ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ ထိုအသီး

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ကျွန်တော် ရိုးသားစွာ ၀န်ခံရေးသားခြင်းဖြစ်ပါကြောင်း ဦးစွာပြောချင်ပါသည်။ မနေ့က MRTV-4 မှ ဗွီဒီယိုကားများ မိတ်ဆက်နေသော အစီအစဉ်ကို ကြည့်မိရာ ဗီဒီယို အမြည်းပေးရာတွင် မော်ဒယ်တစ်ဦးအား တွေ့ရပါသည်။ သို့မှ ကျွန်တော်ဖြစ်ပျက်ခဲ့၊ အရှက်ကွဲခဲ့ရသော အဖြစ်အပျက်ကို ပြန်သတိရလိုက် မိပါတော့သည်။ နေရာကား ရန်ကုန်၊ ပြည်သူ့ရင်ပြင် ပြည်သူ့ ဥယျာဉ်ထဲတွင်ဖြစ်သည်။ ၀ါးရုံတန်းများရှိရာ လမ်းထဲတွင်ဖြစ်ပါသည်။ ရဲလေးရဲ့ VCD အခွေအတွက် ရိုက်နေခြင်းပင်။ သီချင်းကား မိုးသီချင်းဖြစ်ပါသည်။ သရုပ်ဆောင်မင်းသားကား ရဲလေးပင်။ မင်းသမီးကား ခုဏက မော်ဒယ်မင်းသမီးလေးပင်။

    ရိုက်ကွင်းအတွက် လိုအပ်သော မီးသတ်ကားပုံစံ ရေကားနှစ်စီး ယူလာသည်။ ဆက်တင်များ အားလုံးနေရာ ကျသောအခါ စရိုက်ဖြစ်ပါ၏။ အဓိက တာဝန်ယူရိုက်ရသော သူကား ကိုဝိုင်းဖြစ်ပါသည်။ မင်းသမီး ထားရမည့် မျက်နှာ အနေအထားနှင့် အိုင်တင်များအား သင်ကြားပေးနေရသည်။ ကင်မရာမန်းများအား အထူးပြောစရာ မလိုပါ။ သူတို့က အားလုံး အထာနပ်ပြီးသား။

    ရေကားနှစ်စီးအား ရှေ့ နောက် တန်းစီရပ်ခိုင်းထားပြီး မီးသတ်ပိုက်ဖြင့် ရေများ ဖြန်းခိုင်းလိုက်သည်။ လိုအပ်သည့် ရေလုံးနှင့် ပမဏအား စမ်းကြည့်ပါသည်။ လိုချင်သည့် ရေလုံးရောက်သောအခါ မင်းသားနှင့် မင်းသမီးအား ရေပန်းအောက်သို့ ၀င်ခိုင်းလိုက်သည်။ ဇာတ်လမ်းက အားလုံးသိပြီးသား။ ကောင်မလေးက မိုးရေထဲမှာ လမ်းလျှောက်လာမည်။ လက်ထဲက ဓါတ်ပုံလေး ထွက်ကျခဲ့မည်။ ဒါကို ကောင်လေးက တွေ့သွားသည်။ ပြီးတော့ ကိုင်ပြီး ကြည့်နေမည်။ ထို်အချိန် ဓါတ်ပုံပြန်လိုက်ရှာနေသော ကောင်မလေးက တွေ့သွားမည်။ ရဲလေးလက်ထဲက ဓါတ်ပုံကို တောင်းမည်။ ကောင်မလေးက ဓါတ်ပုံယူပြီး ပြန်ထွက်သွားချိန် သစ်ကိုင်းက အပေါ်က ကျိုးကျလာမည်။ ဒါကို ရဲလေးက တွေ့တော့ ကောင်မလေးကို တွန်းပြီး နှစ်ယောက်သား လဲကျသွားမည်။ ဒါကို မိတ်ဆွေများ ကြည့်ပြီးသား ၊ သိပြီးသား ဖြစ်ပါလိမ့်မည်။

    တတယ်ရိုက်ချိန်၌ မလွယ်ကူခဲ့ပါ။ လိုချင်သည့် ပုံစံကို ခဏခဏ ရိုက်ယူခဲ့ရပါသည်။ မင်းသမီးမှာ တော်တော်လေးချမ်းနေပါပြီ။ အကျီင်္ပြန်လဲခိုင်းရသည်။ ဒါတောင် လက်ထဲက ဓါတ်ပုံကို ပြန်တောင်းသည့် အခန်းပင် ရှိသေးသည်။ သူတို့နှစ်ယောက်မပြောနှင့် ကျွန်တော်လည်း ရေငွေ့များနဲ့ပင် တော်တော်လေး ချမ်းနေပြီ။ ပြန်ရိုက်သောအခါ မင်းသမီးဆောင်းသောထီးမှာ ရေကျဒဏ်ကို မခံနိုင်၍ ကျိုးပါလေရော။ ထိုအကျိုး အတိုင်း ဆက်ရိုက်ခဲ့ရသည်။ လဲကျသည့်အခန်းရောက်သွားလို့ တော်သေးသည်ပေါ့။ မင်းသမီးအား သေချာမှာရသည်။ တစ်ခါပဲ အနာခံဖို့။ သေသေချာချာ ပီပီပြင်ပြင် သရုပ်ဆောင်လဲကျဖို့ပါ။ သို့နှင့် ရဲလေးက နောက်က တွန်းပြီး နှစ်ယောက်သား လဲကျသွားသည်။
    မော်ဒယ်မင်းသမီးပေါက်စလေးမှာ တော်တော်လေး နာသွားခဲ့သည်။ ဒါပေမယ့် တစ်ခါတည်း ပီပြင်အောင် သရုပ်ဆောင်နိုင်သွားပါသည်။ သူတို့ အခန်းက ပြီးသလောက် ရှိနေပြီ။ နှစ်ယောက်စလုံးကို နားချိန်နှင့် အဝတ်အစားလဲချိ်န် ပေးလိုက်သည်။

    သူတို့ကို အနားပေးလိုက်သော်လည်း ကျန်သူများနှင့် အလုပ်ဆက်လုပ်ရ၏။ အဘယ်ကြောင့်ဆိုသော် သစ်ကိုင်းကျိုးကျလာသည်ကို ရိုက်ရဦးမည်။ သစ်ကိုင်းတစ်ကိုင်းကို အမြန်ခုတ်ခိုင်းရသည်။ ထမင်းစားချိန် ကလည်း နီးနေပြီ။ ဒါမြန်မြန်ရိုက်မှ ထမင်းစားပြီးသွားလျှင် ကျန်အခန်းများ ဆက်ရိုက်နိုင်မည် မဟုတ်ပါလား။ သစ်ကိုင်း ခုတ်ပြီးသားကို ထိုအပင်တွင်ပင် ကြိုးနှင့် ပြန်ချည်ခိုင်းလိုက်သည်။ ထို့နောက် ပိုက်ဖြင့် အပင်ပေါ်ကို ဖြန်းခိုင်းရသည်။ သို့မှ မိုးရွာသည်နှင့် တူမည်ကိုး။ ပြီးတော့ ကင်မရာချိန်ခိုင်း ။ သစ်ကိုင်းကြိုးကို ဖြုတ်ချခိုင်းလိုက်သည်။

    သို့ကား မပြီးသေးပါ။ သိမ်းစရာ ရှိတာသိမ်းသည်။ ရဲလေးနှင့် မော်ဒယ်မင်းသမီးကား အဝတ်အစား လဲပြီးသွားပြီ။ လာကြည့်နေကြသော ပရိသတ်များကား အများသား။ ပြဿနာကား မော်ဒယ်မင်းသမီးမှ သူ့နားကပ်ပျောက်သွားကြောင်း လာပြောပါတော့သည်။ အဖွဲ့သားအားလုံး ရှာခိုင်းရသည်။ မတွေ့ပါ။ ကျွန်တော်ကား ထိုအနီးမှ အပင်အောက်မှ ခုံတန်းတွင် ထိုင်နေမိသည်။ ဘာရယ်မဟုတ်၊ အပင်ကို ကြည့်မိတော့ မှည့်ဝင်းနေသော အသီးများ။ ကျွန်တော်မော့ကြည့်နေစဉ်မှာပင် ကိုရင်နှစ်ပါးနှင့် လူတစ်ယောက်က “အဲ့အသီးက စားလို့ ရတယ်ဗျ” တဲ့။ ကျွန်တော်ကလည်း ထမင်းစားခါနီး ရှာပုံတော်ဖွင့်နေရသည်မို့ ဗိုက်က ဆာနေပြီ။ ထိုလူက အလိုက်သိသည် ထင်၏။ အသီး (၃)လုံး ခူးပေးပါသည်။ ကျွန်တော်လည်း ထပြီး ထပ်ရှာလို့တွေ့ငြားရှာရင်း မော်ဒယ်မလေးဆီသို့ ဦးတည်လျက်။

    ကိုက်စားလိုက်သည်။ စားသည်။ စားသည်။ မော်ဒယ်မလေးဆီရောက်ပြီ။ စကားပြောဖို့အဟ လုံးဝ ပါးစပ် ဟ မရ။ ဟိုက်..... ပြဿနာက စ ပါကောလား။ ပါးစပ်က ကပ်နေသည်။ ပါးစပ်မှ ချိုသောအရသာမှ ပူသလိုလို လည်ချောင်းထဲ စီးသွားသည်ကိုလည်း ခံစားလိုက်ရသည်။ စိတ်ထဲကတော့ ငါတော့ သွားပြီလို့ပေါ့။ မင်းသမီးလေးကလည်း အခြေအနေက မဟန်မှန်းသိ၍ အော်ခေါ်ပါတော့သည်။ အားလုံးက ပြေးလာသည်။ ကိုရင်နှစ်ပါးနှင့် လူကား အနား ရောက်လာပါတော့သည်။ ကျွန်တော့်ပါးစပ်ထဲ လက်ထည့်၍ အဖြူစည်းများ ထုတ်ယူလေသည်။ ရေများ ပါးစပ်တွင်းထည့်ပြီး ပလုတ်ကျင်းခိုင်းပါသည်။ ကျွန်တော့မှာ ပါးစပ်ဟလို့ ရသွားသော်လည်း ရှတတအရသာနှင့် လည်ချောင်းကွဲသလို ခံစားရလျက်ရှိတုန်းပင်။

    စားသာ စားလိုက်သည်။ ထိုအသီးဘာ အသီးမှန်းလည်း မမေးမိ။ တော််သေးသည်။ မသေတာ ကံကောင်းပေါ့။ ထိုအသီး၏ သဘာဝမှာ ထိုလောက် အစည်းမများကြောင်း သိရပါသည်။ ကျွန်တော်စားမိသောအသီးမှာ အစည်းအရမ်းများနေသောကြောင့်ဖြစ်ကြောင်းသိရသည်။ ပြီးတော့ ထိုသို့စားရသည်မဟုတ်ပဲ အထဲမှ အဆံအကာကိုသာ စားရကြောင်းသိရ၏။ တော်တော်တုံးသည့် ကျွန်တော်ပင်။ တော်တော်လေးလည်း လန့်သွားသည်။ ထိုအသီးအား ဘာအသီးလည်းဟု မေးကြည့်ရာ ကျွန်တော့်မှာ ရှက်လည်းရှက် ၊ ရယ်လည်းရယ်ချင်စရာပင်။ ထိုအသီးကား “တည်သီး” ဟူ၏။ ကျွန်တော့်မှာ “တည်သီး”ကို ကြားပဲ ကြားဖူးသည်။ တစ်ခါမှ မမြင်ဖူးပါ။ ယခု စာလုံးပေါင်းတောင် မှန်ရဲ့လားမသိ။ မိတ်ဆွေတို့လည်း ကြံုဖူးလားတော့မသိပါ။ တစ်ခါတစ်ရံ ကိုယ်ရှေ့ရောက်နေသော အသီး ဘာအသီးမှန်းမသိပဲ မေးကြည့်မှ ကိုယ်ကြားဖူးသော အသီးဖြစ်နေမှန်းသိရသော အဖြစ်မျိုး ကြံုဖူးကြပါသလား။ ကျွန်တော်ကတော့ ကြံုလည်းကြံု ၊ လန့်လည်း လန့်မိလျက်သား။ ပြီးတော့ ယနေ့အချိန်ထိ ထိုအပင်မျိုးတွေ့လျှင် အပင်အောက်တောင် မဝင်ရဲတော့သည့် ဘဝ။ ဖြစ်ပျက်ခဲ့တာတော့ ကြာခဲ့ပေမယ့် ထိုမော်ဒယ်မြင်လိုက်ကာမှ ပြန်အမှတ်ရမိလို့ ရေးလိုက်ခြင်းပင်။

    ကိုယ်တကယ် မသိပဲ ကြံုတွေ့ခဲ့ရသော အဖြစ်အပျက်လေး ဖြစ်ပါကြောင်း ၊ တော်တော် ဗဟုသုတနည်းသည့်၊ တုံးသည့် လူဟု ထင်နိုင်ပါကြောင်းနှင့် ရိုးသားစွာ ၀န်ခံရေးခြင်း ဖြစ်ပါကြောင်း ။ ။
    လင်းဦး (စိတ်ပညာ)

    4 comments:

    Heartmuseum said...

    ဟား...ဟား... ကိုလင်းဦး နောက်ကျသွားပြီ။ ဖတ်ပြီးပြီဗျ။
    ကျွန်တော်လည်း တည်သီးကို ဒီရောက်မှ စားဖူးတာဗျ....
    ဟီး.... ဟီး..... အပင်ကိုတော့ မြင်ရင်တောင် မသိဘူးဗျ။

    Heartmuseum said...

    စကားမစပ် ခရီးလေးဘာလေး ထွက်ဖို့ အစီအစဉ် မရှိဘူးလားဗျို့။ ခင်ဗျားရဲ့ ခရီးသွားဆောင်းပါးတွေ မဖတ်ရတာတောင် တော်တော်ကြာပြီ။ သကြင်္န်အမှီ ခရီးထွက်ပြီး ဆောင်းပါးရေးဦးဗျို့။

    မြန်မာပြည်ကိုလွမ်းတယ် said...

    တည်သီးကိုမမြင်ဖူးပါဘူး၊ကြားတော့ကြားဖူး
    ပါတယ်။မတော်တဆတွေ.လို.စားရရင်တော့
    သတိထားနိုင်တာပေါ့။ဗဟုသုတပေးတာ
    ကျေးဇူးဗျိုး

    maungkaung said...

    ဖြစ်မှဖြစ်ရလေ အကိုရာ... ဟားဟား... သူများသာရယ်နေတာ ကျွန်တော်ကိုတိုင်လည်း တည်သီးကို ကြားပဲကြားဘူး... မမြင်ဖူးဘူးဗျ.. ဗဟုသုတရတာပေါ့ဗျာ... ကျေးဇူးအကိုရေ..

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo