောပိုင်ခွင့် ရှိတယ်၊ အခွင့်အရေးရှိတယ် ဆိုတာကို လက်ခံလာကြတာကို တွေ့ရပါတယ်။ အရင်တုန်းက မြန်မာ မိန်းကလေးများဟာ ကိုယ်ချစ်တာကိုတောင်မှ ဖွင့်မပြောကြပါဘူး။ တစ်ဖက်ရဲ့ ဖွင့်ပြောချက်ကို ကြိုလင့် စောင့်မျှော်နေကြတာပါ။ အခုတော့ သူတို့က စောင့်မျှော်သူ မလုပ်ချင်ကြတော့ပါဘူး။ ဒီအချက်မှာ ကျွန်တော့်အထင်ပြောရရင် ကိုရီးယားကားများရဲ့ လွှမ်းမိုးမှု၊ သူတို့ရဲ့ ဓလေ့စရိုက်နဲ့ စတိုင်များကို အတုယူလာကြတာပါ။ ဘယ်လောက်ထိလဲဆိုရင် မြန်မာမိန်းကလေးတွေမှာရှိတဲ့ အိန္ဒြေ သိက္ခာကိုတောင်မှ အကျခံနေကြပါတယ်။ ဒါဟာ မြန်မာတွေအနေနဲ့၊ မြန်မာလူမျိုးတွေအနေနဲ့ လက်မခံသင့်တော့ပါဘူး။ ကျွန်တော်လည်း လုံးဝကန့်ကွက်ကြောင်း ပြောလိုပါတယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ပြောလိုတာကတော့ မြန်မာပြည်မှာ ပြောစမှတ်ပြုကြ၊ ပြောနေကြတဲ့ စကားတွေပါ။ ယောကျ်ားလေးတွေရှားနေတဲ့ခေတ်၊ မိန်းကလေးတွေ ပေါနေတဲ့ခေတ်၊ ယောကျ်ားလေးတွေဟာ ဆန်ထုပ်ပိုက်ပြီး ပုန်းနေရမယ်တဲ့။ ဒါကိုသာ လက်ခံနေကြရင်တော့ မဖြစ်သင့်တာတွေ ဖြစ်လာတော့မှာပေါ့။ မိန်းကလေးတွေ အနေနဲ့လည်း စိုးရိမ်စိတ်တွေ မရှိသင့်ပါဘူး။

    ပြီးတော့ မိန်းကလေး အများစုက ကိုယ့်အပေါ် ယောကျ်ားလေးတွေ စိတ်ဝင်စားတာကို ဂုဏ်ယူလေ့ရှိတယ် မဟုတ်လား။ အဲ့ဒါကို သူတို့ အန္တရာယ်မှန်း မသိကြတာပါ။ တကယ်တမ်းပြောရရင် ယောကျ်ားဟာ ယောကျ်ားပါပဲ။ ကျားဟာ ကျားပဲ ။ ကျွန်တော်ဆိုလိုတာကို သဘောပေါက်မှာပါ။ ယနေ့ခေတ် ရည်းစားများတဲ့ မိန်းကလေး တစ်ယောက်ဟာ အပျိုဖြစ်နိုင်သေးလား။ ဒါ ကျွန်တော် စော်ကားတာ မဟုတ်ဘူး။ တကယ်ဖြစ်နေတာတွေ။ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေပါ။

    ယနေ့ မြန်မာနိုင်ငံမှာ ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာကို လက်ခံလာကြပါတယ်။ ဟိတ်လူ မြန်မာမှာ မကဘူး၊ ကမ္ဘာပေါ်မှာ အားလုံးဖြစ်နေကြတာလို့ ပြောကြမှာပါ။ ကျွန်တော် ကမ္ဘာနဲ့ချီပြီး မပြောပါဘူး။ အခုဆိုရင် ငွေမှငွေဖြစ်နေကြတယ်။ တကယ်လည်း ငွေက အရေးကြီးနေတယ်။ အကျင့် စာရိတ္တပိုင်းတွေ ထည့်မတွက်တော့ဘူး၊ မတရားတာတွေ တရားတာတွေ ထည့်မတွက်တော့ဘူး၊ ငွေရဖို့ အဓိက ဖြစ်နေကြပြီ။ အဲ့မှာ စပြီး မိန်းကလေး တော်တော်များများ ပျက်စီးကြတော့တာပါပဲ။ ကာရာအိုကေဆိုင်ရောက်ကုန်တယ်။ ဘီယာဆိုင်ရောက်ကုန်တယ်။ အနှိပ်ခန်းတွေ ရောက်ကုန်တယ်။ နယ်ကနေ ရန်ကုန်လာပြီး အလုပ်လုပ်ရတယ်။ တစ်ချို့ မိဘတွေဆိုရင် ကိုယ့်သမီးလေး အလုပ်လုပ်တယ်ပဲသိတယ်။ ဘာလုပ်သလဲ၊ ဘာတွေဖြစ်နေသလဲ ဆိုတာ မသိကြဘူး။ တစ်ချို့ မိန်းကလေးတွေက ငွေရလွယ်တာကို ရှာကြတယ်။ ပညာတတ်ကြရဲ့သားနဲ့ လုပ်ကြတယ်။ တစ်ချို့မိန်းကလေးတွေကျတော့ တကယ့်ကို သနားဖို့ကောင်းပါတယ်။ ကိုယ့်ထက် အငယ်တွေ ညှာပြီး လုပ်ကြရတာတွေ ရှိတယ်။ ကိုယ်ပိုက်ဆံများများရှာနိုင်မှ အငယ်တွေ ကျောင်းထားနိုင်မယ်၊ အိမ်ကို ထောက်ပံ့နိုင်မယ်။ အနစ်နာခံပြီး လုပ်နေကြတယ်။ ဒီခေတ် ကုန်ဈေးနှုန်းကလည်း ဘယ်လိုမှ မလိုက်နိုင်ဘူး။ ဒါတွေဟာ တကယ်ဖြစ်နေကြတာပါ။ တကယ်ကို လုပ်နေကြတာပါ။ တကယ်ကို ကိုယ့်ညီမလေးတွေလို ကိုယ်ချင်းစာကြည့်ပါ။ လက်ခံနိုင်ပါ့မလား။

    ယောကျ်ားလေးတွေက ပြောကြပါတယ်။ ကျွန်တော်တို့က ပျော်ချင်လို့သွားတာ။ ကျွန်တော်တို့ ပိုက်ဆံပေးတယ်။ သူတို့က စိတ်ကျေနပ်မှုပေးရမယ်။ ဒါဟာ သုံးနေကျ စကားတွေပါ။ တကယ်လည်း မှန်ပါတယ်။ ယခု နိုင်ငံတကာမှာလည်း ဒီလို နေရာတွေ ပေါမှပေါပဲကိုး။ အဲ့တော့ ကျွန်တော်ပြောတာတွေက ကျွန်တော့် အလွန်လို့ပဲ ထားပါ။

    ကဲ .... ဒါဆို ကျွန်တော် ဆက်ပြီး ပြောလို့ ရေးလို့ ရဦးမယ်လို့ထင်ပါတယ်။ အခုဆက်ပြောချင် ရေးချင်တာကတော့ မိဘတွေကိုပါ။ အသိတရား ပေးချင်တယ်။ အဲ့တော့ မေးကြပါဦးမယ်။ ခင်ဗျားက အသိတရားပေးရအောင် ဘယ်လောက် အတွေ့အကြံုရှိလို့လဲပေါ့။ ဟုတ်ကဲ့.... ကျွန်တော့်အနေနဲ့ ပြောရရင် အသက်သာကြီးသွားပေမယ့် အသိတရား မရှိသူတွေ အများကြီး၊ မဆုံးမတတ်သူတွေ အများကြီးပဲ။ စာဖတ်သူ မိတ်ဆွေများ ဒီအချက်ကို လက်ခံတယ်ဆိုရင်တော့ ဆက်ဖတ်ပါ။

    မိဘဆိုတာထက် သမီးမိန်းကလေးကို ထိန်းကျောင်းသူကတော့ အမေပါ။ အမေဟာ ကိုယ့်သမီးကို ကိုယ် သွန်သင်ပြတတ်ရမယ်။ ဒါဟာလည်း တကယ်ပြောရရင် ပညာရပ်တစ်ခုပါ။ ဒါနဲ့ ပြောရပါဦးမယ်။ ကျွန်တော် မိန်းမကျမ်း ရေးနေတာ မဟုတ်ဘူးနော်။ ဖြစ်နေတာတွေ၊ ဖြစ်သင့်တာတွေကို ရေးနေတာ။ ငွေဆိုတဲ့ ဝေါဟာရကို နားလည်အောင် ပြောသင့်တယ်။ ငွေဆိုတာ ဘယ်လောက် အသုံးဝင်လို့လဲ။ ဘယ်အတိုင်းအတာထိလဲ။ ငွေကို ရေလဲ သုံးနိုင်တယ်ဆိုတဲ့သူတွေ တကယ်ကော ပြည့်စုံကြရဲ့လား။ စိတ်ဆင်းရဲစရာတွေ ရှိမယ်။ ဘဝဆိုတာကြီးနဲ့ လူဖြစ်လာရတဲ့သူက ငွေဆိုတဲ့ စကားလုံးအောက်မှာ လည်စင်းခံပြီး ၀ပ်နေသင့်သလား။ စဉ်းစားကြပါ။ ငွေကို ဘယ်လိုရှာရမှာလဲ။ စိတ်ဓါတ်ကို ဘယ်လိုမြှင့်တင်ရမလဲ။ ဒါတွေကို မိဘတွေက ကိုယ့်သားသမီးကို ပြောပြသင့်တယ်။

    ကျွန်တော်တွေ့ဘူးတဲ့ မိဘရဲ့ အုပ်ထိန်းမှုတစ်ခုကတော့ သားသမီးကို ပိုက်ဆံပေးတယ်။ ပိုက်ဆံကိုမှ တော်တော်များများကို ပေးတာ။ တစ်ပတ်စာလောက် တစ်ခါတည်းပေးထားတာ။ ပိုက်ဆံဘာလို့ အဲ့သလောက်ပေးတာလဲလို့ မေးတော့၊ ပိုက်ဆံဆိုတာ များများသုံးမှ၊ များများရှာတတ်မယ်၊ ပိုက်ဆံ ဘယ်လို အသုံးဝင်လဲဆိုတာသိမှ သူတို့ ရှာမှာပေါ့တဲ့။ ဒါဟာ နားလည်မှုတစ်ခု၊ အယူအဆတစ်ခု ၊ သူ့ကောက်ချက်နဲ့သူ ထိန်းကျောင်းနေတာ။ အဲ့ဒီ အယူအဆဝင်သွားတဲ့ သူတွေ ဘာဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာ မိဘတွေ နားမလည်တာလား ။ ဒါဟာ မှားယွင်းတဲ့ ထိန်းကျောင်း ပြုပြင်မှုလို့ ကျွန်တော်ကတော့ ယူဆတယ်။ စာဖတ်သူများ အနေနဲ့ကော လက်ခံပါသလား။

    နောက်မိဘကျတော့ ဘယ်လိုအုပ်ထိန်း သလဲဆိုတော့..... သူ့သမီးလေးက အခုမှ (၉)တန်း ကျောင်းသူပဲ ရှိသေးတယ်။ ရည်းစားက အရမ်းများတယ်။ တစ်နေ့ ကျောင်းက တိုင်စာပို့တယ်။ ကျောင်းပျက်ရက် များလာလို့။ ကျောင်းကို ပုံမှန်မတက်ဘူး။ အဲ့တော့ အမေက ကျောင်းကိုလိုက်သွားတယ်။ ကျောင်းအုပ်ကြီးက ရုံးခန်းမှာ ခေါ်တွေ့တယ်။ ပြောပြတယ်။ သူ့သမီး ကျောင်းတက် မမှန်တာကိုပေါ့။ နောက်တစ်ခါဆိုရင်တော့ သတိမပေးတော့ဘူး။ အဲ့အချိန်မှာတော့ ဒီအမျိုးသမီးက ဘာမှ မပြောသေးဘူး။ အိမ်လည်း ပြန်ရောက်ကော ဆဲဆိုတော့တာပဲ။ သူ့သမီးကို ဆုံးမနေတာ။ ကဲ... ဘယ်လို ဆုံးမ နေသလဲဆိုတော့...ဘာဖြစ်လဲ၊ ရည်းစားများတာ၊ အကယ်လို့ ကိုယ်ဝန်ရှိလာရင်လည်း ဖျက်ချရုံပေါ့၊ ဘာအရေးလဲတဲ့။ စဉ်းစားတာကြည့်ပါတော့ဗျာ။ ဒီလိုမျိုး ဆုံးမနေတာ။ သူ့ကို ကျောင်းက ခေါ်တယ်ဆိုတာ ပတ်ဝန်ကျင်ကလည်း သိတယ်။ သူက ပတ်ဝန်းကျင်က လူတွေကိုပါ စောင်းပြောနေတာ။ ယောကျ်ားက တက္ကစီ မောင်းတယ်။ ယောကျ်ားက ပင်ပန်းပန်း အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ သမီးသတင်းကြားတော့ ဒေါသထွက်တာပေါ့။ အဲ့တော့ သမီးကို ရိုက်တယ်။ အမေက ရှေ့က ကာတယ်။ နောက်ဆုံး ကောင်မလေးက အိမ်ကနေ ထွက်ပြေးတယ်။ ကောင်မလေးက သူ့ကျူရှင်ဆရာအိမ်ပြေးလို့ တော်သေးတာပေါ့ဗျာ။ တခြားနေရာတွေဆိုရင် မလွယ်ဘူး။ ဒီလို သွန်သင်ဆုံးမမှုကို စာဖတ်သူများ သဘောကျရဲ့လား။

    နောက်ထပ်တစ်ခုကတော့ မိဘက သာယာနေတယ်လို့ ပြောရမယ်။ သမီးလေးက အခု (၁၀)တန်း ဖြေပြီးသွားပြီ။ အဲ့ကောင်မလေးမှာ ရည်စားရှိတယ်။ သူတို့ ရပ်ကွက်ကပါပဲ။ ကောင်လေးက ဒုတိယနှစ်တက်နေပြီ။ ဒါပေမယ့် ခက်တာက မိဘ။ သူ့သမီးကို ကြိုက်တဲ့သူတွေက များတယ်။ အဲ့တော့ ဟိုက လက်ဆောင်ပေးလိုက်၊ ဒီကလက်ဆောင်ပေးလိုက်နဲ့။ ဒီလိုပဲ စားနေတယ်။ ကဲ ... သမီးလေးက ရှက်တာပေါ့။ သူက လက်ခံသူလည်း မဟုတ်ဘူး။ အဲ့လိုမျိုး ပေးလာရင်လည်း လက်မခံဘူး။ မိဘက လက်ခံနေတာ။ သူတို့က အိမ်ငှားနေရတယ်။ သူ ဆယ်တန်းအောင်ပြီ။ သူ့မှာ ရည်မှန်းချက်တွေ ရှိတယ်။ အလုပ်ထွက်လုပ်တယ်။ ခက်တာက မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်ပေမယ့် အလုပ်တော်တော်များများက လက်မခံဘူး။ ဘွဲ့ရတောင် အလုပ်က ရှားနေတယ် မဟုတ်လား။ သူဘာလုပ်သလဲဆိုတော့ မုန့်တိုက်မှာ အလုပ်ဝင်လုပ်တယ်။ ဒါပေမယ့်လည်း ပိုက်ဆံက မစုမိဘူးလေ။ သူ့အစ်ကိုကလည်း အိမ်ထောင်ကျနေပြီ။ တစ်နေ့ သူ့အိမ်ကို အသက်(၅၀)အရွယ် ဦးလေးကြီး ရောက်လာတယ်။ ကောင်မလေးကို လက်ထပ်ခွင့်တောင်းတယ်။ အဲ့တော့ ကောင်မလေးက ငြင်းပေမယ့် မိဘတွေက မရဘူး ယူရမယ်။ ဒီလူကြီးက ရွှေဆိုင်ပိုင်တယ်။ အခြားအလုပ်တွေလည်း ရှိတယ်။ သူ့မိန်းမက ဆုံးသွားတာကြာပြီ။ သူ့မှာ သားတစ်ယောက် ရှိသေးတယ်။ သူ့သားက ကောင်မလေးထက်တောင် အသက်ကြီးသေးတယ်။ မိဘက အတင်းပေးစားတော့ ဒီလူကြီးကို ယူလိုက်ရတယ်။ ဒီလူကြီးက သူ့မိဘတွေကို ထောက်ပံ့တယ်။ ကောင်မလေးက သူ့မိန်းမဖြစ်သွားပြီ။ ဒီလူကြီးရဲ့ အကြောင်းတွေ သိလာပြီ။ ဒီလူကြီးက ဘာလုပ်သလဲဆိုတော့ ကောင်မလေးတွေကို မွေးစားထားတာ။ သူ့ဆီကို ဖုန်းဆက်ပြီး ချိန်းလို့ရတယ်။ အဲ့လိုမျိုး။ စာဖတ်သူတွေလည်း ကြားဖူးမှာပေါ့။ အဲ့လိုမျိုး အလုပ်လုပ်တာ။ ဒီ ကောင်မလေးကိုလည်း အဲ့လို လုပ်ခို်င်းတယ်။ တစ်ခုပဲသာတယ်။ သူ့ တရားဝင် မိန်းမအဖြစ် ယူထားတာတစ်ခုပဲ။ နောက်တော့ ကောင်မလေးရဲ့ မိဘတွေက သိသွားတော့ သူတို့မှားမှန်းသိသွားကော။ အစကတည်းက ဒီလူကြီးရဲ့ နောက်ကြောင်းကို စုံစမ်းရမယ်။ ကိုယ့်သမီးယူရမယ့် ယောကျ်ားအကြောင်းကို စုံစမ်းဖို့ မိဘမှာ တာဝန်မရှိဘူးလား။ ဒါဟာ အုပ်ထိန်းသူတွေရဲ့ ချို့ယွင်းချက်ပဲ ဖြစ်ပါတယ်။

    ကျွန်တော်ဟာ အရိုးသားဆုံးနဲ့ စေတနာထားပြီး ရေးနေတာပါ။ ဒါကို နားလည်ဖို့တော့ လိုပါလိမ့်မယ်။ မြန်မာမိန်းကလေး အများစု ဖြစ်ပျက်နေတာကို ကြည့်ရင် ဘယ်လောက် ရင်နာစရာကောင်းလဲ။ ဘယ်လောက် စိတ်မချမ်း မသာ ဖြစ်ရလဲ။ တကယ်တော့ ကျွန်တော်တို့တွေ ဖြစ်တည်လာတဲ့ ဒီလူ့ဘဝကြီးမှာ အကောင်းဆုံး ၊ အရိုးသားဆုံး၊ သိက္ခာရှိရှိနဲ့ နေထိုင်သွားသင့်ပါတယ်။

    စေတနာများစွာဖြင့်
    လင်းဦး (စိတ်ပညာ)

    6 comments:

    စည်သူ said...

    မှန်တယ်ဗျို့ .. ကိုလင်းဦးကော ကောင်မလေးကော... း၁)
    ကျွန်တော်ပြောချင်တာကတော့ မိဘတွေဘယ်လောက် ကောင်းကောင်း / တော်တော် သားသမီး (အထူးသဖြင့် ဒီပို့စ်ဟာ မိန်းကလေးတွေကို ညွှန်းတာဆိုတော့ သမီးပေါ့ဗျာ) ရဲ့ ဉာဉ် နဲ့ ဗီဇ ကိုတော့ ထိန်းချုပ်ထားနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒီအတွက် ခေတ်နောက်ကိုလိုက်နေတဲ့ (စိတ်သွားရာ ကိုယ်ပါနေတဲ့) မိန်းကလေးတွေဟာ အတုမြင်အတတ်သင်လွယ်နေတဲ့ လောကကြီးထဲမှာ ကိုယ့်ဘာသာကိုယ် ပဲ့ကိုင်နိုင်မယ်ဆိုရင် လူတော်လူကောင်းဖြစ်လာမယ်လို့ ထင်မိပါတယ်။ ဖြစ်လာပြီးမှ ပြောနေဆိုနေရိုက်နှက်ကြိမ်းမောင်းနေတာထက် စာရင် မဖြစ်ခင်ကတည်းက ပြောဆိုညွှန်ပြကြရင်ကောင်းတာပေါ့။ (ဒါပေမယ့် လူဆိုတာက ထိမှနာမှ ကြောက်ရကောင်းမှန်းသိတာ)
    ကိုလင်းဦးရဲ့စေတနာကို နားလည်ပါတယ်။ သို့သော်လည်း အဝိုင်းဆိုတဲ့လောကကြီးထဲကို လူတွေက လေးထောင့်အဖြစ်ဝင်လာကြတာဆိုတော့ လေးထောင့်ကိုပဲတိုက်စားပြီး အဝိုင်းထဲဝင်မလား၊ အဝိုင်းကိုပဲလေးထောင့်ဖြစ်အောင် ကြံဆောင်ပြီးဝင်မလားဆိုတာ လူတွေအပေါ်မှာပဲ ကြည့်ရပါတော့မှာပဲလေ....

    Han Thit Nyeim said...

    ဦးစောဘွဲ့မှူးရေးခဲ့ဖူးတဲ့ သီချင်းကိုပဲ ဟစ်လိုက်ချင်တော့တယ်...
    `ချစ်သူလေးရဲ့ ပုခုံးဆီမှာ လက်သည်းချက်များတွေ့နေ... မောင်လက်သည်းအရှည် မထားတတ်မှန်းကို မောင်ပဲ အသိဆုံးပါလေ... ဘာအတွက်၊ ဘာကြောင့်...´ ဟိုးတုန်းက သီချင်းလေးက အခုထိ မှန်နေသေးတာ ဘာကြောင့်လည်းဆိုတာတော့ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ အရင်ကအတိုင်းပဲ ကျွန်တော်တို့ တိုးတက်မလာသေးလို့လား။

    နောက်ပြီးတော့ နိုင်ငံတကာမှာ ဒီလိုဖြစ်နေတာပဲလို့ တထစ်ချ ပြောလို့မရပါဘူး။ ဥပမာ အဲလို ဘာညာကိစ္စတွေနဲ့ နာမည်ကျော်တဲ့ ထိုင်းနိုင်ငံပဲဆိုပါတော့ နိုင်ငံလူဦးရေ လူအနည်းစုသာ အဲလိုအလုပ်မျိုးလုပ်ကြတာပါ။ ထိုင်းမှာ ပညာတတ်ဆိုရင် လေးစားပါတယ်။ ပညာတတ်ဆို လစာလည်း ပိုရပါတယ်။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ ဖောဖောသီသီ မရပေမယ့် တစ်ပတ်တစ်ခါ သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် အသာလေးသွားပျော်လို့ရအောင်တော့ လုံလောက်ပါတယ်။ ကျောင်းဆရာလုပ်နေတဲ့ သူတစ်ယောက်စားတဲ့ဆိုင်နဲ့ ကုမ္ပဏီသူဌေးစားတဲ့ဆိုင် အတူတူပါပဲ။ စားလည်း စားနိုင်ကြပါတယ်။ ထိုင်းမိန်းကလေး သူငယ်ချင်းတွေကို ကျွန်တာ် မြန်မာကားတစ်ကား ပြဖူးပါတယ်။ မိဘက သူဌေး အဖိုးကြီးနဲ့ ပေးစားတဲ့အခန်းမှာ ဘာပြောလဲဆိုတာ့ `Stupid Parent´ တဲ့။ သူတို့နိုင်ငံမှာ ဒါမျိုးရှားပါတယ်တဲ့။ ကျွန်တော်တို့ နိုင်ငံမှာ ရှားသလား ပေါသလား။ မိဘတွေရဲ့ဆန္ဒက ဘယ်လိုလဲဆိုတာ ကျွန်တော်ကိုယ်တိုင်က မိဘတစ်ယောက် မဖြစ်သေးတော့ မခံစားတတ်သေးဘူးဗျာ။

    မိုးပြေး said...

    ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်(၁၅)ကိုလင်းဦးအမြင်က မှန်ပါတယ်။မိန်းကလေးတွေ ကိုယ့်အိန္ဒြေကိုယ် မထိန်းသိမ်းတော့ဘူးဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စပါ။
    အရာအားလုံးဟာ ပြောင်းလဲနေတယ်ဆိုတာက ဟုတ်ပါတယ်။
    ဒါပေမယ့်ကိုယ့်အိနြေ၊ယဉ်ကျေးမှု၊အကျင့်သိက္ခာ ကတော့စောင့်ထိမ်းသင့်ပါတယ်..ဆက်ရေးပါကိုလင်းဦး

    aye said...

    ကောင်မလေးပြောတာလဲမှန်တယ် ..
    ကိုစည်သူပြောတာလဲ မှန်တယ် ..
    ဒါပေမဲ့ ကိုလင်းဦးရေ ..
    အုပ်ထိန်းမှုသိပ်ကောင်းတဲ့ အမေတွေလည်းရှိပါတယ်
    အများကြီးပါ ..
    အဲဒီအကြောင်းတွေလည်း ရေးပေးပါဦး ..

    Mhaw Sayar said...

    အမှန်ပဲ ကိုလင်းဦးရေ. ဒီဆောင်းပါးလေး သိပ်ကောင်းတယ်ဗျာ။ ကျွန်တော် ပြောချင်တာတွေ တော်တော်များများ ဒီထဲမှာ ပါတယ်ဗျို့.။

    အသက်နဲ့ လူလုပ်တာ ဆိုတဲ့ သူတွေ (အထူးသဖြင့် မိန်းကလေးတွေ) တစ်နေ့ထက် တစ်နေ့ များများ လာတာ သိပ်ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။

    နေရာတစ်ကာ ရင်ဖုံးနဲ့ ကြိုးကြီးချိတ်နဲ့ ရွှေပေးလို့ မရတဲ့ ဣန္ဒြေမျိုးလုပ်နေရမယ် မဆိုလိုပါဘူးဗျာ။ ဒါပေမယ့် နေရာတိုင်းမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဂုဏ်သိက္ခာ ဆိုတာလေး နည်းနည်းစီ ထည့်စဉ်းစားပြီး လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

    tinmay said...

    ဒူးနေရာဒူးတော်နေရာတော် .၀တ်စားနေထိုင်ရမှာပေါ့နော်.ဘယ်လောက်ပဲခေတ်မီတိုးတက်နေပါစေ..ခေတ်မလွန်သင့်ဘူးပေါ့နော်.. မြန်မာမလေးတစ်ယောက်ဖြစ်ရတာ အရမ်းကိုဂုဏ်ယူစရာပါ. အကို့ပိုစ်ထဲက မိဘတွေရဲ့ပုံစံမျိုးလေးတွေအနည်းနဲ့အများ တွေ့နေရပါတယ်. သမီးမိန်းကလေးတစ်ယောက်အတွက် မိခင်ရဲ့အုပ်ထိန်းမှုကအရမ်းအရေးကြီးပါတယ်. ဖခင်ကိုလည်းလေးစားမှပါလေ.. အဓိက ကတော့ငွေတစ်ခုတည်းနဲ့ အရာရာမပြီးမြောက်နိုင်ပါဘူးဆိုတာပါပဲ။ ကျေးဇူးကမ္ဘာ.

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo