ပရဝါဒီတစ်ဦးနှင့် ဆွေးနွေးခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ဘယ်သို့မြင်၍ ဘယ်လိုဆိုလေသည်ကို မသိပါ။ လွယ်လွယ်ပေါ့ပေါ့တော့ မဟုတ်တန်ရာ။ နှစ်များစွာ ကွဲကွာနေသူ မိတ်ဆွေရင်းတစ်ဦး အလည်ရောက်လာပါသည်။ သူက ထာဝရ ဘုရားသခင် ဘာသာဝင် အမျိုးသမီး ဖြစ်ပါသည်။ ရင်းရင်းနှီးနှီးမို့ အိမ်အတွင်း စာကြည့်ခန်းကို ၀င်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်မှာ -
    “ဘာသာရေးစာပေတွေကို ရေးနေတယ်လို့ ကြားရတယ်။ ဒါတွေ အကုန်ဖတ်နိုင်ရဲ့လား” ဟု စာအုပ်စင်ကို လက်ညှိုးညွှန်၍ စကားဆိုလိုက်ပါ၏။
    “ဟုတ်ကဲ့ ...လေ့လာဖတ်ရှု့ဖို့ စုဆောင်းရတာမို့ ကြိုးစားဖတ်ရပါတယ်”
    “ဘာသာရေး စာအုပ်တွေ အမျိုးမျိုး များလွန်းလှပါကလား၊ အယူအမြင်တွေ ကွဲပြား မကုန်ဘူးလား”

    သူ့အမြင်ဖြင့် မေးခြင်းဖြစ်ပါ၏။ သူတို့ ကိုးကွယ်သော ဘာသာများက များသောအားဖြင့် ကျမ်းစာ တစ်အုပ်တည်းကိုသာ စွဲကိုင်အားပြုကြခြင်းကြောင့် ဖြစ်တန်ရာပါသည်။
    “ထေရဝါဒ ဗုဒ္ဓစာပေကျမ်းစာတွေမို့ ဗုဒ္ဓရဲ့တရားအစစ် အမှန်များ ဖြစ်ပါတယ်”
    “ဗုဒ္ဓဘာသာမှာ မစစ်မှန်တဲ့ ဘာသာရေးစာပေတွေကော ရှိလို့လား” ဟု သူမက ထပ်ဆင့် မေးလာပါသည်။
    “အစစ်ရှိရင် အတုဆိုတာ ရှိလာတတ်တာမို့ မရှိဘူးလို့ မပြောချင်ပါဘူး၊ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးအမျိုးမျိုး ဖြစ်သန်းခဲ့ရတော့ အရောအနှောတွေ၊ အပြုအပြင်တွေ မကင်းပါဘူး၊ ကြည့်တတ်သူတွေ မြင်ကြပါတယ်”

    မိတ်ဆွေအမျိုးသမီးသည် တစ်စုံတစ်ရာ စဉ်းစားနေရာမှ တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်သည်မှာ-
    “ကမ္ဘာမှာ ဘာသာတွေအားလုံးဟာ ကောင်းကြတာချည်းပါပဲ။ အားလုံး အတူတူ ဖြစ်ကြပါတယ်။ မှန်ကန်တဲ့ မဂ္ဂင်လမ်းနဲ့ ကျင့်ကြံနေကြတာပဲ။ မဟုတ်လား ”

    မမျှော်လင့်သော ဒီစကားကြောင့် ကျွန်တော့်မှာ အံ့အားသင့်ရပါပြီ။ ဘယ်လိုလဲ။ ဘာကြောင့် ဒီစကားကို ဆိုလေသလဲ။ မြောင်းသွယ်လိုက်ခြင်းပေလော။ ခပ်လွယ်လွယ်နှုတ်ခမ်းလှုပ်ရုံတော့ မဟုတ်နိုင်ပါပေ။ “အားလုံးကောင်းပါသည်” အဆိုကိုမူ လူသားဆိုင်ရာ အဆုံးအမများ၊ လမ်းညွှန်မှုကောင်းများ ရှိကြ၍ လက်သင့်ခံရမည်သာ။ လူမျိုးအသီးသီး၌ ဒါနပြုသူများလည်း ရှိကြပါ၏။ ဤသည်တို့၌ လုပ်ငန်းအသွင်အားဖြင့် အချင်းချင်း တူညီကြစေကာမူ သဘောအားဖြင့် ခြားနားမှု ရှိကြပါသည်။ “အားလုံး အတူတူချည်း” ဆိုပါလျှင် အဘယ်ကြောင့် ကမ္ဘာတွင် ဘာသာတွေ ထွေပြားနေကြပါသနည်း။

    ယနေ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ “တစ်ကမ္ဘာလုံး ပေါင်းစည်းလာမှုဖြစ်စဉ်” (GLOBALISATION) ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို တစ်ပုံစံတည်း၊ တစ်ထပ်တည်း ပေါင်းစည်းမှု ဖြစ်လာအောင် စိတ်ကြိုက် လိုသူများက ဖန်တီးကြိုးပမ်းနေချိန်ဝယ် မွန်မြတ်သည့် ယုံကြည်မှု၊ ဘာသာရေးကိုပင် တစ်ပုံစံ၊ တစ်ထပ်တည်း
    (GLOBALISATION) အားကျ နေပြန်သည်လား။ ဘယ်သို့ ဘယ်ပုံ ယူချင်၍ ဘယ်ဆီသို့ ဆွဲခေါ်နေပြီင်္နည်း။ မိတ်ဆွေ အမျိုးသမီးသည် ဗုဒ္ဓဝါဒကို မည်မျှနားလည်သည်တော့ မသိပါ။ “သမ္မာမဂ္ဂင်” ကောင်းသောလမ်းနှင့် အကျင့်ဟူသော သကြားလုံးကို ကမ်းလိုက်လေပြီ။ တိုးတက်နေသော ဆက်သွယ်မှု နည်းပညာသစ်ပေလော ။

    လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို တန်ဖိုးထား မြတ်နိုးလေးစားပါ၏။ ဘာသာရေး လွတ်လပ်ခွင့်သည် လူသားတို့၏ ဘဝပေးပိုင်ခွင့်ပင် ဖြစ်ပါ၏။ အရာရာ၌ အမြင်အမျိုးမျိုး ၊ ရှု့ထောင့်အသွယ်သွယ်ကိုလည်း နားလည်လက်ခံလာပါ၏။ အမှတ်မထင် အတွေ့အကြံုလေးတစ်ခု သတိရပေါ်လာခဲ့ပါပြီ။

    မော်တော်ကားမှောက်၍ သေသူ၊ ပြင်းထန်စွာ ဒဏ်ရာရသူများ၏ သွေးသံရဲရဲကြားက တရုတ်ကြီးတစ်ယောက် အူယား ဖားယား ကုန်းထလာသည်။ သူရင်ပတ်ကို လက်ဝါးနှစ်ဖက်ဖြင့် ဖိ၍ ခါးကော့ကာ မအီ မသာ ဖြစ်နေ၏။ ရှုံ့မဲ့မဲ့ မျက်နှာ လူသေလောင်းတစ်ခုကို လက်ညှိုးထိုးပြပြီး “စူက..စေတာစေ...နာလောက် မနာဘူး” ဟူသော ညောင်နာနာ အသံဖြင့် ဆိုလိုက်ပုံကို ကြားရသူတို့ ငိုအားသန်နေချိန်ဝယ် ပြံုးမဲ့မဲ့တော့ ဖြစ်ရပါ၏။ ယခု ကျွန်တော့်မိတ်ဆွေ အမျိုးသမီး၏ ဆန္ဒအသံကို စဉ်းစားရချေပြီ။ သူ့အမြင်ဟုပင် ထင်မိပါ၏။ ပြံုးရပါ၏။

    သူ့ကို အေးအေးဆေးဆေးပင် ရှင်းပြရပါ၏။ အရာရာမှာ တူညီ ထပ်တူကျဖို့ တစ်သားတည်ဖြစ်ဖို့ ဆိုသည်မှာ ဘာမဆို အခြေခံအကြောင်းတွေ မတူဘဲ ပြုလုပ် မရနိုင်ပါ။ တြိဂံ၊ စက်ဝိုင်း၊ စတုဂံပုံအမျိုးမျိုးကို တစ်ထပ်တည်း ကျအောင် မတူညီဘဲ လုပ်မရပါ။ ဗုဒ္ဓဘုရားရှင်ပင် သတ္တဝါတွေ အားလုံးကို ကျွတ်တမ်းဝင်အောင် မပြုခဲ့နိုင်သလို ဖန်ဆင်းရှင်ဆိုသည့် ထာဝရ ဘုရားသခင်တို့ကလည်း ဖန်ဆင်းခံ လူသားတွေကို အဘယ်ကြောင့် ဆင်းရဲသူ၊ ချမ်းသာသူ၊ အရုပ်ဆိုးသူ၊ ရုပ်လှသူ၊ အယုတ်၊ အလတ်၊ အမြတ် ကွဲပြားနေစေ ခဲ့ရပါသနည်း၊ အဘယ်ကြောင့် လူသားအားလုံး တူညီမှုရိ်ှအောင် ဖန်ဆင်း မပေးသည်ကို မေးစရာရှိလာကြောင်း ရှင်းပြရပါသည်။ ကမ္ဘာ့လူသားအားလုံး ဘက်ပေါင်းစုံ တစ်ထပ်တည်းကျအောင်
    (GLOBALISATION) ဖန်တီး မပေးသင့် ပေဘူးလားဟု မေးမိပါသည်။

    ဆက်လက်၍ ဗုဒ္ဓဘာသာသည် အခြားဘာသာ အချို့ကဲ့သို့ အင်္ဂလိပ် ဝေါဟာရ “ရီလေးဂျင်း” (RELIGION) ဟု မဆိုနိုင်ကြောင်း။ ရီလေးဂျင်းဟူသည် ထာဝရဘုရားသခင်၊ ထာဝရဗြဟ္မာကြီး၊ ထာဝရ နတ်ဘုရားကြီးတို့က စကြဝဠာကြီး တစ်ခုလုံးကို ဖန်ဆင်းပေးထားသော လောကကြီးတစ်ခုလုံးအား ပိုင်စိုးကြိုးကိုင်ထားသော အနန္တတန်ခိုးရှင် အယူကို လက်ခံသော ၀ါဒဖြစ်လေသည်။ (belief is GOD as a Creator and controller of the Universe)။

    ဗုဒ္ဓဘာသာသည် သက်ရှိသက်မဲ့ အရာအားလုံးကို မည်သူကမျှ မဖန်ဆင်းပါ။ ဖန်ဆင်းရှင် မရှိပါ။ ဗုဒ္ဓဘုရားရှင်တို့မှာပင် မည်သည့် တန်ခိုးရှင်ကမျှ ဖန်ဆင်းပေးခြင်းမျိုး မဟုတ်ဘဲ လူသားအနေဖြင့် အမှန်တရားကို ရှာ၍ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှုဖြင့်သာ ဘုရားအဖြစ် ရောက်တော်မူရပါသည်။ ဗုဒ္ဓဘုရားတို့မှာလည်း အမြဲထာဝရ တည်နေခြင်းမျိုး မဟုတ်ပါ။ လူသားများကဲ့သို့ မမြဲသော အနိစ္စ တရားကို ဘုရားရှင်များပင် ကြံုကြရပါသည်။ သို့ဖြစ်၍ ဗုဒ္ဓဝါဒမှာ “အနတ္တဝါဒ”သာ ဖြစ်ပါသည်။ ဤသို့ မမြဲခြင်း သဘောကြောင့် ဗုဒ္ဓဘုရားတို့မှာလည်း မအို၊ မနာ၊ မသေ ထာဝရ တည်နေသည့် ဘုရားမဟုတ်၍ “တစ်ဆူတည်း”သော ဘုရား (Mono Theism) မဟုတ်ပါ။ ဗုဒ္ဓဘာသာ၌ ရှေးကလည်း ဘုရား အဆူဆူ များပြားစွာ ပွင့်ခဲ့လေပြီ။ နောင် အနာဂတ်မှာလည်း အဆူဆူသော ဘုရားများ ပွင့်ကြပေဦးမည်။ ယခု ဂေါတမ ဘုရားနောက်တွင် အရိမေတ္တယျဘုရားရှင် ပွင့်တော်မူမည်ဟု ယုံကြည်ကြပါသည်။

    “ရီလေးဂျင့်”ဘာသာတို့၌ ဘုရားသခင် မဟာဗြဟ္မာကြီး၊ နတ်ဘုရားကြီးတို့မှာ တစ်ဆူတည်းသော ဘုရားများအဖြစ် ပြောင်းလဲခြင်းမရှိ ၊ ထာဝရတည်နေကြပါသည်။ သို့ဖြစ်၍ ထာဝရဘုရားများဟု ဆိုပါသည်။ မမြင်ရသည့် ကောင်းကင်ဘုံ ဘုရားများဖြစ်ကြ၍ သက်ရှိသက်မဲ့ အားလုံးကို ဖန်ဆင်းပေးထားသည်။ သတ္တဝါ အားလုံးတို့၏ အကောင်းအဆိုးကို ဘုရားသခင်က တာဝန်ယူ၍ ဘုရားသခင်၏ အလိုတော်အရ ဖြစ်ကြရသည်ဟု ယုံကြည်ကြသည်။ ထာဝရ ဘုရားသခင်တို့၏ ၀ါဒမှာ “နိစ္စဝါဒ” “အတ္တဝါဒ”ဟု ဆိုရပါမည်။

    ဗုဒ္ဓဘာသာမှာ ဘုရားရှင်က ဖန်ဆင်းပေးထားခြင်း မဟုတ်၍ တာဝန်ယူထားခြင်းမျိုးလည်း မဟုတ်ပါ။ ပုဂ္ဂိုလ် သတ္တဝါ တစ်ဦးတစ်ယောက်၏ ကောင်းမှု၊ ဆိုးမှုသည် ဘုရားရှင်နှင့် မည်သို့မျှ မပတ်သက်ပါ။ သတ္တဝါတိုင်းသည် မိမိဘဝ မိမိချမ်းသာအောင်၊ ဆင်းရဲအောင် မိမိဘာသာ ဖန်တီးနိုင်သော ဗိသုကာရှင်များ ဖြစ်ကြပါသည်။ အရာရာမှာ “ဘယ်သူမပြု မိမိမှု” ဆိုသည်မှာ ဗုဒ္ဓ၏ ကမ္မဿတာဉာဏ်အမြင်“ကံ”သည် အခြေခံ ယုံကြည်မှု ဖြစ်ပါသည်။

    ကျွန်တော်၏ စကားမဆုံးမီ အမျိုးသမီးက ကြားဖြတ်လိုက်ပါသည်။
    “ဒီလိုဆို....... ဗုဒ္ဓက လူသားတွေ ကောင်းအောင်၊ ဆိုးအောင်၊ ကြီးပွားချမ်းသာအောင် တာဝန်ယူ ကယ်တင် မပေးနိုင်ဘူးပေါ့”
    သူ့အကွက် ၀င်ပြီထင်၍ မေးခွန်းထုတ်လိုက်ပုံ ရပါသည်။
    “ဟုတ်ပါတယ်၊ မှန်ပါတယ်”ဟု ချက်ချင်း အဖြေပေးလိုက်ပါ၏။
    အမျိုးသမီးက “ဒါဖြင့်ရင်...... အားကိုးရတာ မဟုတ်ဘဲ ဘာကြောင့် လူတွေက ဘုရားရှင်ကို ကိုးကွယ်နေကြတာလဲ ”
    ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်းဖြစ်ပါ၏။ အချို့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ပင် အမြင်ရှင်းချင်မှ ရှင်းကြပါမည်။

    “ဟုတ်ကဲ့၊ “ကိုးကွယ်”နဲ့ “အားကိုး” နားလည်ဖို့ လိုပါမယ်။ တူသယောင်ယောင် ထင်စရာ ဖြစ်ပါတယ်။ “ကိုးကွယ်” ဆိုတာက တစ်ပါးသူရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး ကြည်ညိုမှုနဲ့ အရိုအသေ အလေးအမြတ်ပြု ပူဇော်ခြင်း ဖြစ်ပါတယ်။ “အားကိုး”ဆိုတာ တစ်စုံတစ်ဦးဆီက တစ်စုံတစ်ရာ ရဖို့၊ လိုချင်လို့၊ ဖြစ်စေချင်တာ ဖြစ်ဖို့၊ မျှော်မှန်းခြင်း ဖြစ်ပါတယ်။ ဥပမာနဲ့ ပြောရရင် ပညာသင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမတွေက ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ သင်ကြားပေးကြပါတယ်။ သွန်သင်ပြသ ဆုံးမတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုးကြည်ညိုမှုနဲ့ ပူဇော်ကြတာဟာ “ကိုးကွယ်မှု” သဘောပေါ့။ သင်ကြားပေးတဲ့ ပညာရပ်တွေကို တကယ် သိနားလည်ဖို့၊ စာမေးပွဲအောင်ဖို့ဆိုတာ ကိုယ့်ဘာသာ ကြိုးစားအားထုတ်ရတာမို့ မိမိကိုယ်သာ အားကိုးရမှာ ဖြစ်သလို သင်ကြားပေးတဲ့ ပညာရပ်တွေက မိမိဘဝအတွက် အကျိုးဖြစ်ထွန်းစေမယ်ဆိုတဲ့ ပညာရဲ့ တန်ဖိုးကိုလဲ အားကိုးရမှာ ဖြစ်ပါတယ်။ ”

    “ဗုဒ္ဓဘုရားရှင်ဟာလဲ လောကသားတွေ မသိမမြင်ကြတဲ့ တရားတော်တွေကို ဟောပြောပြခဲ့ပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြသခဲ့ပါတယ်၊ မကောင်းကျိုးကို ဖြစ်စေတဲ့ အကုသိုလ်အမှားတွေ၊ ကောင်းကျိုးကို ဖြစ်စေတဲ့ ကုသိုလ် အမှန်တရားတွေကို ရှင်းလင်း ပြသခဲ့ပါတယ်။ လောကီ ကြီးပွားရာ အကြောင်းတရားတွေကို ဟောကြားခဲ့သလို ဒုက္ခအပေါင်းမှ လွတ်မြောက်စေနိုင်တဲ့ အမှန်တရားသစ္စာနဲ့ အားထုတ်ရာလမ်းကြောင်း “မဂ္ဂင်”တရားတွေလဲ ပြခဲ့ပါတယ်။ သံသရာမှာ ကောင်းသောဘဝကို ရောက်စေနိုင်မယ့် လမ်းကောင်း လမ်းမှန်နဲ့ မကောင်းသော လမ်းဆိုး လမ်းမှားတွေကို ခွဲခြားပြသခဲ့ပါတယ်။”

    “ဗုဒ္ဓဘုရားကို ကယ်တင်ရှင်လို့ ဆိုချင်ရင် လမ်းမှား မရောက်အောင်၊ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသတဲ့ လမ်းညွှန်ဆရာ ကယ်တင်ရှင်လို့ ဆိ်ုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့ တရားစစ်၊ တရားမှန်တွေကို ယုံကြည်စွာနဲ့ ဘုရားရှင်အား အတုမရှိ ကျေးဇူးတော်ရှင်အဖြစ် အောက်မေ့ပြီး ဆည်းကပ်ရှိခိုး ပူဇော် ကိုးကွယ်ကြခြင်းသာ ဖြစ်ပါတယ်။ တကယ် အားကိုးရမှာက ဗုဒ္ဓရဲ့ “ဓမ္မ”တရားသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ရတနာ သုံးပါးအနက် “ဘုရားရတနာ”နဲ့ ဘုရားသာသန အမွေခံ “သံဃာရတနာ”တို့ဟာ ကိုးကွယ်ရာ၊ ပူဇော်ရာသာ ဖြစ်ပြီး “တရားရတနာ”ကတော့ ကိုးကွယ် ပူဇော်ရာရော အားကိုးအားထားရာလဲ ဖြစ်ပါတယ်”

    ကျွန်တော် ခေတ္တရပ်နားပြီး ရေနွေးကြမ်းငှဲ့လိုက်စဉ်မှာပင် အမျိုးသမီးက “ဘုရားသခင်ဖြစ်မှသာ ကိုးကွယ်ရာ၊အားကိုးရာ ကုန်ပြီနော်” ဟု မေးလာပြန်ပါသည်။

    ကျွန်တော်က “ထာဝရ ဘုရားတွေမှာတော့ မသိပါဘူး။ ဗုဒ္ဓဘုရားရှင်မှာတော့ အလေးအမြတ် ပူဇော်ရာ ရှိပါတယ်။ ဘုရားဖြစ်တော်မူစမှာ “ငါသည် ရိုသေ အလေးအမြတ် ပြုစရာမရှိဘဲ နေထိုင်ရခြင်းဟာ ဆင်းရဲလှ၏ လို့ ကြံစည်၊ စဉ်းစား၊ ဆင်ခြင်ကြည့်ရာမှ မိမိထက်သာလွန်သည့် ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် မိမိသိပြီး တရားတော်တွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်တဲ့အနေနဲ့ ထပ်တလဲလဲ တရားတော်ကို ဆင်ခြင် အောက်မေ့ပြီး နေခဲ့ပါတယ်။ ဒါဟာ တရားတော်ကို ပူဇော် ကိုးကွယ်ခြင်းပါပဲ”

    အမျိုးသမီးသည် တစ်စုံတစ်ရာကို သတိရ စဉ်းစားမိဟန်ဖြင့် အနီးရှိ ဂျာနယ်ကို ဆွဲကိုင် ဖြန့်ပြပါသည်။ ပြီးတော့ တစ်နေရာကို လက်ထောက်၍ ဖတ်ပြပါသည်။
    “ဟောသည်မှာ နားထောင်...... ကိုယ်ပိုင် လုပ်ငန်းကြီးတွေ တိုးတက်စေဖို့၊ ရာထူးတွေ တိုးတက်စေဖို့၊ စာမေးပွဲတွေ၊ အင်တာဗျူးတွေ အောင်စေဖို့၊ ထူးချွန်ဖို့၊ နေရာကောင်းရဖို့၊ ကျန်းမာသန်စွမ်း လိမ္မာကျိုးနွံ ချမ်းသာ ကံကောင်းမဲ့ သားသမီးတွေ မွေးဖွားစေဖို့၊ အသက်ဘေး အန္တရာယ် ကင်းဝေးစေဖို့၊ ငွေဝင်လာဘ်ရွှင် စီးပွားတက်လာစေဖို့၊ ထီဆုကြီး ပေါက်စေဖို့၊ နိုင်ငံခြားကို အမြန်သွားရဖို့ ၊ ရောင်းမကောင်းတဲ့ ကုန်တွေ စွံစေဖို့၊ ကံကောင်းစေဖို့၊ လိုရာ ဆန္ဒ ပြည့်ဝစေဖို့၊ ကံညံ့ရင်လဲ သတိပြုရမယ်၊ ကံ တက်ရင်လဲ သတိပြုရမယ်။ ကံပြင်ပေးမယ်၊ အနာဂတ်ကို ကြောက်နေစရာမလို၊ အို....... စုံလို့ ပါပဲ ။ ”

    “အေးဗျာ...... အရာရာမှာ ယုံတတ်သူ၊ ယုံလွယ်သူ၊ ယုံချင်လွန်းသူတွေ ရှိနေတတ်တယ် မဟုတ်လား၊ ဗုဒ္ဓဘာသာ အမည်ခံတွေပေါ့ဗျာ။ ”

    အမျိုးသမီးက “သူတို့က ဗုဒ္ဓဘာသာဝင်တွေဆို ဗုဒ္ဓတရားတော် သိကြမှာပေါ့။ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်ဆို ”

    ကျွန်တော့်အား ပြန်ပြီး ချေပပါသည်။ ဒီ ဗုဒ္ဓဘာသာအမည်ခံတွေကြောင့် ဘာသာခြားတို့ရဲ့ လက်ညှိုးထိုးခြင်းကို ခံနေရပါပြီ။ လက်ညှိုးထိုးမခံရဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်ကြံ နေထိုုင်သင့်ပါကြောင်း။ သို့မဟုတ်ပါက ဒီလိုပဲ အခြားဘာသာဝင်တို့ရဲ့ လက်ညှိုးထိုးစရာများ ဖြစ်နေပါကြောင်း စေတနာရှေ့ထားကာ ရေးသားလိုက်ရပါသည်။
    လင်းဦး (စိတ်ပညာ)



    8 comments:

    Heartmuseum said...

    ဟုတ်ပ ကိုလင်းဦးရေ ....
    ကျွန်တော်လည်း အဲဒီလို အပြောခံရဖူးတယ်။
    ဆိုးတာက လူတအုပ်စုနဲ့ ကျွန်တော်တယောက်ထဲဗျို့။
    နောက်ပိုင်း အရောအနှောတွေကို လက်ညှိုးထိုးပြီး ဘာသာ သာသနာကို စော်ကားတော့တာပဲဗျို့။

    လှိုင်စုယဉ် said...

    ကိုလင်းဦးရေ...တော်တော်ကောင်းတဲ့ပိုစ်လေးပါပဲ။ ဟုတ်ပါတယ်...ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓဘာသာမမည်တဲ့ သူတွေအများကြီးပါ။ "ကိုးကွယ်ရာ" နှင့် "အားကိုးရာ" ကို မခွဲခြားတက်၊ ကံ,ကံ၏ အကျိုးကို မသိတဲ့သူတွေကြောင့် ဘာသာ သာသနာတော်ကို အထင်သေးခံနေရတာအတွက် လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီပို့စ်လေးတင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။

    မြန်မာပြည်ကိုလွမ်းတယ် said...

    အကိုလင်းဦးရေ..ရေးထားတာသိပ်ကောင်းပါတယ်။
    အမည်ခံဗုဒ္ဓဘာသာနဲ.၊တကယ့်ဗုဒ္ဓဘာသာ၊
    မိရိုးဖလာဗုဒ္ဓဘာသာတွေကြားမှာကျွန်မတို.
    ရောက်နေကြတာပါ။ခုလိုဆောင်းပါးရေးလိုက်
    တာသိပ်ကျေးဇူးတင်ပါတယ်

    Han Thit Nyeim said...

    ကောင်းတယ်ဗျာ။

    ကောင်းအောင် said...

    ကိုလင်းဦးရေ...
    ဒီပို့စ်လေး လာဖတ်ရတာ ကောင်းသလို ဗဟုသုတလည်း အများကြီးရလိုက်တယ်ဗျာ.. စာတွေ တော်တော်ဖတ်တာပဲဗျ.. “ကိုးကွယ်ရာ” နဲ့ “အားကိုးရာ” ကွဲပြားအောင် ရှင်ပြထားတာလေး တော်တော် ကြိုက်တယ်ဗျာ.. လူတိုင်းနာလည်ထားရမယ့်အချက်လေးတွေဗျာ.. နားလည်အောင် ရှင်းပြတာ ကျေးဇူးပါအကို...

    ရွက်ဝါ said...

    ကျေးဇူးတင်ပါတယ်။ ကိုလင်းဦး။ ဗေဒင်နဲ့ ယတရာတွေကို ယုံကြည်မှု လွန်ကဲလာရင် ကံနှင့် ကံရဲ့ အကျိုးကို ယုံကြည်တဲံ ဉာဏ်ကိုထိခိုက်စေတတ်တယ်လို့ ကြားဖူးတယ်။ ဒီအကြောင်းတွေကို ဆရာတော်ကြီးတွေလည်း ဟောနေတာပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေက သိသိကြီးနဲ့ ဖြစ်နေကြတာ။ သာသနာမှာ အခု ကိုလင်းဦးပြောသလို ကိုးကွယ်ရာနဲ့ အားကိုးရာ ကွဲပြားအောင်၊ တစ်ခြားဘာသာတရား အဆုံးအမတွေ ယုံကြည်မှုတွေ ၀င်မစွက်အောင်ဆိုတာလည်း တတ်နိုင်သလောက် ကြိုးစားကြရမှာပေါ့။ ဒါပေမယ့် ဗုဒ္ဓဘာသာကို တကယ်လေ့လာလိုတယ်ဆိုရင် ဗုဒ္ဓဟောတရား စစ်စစ်ကိုလေ့လာပြီး နားမလည်တာရှိရင် မေးမြန်းသင့်တာပေါ့။ ဘာသာဝင်ပုဂ္ဂိုလ်တစ်ချို့ကို ကြည့်ပြီး၊ (နောက်ဆုံး ဘုန်းကြီး တစ်ချို့ကို ကြည့်ပြီးလို့ တောင် ပြောလို့ရမယ်ထင်တယ်) သာသနာကို မဝေဖန်သင့်ပါဘူး။ ဒါသူတို့ဖက်ကလည်း လိုအပ်ချက်ရှိတာပေါ့။
    ရွက်ဝါ

    နေစိုးနိုင် said...

    စာအုပ်တစ်ခုထဲမှာဖတ်ခဲ့ဖူးတာတော့
    ဘုရားကို အုပ်ပုံကွယ်နေ
    တရားကို စာအုပ်ကွယ်နေ ပြီး
    သံဃာကို ဘုန်းကြီးကွယ် နေလို့ တပါးအယူဝါဒ တွေက ဒါမျိုးပြောတာပါ...
    အစ်ကို့ပို့စ် လေးအတွက်
    သာဓု .. သာဓု ... သာဓု

    Thaung said...

    ကျေးဇူးတင်ပါတယ်ရှင် ဒီလိုဗုဒ္ဓဘာသာရဲ့အကြောင်းကို ဂဃနဏရှင်းပြနိုင်တာဟာ တော်ရုံတန်ရုံ လေ့လာလိုက်စားတဲ့သူမဟုတ်ကြောင်းသိသာထင်ရှားပါတယ်..ဗုဒ္ဓဘာသာတစ်ဦးအနေနဲ့ အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်... လေ့လာမှတ်သားစရာတွေအများကြီး တွေ့ရပါတယ်ရှင်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo