ကျွန်တော်သိသော ဆရာအောင်ပြည့်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,


  • ကျွန်တော်တို့ ငယ်ငယ်အလယ်တန်းကျောင်းသားဘဝက အစ်ကိုကြီးတွေဖတ်သည့် ချယ်ရီမဂ္ဂဇင်းများကို အစ်ကိုကြီးတွေအလစ် ဟိုလှန်၊ ဒီလှန် လှန်ရင်း ဟိုမြည်း ဒီမြည်း မြည်းစမ်းခဲ့ကြသည်။ ချယ်ရီမဂ္ဂဇင်းမှ တစ်မျက်နှာ အမှာစာများကို ဖတ်ခွင့်ရခဲ့သည်။

    ဆရာမြတ်ထန်နှင့် ဆရာအောင်ပြည်တို့၏ အမှာစာများ........
    လှလှပပလေးတွေ ရေးထားကြသည်။ ပေါ့ပေါ့ပါးပါးနှင့် ဖြစ်သည်။ ဖတ်ရသမျှမှာလည်း မြင်သာ၊ ထင်သာ မြင်သာ ရှိလွန်းလှသည်။ ဖတ်ရင်း ဖတ်ရင်း ကျေနပ်ကြရသည်။ ဖတ်ပြီးရင် ဖတ်ချင်ရင်း ချင်ခြင်း တပ်ခဲ့ကြသည်။ ဒီတုန်းက ဆရာမြတ်ထန်၊ ဆရာအောင်ပြည့်တို့ကို မြင်ဖူး၊ တွေ့ဖူးချင်ခဲ့သည်။ သို့သော် အရွယ်ချင်းရော၊ လုပ်ငန်းသဘာဝ ချင်းရော၊ အနေထားချင်းတွေကပါ တခြားစီ ။ မတွေ့ဖြစ်ခဲ့ကြ ။ တွေ့ကြရအောင်လည်း တစ်ခါမှ မကြိုးစားဖူးခဲ့ ။

    ဒီလိုနှင့် နှစ်တွေ မနည်းကြာခဲ့သည်။ ဆရာအောင်ပြည့်ကိုင်လေသည့် ချယ်ရီမဂ္ဂဇင်းတွေနှင့်လည်း ဝေးခဲ့ရသည်။ ဆရာပြည့် စာများနှင့်လည်း စိမ်းခဲ့ရသည်။ တစ်ခါတစ်ရံသာ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဆရာပြည့်ကို ကြိုကြား ကြိုကြား မြင်ခွင့်ရခဲ့သည်။ အဲ့ဒါ စာရေးဆရာအောင်ပြည့်ဆိုတာပေါ့ဟု လူကြီးတွေ ပြောမှသာ သိရတော့သည်။ မှတ်သားခဲ့ရတော့သည်။ ဆရာအောင်ပြည့်ကား သရုပ်ဆောင်လည်း ရသူပါတကား ။ သရုပ်ဆောင်လုပ်တော့လည်း အဟုတ်။ ဥပဓိရုပ်က သူ့ဘက်က ပါလာသေးသည်။ အပြော အဆိုကျ ၀ါရင့်သရုပ်ဆောင်ကြီးတွေနှင့်ပင် သူတင်၊ ကိုယ်တင် သရုပ်ဆောင်နိုင်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါကြောင်း သဘောရကြသူ များကြလေသည်။

    တစ်ခါတစ်ရံ ကံကြမ္မာဆိုသည်ကလည်း အံ့ဩစရာ။ ဆရာပြည့်နှင့် ရင်းရင်းနှီးနှီးဆုံဖို့ အခွင့်အရေးတစ်ခု ကြံုခဲ့ရသည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က ဖြစ်သည်။ တိတိကျကျဆိုရသော် “ဖတ်စရာဂျာနယ်”မှ ဆရာပြည့် အယ်ဒီတာချုပ်တာဝန်ဖြင့် ကိုင်နေပြီး ငါးလ၊ ခြောက်လလောက်မှာ ဖြစ်သည်။ ဆရာပြည့်နှင့် သိခဲ့ရသည်။ ဒီလိုနဲ့ ကျွန်တော်နှင့် ဆရာပြည့် ပတ်သက်ခဲ့ကြရတာတွေ ရှိလာသည်။ ရင်းရင်းနှီးနှီးတွေ ဖြစ်လာခဲ့ရသည်။

    ကျွန်တော်နှင့် တွေ့ရသည့် အချိန်မှာတော့ ဆရာပြည့်တစ်ယောက် တကယ့်အားကောင်းမောင်းသန်။ လုပ်ချင်တာတွေ လုပ်သင့်တာတွေကို တရစပ် တွန်းတွန်းတိုက်တိုက် လုပ်နေသည့်အချိန်။ တစ်နေ့ တစ်နေ့ အချိန်တွေ နည်းလွန်းသည်ဟု ညည်းတွားသံတွေ သူ့ဆီက ကြားကြားနေရတတ်သည်။ သူ့ဂျာနယ်ကို တစ်ပတ်ပြီးတစ်ပတ် တိုးတိုးပြီး ကောင်းအောင်၊ ရိုးမသွားအောင် စီစဉ်၊ ပြင်ဆင်၊ မွမ်းမံ၊ အားဖြည့် ကောင်းနေသည့်အချိန် ဖြစ်သည်။ ကျွန်တော်တို့ ကျေနပ်ကြရပါ၏။

    ကံကောင်းသည်ဟုလည်း သဘောရကြတာတွေလည်း ရှိပါ၏။ ဒါတခြားတော့မဟုတ်။ ဆရာပြည့်နှင့် နီးနီးနားနားနေရင်း ဆရာပြည့်လုပ်တာ။ ကိုင်တာတွေကို အနီးကပ်အတုခိုး၊ အားကျခဲ့ကြရသည်။ စာရေးဆရာနှင့် အယ်ဒီတာ ဆက်ဆံရေး၊ စာရေးဆရာကြီးတွေ နေကြထိုင်ကြ၊ ပြောကြသည်များကို ကြိုးစားပြီး သွေကူးကာ အားကျခဲ့ကြရတာတွေ အများကြီးရှိခဲ့၊ အဖတ်တင်ခဲ့လေခြင်း တို့ကြောင့်ပင် ဖြစ်သည်။

    သို့သော် ဆရာပြည့်ကား ကျွန်တော်တို့နှင့်ဆုံကြရလေတော့ သူ့အသက်က(၆၅)နှစ်ထဲမှာ၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက စာပေအလုပ်၊ အနုပညာအလုပ်များချည်းသာ “ဇောက်”ချ လုပ်ကိုင်ခဲ့ရင်း အချိန်ပြည့် ပေါ့ပေါ့ပါးပါး၊ ခပ်ပျော်ပျော်သာ နေခဲ့ဟန်တူသည်။ ခုတော့ ငယ်ရွယ်စဉ်၊ အရွယ်ကောင်းတုန်းက ပျော်ခဲ့သမျှ အပျော်တွေက ခုတော့ စုပုံပြီး ဒဏ်ဖြစ်လာခဲ့ချေပြီဟု သူ့ဂျာနယ် အယ်ဒီတာအညွှန်းမှာ တစ်ချက် တစ်ချက်တို့ တို့ရေးလာခဲ့သည်။

    အဲ့ဒီနှစ် မိုးတွင်းနောက်ပိုင်းဆွဲလေးမှာ သိသိသာသာမိုးတွေများလာသည်။ အအေးဓါတ်လည်း ခါတိုင်းနှစ် တွေထက် ရက်ရှည်စိမ့်လာ အအေးပိုလာသည်။ ရာသီဥတု အပြောင်းအလဲကြောင့် လူတော်တော်များများ နှာစေး၊ ချောင်းဆိုး၊ အအေးပတ် အဖြစ်များလာကြသည်။ ကျွန်တော်တို့ ကိုယ်တိုင် ချောင်းတစ်ဟွတ်ဟွတ်နှင့် ဖြစ်လာသည်။ ဆရာပြည့်လည်း စကားတပြောပြောနှင့် ချောင်းတစ်ဟွတ်ဟွတ် အသံကြားရသည်။ အားကျိုးခနွဲနှင့် အလုပ်လုပ်ကောင်းချိန်ကျမှ ချောင်းဆိုးများပြီး ပင်ပန်းလွန်းလှသည်ဟုဆိုကာ သူ့စားပွဲဘေးတွင် သက်သောင့်သက်သာ ခွေခွေလေးလှဲကာ မှေးနေရသည့်အခါများကို တွေ့ကြရ ပြန်သေးသည်။

    တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်ကြာတော့ သူသူကိုယ်ကိုယ် ချောင်းတဟွတ်ဟွတ်သံများ ပျောက်သွားကြ သော်လည်း ဆရာပြည့်မှာတော့ အဲဒီကတည်းက စလိုက်သည့်ဝေဒနာ၊ တစ်ရက်ပြီးတစ်ရက် သက်သာသည်၊ ပျောက်သည်မဟုတ်ဘဲ ပို၍ ပို၍သာ ဆိုးလာဟန်ရှိသည်။ အချိန်မှန်မှန် အလုပ်ဆင်းတတ်လေသည့် ဆရာ ။ ခုတော့ပုံမှန် အလုပ်ကို မလာနိုင်တော့။ ဒီတုန်းက ဒလဘက်ကမ်းမှာ နေသည်။ ကျန်းမာရေးကောင်းသည့် ရက်များဆို အလုပ်ကို ရောက်ရောက်လာတတ်သည်။ သက်သောင့် သက်သာဖြင့်တော့ မဟုတ်။ ဒီအခါများ ဆိုလျှင် သူ့အယ်ဒီတာလေးများဖြစ်သည့် ကိုအောင်ဇော်လတ်နှင့် ကိုဖြိုးဝေလင်းတို့က တဟီးဟီး တဟားဟား နှင့် ဆရာ့ကို အားပေးစကားတွေ ပြောရင်း အကြိုအပို့ လုပ်ပေးခဲ့ကြရသည်။

    ၃၇ လမ်းက ဖတ်စရာ ဂျာနယ်တိုက်သည် ပထမထပ်မှာပင် ရှိသည်။ လှေခါးထစ်အထစ်(၂၀)လောက်သာ တက်ရသည်ဖြစ်သော်လည်း ဒီအမြင့်လောက်ကိုပင် ပင်ပင်ပန်းပန်း ဆင်းရ၊ တက်ရသည်ကို တွေ့ကြရတော့ ဆရာ့ကို ကိုယ်ချင်းစာလာကြသည်။ အားနာလာကြရသည်။ သနား လာကြရတော့သည်။ ဒီနောက် ဒလဘက်ကမ်းကနေ ဆေးခန်းများ၊ ဆရာဝန်ကြီးများနှင့် နီးနီးနားနားဖြစ်ရလေအောင် ဒါရိုက်တာ မောင်ဝဏ္ဏတို့အိမ်မှာ ခဏ စတည်းချကာ နေလိုက်သေးသည်။ ဒီနောက် မြောက်ဒဂုံမှာ။ အဲ့ဒီ ရက်ပိုင်းတွေမှာ ဖြစ်သည်။ ပဲခူးမြို့နေ ဦးအောင်သန်း(မောင်စေတနာ)က ဖတ်စရာဂျာနယ်တိုက်ကို ရောက်လာသည်။ ဆရာပြည့်နှင့်တွေ့ရန်ဟု ဆိုသည်။ ဆရာပြည့်ကိုပင် ဆရာပြည့်ဟု မခေါ်၊ အောင်ပြည့်၊ ဦးအောင်ပြည့်ဟုပင် နှုတ်မကျိုး၊ ခင်မောင်မြင့်......တဲ့ ။

    ဒီတော့မှ ဆရာပြည့် နာမည်အရင်းက ဦးခင်မောင်မြင့်ဆိုသည်ကို သိလာရခြင်းဖြစ်သည်။ ဆရာ မောင်စေတနာနှင့် ဆရာပြည့်ကား တစ်မြို့တည်းသား ညီအစ်ကိုလို နေခဲ့ကြသူတွေ။ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားခဲ့ကြသူတွေတဲ့။ ဒီအထဲ ဘာသာပြန်စာတွေရေးတဲ့ စာရေးဆရာ ဗမိုးလည်း ပါသေးသတဲ့။ ပြွန်တန်ဆာသား ၊ ပြွန်တန်ဆာ ကျောင်းထွက်တွေတဲ့။ “အစ်ကိုရေ .... မြင်တဲ့အတိုင်းပဲ သိပ်နေရတာ မကောင်းလို့ ဒလဘက်ပြန်မလို့”ဟု စားပွဲနောက်ကြမ်းပြင်ပေါ်မှာ လှဲနေရာက အပြံုးယဲ့ယဲ့ဖြင့် နှုတ်ဆက်သည်။ ဒါဟာ ဆရာပြည့်နှင့် ဆရာမောင်စေတနာတို့ နောက်ဆုံး တွေ့ကြ၊ နှုတ်ဆက်ကြခြင်းဖြစ်သည်။

    ဒီအချိန်တွေမှာ ဆရာပြည့်တစ်ယောက် ကျန်းမာရေးက ည့ံသည်ထက် ည့ံညံ့လာခဲ့သည့် အချိန်ဖြစ်သည်။ အောက်ဆီဂျင်ဘူးကြီးကို အနားမှာထားရင်း စကားပြောနေသည့်အချိန် ဖြစ်သည်။
    “ကိုခင်မောင်မြင့် (ဆရာအောင်ပြည့်)က သူရဲ့ ကနဦး ၀ါသနာက ပန်းချီဗျ။ သူ့ဆရာက ကျွန်တော်တို့ ပြွန်တန်ဆာသားပဲ။ သူတို့ ညီအစ်ကိုတွေအားလုံး အနုပညာ မျိုးရိုး၊ စာပေမျိုးရိုးတွေပဲဗျ။ ကာတွန်းအနောင်တို့ ဆရာကောင်းညွန့်တို့၊ နောက်မှ ကိုခင်မောင်မြင့်က စကားပြေဘက်ကူး၊ ကဗျာတွေရေး၊ ရသဝတ္ထုတွေဖွဲ့တာ”
    ဆရာမောင်ဝံသနှင့် ဆရာအောင်ပြည့်တို့၏ အမှတ်တရကဏ္ဍလေးတစ်ခုတွင် ဆရာမောင်ဝံသက ဤသို့ ဆိုထားခဲ့ခြင်း ဖြစ်သည်။

    ဆရာပြည့် ငယ်ရွယ်စဉ်၊ အရွယ်ကောင်းခဲ့စဉ်တုန်းက ဆရာမောင်ဝံသ ရေးခဲ့သည့် စာအုပ်တစ်အုပ်တွင် ဆရာပြည့်က မျက်နှာဖုံးပန်ချီဆွဲကာ ကူညီခဲ့ဖူးသတဲ့။ အဲ့ဒီတုန်းက အောင်ပြည့်လက်မှတ်နှင့်မဟုတ်။ ခင်မောင်မြင့် (ပြွန်တန်ဆာ) လက်မှတ်နဲ့ဟု ဆိုသည်။

    ဆရာအောင်ပြည့်သည် မြန်မာစာ ဂုဏ်ထူးဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသူတစ်ဦး မြန်မာစာ သမားပီပီ စကားပြေ အရေးအသားမှာလည်း ရှင်းသည်၊ နုသည်၊ လှသည်။ စာဖတ်သူတိုင်း သူ့ဝါကျ တည်ဆောက်ပုံကို နားလည်လွယ်သည်။ သူသည် စကားပြေ အရေးအသားသာမက ကဗျာလည်း စပ်သည် ။ စကားပြေ ကဗျာ။ ပန်ချိီလည်း ဆွဲသည်။ ဂီတလည်း ၀ါသနာပါသည်။ ပန်ချီပညာကို ဇာတိ ပြွန်တန်ဆာမြို့မှာ နေစဉ်ကာလက ဈာပနခေါင်းများတွင် ဦးမည်သူ၊ ဦးမည်ဝါ(အသက်) စသည်ဖြင့် လက်ရေးစာလုံးများကို လိုက်လံ ံရေးဆွဲသည်အထိ ၀ါသနာ ထုံသူတည်း ။

    ဆရာပြည့်ကို ပျဉ်းမနားမြို့၊ အဖ ဦးသာအောင်၊ အမိ ဒေါ်စိုးမြင့်တို့မှ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ ကြာသာပတေးနေ့တွင် မွေးဖွားသည်။ မွေးချင်း ခုနှစ်ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာအထက်တန်းကျောင်းမှ ၁၀တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာ(မြန်မာစာ) ဂုဏ်ထူးဘွဲ့ ရခဲ့သည်။ ဘွဲ့ရပြီးနောက် “ဦးဆောက်ပန်း”အမည်ဖြင့် ရန်ကုန်မြို့ လှည်းတန်းတွင် စာအုပ်ဆိုင်ဖွင့်ခဲ့ပြီး စာများ ရေးသားခဲ့သည်။ အထူးသဖြင့် ရှု့မဝ မဂ္ဂဇင်းတွင် ၀တ္ထုတိုများစွာ ရေးသားခဲ့သည်။ ၀တ္ထုတို၊ လုံးချင်းဝတ္ထုများစွာ ရေးသားခဲ့သည့်အနက် “ပြိုမှာလေလား မိုးရဲ့” ၀တ္ထုသည် အအောင်မြင်ဆုံး၊ အထင်ရှားဆုံး ဖြစ်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဆရာအထောက်တော်လှအောင် ဦးစီးသော သတင်းဂျာနယ်တွင် တွဲဖက် အယ်ဒီတာအဖြစ် လည်းကောင်း၊ နောက်ပိုင်း တာဝန်ခံ အယ်ဒီတာအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်သည်။ ၁၉၈၄ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာအဖြစ် ၁၉၉၀ပြည့်နှစ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် ၀ါနီပြာ မဂ္ဂဇင်း၊ ရာစုဂျာနယ်၊ နှင်းဆီ မဂ္ဂဇင်း၊ ပေါ်ပြူလာဂျာနယ်၊ ဖတ်စရာဂျာနယ်တို့တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ စိတ်ပင်လယ် စာတမ်းများ၊ ကံကော်မြိုင်စာတမ်းများ၊ စကားအကြောင်း စာအကြောင်း........များ ။ ၁၉၇၄ ခုနှစ်တွင် ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးသော ခြေဖဝါးတော်နုနု ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါ၀င်သရုပ်ဆောင်ခဲ့သည်။ စာရေးဆရာ၊ အယ်ဒီတာ၊ သရုပ်ဆောင်အဖြစ် ကျင်လည်ဖြတ်သန်း လှုပ်ရှားခဲ့သည့်အပြင် အချိန်ပိုင်း မြန်မာစာနည်းပြအဖြစ်လည်း တာဝန်ယူ ဆောင်ရွက် ခဲ့သည်။

    နောက်ပိုင်းတွင် ကျွန်တော်တို့နှင့် ဆရာပြည့်ကား များများစားစား မတွေ့ဖြစ်ရတော့ပါ။ မတွေ့နိုင်ရတော့ပါ။ ဒီနောက်ပိုင်းကတည်းက ကျန်းမာရေး နလန်ထူ မလာလေသည့် ဆရာပြည့်မှာ ထူထူထောင်ထောင် ဖြစ်မလာတော့ပါချေ။ တစ်နေ့ တစ်နေ့ ခဲရာ ခဲဆစ် ရုံးခန်းကို ရောက်လာလေသည့် ဆရာပြည့်မှာ ရုံးခန်းက စားပွဲမှာပင် ကောင်းကောင်းမထိုင်နိုင်တော့ပေ။ စားပွဲဘေးတွင် အခင်းလေးခင်းပြီး တစ်ခွေခွေ မြင်နေရသည့် အချိန်တွေက ပိုပြီး များလာလေ့ရှိသည်။ ဆရာ့အသက်ကို မေးကြည့်တော့ ၆၅နှစ် ရှိပြီတဲ့။

    ၂၆-၄-၂၀၀၆ ရက်နေ့က ဆရာအောင်ပြည့်ကား သူချစ်သော စာပေ၊ ဂီတ၊ ပန်းချီ၊ အနုပညာကွင်းကြီးကို ကျောခိုင်းကာ ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်လေသည်။ ဆရာ ဗိုလ်ကလေးတင့်အောင်၏ စကားနှင့်ပြောရရင် လောကဓံ၏ အထုအထောင်းကို ခံရရင်းဖြစ် လွန်ခဲ့သည့် နှစ်များစွာက ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းပြီး သေအောင်ကြိုးစားစဉ်က မသေခဲ့။ မသေအတူတူ ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဦးမယ်ဟဲ့ လို့ ကြံုးဝါးကြိုးစားနေထိုင်ကာမှ သေမင်းအခေါ်ခံခဲ့ရရှာသည့် ဆရာအောင်ပြည့် ။

    မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ ထုတ်ရအောင် လူ့ပြည်ကို တမင်အလည်လာလေသလား မသိပါဟု မောင်ခင်မင် (ဓနုဖြူ)ကလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက ရင်းနှီးခဲ့ရလေသည့် သူငယ်ချင်း အောင်ပြည့်အတွက် နှမြောတသ စိတ်မကောင်းစွာဖြင့် ဆိုခဲ့သည်။

    “ကိုပြည့်ရေ.... မင်းကတော့ အရင်သွားနှင့်သူ၊ ငါတို့က နောက်မှ လိုက်ခဲ့မယ်။ မင်းက စီနီယာပေါ့။ ငါတို့က မင်းညီ ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါမှာလည်း မင်း ဘာလုပ်မယ်ထင်သလဲ၊ မင်း ဂျာနယ်တွေထုတ်မယ်၊ မဂ္ဂဇင်းတွေထုတ်မယ်။ မင်းထုတ်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ငါတို့က စာတွေရေးမယ်၊ မောင်မောင်သိုက်တို့ ကျော်သောင်းတို့က ပန်းချီဝင်ဆွဲကြလိမ့်မယ်။ နောက်ဘဝက စောင့်သာနေပါ......”လို့ ဆရာဇော်ဇော်အောင်က ဆရာအောင်ပြည့်ကို ဒီဘဝတင် အားမရဘဲ နောက်ဘဝအထိပါ အတူနေ၊ အတူပျော်ရအောင် အဖော်စပ်သည်။

    ဆရာပြည့်၊ ဆရာအောင်ပြည့် ၊ စာရေးဆရာ၊ ကဗျာဆရာ၊ သရုပ်ဆောင်၊ ဂီတ စွယ်စုံပညာရှင်တစ်ယောက် ကြွေလွင့်ရတာကို အလွှာစုံ၊ အရွယ်စုံက ၀မ်းနည်းပက်လက် နှမြောကြလို့၊ စိတ်မကောင်းဖြစ်နေကြလို့ ။ ကျန်းမာစဉ်၊ အောင်မြင်ခဲ့စဉ်တုန်းကလည်း ဂုဏ်ယူလို့ မဆုံး တပြံုးပြံုးနဲ့ပေါ့။ သူငယ်ချင်းတွေ တစ်အုပ်ကြီးနဲ့ တရုန်းရုန်း ရှိခဲ့သည့် ဆရာအောင်ပြည့် ။ ဆရာပြည့်လို အနုပညာနှင့် ပတ်သက်ပြီး စွယ်စုံတော်ဖို့ဆိုသည်က မလွယ် ။ မလွယ်သည်မှ တော်တော်နှင့် မလွယ်။

    ကျွန်တော်တို့ ကျင်လည်နေရသည့် စာပေလောကအတွက်လည်း နှမြောစရာ။ နောက်ထပ်ဘယ်သူတွေ လာနိုင်သေးသလဲ။ ဘယ်တော့လောက်မှ လာနိုင်ဦးမှာလဲ။ လာသောသူကလည်း ဆရာပြည့်လို သဘောကောင်းသူ၊ အပေါင်းအသင်းတွေကို ချစ်သူ၊ စာပေလောကကို နားလည် သံယောဇဉ်ကြီးသူ၊ ငယ်ရွယ်သူတွေကို ကရုဏာနဲ့ ညှာတာတတ်သူ ဖြစ်လာနိုင်မလား ။
    ခုတော့ ..... ဆရာပြည့်ရေ ... ။
    ကျန်ရစ်သူတွေမှာ အလွမ်းတွေ ကိုယ်စီ တစ်ပွေ့တစ်ပို်က်နဲ့ပေါ့ ။

    လင်းဦး (စိတ်ပညာ)


    7 comments:

    pandora said...

    ဒီပို့စ်လေးအတွက် ကျေးဇူးပဲ
    သေသေချာချာဖတ်သွားပါတယ်..။

    စိုးထက် - Soe Htet ! said...

    ဆရာအကြောင်း သေချာ ဖေါ်ပြပေးထားတာ ကျေးဇူး ... ကျွန်တော်က သူ့စာ နည်းနည်း နဲ့ ရုပ်ရှင်ထဲမှာ ပါတာ လေးတွေ လောက်ပဲ သိတာ :D

    မြန်မာပြည်ကိုလွမ်းတယ် said...

    ကျွန်မမေမေရဲ့ဆရာတစ်ယောက်မို.
    ဆရာအောင်ပြည့်အကြောင်းကြားဖူးနေပါ
    တယ်။အသင်အပြသိပ်ကောင်းပြီး၊ပျော်ပျော်
    နေတတ်တယ်ဆိုတာလောက်ပဲသိထားတာပါ။
    ခုလိုပြည့်ပြည့်စုံစုံဖော်ပြပေးတာကျေးဇူးပါ
    အကို။ကျွန်မတို. တိုင်းပြည်မှာငယ်ငယ်လေး
    နဲ့ကြွေသွားတဲ့ကြယ်ပွင့်တွေမနည်းဘူးအကို
    ရေ။ကောင်းကင်မှာကြယ်တစ်ပွင့်ကြွေသွားရင်
    မသိသာပေမဲ့၊ကျွန်မတို.ဆီမှာတော့ ကြယ်ပွင့်
    တစ်ပွင့်ကြွေသွားပြီးရင် နယ်ပယ်စုံမှာ အလင်းတွေဖျော့သွားတာသိပ်သိသာတာပဲ
    နော်..အကို။

    တောကကိုရင် said...

    ဆရာအောင်ပြည့်ပြောခဲ့တဲ့အထဲမှာ..
    ချစ်သူကိုလဲမသာစေ
    မုန်းသူကိုလဲမနာစေ
    သတင်းအမှန်များကိုသာ..
    မောင်းနင်းပြန်ကြားပါမည်ဆိုတာ..
    အကြိုက်ဆုံးပဲဗျ......

    puluque said...

    ဖတ်စရာ ဂျာနယ်ကို ကျတော်တို့ အိမ်မှာ ဒုတိယ အစောင်လောက်ကတညး် က ဖတ်ဖြစ်ခဲ့ပါတယ်။ကျတော်တို့ အမြဲဖတ်ခဲ့ပါတယ်။ ကျတော်မေမေ ဆို ဗုဒဟူးနေတိုင်း ၀ယ်ဖို့သတိပေးပါတယ်။ ဆရာပြည်ကွယ်လွန်ပြီး နောက်တစ်စောင်သာ ဖတ်ခဲ့ရတဲ့ ဖတ်စရာဂျာနယ်ကို အမြဲသတိရနေပါတယ်။ ုကျတော့ မေမေဆို ဖတ်စရာ အဟောင်း လေးတွေကို အိပ်ရာဘေးမှာ အမြဲထားပြီး ဖတ်လေ့ရှီပါတယ်။ ကျတော်က တော့ ဆရာမောင်ဝံသ ရဲ့ ဝေါမြို့က မိ၀ိုင်းဆောင်းပါတွေကို ကြိုက်ပါတယ်။ ကျတော်တို့ တစ်အိမ်လုံးက ဂျာနယ်တွေက်ုိ တစ်ယောက်အကြိုက်တစ် မျိုးစိပေမဲ့ ဖတ်စရာ ဂျာနယ်ကို တော့ အားလုံး ကြိုက်ပါတယ်ဒ

    Phyo Maw said...

    ကိုလင်းဦးရေ... ကျွန်တော် ဒီပို့စ်ကို လင့်ပါရစေဗျာ။
    ဒီရက်ပိုင်း ဆရာပြည့်ကို သတိတရနဲ့ ငါရန်ကုန်တုန်းက သဘောကျခဲ့တဲ့ ဖတ်စရာအကြောင်း ရေးမယ် ရေးမယ် လုပ်နေတာ ကြာပြီ။
    google မှာ အချက်အလက် စုံအောင် ကြည့်တော့ မထင်မှတ်ပဲ ကိုလင်းဦးရေးထားတာ မြင်ရတော့ ကျေးဇူးလဲတင်မိ ၀မ်းနည်း ၀မ်းသာ တစ်ခါတည်းဖြစ်ရတယ်။

    nyimuyar said...

    thanks for your post, I really like it

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo