ဂါထာ မန္တန်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ထေရဝါဒ ဗုဒ္ဓသာသနာတော်သည် အကျင့်သာသနာတော် ဖြစ်ပါ၏။ အကျင့်စရဏ ပြဋ္ဌာန်းပါ၏။ အရွတ်သာသနာ မဟုတ်ပါ။ မြတ်စွာဘုရားသည် လောကုတ္တရာ အကျိုးစီးပွား အလို့ငှာ သီလ သမာဓိ ပညာ ကျင့်စဉ်များကို ဟောဖော် ညွှန်ပြတော်မူခဲ့ပါ၏။ စားဝတ်နေရေးနှင့်မကင်းသော လူ့ဘောင်နေ လူသားတို့အနေဖြင့် သမ္မာအာဇီဝ ဘောင်အတွင်းမှ လောကီအကျိုးစီးပွားများကို ဆောင်ကြဉ်းနိုင်စိမ့်သောငှာ သမ္ပဒါတရားလေးပါး၊ သိင်္ဂါလောဝါဒသုတ် စသည့် ကျင့်စဉ်များကို ဖော်ညွှန်းလမ်းပြတော် မူခဲ့ပါသည်။ ဘုရားရှင် ဖော်ညွှန်ပြတော်မူသော တရားနည်းလမ်းများအတိုင်း ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြမှသာလျှင် လောကီ လောကုတ္တရာ နှစ်ဖြာအကျိုး ပွားတိုးစည်ဝေနိုင်မည် ဖြစ်ပါ၏။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် အစဉ်အတိုင်း လျှောက်ရသောလမ်းသာ ရှိပါ၏။ မိမိ၏ ကံ ၊ ဉာဏ် ၊ ၀ီရိယစွမ်းအားတို့ဖြင့် ကျင့်ကြံလျှောက်လှမ်းရသော လမ်းကောင်းလမ်းမှန်သာ ပြဋ္ဌာန်းပါ၏။

    ဗုဒ္ဓသာသနာတော်မြတ်အတွင်း ဗုဒ္ဓဝါဒ အယောင်ဆောင်လျက် ရောနှောနေသော ၀ါဒများတွင် မန္တရယာန ၀ါဒလည်း ပါသည်။ မန္တရယာနဝါဒဟူသည် အစွမ်းထက်သော ဂါထာ၊ မန္တန်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း အားဖြင့် မိမိ၏ အလိုဆန္ဒများ ပြည့်စုံ ပြီးမြောက်သည်ဟူ၍ ယုံကြည်သောဝါဒ ဖြစ်ပါသည်။ မန္တရဝါဒသည် အသံကို အဓိကထား၏။ မန္တန်ကား အသံပင်ဖြစ်၏။ မန္တရဝါဒီတို့၏ အလိုအရ မန္တန်ရွတ်ရုံမျှဖြင့် လောကီကောင်းကျိုး အထွေထွေကို ဖြာဝေစေ၏။ လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်၏။ နတ်ပြည်ကို ရောက်စေနိုင်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေနိုင်၏။ ပြုမိသော မကောင်းကံများ ပပျောက်၏။ ငရဲကျမည့် ဘေးမှ လွတ်၏ဟူ ယုံကြည်ကြသည်။

    ထေရဝါဒ၏ အလိုအရမူ လောကီအကျိုးစီးပွားကိုလိုသော် သမ္မာအာဇီဝ ဘောင်ဝန်းအတွင်းမှ “ကံ၊ဉာဏ်၊ ၀ီရိယ” တို့ကို ထိထိရောက်ရောက် အသုံးချရန်လို၏။ ငရဲကျမည့်ဘေးမှ လွတ်လိုသော် ဒုစရိုက်မှုများ ရှောင်ကြဉ်ဖို့လို၏။ နတ်ပြည်ရောက်လိုသော် ဒါန၊ သီလ၊ စသည့် ကောင်းမှုတို့ကို ပြုရန်လို၏။ မဂ်ဖိုလ် နိဗ္ဗာန် ရလိုသော် သမထ၊ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ပွားများရန်လို၏။ ထေရဝါဒနှင့် မန္တရဝါဒသည် အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက်ပမာ ဆန့်ကျင်ကျောခိုင်းလျက် အလှမ်းအတာ ကွာဝေးလှပါ၏။

    မန္တရဝါဒီတို့က ထေရဝါဒ ဗုဒ္ဓဘာသာတွင်လည်း ပရိတ်ကြီး (၁၁)သုတ် စသော မန္တန်များ ရှိသည်ဟု ဝေဖန်ထောက်ပြကြပါ၏။ စင်စစ်သော် ပရိတ်ကြီး (၁၁)သုတ်သည် မန္တန်မဟုတ်ပါ။ မြတ်စွာဘုရားသည် ပရိတ်တော်တို့ကို သတ္တဝါတို့၏ ကောင်းကျိုးချမ်းသာအလို့ငှာ ဟောကြားတော် မူခဲ့ပါသည်။ ပရိတ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ နာယူခြင်းတို့ဖြင့် မကောင်းသော ဘေးအန္တရာယ်တို့ကို တားဆီးနိုင်ပြီး ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်ဟု ဗုဒ္ဓဝါဒီတို့က ယုံကြည်ကြသည်မှာ မှန်ပါ၏။ သို့တစ်စေ ပရိတ်တော်တို့ကို ရွတ်သူတိုင်း ကောင်းကျိုးချမ်းသာ ရစေနိုင်သည်ဟုမူ မြတ်ဗုဒ္ဓက အာမခံတော် မမူပါ။ အတိတ်က အကုသိုလ်ကံ အားကြီးသူများနှင့် ယခုပစ္စုပ္ပန်၌ ကြီးလေးသော အပြစ်ကျူးလွန်သူအနေဖြင့်မူ ပရိတ်ရွတ်ဖတ်ခြင်းအားဖြင့် အကျိုးကို မခံစားရဟု ဆိုပါ၏။ ဤသည်မှာ တရားမျှတ မှန်ကန်သော ကမ္မနိယာမဘက်မှ ခိုင်မြဲတည့်မတ်စွာ ရပ်တည်ထားခြင်းဖြစ်၏။ ကုသိုလ်၊ အကုသိုလ်တို့၏ စွမ်းအင်ကို လျစ်လျူရှု၊ ဥပေက္ခာမပြုခြင်း ဖြစ်၏။ လူ့လောကကို စောင့်ရှောက်သော အတွေးအခေါ်လည်း ဖြစ်၏။

    ထေရဝါဒ၏ ပရိတ်ရွတ်ဖတ်ခြင်း၊ နာကြားခြင်း စသည်တို့၌ ဖြတ်လမ်း မရှိပါ။ လူပြိန်းကြိုက် မက်လုံး မပါပါ။ ထို့ပြင် ပရိတ်ရွတ်ဖို့သာ လို၏။ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်များကို ကျင့်ဖို့မလိုဟူသော အယူအဆကို ထူထောင်မထားပေ။ ထေရဝါဒ၏ ပရိတ်တော်များအပေါ် သဘောထားပုံ၊ ပရိတ်အသုံးပြုပုံနှင့် မန္တရဝါဒ၏ မန္တန်အသုံးပြုပုံ ၊ မန္တန်အပေါ် သဘောထားပုံတို့မှာ များစွာ ခြားနားပါ၏။ များစွာ ဆန့်ကျင်ပါ၏။

    ဘာသာရေးကို ခုတုံးလုပ်လျက် အမြတ်ထုတ် ကိုယ်ကျိုးရှာလိုသောသူများသည် လောကီအကျိုးစီးပွားကို အာသာငမ်းငမ်းဖြင့် ဖြတ်လမ်းက ရှာဖွေလျက်ရှိကြသော လောဘသားကောင်များအား ဂါထာမန္တန် ထောင်ချောက်အတွင်း ဆွဲသွင်းလျက် ရှိနေကြပါ၏။ စီးပွားတက်လိုသော် မည်သည့်ဂါထာမန္တန်ကို ရွတ်၊ အမှုအခင်းနိုင်လိုသော် မည်သည့်ဂါထာမန္တန်ကိုရွတ် စသည်ဖြင့် ထေရဝါဒ သာသနာထွန်းကားရာ ဤနိုင်ငံတွင် မန္တရဝါဒတို့ ဖြန့်ဖြူးကြော်ငြာလျက် ရိ်ှပါသည်။ ဤသို့ဖြင့် ဗြဟ္မဏတို့၏ နတ်မင်းကြီးသုံးပါး၏ သင်္ကေတဖြစ်သော ဥံု ဥစ္စာစရဏ သမ္ပန္နော ဟူ၍ ဘုရားဂုဏ်တော်ကိုပင် ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း ပြုထားသော ဂါထာမန္တန်များကို ဖန်တီးလျက်ရှိနေကြကုန်၏။ ထေရဝါဒ အသိအမြင် မရှိသူတို့ကလည်း ထိုသာသနာ ထိုသာသနာပ ဂါထာမန္တန်တို့ကိုပင် တရှိုက်မက်မက် ဦးထိပ်ရွက်လျက် ရှိနေကြကုန်၏။ မိမိ၏ ကံ၊ ဉာဏ်၊ ၀ီရိယကို ရိုးရိုးသားသားအားကိုးယုံကြည်မှု မရှိတော့ဘဲ သာသနာပ ဂါထာမန္တန်ကိုသာ အားကိုးရာရှာခြင်းသည် ကံ ကံ၏အကျိုးကို လက်လွှတ်လိုက်ခြင်းပင် ဖြစ်ပါ၏။ ကံ ကံ၏ အကျိုးကို လက်လွှတ်လိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် မဟုတ်တော့ပါ။ သာသနာပ ဂါထာမန္တန်များနှင့် ပတ်သက်၍ ဆရာဦးထွန်းအောင်မိုး (ပန်းဘဲတန်း)၏ ရေးသားချက်မှာ များစွာဆင်ခြင်နှလုံးသွင်းစရာ ဖြစ်ပါ၏။ “ပြုလုပ်သော လုပ်ငန်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် မိမိ၏ ကံ၊ ဉာဏ်၊ ၀ီရိယများနှင့်သာ သက်ဆိုင်ပါသည်။ လုပ်ငန်းအောင်မြင်ရေး၊ ထီပေါက်ရေး၊ ရာထူးတိုးရေး၊ ချမ်းသာရေး စသည်တို့မှာလည်း မိမိ၏ ကံ၊ သို့မဟုတ် မိမိ၏ ကြိုးစားမှု သို့မဟုတ် မိမိ၏ကံနှင့် ကြိုးစားမှုတို့ကြောင့်သာ ဖြစ်ပေါ်လာနိုင်ပါသည်။ အခြား တစ်စုံတစ်ယောက်က စွမ်းဆောင် မ စ၍ မရနိုင်ပါ။

    မြတ်စွာဘုရားရှင်ကလည်း မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးကွယ်အားထားရာ အဘယ်မှာ ဖြစ်အံ့နည်းဟု ဓမ္မပဒ၌ အထင်အရှား ဟောကြားတော်မူခဲ့သည်။ ရွတ်ဖတ်ရုံ၊ ဆုတောင်းရုံမျှဖြင့် လိုအင်ဆန္ဒပြည့်မည်၊ နိဗ္ဗာန်သို့ ရောက်နိုင်သည်ဆိုသော မက်လုံးမှာ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ သေချာစွာ စဉ်းစားကြည့်ပါက ထိုမက်လုံးများ အမှန်တကယ် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို သိရှိလာကြပေမည်။ ဆိုလိုသည်မှာ- ရွတ်ဖတ်သရဇ္ဈာယ် ဆုတောင်းရုံမျှဖြင့် လောကီ၊ လောကုတ္တရာ လိုအင်ဆန္ဒမှန်သမျှတို့ ပြည့်စုံမည်ဆိုသော မရေရာသည့် မက်လုံးများကို နားမယောင််ကြရန် ဖြစ်သည်။ မိမိအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်သော ဂါထာမန္တန်များကို အချိန်ကုန်ခံ၍ ရွတ်ဆိုမနေကြဘဲ လုပ်သင့် လုပ်ထိုင်သည်များကိုသာ ပြုလုပ်သင့်ကြပါသည်။

    လူတွေကလည်း အများအားဖြင့် ဖြတ်လမ်းဖြင့် လာဘ်လာဘကို လိုချင်ကြ၏။ ဖြတ်လမ်းဖြင့် ချက်ချင်း ချမ်းသာချင်ကြ၏။ ဤအချက်ကို အခွင့်ကောင်းယူကာ အချို့သော ဂိုဏ်းဆရာတို့သည် အကျိုးအာနိသင်ကို သားရည်ကျအောင် ရေး၍ မသိသာဖြင့် စီးပွားရေး (လာဘ်လာဘ)အတွက် ဂါထာများကို အသုံးချခဲ့ကြ၏။ ရေးသူကလည်း အမှားအမှန် မသိ၊ လာဘ်လာဘအတွက် ရေးခဲ့သည့်အတိုင်း ရွတ်သူကလည်း အမှားအမှန် မသိ ၊ လာဘ်လာဘအတွက် ရွတ်ကြခြင်း ဖြစ်လေသည်။ ဂိုဏ်းဆရာတို့၏ ဂါထာမန္တန်များမှာ အနက်ပေးလို့ပင် မရပေ။ ပါဋ္ဌိများ စည်းကမ်းမကျ၊ မမှန်သည်ကသာ များလေသည်။ ထင်ရာမြင်ရာ ပေးချင်သလို ပေးမှရသည့် ဂါထာမျိုး ဖြစ်ရုံသာမက ရွတ်ချင်အောင် မက်လုံးပေး၍ ထင်ရာမြင်ရာ အနက်အဓိပ္ပါယ် ရေးသားထားသည်များကိုလည်း တွေ့ရ၏။ ပါဋ္ဌိမမှန်သည့် ဂါထာများကို လာဘ်လာဘအတွက် ရွတ်သူတို့မှာကား အန္တရာယ်ကင်းခြင်း၊ လာဘ်လာဘရွှင်ခြင်း စသော အကျိုးကို ဘယ်နည်းနှင့်မျှ ပေးနိုင်မည် မဟုတ်ပေ။

    ဂိုဏ်းဆရာတို့ဂါထာဖြင့် လာဘ်လာဘ ရရှိခဲ့ကြ၍ အတော်အတန် စီးပွားရေးအကွက်ဝင်လာသော် စာရေးဆရာအချို့နှင့် စာအုပ်ထုတ်ဝေသူအချို့ကလည်း ထိုဂါထာများကို ခုရွတ် ခုချက်ချင်း ချမ်းသာတော့မလိုလို ၊ ဂါထာရွတ်နေက လိုတာရပြီး အခြားဘာမျှ လုပ်စရာမလိုတော့သလိုလို၊ လုပ်ချင်ရာလုပ်၊ နေချင်သလိုနေ၊ ဂါထာရွတ်နေက ဘာမှ အန္တရာယ်မဖြစ်နိုင်တော့သလိုလို အကျိုးတွေကို ဆေးကြော်ငြာသလို ဝေဝေဆာဆာနှင့် မက်လုံးပေး ရေးသားထုတ်ဝေကြပြန်၏။ မတော် မလျော် မဟုတ်က ဟုတ်က ဂါထာမန္တန်များကို ရေး၍ပင် စီးပွားရှာကြကုန်၏။

    လာဘ်လာဘ စီးပွားရေးအတွက် အသုံးချခြင်း ဖြစ်စေကာမူ ထိုဂါထာမန္တန်များ၏ အန္တရာယ်မှာ မသေးလှပါချေ။ ဂါထာအတုများကြောင့် သာသနာပင် ကွယ်သွားနိုင်သည့် အခြေအနေထိ အန္တရာယ် ကြီးမားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ရွှေအတု ပေါ်လာခြင်းကြောင့် ရွှေအစစ် ပျောက်ကွယ်ရသကဲ့သို့ ဂါထာအတုများကြောင့် ဘုရားဟောဂါထာအစစ်များ ပျောက်ကွယ်သွားနိုင်ပါသည်။

    ငါရေးသည့်စာ စာစောင်မှာ
    ပါလျှင် ပြီးစတမ်း ။
    ဗုဒ္ဓညွှန်ပြ မြတ်ဓမ္မ
    လုံးဝ မစူးစမ်း ။

    စည်းစိမ်ဖြိုးအောင် ကျော်ကြားအောင်
    ကလောင် လက်သရမ်း ။
    အတ္တပြင်းထန် အငြင်းသန်
    မီးလျှံ စားသော့သွမ်း ။

    လွန်၏ ကျွံ၏ ငါမသိ
    အသိ တစ်ဖက်ကန်း ။
    ဓမ္မပူဇာ သာသနာ
    ၀န်တာကြီးပေစွမ်း ။

    ထေရဝါဒ ဟောညွှန်ပြ
    တိကျ အလယ်လမ်း ။
    မတိမ်းစောင်းအောင် သတိဆောင်
    ဉာဏ်ရောင် အလင်းတန်း ။
    အသိဗလာ ဉာဏ်မပါ
    လားရာ အပါယ်လမ်း ။

    လွှမ်းခြံုသကာ ၊ အဆိပ်စာကို
    မုသာဝါဒ ၊ တံဆိပ်လှနှင့်
    ဗန်းပြအဆန်းထွင်၊ ဈေးကွက်တင်သည်
    နှင်ပေးဦးတော့ အပါယ်လမ်း ။ ။


    လင်းဦး (စိတ်ပညာ)


    10 comments:

    May Moe said...

    Precious Post . That Totally Right.

    Ka Daung Nyin Thar said...

    ဒီပို့စ်လေးက ပညာတကယ်ရတယ်..

    ဒီနေ့အဖို့ ကျက်သရေ ရှိသွားဘီ ညီရေ.. အကိုကတော့ သံဗုဒ္ဓေ တော်တော်ရွတ်တယ် သိလား ဟီး

    Emily said...

    ကိုလင်းဦးရေ အရမ်းတန်ဖိုးကြီးတဲ့ ပို့စ်ပါပဲ။ သာသနာ မပျောက်ပျက်ဖို့ အတွက်ရော၊ အယူမမှားဖို့ အတွက်ရော ဒီပို့စ်လေးက တဖက်တလမ်း အထောက်အကူ ပြုစေပါတယ်။ လေးစားလျက်ပါဗျာ။ အောက်ဆုံးက ကဗျာလေး ကျွန်တော် ကူးသွားတယ် ခင်ဗျ။

    Heartmuseum said...

    ကိုလင်းဦးရေ... ထေရဝါဒဗုဒ္ဓဘာသာ အဓွန့်ရှည်ကြာ တည်တန့်ဖို့့ရာအတွက် အမုန်းခံပြီး စေတနာထားရေးတဲ့
    ခင်ဗျားလိုလူ များများလိုတယ်ဗျာ...
    ကိုလင်းဦးကြီး ဒီထက်မက ကောင်းတဲ့ post တွေ ရေးနိုင်ပါစေဗျာ။

    မေသစ္စာမောင် said...

    ဒီပို.စ်ကို တင်ပြထားတာ တော်တော်လေးကို ကောင်းပါတယ်။

    မေသစ္စာမောင် said...

    ဒီပို.စ်ကို တင်ပြထားတာ တော်တော်လေးကို ကောင်းပါတယ်။

    ~P~ said...

    အင်း အရှေ.က အကိုတွေ အမတွေ ပြောသလိုဘဲ.. ပညာရတယ် ။ ကျေးဇူးပါအကိုရေ။

    ကေမောင်ငြိမ်း said...

    စီဗုံးထဲမှာ ရေးမရလို့ ဆက်ပြောရဦးမယ် bro ၊ ဘာသာရေးကာ ယနေ့ခေတ် လူငယ်(ရေးသား သူအပါအဝင်) များအဘို့ အတန်း ပညာနှင့် ကြည့်လျင် မူကြိုနှင့် မူလတန်းကြား၊ ယနေ့ အိုင်တီခေတ် အမြင်နှင့် ကြည့်လျင် windows basis တောင် မအောင့် တအောင်ချင်၊ ခက်ပါဘိ၊ မိရိုးဖာသာ ဗုဒ္စဘာသာ ၀င်များပေမို့၊ သို့သော် အခြား တစ်ဖက် ဘာသာဝင်များ ပြုကျင့် ပုံနှင့်ဘာမျှကို မဆိုင်။ သို့ဝေဖန် အကြံပြုချက်ကို မကျေနပ် လျင်သော်လည်းကောင်း၊ ကျေနပ်လျင်သော် လည်းကောင်း အောက်ပါ ဘလော့သို့ ပေးပို့ နိုင်ပါသည်။
    http://khinmgnyein.blogspot.com

    စာရေးသားသူ ကျွန်တော်အသက် အရွယ် အတွေ့အကြံုနှင့် ကြည့်လျင် အင်မတန်လေးစား အတုယူကောင်း ပါသော်ငြားလည်း မိရိုးဖာသာဗုဒ္စ ဘာသာအယူအဆ မန္တာန်များအား မြန်မာဘာသာများ ဖြင့် ရေးသား ထားသော်ငြား ဖတ်သူများမှ ယခုပိုစ့်ရေး သားသူ ကျွန်တော်များလို ဆိုရင်တော့ဖြင့် ခပ်ရိုင်းရိုင်း အရူးအမဲသား ကျွေးသလိုပင် ။
    (အပေါင်းအသင်းများ နှင့်ရောင်းရင်းများ ပါ ဖတ်ရှုနိုင်ရန် ကူးယူသွားပါသည်။ ကျေးဇူးအထူး တင်ပါသည်)

    Pinkgold said...

    ဒါ ရေးသင့်တဲ့ ပိုစ့်လေး တစ်ခုပဲ လင်းဦးရေ
    မဟုတ်ရင် လူတော်တော် များများ မသိကြဘူး
    ရှိခိုးပြီးရင် ဆုပဲ တောင်းတတ်ကြတာ

    ရွှန်းမီ said...

    ကိုလင်းဦး.. ဒီကိစ္စကို ရှင်းပြ ရေးပြပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။ မီ့ အတွက်တော့ ဆွေးနွေးဖို့ သိပ်လေးနက်ပါတယ်။
    ဉာဏ်မီသလောက် ပြောရရင် . . .
    ဂါထာ၊ မန္တန် ရွတ်ဆိုခြင်း လေ့ကျင့်ခြင်းတွေဟာ အခြား ယုံကြည်မှုတစ်ခုပါ.. ဗုဒ္ဓပြခဲ့တဲ့ လမ်းစဉ်ထဲမှာ မပါပါဘူး။
    ဒါပေမယ့် ဗုဒ္ဓဘာသာ စတင်ခဲ့တဲ့ နေရာတဝိုက်က ပေါ်ခဲ့တဲ့ ဓလေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ လွှမ်းမိုးမှုဟာ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် တရားတော်တွေကို သုတ္တံ အနေနဲ့ မှတ်တမ်းပြုခဲ့တဲ့ အထိ ဖြစ်ပါတယ်။
    အဲဒီခေတ်က ထွန်းကားတဲ့ စာပေ ကို မှီးပြီး အဆုံးအမတွေကို ကျစ်ကျစ်လစ်လစ်နဲ့ မှတ်မိလွယ်အောင် ရေးထိုးခဲ့၊ အသံထွက်ကောင်းကောင်းနဲ့ နှုတ်တိုက်ကျက်နိုင်အောင် ပြုခဲ့ရာကနေ မပျောက်ပျက်အောင် နေ့စဉ် ရွတ်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ရာက ဟိုအကျိုး ဒီအကျိုး ရစေတယ် ဆိုပြီး နားလည်မှု လွဲခံခဲ့ရပုံပါပဲ။ (အဲဒီခေတ်က စာရွက်မရှိ၊ ပေရွက် ဆိုတာကလဲ ပျောက်ပျက်လွယ်တယ်လေ။)
    ပါဠိဘာသာ အသုံးချမှု နည်းလာတဲ့အခါ လိုင်းပူးပြီး လူတွေ ထင်ယောင်ထင်မှား ဖြစ်မှ အခွင့်အလမ်းရှာရတဲ့ သာသနာရှင်ယောင်တွေအတွက် အကွက်ကောင်းလဲ ဖြစ်လာတယ်။
    အဲဒါတွေပါ ရောထွေးပြီး သတိမမူဘဲ ဂါထာမန္တန် ဆိုတိုင်း လောဘတကြီး ရွတ်တယ်ဆိုတာကတော့ လောဘကို မွေးကျွေးရာ ရောက်ပါတယ်။
    အခုထိတော့ ဒီလောက်ပဲ သိပါသေးတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo