မသေခင် ဗုဒ္ဓဗေဒင် မေးသင့်သည်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ဗေဒင် ဟူသော အသုံးအနှုန်းသည် လူအများစု၏ စိတ်အစာတစ်ခု ဖြစ်နေပါသည်။ များသောအားဖြင့် လောဘစိတ်၏ ဆာလောင်မှုကြောင့် ဗေဒင်ကို စားသုံးတတ်ကြသည်။ ကံတရားကို ဘေးဖယ်၍ ဉာဏ်နှင့် ၀ီရိယကို အရင်းတည်ကာ လူနေမှု မြင့်မားအောင် ကြံဆောင်ကြိုးစားတတ်ကြသည်။

    အကြောင်းကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အကျိုးတရားကောင်းဖို့ အမြဲတမ်း မျှော်လင့်ထားကြသည်။ မျှော်လင့်သလို ဖြစ်မလာသောအခါ (အကျိုးတရား မကောင်းသောအခါ) မိမိ၏ ပင်ကိုအသိဉာဏ်များပင် မှေးမှိန်ကာ ဗေဒင်ကို စားသုံး၍ လောဘစိတ်ကို ဖြေသိမ့်ကြသည်။ ဒီထက်ပို၍ မြှင့်တင်ပေးကြသည်။ လူ့လောက စီးပွားရေး အဆင်မပြေမှုများကို ကြည့်လျှင် များသောအားဖြင့် ကံ၊ ဉာဏ်၊ ၀ီရိယ သုံးမျိုးလုံး ရှိနေကြသည်ကို တွေ့ရပါမည်။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံများ ကောင်း၍ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ဆင်ခြင်ကာ ၀ီရိယ ထားတတ်ကြပါသည်။ အချို့လည်း အတိတ်ကံနှင့်ပင် အတော်ကြာ ကောင်းကျိုးချမ်းသာ ခံစားတတ်ကြရ ပြန်ပါသည်။ အတိတ်ကံ အနည်းငယ်ကောင်း၍ ပစ္စပ္ပန်ကံ မကောင်းသောအခါ အတိတ်မကောင်းဘဲ ပစ္စုပ္ပန်ကံ အနည်းငယ်ကောင်းသောအခါတို့၌ လည်းကောင်း မကောင်းကျိုးကို ခံစားရတတ်ပါသည်။ ထိုအခါ................

    လောကဗေဒင်
    “သောကြာသားသမီး ဖြစ်လို့ အမြစ်အညွန့်ဖြစ်တဲ့ ပိတောက်သားကို ဘုရားထု ကိုးကွယ်ပါ၊ ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပါ။ ပဋ္ဌာန်း ၂၄ ပစ္စည်း မနက် ကိုးခေါက်၊ ည ကိုးခေါက် ရွတ်ပါ။ တနင်္လာ သားသမီးနဲ့ မပေါင်းပါနဲ့။ စီးပွားတူ မလုပ်ပါနဲ့။ တိရစ္ဆာန်များကို အစာကျွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပါ။ ရဟန်းသံဃာ သက်ကြီး ရွယ်အိုများအား ဆန် ဆီ ဆား ဆေး လှူပေးပါ။ ဆင်းရဲသူများအား အဝတ်အထည် လှူပါ။ မိမိမွေးနေ့တွင် ညအိပ် အဝတ်အစား အဟောင်းများကို ခြေသည်း-လက်သည်း -ဆံပင် စသည်တို့နှင့် အတူ မြေမြှုပ်ပါ။ ရေမျှောပါ” စသည် စသည်ဖြင့် .......။

    (မခိုင်းသင့်) ယုတ္တိမရှိသော ယတြာ
    နက္ခတ်ကောင်းကို မျှော်လင့်စောင့်စားနေသော လူမိုက်အား ကောင်းကျိုးတရားသည် ကျော်လွန်ခဲ့လေပြီ။ ကောင်းသောအလုပ် လုပ်နေချိန်တွင် နက္ခတ်ကောင်းဖြစ်သည်။ အသိဉာဏ်ကင်းမဲ့သော နက္ခတ်သည် အသိဉာဏ်ရှိသော လူသားအား အဘယ်သို့သော ကောင်းကျိုးများ ပေးနိုင်ပါမည်နည်း။ ကောင်းသောအလုပ် မှန်သမျှကို လျင်မြန်စွာ လုပ်ပါ။ မကောင်းမှုဆိုလျှင် တတ်နိုင်သမျှ အချိိန်ဆွဲပါ။ မကောင်းမှုကြံစည်၊ ပြုလုပ်၊ ပြောဆိုချင်သော မိမိစိတ်ကို တားမြစ်ပါ” ဟု မြတ်ဗုဒ္ဓက မိန့်တော်မူပါသည်။

    ကိလေသာအပြည့် ရှိနေသေးသော သိဒ္ဓတ္တမင်းသား တောထွက်ချိန်၌ ရက်ရာဇာ၊ ပြဿဒါး မရွေးချယ်ခဲ့ပေ။ ကောင်းသောအလုပ်မှန်းသိ၍လည်း အချိန်မဆွဲခဲ့ပါ။ သတ္တဝါမှန်သမျှတို့၏ ရှေ့ဆောင်လမ်းပြသဖွယ် ဖြစ်ခဲ့ပါပေ၏။ စံနမူနာ ယူထိုက်ပါပေ၏။ ကိလေသာအားလုံး ကင်းစင်ပြီးသော မြတ်ဘုရား၏ မိန့်မှာချက်၊ လုပ်ဆောင်ချက်တို့သည် ပို၍ ပို၍ လိုက်နာ ကျင့်သုံးသင့်လှပေတော့သည်။

    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ပိတောက်သား ဘုရားကို ကိုးကွယ်ပါ၏ဟု မည်သည့် ကျမ်းဂန်၊ မည်သို့သော ပညာရှင်များက မိန့်လေသနည်း။ ဂုဏ်တော်ကိုးပါးနှင့် ပဋ္ဌာန်း ၂၄ ပစ္စည်း ရွတ်ပါဆိုသော ဗေဒင်ဟောချက်ကိုသာ ယုံကြည်နေလျှင် အားကိုးနေလျှင်၊ ဓမ္မံ သရဏံ ဂစ္ဆာမိနှင့် ကိုက်ညီပါမည်လော။ တနင်္လာ သားသမီးကို မပေါင်းပါနဲ့ဟု ဗေဒင်က ဟောဆိုရာတွင် တနင်္လာသားသမီးသည် လေးစား ဆည်းကပ်ထိုက်သော ရဟန်းပညာရှိ၊ လူပညာရှိ ဖြစ်ခဲ့သော် ရှောင်ရှားရန် သင့် မသင့် စဉ်းစားရပါလိမ့်မည်။ ကျေးဇူးရှင် မိဘ၊ ဆရာသမား ဖြစ်ခဲ့သော် မည်သို့ ဆက်ဆံရပါမည်နည်း။ ဗေဒင်ကြောင့် ထိုသူတို့အား မဆည်းကပ်မိသော် မည်မျှ အကျိုးယုတ်နိုင်သည်ကို တွက်ဆမိပါ၏လော။ နေ့ခုနှစ်နေ့ (ရှစ်နေ့) တွင် ဘယ်နေ့သားဖြစ်ဖြစ် လူမိုက်ဆိုလျှင် မပေါင်းပါနှင့်။ ရှောင်ကြဉ်ပါ။ ပညာရှိကို ဆိုလျှင် မှီဝဲဆည်းကပ်ပါ ဟူသော မင်္ဂလာတရားတော်လာ မြတ်ဗုဒ္ဓ၏ မိန့်ကြားချက် ရှိပါသည်။ စဉ်းစားကြပါကုန်။

    ငါးပိထုပ်သောဖက်ကို ငါးပိနံ့ ကူးစက်တတ်သလို တောင်ဇလပ်ပန်းထုပ်သော ဖက်ကိုလည်း တောင်ဇလပ်ပန်း၏ ရနံ့ ကူးစက်တတ်ပါသည်။ လူမိုက်နှင့် ပေါင်းသင်းမိ၍ အသိဆိုး၊ ဉာဏ်ဆိုးများ စွဲကပ်ခဲ့သော် ကံမကောင်းခဲ့သော် မိမိ၏ အဝတ်အစား၊ ဆံပင်၊ ခြေသည်း၊ လက်သည်းတွင်မက ခန္ဓာကိုယ်တစ်ခုလုံး ရေမျှောသော်လည်း အဆိုးတရားများ ပျောက်ကွယ် မသွားနိုင်ပါပေ။ အဆိုးတရားများ စွဲကပ်မြဲ စွဲကပ်နေမည်သာ ဖြစ်သည်။

    မြတ်ဘုရား၏ တပည့်သာဝက များစွာတို့မှာ ဘုရားလမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးကျင့်ကြံကြ၍ ကိလေသာ ကုန်ခမ်းကြသော်လည်း တိတိ္ထလမ်းစဉ်ဖြင့် ခန္ဓာကိုယ်ရေစိမ်ကျင့်သော်လည်း ကိလေသာအညစ်အကြေး မကုန်သူတွေ များစွာရှိခဲ့ကြပါသည်။

    တိရစ္ဆာန်များကို အစာကျွေးပြီး ၀မ်းမြောက် ၀မ်းသာ ကြည့်နေပါပြီး ပြုလုပ်ကြသောအခါ သောမနဿသဟဂုဏ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက ကုသိုလ် ဖြစ်နိုင်ပါသည်။ ထိုကုသိုလ်ကံသည် ဘဝပေါင်းတစ်ရာအထိ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ အကျိုးငါးပါးကို ပေးစွမ်းနိုင်ပါသည်။ ရတနာသုံးပါး၏ ဂုဏ်တော်များ၊ ပဋ္ဌာန်း ၂၄ ပစ္စည်းများကိုလည်း ရွတ်ဖတ်သရဇ္ဈာယ်ရင်း အနက်အဓိပ္ပါယ်များကို နားလည်သဘောပေါက်ပါက မရေမတွက်နိုင်သော ကုသိုလ်တရား ရနိုင်ပါသည်။ သရဏဂုံ သီလရှိသော သက်ကြီးရွယ်အိုများ၊ ရဟန်းသာမဏေများအား လှူဒါန်းမိပါက ဘဝအသင်္ချေ အကျိုးငါးပါးကို ရပါသည်။ သို့သော် ဗေဒင်ဆရာက ယတြာ ချေခိုင်းမှ လုပ်ကြသည်။ မိုက်မဲလေစွ ။


    “ဗုဒ္ဓဗေဒင်”ဟူသော စကားလုံးသည် စာရေးသူ၏ ကိုယ်ပိုင်မဟုတ်ပါ။ တိပိဋကဓရ ဆရာတော်ဘုရားကြီး ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် သပ္ပူရိသဒါနတရား ဟောကြားခဲ့စဉ်က ထည့်သွင်းမိန့်ကြားသွားသော စကားတော် ဖြစ်ပါသည်။

    ဆရာတော်ကြီးက “အမျိုးသမီးရော၊ အမျိုးသားရော သက္ကစ္စဒါန မပါကြရင် ဒါနကြောင့်တော့ အခြွေအရံ ပရိသတ်တွေ ပေါပါတယ်။ သို့သော် ကိုယ့်ပရိသတ်အပေါ်မှာ ဩဇာမညောင်းဘူး။ ဒါဟာ “ဗုဒ္ဓဗေဒင်”လို့ ဆိုနိုင်တာပေါ့” ဟု မိန့်ကြားခဲ့ပါသည်။

    ဆေးဆရာသည် လူနာအပေါ် စေတနာထားကာ ရောဂါပျောက်ကင်း သက်သာရေးအတွက် ဆေးခါးဖြစ်နေသော်လည်း ထိုဆေးကို မွှေးသည်၊ အေးသည်၊ ဆိမ့်သည်၊ အဝင်ကောင်းသည် စသည်ဖြင့် လူနာသောက်ချင်လာအောင် ပြောဆို၍ တိုက်သကဲ့သို့ ဆရာတော်ကြီးကလည်း လူတို့အကြိုက်နှင့်လျော်စွာ ဗေဒင်ဟူသော အသုံးအနှုန်းနှင့် ယှဉ်တွဲ၍ မိန့်ကြားခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ ဗုဒ္ဓ၏ ဓမ္မဆေးသည်ကား ဆေးခါးကြီး မဟုတ်ပါ။ သို့သော်လည်း သတ္တဝါအများက မသောက်သုံးချင်ကြပေ။ ဘဝပေါင်းများစွာ၊ ကာလပေါင်းများစွာ ရင်းနှီးရှာဖွေထားခဲ့ရသော မြတ်ဗုဒ္ဓ၏ စကား(တရား)တော်ကို ယုံကြည်ပါလျှင်-

    အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးနေတော်မူ၏။ ကောဠိယ၏သား ဒီဃဇာဏု မည်သော အမျိုးသားက-
    “အရှင်ဘုရား ၊ တပည့်တော်တို့သည် လောကီစည်းစိမ် ခံစားလျက် သားမယားဖြင့် နေကြပါကုန်၏။ အမွှေးနံ့သာ သုံးစွဲပါကုန်၏။ ရွှေငွေရတနာတို့ကိုလည်း နှစ်သက်ပါကုန်၏။ လောကီလူ့ဘောင်တွင် နေကြရသော တပည့်တော်တို့အား ဤဘဝ၊ နောက်ဘဝများ၌ စီးပွားဥစ္စာ ကြွယ်ဝချမ်းသာနိုင်သော တရားနည်းလမ်းကောင်းများ ညွှန်ပြတော်မူပါ”ဟု လျှောက်ထား၏။
    ထိုအခါ မြတ်စွာဘုရားရှင်က-
    “ချစ်သား၊ ဤလောကတွင် လူတစ်ဦးသည် အသက်မွေးဝမ်းကျောင်း တစ်မျိုးမျိုးဖြင့် အသက်မွေးရသည်။ မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ၊ ထိုအလုပ်၌ ကျွမ်းကျင်မှု ရှိရမည်။ မပျင်းမရိ လုံ့လရှိရမည်။ စူးစမ်း နှိုင်းချိန်တတ်သော ဉာဏ်စွမ်းလည်း ရှိရမည်။ စီမံခန့်ခွဲတတ်ရမည်။ ဤသို့သော အကြောင်းတရားနှင့် ပြည့်စုံလျှင် ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံသည်ဟု မှတ်ရမည်။ ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံ၍ တရားသဖြင့် ရရှိလာသော စီးပွားဥစ္စာတို့ကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင်လည်း စောင့်ရှောက်တတ်ရမည်။ ဤသည်ကို အာရက္ခ သမ္ပဒါဟု မှတ်ရမည်။ မိမိနေရာ၊ မြို့၊ ရွာ နိဂုံး၌ သဒ္ဓါ သီလ စသော မိတ်ဆွေကောင်း အရည်အချင်းနှင့် ပြည့်စုံသူများ၊ ကြီးပွားရေး၊ စီးပွားရေး စသည်တို့၌ အောင်မြင်နေကြကုန်သောသူများနှင့် ပေါင်းသင်း ဆက်ဆံရမည်။ မိတ်ဆွေကောင်းနှင့် ပေါင်းသင့်သောသူသည် ထိုမိတ်ဆွေကောင်း၏ အရည်အချင်းကောင်းပုံကို အတုလိုက်၍ မိမိလည်း သဒ္ဓါတရားကောင်းသူ၊ သီလရှိသူ၊ ကြီးပွားအောင်လုပ်နိုင်သူ ဖြစ်လာမည်။ အသိ အလိမ္မာ တိုးပွားလာတတ်သည်။ ဤသည်မှာ ကလျာဏ မိတ္တသမ္ပဒါ၏ အကြောင်းအကျိုး ဖြစ်သည်။ သမဇီဝိတ သမ္ပဒါနှင့် ပြည့်စုံဖို့လည်း လိုပေသေးသည်။ မိမိရှာဖွေရရှိထားသော စီးပွားဥစ္စာကို ၀င်ငွေ ထွက်ငွေ စနစ်တကျ မျှတအောင် အသက်မွေးတတ်ရမည်။ ဤ သမ္ပဒါတရားလေးပါးတို့နှင့် ပြည့်စုံသူတိုင်း ဤဘဝ၊ နောက်ဘဝတို့၌ စီးပွားဥစ္စာ ကြွယ်ဝချမ်းသာပေလိမ့်မည် ချစ်သား ” ဟု မိန့်ကြားခဲ့ပါသည်။

    မျက်မှောက်လောက ချမ်းသာသူအများကို လေ့လာကြည့်ပါ။ မြတ်ဗုဒ္ဓ၏ ယတြာ သမ္ပဒါလေးပါးနှင့် ပြည့်စုံနေသည်ကို တွေ့မြင်ရပါလိမ့်မည်။ ယနေ့ခေတ် လူငယ်အများစုက လက်တွေ့ဝါဒ (သိပ္ပံဝါဒ) ကို ယုံကြည်လက်ခံကြသည်။ သိပ္ပံဝါဒထက် မြတ်ဗုဒ္ဓ၏ ၀ါဒက တိကျ သေချာပါသည်။ မှန်ကန်ပါသည်။ ဗုဒ္ဓယတြာကြောင့် လက်ငင်းချမ်းသာ သွားကြသော သူဌေး သူကြွယ်တို့ကို စာပေးများ၌ တွေ့ရသည်။ သူတို့လုပ်သော ယတြာများမှာ -
    (၁) လှူဖွယ် ၀တ္ထု စင်ကြယ်ခြင်း
    (၂) စေတနာသုံးတန် ပြဠာန်းခြင်း
    (၃) အလှူခံပုဂ္ဂိုလ် အနာဂါမ်၊ ရဟန္တာဖြစ်ခြင်း
    (၄) ထိုအလှူခံပုဂိ္ဂုလ် နိရောဓသမာပတ်မှ ထခြင်း တို့ ဖြစ်ကြပါသည်။


    မသေခင် ဗုဒ္ဓဗေဒင် မေးသင့်သည်
    ဤစာရှုသူ မိတ်ဆွေများ၊ ဗေဒင်ကို ယုံကြည်အားကိုးပါလျှင် သင်မသေခင် ဗုဒ္ဓဗေဒင်ကို မေးသင့်ပါသည်။ ဗုဒ္ဓ ယတြာ ချေသင့်ပါသည်။ ဗုဒ္ဓဟောကြားသော ဗုဒ္ဓဗေဒင်ကား စကြာဝဠာအထိ ထွက်ဖောက်၍ ထာဝရ မှန်ကန် နေမည် တကား ။

    (ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးဘလော့ဂ်တွင်လည်း ဘာသာရေးပိုစ့်များ ဖတ်ရှု့နိုင်ပါသည် )

    လင်းဦး (စိတ်ပညာ)


    5 comments:

    kaunghtutaung said...

    ရည်ရွယ်ချက်ကောင်းပါတယ်။ ကျွန်တော်လည်းဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဗေဒင်တွေက ဟိန္ဒူယဉ်ကျေးမှုကလာတယ်လို့ မှတ်သားဘူးပါတယ်။ နိမိတ်ဖတ်ခြင်း၊ ဗေဒင်၊ ယာယီ၊ယတြာ စတာတွေဟာ ဘုရားမတိုင်ခင်ကတည်းက ထွန်းကားခဲ့ပြီး၊ ယုံကြည်တဲ့သူတွေအတွက် မှန်ကန်အကျိုးရှိတဲ့ သာဓကတွေလည်း ရှိခဲ့ဘူးတဲ့အတွက် သူတို့ကို တစ်ကဏ္ဍထားသင့်တယ်လို့ ထင်ပါတယ်။

    mayyamin said...

    အတတ်နိုင်ဆုံးလိုက်နာကျင့်သုံးနိုင်အောင်ကြိုးစားပါ့မယ်
    မေယမင်း

    Heartmuseum said...

    သတိ သမ္ပဒါတရားလေးပါး ကို လူပြိန်းနားလည်အောင် ရှင်းပြထားတာလေး ကောင်းသဗျ။

    Heartmuseum said...

    သတိ သမ္ပဒါတရားလေးပါး ကို လူပြိန်းနားလည်အောင် ရှင်းပြထားတာလေး ကောင်းသဗျ။

    Rita said...

    ဒီလို post မျိုး ဖတ်ရတာ အင်မတန်မှ ဝမ်းသာမိပါတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo