ထေရဝါဒဗုဒ္ဓဘာသာနှင့် ဘုရားကိုးဆူ ပူဇော်ဆပ်ကပ်မှု

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ယခုအခါ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ပြုလုပ်လေ့ရှိကြသော “ဘုရားကိုးဆူ ပူဇော်ဆည်းကပ်မှုနှင့် ဂြိုဟ်ကြီးကိုးလုံး ပသမှု” အလေ့အထသည် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး၏သားတော် အနော်ရထာစော ဇင်းမယ်၌ ဘုရင်ခံ ပြုလုပ်စဉ်က ရရှိခဲ့ခြင်း ဖြစ်သည်ဟု သမိုင်းအမှတ်အသားရှိကြောင်း၊ ဇင်းမယ်ဘုရင်ခံ နော်ရထာစောနှင့် သူ၏ အမှုထမ်းရာထမ်း မြန်မာအရာရှိများ ကျေနပ်နှစ်သိမ့်စေရန်အလို့ငှာ ဇင်းမယ် ရဟန်းတော်တစ်ပါးက ယင်းပူဇော်နည်းကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သမိုင်းဆရာများက ယူဆခဲ့ကြကြောင်း စစ်တမ်းဆရာကြီး မြင့်ဆွေက “ဇင်းမယ် ပဏ္ဏာသစစ်တမ်း”တွင် ၁၅-၁၁-၉၁ ရက်စွဲဖြင့် ရေးသားခဲ့သည်။

    ထိုအလေ့အထနှင့် ပတ်သက်၍ ဘိုးတော် ဗဒုံမင်းလက်ထက်ကလည်း သပြေငါးရွာစား မင်းလှသိင်္ဂါသူက မောင်းထောင်သာသနာပိုင် ဆရာတော်ကြီးအား လျှောက်ထားမေးမြန်းခဲ့ဖူးရာ “ဘုရားကိုးဆူ ပူဇော်နည်းနှင့် ဂြိုဟ်ကြီးကိုးလုံး ပသနည်းကို ဇင်းမယ်က ရရှိလာခြင်း ဖြစ်သည်” ဟုပင် “ဗုဒ္ဓ နဝမ ပူဇာ ရဟ ၀ိနိစ္ဆယ”တွင် ဖြေကြားတော် မူခဲ့သည်။

    ဂြိုဟ်ကြီးကိုးလုံး ပူဇော်နည်းကို အတုယူကာ ဇင်းမယ်ရဟန်းတော် ရှင်မုနေသဘ တီထွင်သည့် ဘုရားကိုးဆူ ပူဇော်နည်းကို ကျင့်သုံးလိုက်နာလာဖြစ်သည့် အကြောင်းတရားမှာကား- ဗုဒ္ဓမြတ်စွာသည် ဒီဃလင်္ဂီကမြို့တွင် ဆွမ်းခံပြီး တောကျောင်း၌ သီတင်းသုံးနေခဲ့စဉ် ထိုမြို့မှ ပုဏ္ဏားသူကြွယ်တစ်ဦး၏ သားငယ်သည် သက်တမ်း ခုနှစ်ရက်သာ ကျန်ရှိတော့သောကြောင့် ထိုသူငယ်၏ အသက်အန္တရာယ်ဖြစ်သော နတ်ဘီလူး၏ ရန်စွယ်မှ ကင်းဝေးစေရန် မြတ်စွာဗုဒ္ဓသည် သာဝကရှစ်ပါး ခြံရံလျက် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးတော်မူရာ အသက် ၁၂၀-တိုင် နေခဲ့ရသည်ဟူသော ဇာတ်တော်ပင်ဖြစ်ကြောင်း၊ ထိုဇာတ်တော်အရ ဘုရား ရဟန္တာကိုးပါး ပရိတ်ရွတ်သော် အနာရောဂါကင်းသည်၊ အသက်ရှည်သည်ဟူသော ယုံကြည်မှုဖြင့် ဘုရားကိုးဆူ ပူဇော်ကြခြင်း ဖြစ်ကြောင်း” မန္တလေး မြို့တည် နန်းတည် စာတမ်း”အရ သိရှိရသည်။

    “မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း” ဒုတိယပိုင်း၌ “ပုဏ္ဏားများဆောင်ရွက်ရသော မင်းနှင့်စပ်သော အလုပ်ဝတ္တရား ပိုင်းခြားထားပုံ၊ ပုဏ္ဏားများ အခွင့်အလမ်းရပုံများအကြောင်း”တွင် ကိုးပါးပုဏ္ဏားဆိုသည်မှာ ဘုရားကိုးဆူ ဂြိုဟ်ကြီးကိုးလုံး အမြဲပူဇော်ရခြင်းကို အရင်းထား၍ “ကိုပါး”ခေါ်ကြောင်း၊ စလွယ်ခြောက်သွယ်တင် ခေတ္တရာပုဏ္ဏားမျိုး အချို့ကို “ကိုးပါး”ခန့်ထားလေ့ရှိကြောင်း သိရှိရသည်။

    “မန္တလေး မြို့တည် နန်းတည် စာတမ်း” အရ မြန်မာမင်းများ မြို့နန်းတည်သော အခမ်းအနား၌မူ ဘုရားကိုးဆူ ပူဇော်ရာတွင် ဂြိုဟ်ကိုးပါးနှင့် ရောနှော မပူဇော်ဘဲ သီးသန့်ခွဲ၍ ဘုရားကိုးဆူ ပူဇော်ကြောင်း သိရှိရသည်။ နှစ်ဆယ်ရာစုနှစ်များ၌ ဘုရားကိုးဆူ ပူဇော်ရာတွင် ဂြိုဟ်ကိုးပါးကိုပါ ထည့်သွင်းပူဇော်ခဲ့ကြသည်ကို ဦးစိန်ဖေ ရေးသား၍ ၁၉၇၃ ခုနှစ်က ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သော “ဘုရားကိုးဆူ ပူဇော်နည်းစာတမ်း”တွင် အထင်အရှား တွေ့ရသည်။

    ဘုရားကိုးဆူ ပူဇော်နည်းနှင့် ဂြိုဟ်ကြီးကိုးလုံး ပသနည်းမှာ ဇင်းမယ်မှ ရရှိလာခဲ့သော်လည်း ယခုအခါ ဇင်းမယ်နည်းအတိုင်း အတိအကျမဟုတ်တော့ဘဲ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသားသော နည်းအရလည်း ပူဇော်ပသနေကြကြောင်း “ဇင်းမယ်ပဏ္ဏာသစစ်တမ်း”တွင် စစ်တမ်းရှင် မြင့်ဆွေက ရေးသားခဲ့သည်။

    ပြည်မြို့နေ သူကြွယ်ဦးအံ့ လျှောက်ထားတောင်းပန်သောကြောင့် ကျီးသဲလေးထပ် ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၃၄-ခုနှစ်တွင် “သဇ္ဇန ၀ိလာသနီကျမ်း”ကို ရေးသားခဲ့ပြီး ၁၂၅၈ ခုနှစ်တွင် ကဝိမျက်မှန် ပုံနှိပ်တိုက်မှ စာအုပ်အဖြစ် ရို်က်နှိပ်ထုတ်ဝေခဲ့သည်။ ထို“သဇ္ဇန ၀ိလာသနီကျမ်း”၌ ဘုရားကိုးဆူကပ်နည်းကို ထည့်သွင်းရေးသား ဖော်ပြထားခဲ့သည်။ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း”ဟူသကဲ့သို့ ဒေသကွဲပြား၍ လည်းကောင်း၊ ဘုရားကိုးဆူဆရာ ကွဲပြား၍လည်းကောင်း ပူဇော်ပုံ ပူဇော်နည်း မူကွဲအသီးသီး ရှိနေသော်လည်း ဘုရားကိုးဆူ ပူဇော်ရခြင်းအကြောင်းရင်း ရည်ရွယ်ချက်မှာ လောကီအကျိုးသက်သက် အတွက်သာ ဖြစ်နေရာ၌မူ တူညီနေကြပေသည်။

    ဘုရားအနေကဇာတင်ခြင်း၊ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ကထိန်ခင်းခြင်း ကုသိုလ်မှုများမှာကဲ့သို့ လောကုတ္တရာ အကျိုးအလို့ငှာ ကြိုးစားအားထုတ်မှုမျိုး မဟုတ်ပေ။ ဗေဒင်အဟောအပြော အတိတ်နိမိတ် စသည် လောကီ အယူအဆကြောင့်သာ ဘုရားကိုးဆူ ပူဇော်လေ့ရှိကြသည်။

    ဗေဒင်ကိန်းခန်းအရ မိတ္တုဆယ်တိုင် ယိုင်လျှင်၊ စန်းလဂ် ပြတ်လျှင်၊ တြင်း နဝင်း သုဉ်းလျှင်၊ ဂဏ္ဍန္တကြိုက်လျှင်၊ ဂြိုဟ်စားဒသာ မကောင်းလျှင်၊ ကောဇောဂြိုဟ်တို့ ဗျကြစရိယာမူခြင်းနှင့် သီဟဇာမူခြင်းဖြစ်လျှင်၊ မူလနက္ခတ်၌ ပါပဂြိုဟ်ထွင်းလျှင်၊ နာမ အက္ခရာ နက္ခတ်၌ ဂြိုဟ်စီး ဂြိုဟ်နင်း မကောင်းလျှင် ဘုရားကိုးဆူ ပူဇော်ကာ ဂြိုဟ်စာကျွေးလေ့ ရှိကြသည်။ ထိုကဲ့သို့ ဗေဒင် ကိန်းခန်းအရ ညံ့နေလျှင် ပူဇော်သကဲ့သို့ပင် နာတာရှည်ရောဂါရလျှင်၊ ဥစ္စာစည်းစိမ်ပျက်လျှင်၊ ကျေးကျွန်ပျက်လျှင်၊ သားမြေး မမွေးလျှင်၊ သားသေများလျှင်၊ မြို့ရွာအတွင်း တောကောင်ဝင်လျှင်၊ ငှက်ဆိုးထိုးလျှင်၊ မကောင်းသော အတိတ်နိမိတ် အိပ်မက်များ ရလျှင်၊ စုန် နတ် မြေဖုတ်ဘီလူး ဖမ်းစားသည်ထင်လျှင်၊ ရုပ်မြှပ် ရုပ်ထားပြုလျှင်၊ သူတစ်ပါးက အောက်လမ်းနည်းဖြင့် တိုက်လျှင်၊ တရားတပေါင် မအောင်မြင်လျှင်လည်း ဘုရားကိုးဆူ ပူဇော်ကာ ဂြိုဟ်စာကျွေးလေ့ ရှိကြသည်။ ဤကဲသို့ပြုမှ အန္တရာယ်ကင်းကာ စည်းစိမ်ချမ်းသာ တိုးပွားမည်၊ အသက်ရှည်ကာ အနာရောဂါ ကင်းဝေးမည်။ ဘုန်းကျက်သရေ တိုးတက်မည်ဟု ယုံကြည်ကြသည်။ ဘုရားကိုးဆူ ပူဇော်နေကြခြင်းသည် လောကီအကျိုး သက်သက်အတွက် မျှော်ကိုးလျက်သာ ပြုလုပ်နေကြသော အလေ့အထဖြစ်သည်ကို ထင်ရှားပေါ်လွင်စွာ တွေ့မြင်ရသည်။

    ဗုဒ္ဓမြတ်စွာ ဒီဃလင်္ဂီကမြို့ ပုဏ္ဏားကြွယ်အိမ်တွင် ပရိတ်ရွတ်စဉ်က မည်သည့်ရဟန္တာများ ပါ၀င်သည်ကို အမည်နာမ မသိရှိရသော်လည်း “ဘုရားကိုးဆူ ပူဇော်ဆည်းကပ်မှုနှင့် ဂြိုဟ်ကြီးကိုးလုံး ပသမှု” တီထွင်ခဲ့သူများက ဗေဒင်သဘောအရ နေ့နံစုံလင်အောင် စီစဉ်ခဲ့ကြသည်။ ပူဇော်သော ရဟန္တာများကို ဂြိုဟ်နေအရပ်အရ နေရာချထားခဲ့ကြသည်။ နိုင်ငံတော် ဗုဒ္ဓသာသနာ့ မဟာဗုဒ္ဓဝင်၌ “ဖွားတော်မူခြင်း စသည်တို့အတွက် သက္ကရာဇ် အမည်၊ တနင်္ဂနွေစသော နေ့အမည်တပ်လျက် ပြဆိုရခြင်းကား လောကီ ဗေဒင် ရာဇဝင်တို့၏ မှတ်သားချက်အလိုအတိုင်းသာလျှင် ပြဆိုရခြင်းဖြစ်၏။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းတို့၌ ပြဆိုချက်မရှိချေ” ဟု ဒုတိယတွဲ၊ စာမျက်နှာ ၁၇-တွင် အထင်အရှား မှတ်ချက်ပြုထားပေသည်။

    ဗုဒ္ဓမြတ်စွာကို အလယ်တွင် သီတင်းသုံးစေ၍ တနင်္ဂနွေသား ရာဟုလာ အရှေ့မြောက်အရပ်၊ တနင်္လာသား ကောဏ္ဍည အရှေ့အရပ်၊ အင်္ဂါသား ရေဝတ အရှေ့တောင်အရပ်၊ ဗုဒ္ဓဟူးသား သာရိပုတ္တရာ တောင်အရပ်၊ ရာဟုသား ဂဝံပတိ အနောက်မြောက်အရပ်၊ ကြာသာပတေးသား အာနန္ဒာ အနောက်အရပ်၊ သောကြာသား မဟာမောဂ္ဂလာန် မြောက်အရပ်၊ စနေသား ဥပါလိ အနောက်တောင်အရပ်တို့၌ အသီးသီး ထားရှိကြသည်။ ပူဇော်သောအခါ၌ ငှက်ပျောဖတ်ဖြင့် ကျောင်းတော်တစ်ဆောင် ဆောက်လုပ်ပြီး ဘုရားကိုးဆူကို သူ့နေရာနှင့်သူ ဂြိုဟ်နေအရပ်အရ နေရာချထား၍ ထီးဖြူကိုးလက်၊ အဖြူရောင်တံခွန် ကြက်လျှာကိုးခု၊ ဖယောင်းတိုင် ကိုးတိုင်၊ အုန်းသီးကိုးလုံး၊ ငှက်ပျောဖီး ကိုးဖီး၊ ကြံချောင်း ကိုးချောင်းတို့ဖြင့် ပူဇော်ရသည်။ သစ်သီးသုံးမျိုး၊ ပန်းသုံးမျိုး၊ ယိုသုံးမျိုး၊ မုန့်သုံးမျိုးတို့ကို ငှက်ပျောဖက်ခွက်ဖြင့် ကိုးခွက်စီ ထည့်သွင်းရသည်။ ကွမ်းကိုးစည်း၊ လက်ဖက်ကိုးထုပ်လည်း ပါ၀င်ရသည်။ ဆွမ်းချက်ရန် ဆန်တစ်ပြည်၊ ထောပတ် နှစ်ဆယ့်ငါးကျပ်သား၊ နွားနို့ဆယ့်ငါးကျပ်သား၊ အိုးဖုံးစုံတစ်၊ ရေအိုးတစ်၊ ဆီးသားထင်းတစ်စည်း၊ သံခနောက်တစ်တို့ လိုအပ်သည်ဟု “မန္တလေး မြို့တည် နန်းတည် စာတမ်း”၌ အတိအကျ စာရင်း ပြထားခဲ့သည်။

    ဘုရားကိုးဆူ ပူဇော်သောအခါ၌ ဘုရားနှင့်တကွ သံဃာတော်များ၏ ပလ္လင်တွင် အင်းချခြင်း၊ တံခွန်ရွက်နှင့် ဆီမီးတိုင်တွင် အင်းချခြင်းတို့ကိုလည်း ပြုလုပ်သည်။ ပူဇော်ရာတွင် ဗုဒ္ဓေါ စ မဇ္ဇိုမေ သေဋ္ဌော အစချီသော ဂါထာကိုရွတ်၍ ပူဇော်ရသည် ။ ဆွမ်းကျွေးဂါထာကိုလည်း ရွတ်ဖတ်ပူဇော်ရသည်။ အလိုရှိသော ဆုတောင်းများကိုလည်း ရွတ်ဆိုရသည်။ ပူဇော်ပြီးနောက် စွန့်ပစ်သောအခါ၌လည်း ဗေဒင်ကိန်းခန်းအရ အခြွေအရံပေါများစေသာ ပရိ၀ါရအရပ်၊ အသက်ရှည်စေသော အာယုအရပ်၊ မြို့ရွာတည်သင့်သော နဂရအရပ်၊ သင်္ချိုင်းတည်ရှိရာ ဘုမ္မိအရပ်၊ ကျီကြ ဘဏ္ဍာ တိုးပွားစေသော ဂဟပတိ အရပ်များအနက် မိမိအလိုရှိရာ အရပ်သို့ စွန့်ပစ်ရကြောင်း မန္တလေး တက္ကသိုလ်စာကြည့်တိုက် တိုက်ပိုင် ၂၀၁-ပေစာအရ သိရှိရသည်။

    ဘုရားကိုးဆူ ပူဇော်ရန် ဆွမ်းချက်ရာ၌လည်း အမျိုးသားများသာ ဆွမ်းချက်ရခြင်း၊ ဆွမ်းချက်မည့်နေရာကို နွားချေးမြေနီ လိမ်းကျံရခြင်း၊ ထောင့်လေးထောင့်တွင် တိုင်စိုက်၍ ချည်မျှင် ခုနှစ်မျှင် ပတ်ရခြင်း၊ ဆွမ်းချက်စဉ် မည်သူမျှ မဝင်ရတော့ခြင်းတို့မှာ ရှေးအစဉ်အလာများပင် ဖြစ်သည်။

    ဘုရားကိုးဆူ ပူဇော်ရာတွင် ရဟန္တာများကို ဂြိုဟ်နေအရပ်အရ နေရာချထားပုံမှအစ ပြုမူဆောင်ရွက် ရွတ်ဖတ်ကြသည်တို့ကို ကြည့်ခြင်းအားဖြင့် ဗြာဟ္မဏဝါဒ လွှမ်းမိုးကြောင်းနှင့် အင်းအိုင် ဂါထာ မန္တရား စုန်း ဖုတ် နတ် တန္တရဝါဒများ ရောနှောနေကြောင်း တွေ့ရှိရသည်။ ဂြိုဟ်ကြီးကိုးလုံး ပသမှုမှာကား ဗြဟ္မဏဝါဒစစ်စစ် အတ္တဝါဒဖြစ်၍ အနတ္တဝါဒ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ဘက် ဧကန်သာဖြစ်တော့သည်။ ဤကဲ့သို့ ဗေဒင်ကိန်းခန်း ဗြာဟ္မဏလမ်းစဉ် အဟော အပြောအရ လည်းကောင်း၊ “ခလုတ်ထိမှ အမိတ”ဟူ သကဲ့သို့ ဘဝအခက်အခဲ ကြံုတွေ့မှလည်းကောင်း ၊ ဂြိုဟ်ပြေ နံပြေ ယတြာချေရန်နှင့် ဘေးကင်း ရန်ကွာစေရန် လောကီအကျိုးသက်သက် ရည်ရွယ်ချက်ဖြင့် “ဘုရားကိုးဆူ ပူဇော်ဆည်းကပ်မှုနှင့် ဂြိုဟ်ကြီးကိုးလုံး ပသမှု” ပြုနေကြသည်မှာ အကျိုးမများသည့်အပြင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ အနတ္တလမ်းစဉ်နှင့်ပင် ဆန့်ကျင်နေမှန်းမသိ ဆန့်ကျင်နေမိကြလေပြီ ။

    သို့ဖြစ်ရကား “မှားလျှင် အစဉ်၊ ပြင်လျှင် ခဏ” ဟူသည်နှင့်အညီ လောကီအကျိုးသက်သက် ရည်ရွယ်ချက်ဖြင့် ဘုရားကိုးဆူ ပူဇော်နေကြမည့်အစား လောကုတ္တရာ အကျိုးမျှော်လျက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့အား အမြတ်တနိုး ကိုးကွယ်ဆည်းကပ် ပူဇော်နိုင်ကြရန် ကြံစည် အားထုတ်ကြရပါမည်။

    ထေရဝါဒ နည်းစနစ်တကျ ကိုးကွယ်ဆည်းကပ် ပူဇော်တတ်ရန် တောင်မြို့ဆရာတော်ကြီး အရှင်ဇနကာ ဘိ၀ံသ၏ ထင်ရှားကျော်ကြားလှသည့် “ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့် အဘိဓမ္မာ၊ အနာဂတ်သာသနာရေး” ကျမ်းစာသုံးအုပ်နှင့် သာသနာ့ဝန်ဆောင် ဆရာတော် အရှင်ကုမာရ၏ ထင်ရှားသောကျမ်းစာ “ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း” နှစ်တွဲတို့ကို လက်စွဲပြုကာ ဖတ်ရှု့လေ့လာလျက် လိုက်နာကျင့်သုံးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
    လင်းဦး (စိတ်ပညာ)



    2 comments:

    Heartmuseum said...

    ဟား...ဟား... “ဘုရားကိုးဆူ ပူဇော်ဆည်းကပ်မှုနှင့် ဂြိုဟ်ကြီးကိုးလုံး ပသမှု” ကတော့ ကြားသာကြားဖူးတာ
    မကြံုဖူးလို့ မသိဖူးဗျ။ အခုလို ဖတ်ရတော့ ဗဟုသုတ တော့ရသား။

    မြန်မာပြည်ကိုလွမ်းတယ် said...

    ဘုရားကိုးဆူ ပူဇော်ကြတာကိုခဏခဏမြင်ဖူး
    ပါရဲ့။ဘာကြောင့်လဲလို့တော့မသိပါဘူးအကိုရေ။
    ခုမှပဲသိတော့တယ်။တကယ့်ကိုသိသင့်၊သိထိုက်
    တဲ့အကြောင်းအရာလေးပဲ။ဖတ်ခွင့်ရလိုက်တာကို
    အထူးကျေးဇူးတင်ပါတယ်နော်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo