ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင် (၁၃)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • သကြင်္န်ကားပြီးဆုံးခဲ့လေပြီ ။ သကြင်္န်ရက်အတွင်း ရိပ်သာနှင့် အကြောင်းကြောင်းကြောင့် IC မဏ္ဍပ်နှင့် ကူးချည် သန်းချည် လုပ်ခဲ့သူကား ကျွန်တော်ပင်။ သကြင်္န်တွင်း အဖြစ်အပျက်များကား အောချလောက်သည်။ ရေသန့်ဘူးစာ မိခဲ့ရလေသော အဆိုတော်နှင့် သရုပ်ဆောင်များကား သနားစရာပင်။ ထိုအကြောင်းများအား နောက်မှ ရေးတော့မည်။ ယခု ရေးချင်၊ ပြောချင်သော အကြောင်းအရာကား.........

    ကျွန်တော်တို့ရပ်ကွက်နှင့်အနီးတွင် ကိုးဘွဲ့ရဆရာတော်မှ ကျောင်းများ ဆောက်လုပ်ကာ ကျောင်းထိုင် နေပါသည်။ ဆက်လက်ပြီး ကျောင်းဆောင်များ ဆောက်လုပ်နေပါသည်။ ကျွန်တော် ဆရာတော်ဆီသို့ သွားရောက် တရားနာလေ့ရှိပါသည်။ ဆရာတော်ကား ကိုးဘွဲ့ရဆရာတော်ဟု နာမည်ကြီးနေသော အရှင်အာစာရလင်္ကာရ ။

    သကြင်္န်တွင်း ဖြစ်ပျက်နေသော အခြေအနေများ ဆရာတော်နှင့် ပြောဖြစ်ပါသည်။ ဆရာတော်က ....“မြို့ထဲမှာ အရထူးနေကြတာကိုး ဒကာရဲ့” ။ ကျွန်တော်က ဘယ်လိုအရထူးနေတာပါလဲဘုရားလို့ မေးလျှောက်မိတော့ “အရထူး အရူးထနေကြတာလေ” တဲ့ ။ “ ဒကာလေး မှတ်ထား၊ ဘုန်းဘုန်းရဲ့ ဒဿနတစ်ခုကတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ ၊ ဒါပဲ ဒကာရ။ ကိုယ်အခု ဘာတွေလုပ်နေလဲ။ ဘုန်းဘုန်းရဲ့ ဒကာမတစ်ဦးက ဖုန်းဆက်တယ်၊ အရမ်းပျော်တာပဲ ဘုန်းဘုန်းရယ်တဲ့၊ ပျော်မှာပေါ့။ ဘုန်းဘုန်းပြောခဲ့တာပဲ ၊ အပျော်ရှာသူက အပျော်ရမှာပဲ။ ကုသိုလ်ရှာတဲ့သူက ကုသိုလ်ရမယ်။ ကိုယ်လုပ်ချင်တာလုပ်ပြီးရင် ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲလေ မဟုတ်လား ဒကာရ ”။ ဘုန်းဘုန်းပြောသည်များမှာ အမှန်ပင်ဖြစ်သည်။ မူးချင်လို့ သောက်သည်။ သောက်ပြီးရင်တော့မူးမည်၊ မူးပြီးလျှင်တော့ ရမ်းမည်။ နောက်ဘဝထိ အကျိုးဆက်က မသေးလှပါ။

    “ပြီးတော့ အခု သကြင်္န်းတွင်း ရဟန်းခံကြတဲ့သူတွေထဲမှာ ဗေဒင်အလိုအရ လာခံတဲ့သူတွေလည်း ရှိပ့ါ။ သာသနာအတွက် ရင်လေးစရာပါပဲ” ။ ဟုတ်ပါသည်၊ ဗုဒ္ဓသာသာနာတော်အတွက် တကယ့်ကို ရင်လေး စရာများပါပင်။ “တစ်ခါက ဘုန်းဘုန်းရဲ့ တရားပွဲတစ်ခုမှာ ဒကာမ တစ်ဦးကိုမေးပါတယ်။ နတ်နဲ့ ငါနဲ့ ဘယ်သူ့ကို ပိုကြောက်သလဲလို့မေးတာ့ အဲ့ဒကာမက ဘာပြောလဲဆိုတော့ နတ်ကို ပိုကြောက်ပါတယ်လို့ ဖြေတယ် ဒကာလေးရ၊ ဘာလို့ ပိုကြောက်သလဲလို့ မေးပြန်တော့ နတ်က ကိုင်တယ်ဘုရား၊ သူကိုင်ရင် ကြောက်ဖို့ကောင်းတယ်ဘုရားလို့ ပြန်ဖြေတယ် ဒကာရေ ၊ နတ်ကို ယုံစားကြသူများ တယ်ခက်တာပဲ ”။ ဟုတ်ပါသည် ၊ ယခု သကြင်္န်တွင် အိမ်နားမှ လူတစ်ဦးမှ ရဟန်းခံချင်ရက်နဲ့ မခံရသေးဘူးဗျာဟု ပြောပါသည်။ ကျွန်တော်က ရဟန်းခံတာများ ခံလို့ရတာပဲဟုဆိုတော့ ထိုသူက၊ ကျွန်တော်တို့ ရိုးရာနတ်ကို မကန်တော့ရသေးဘူးဗျ၊ သူ့ကို ကန်တော့ပြီးမှ ရဟန်းခံလိ်ု့ရမှာဗျ တဲ့ ။ ကောင်းရောဗျာ။ ကိုယ့်ဟာကို ရဟန်းဘောင်၊ သာသနာ့ဘောင် ၀င်တာများ ရိုးရာနတ်ဆီကို ခွင့်တောင်းရသေးသတဲ့။ ကြားရလို့မှ မကောင်းပါ။ ထိုသူလို ဗုဒ္ဓဘာသာ အမည်ခံများကား များသထက်များလာပါသည်။

    ကျွန်တော်လည်း ထိုအကြောင်းများကို
    မဂ္ဂဇင်း စာမျက်နှာပေါ်တွင် ရေးသားခဲ့တာလည်း မနည်းတော့ပါ။ ဗေဒင်ဆရာတို့ကား ကျွန်တော့်အား ချောင်းရိုက်ချင်လောက်အောင် ဖြစ်ခဲ့ရပါသည်။ Sun Day Talk အစီအစဉ် ကြည့်ဖြစ်လိုက်ပါသည်။ ဗေဒင် နက္ခတ်ဆရာနှစ်ယောက်နှင့် တွေ့ဆုံမေးမြန်းခြင်းတစ်ခုပါ။ မေးသူကလည်း မေး၏။ ဖြေသူကလည်း ဖြေ၏၊ မယုံချင်လည်း မယုံကြနှင့်ဟုလည်း ဆိုသေး၏။ သူတို့ကလည်း အချက်ကျကျ ပြောကြသည်။ ကျွန်တော် ထိုအစီအစဉ်အားကြည့်ရင်း တော်တော်လေး စိတ်ထိခိုက်ရသည်။ ဆရာတော်များနှင့် ကျွန်တော်တို့လို စာရေးဆရာများမှာ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ကို လူတွေသိရှိနားလည်အောင်၊ မှန်မှန်ကန်ကန် ကိုးကွယ်တတ်အောင် အားကြိုးမာန်တက် ကြိုးစားနေချိန်တွင် ထိုသို့သော အစီအစဉ်များလုပ်ပြီး ပြခြင်းမှာ မကောင်းပါ။ ဆက်သွယ်စုံစမ်းကြည့်တော့ ပညာရပ်တစ်ခုအား လေးစားသောအားဖြင့် စီစဉ်တင်ဆက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ဘယ်သို့ပဲဖြစ်ဖြစ် မကောင်းပါ။ လူတွေ ပိုပြီး လမ်းမှားကို ရောက်တော့မည်။

    နောက်တစ်ခု ပြောချင်သည်မှာ ကျွန်တော်သည် နိုင်ငံရေးလုပ်နေသောသူတစ်ယောက် မဟုတ်ပါ။ သို့သော်လည်း ပြောသင့်သည်ထင်၍ ပြောရပါဦးမည်။ မဲရုံကိုသွားရန်၊ ထောက်ခံမဲပေးရန် ရုပ်သံအစီအစဉ် များမှ နေ၍ ထုတ်လွှင့်နေပါသည်။ ပြည်သူတွေထဲမှ ပြည်သူများက မေးလာသော စကားများအား ကျွန်တော်ပြောပြပါမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် မည်သို့သောအချက်များပါသည်ကို ပြည်သူများ မသိကြသေးပါ။ ပါ၀င်သောအချက်များကို မဖတ်ဘဲ မည်သို့ ထောက်ခံမဲ ပေးရမည်နည်း၊ ဒါ မေးခွန်း တစ်ခုပါ။ ဒီမေးခွန်းသည် တိုင်းပြည်၊ နိုင်ငံအတွက် အင်မတန် အရေးပါသော မေးခွန်းတစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ အစိုးရမှ ထိုဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား သက်ဆိုင်ရာ မြို့နယ် စာကြည့်တိုက် များတွင် ပေးပို့ပြီးဖြစ်ကြောင်း၊ စာအုပ်ဆိုင်များတွင်လည်း ၀ယ်ရောက်ဖတ်ရှု့နိုင်ကြောင်း ကြေငြာသည်ကို တွေ့ရပါသည်။ တကယ်တမ်း စဉ်းစားကြည့်လျှင် မည်သူမှ ၀ယ်မဖတ်ဟု ကျွန်တော်ထင်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့်သူများဆိုလျှင် ပိုဆိုးမည်။ ကျွန်တော် အမြင်မှားသည်လားတော့ မပြောတတ်ပါ။ ပထမဦးဆုံး မဲဆန္ဒပေးရန်ဟုုကြေငြာပြီး အခုတော့ ထောက်ခံမဲပေးရန်ဟု ကြေငြာသည်။ ဆန္ဒမဲနှင့် ထောက်ခံမဲ ၊ ဒီ စကားစု နှစ်ခုသည် အဓိပ္ပါယ် တော်တော်လေးကွာသည်ကို သတိပြုမိမည်ဟု ထင်ပါသည်။ ကျွန်တော့်အနေဖြင့် အစိုးရကို ဆန့်ကျင်ပြီး ပြောနေခြင်းမဟုတ်ပါ။ ဖြစ်နေတာတွေကို ပြောနေခြင်းဖြစ်ပါသည်။ အစိုးရအနေဖြင့် ထိထိရောက်ရောက် ထောက်ခံစေချင်လျှင် ဖတ်ဖြစ်အောင် လုပ်ရမည်သာ ဖြစ်သည်။ တစ်လမ်းလျှင် တစ်အုပ်ဆိုရင်ကော မပေးနိုင်ဘူးလား၊ ဒါ ကျွန်တော့ဘက်က စဉ်းစားကြည့်ခြင်းသာဖြစ်ပါသည်။ နိုင်ငံရေးနှင့် ပတ်သက်လျှင်ကား ကျွန်တော်သည် မူလတန်းအဆင့်သာ ရှိပါလိမ့်မည်။ သို့သော်လည်း ပြည်သူတွေ မေးသောမေးခွန်းသည် မေးသင့် မေးထိုက်သော မေးခွန်းပင် ဖြစ်သည်။ အစိုးရအနေဖြင့် ဟောပြောပွဲများတက်တိုင်း ထောက်ခံသည်ဟု မမှတ်စေလိုပါ။ ထောက်ခံမဲစာရင်းသို့လည်း မထည့်သွင်းစေလိုပါ။ ဆက်လက် ရေးသား ဖော်ပြပါဦးမည်။

    စေတနာများစွာဖြင့်
    လင်းဦး(စိတ်ပညာ)

    8 comments:

    Welcome said...

    ထပ်တူထပ်မျှပါ......
    ပြောမထွက်တဲ့စကားတွေကို ပြောပေးတဲ့အတွက်...

    မြန်မာပြည်ကိုလွမ်းတယ် said...

    အကိုလင်းဦးရေးလိုက်ရင် စိတ်ဝင်စားစရာ
    ကောင်းတဲ့ရှုထောင့်တွေဘက်ကတွေးရေး
    တာကြီးပဲနော်။စိတ်ဝင်စားစွာစောင့်ဖတ်နေ
    ပါတယ်။

    Han Thit Nyeim said...

    ကောင်းတယ်ဗျာ။ ကျွန်တော်ကြားဖူးတဲ့စကားတစ်ခွန်း ရှိတယ် `ပြချင်ရင် အရင်ရှိအောင်လုပ်´ တဲ့။ ဘာမှမရှိဘဲနဲ့တော့ ပြလို့မရတာ အမှန်ပါပဲ။

    မေမိုးမခ said...

    လေးစားပါတယ် အပျော်ရှာလို့ အပျော်ရတယ် တရားရှာရင်တရားရမှာပဲ။ ကောင်းသောပိုစ်လေးပါ

    MYAT KA LAY said...

    သူငယ်ချင်းလေး
    အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ
    ဖတ်ရတာအရမ်းအဆင်ပြေတယ်
    ရေးထားတာတွေကအရမ်းကောင်းတယ်
    သကြင်္န်မှာပျော်ရွှင်ခဲ့တယ်ပေါ့
    ကုသိုလ်တွေလည်းရခဲ့တယ်ပေါ့
    လုံမေ

    Pinkgold said...

    ကောင်းတယ် လင်းဦး...
    ခုမှ လာဖတ်ဖြစ်တယ်.. ထောက်ခံမဲ နဲ့ ဆန္ဒမဲ မတူဘူးဆိုတာ အဘ တွေကို သိစေချက်တယ် အဘ များ ပေါ့ ဟား ဟား

    MYAT KA LAY said...

    သူငယ်ချင်းလေး
    ကဗျာရပ်ဝန်းမှာ နင့်ကဗျာလေးနှစ်ပုဒ်
    ကိုဖတ်လိုက်ရတယ်
    နောက်လည်းများများရေးနော်
    ဒို့တွေအမြဲသူငယ်ချင်းကောင်း
    တွေလိုဆက်ဆံကြမယ်နော်
    နင်ငါ့ကိုဘယ်တော့မှမမေ့ရဘူးနော်
    အမြဲအားပေးနေမယ်
    လုံမေ(ထုံ)

    Heartmuseum said...

    ကိုလင်းဦးရေ... အတွေးလေးကောင်းတယ်ဗျာ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo