ကျွန်တော်သိသမျှ(၆) သို့မဟုတ် တင့်တယ်သော သာယာသော “ရှီကွေတ”

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ကဲရော့..... ဤသည်ကား အချို “ ဟာ ဆရာကျောင်းကလည်း ဘာတုံးဗျာ”၊
    ဟေ့ကောင်ရေ .... အခုပြည်သွားမှာဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်တုန်းကလည်း မဟာသမ္ဘဝနဲ့ စူဠသမ္ဘဝကို မယ်တော်မိဖုရားကြီးက ရာဇဝင်ထဲမှာ “စမြိန်စာတို့ကို ဤသည်ကား အချဉ်၊ ဤသည်ကားအချိုဟု အမှတ်ပေး၍ အသေအချာထားသိုပြီးမှ သားတော်နှစ်ယောက်တို့ကို မစက်မရက် ငိုယိုဖက်ရမ်း၍ ဖောင်နှင့် ဧရာဝတီမြစ်တွင် မျှောလိုက်၏” လို့ ဆိုတာကိုးကွ။ လှမ်းပေးနေတဲ့ ဆီးထုပ်တွေကိုယူရင်း ညီမော်က “ ဟာ စိတ်နောက်တယ်ဗျာ” လို့ ငြီးတွားရင်း ကားကို မောင်းထွက်တယ်။ လက်ဖက်ရည်ဆိုင်လေးက လယ်ကွင်းတွေရဲ့ အစပ်မှာ ကျန်ခဲ့တယ်။ လမ်းကောင်တဲ့ ပြည်လမ်းပေါ်မှာ ကားက ရိပ်ရိပ်ပြေးနေတယ်။ လယ်ကွင်းစိမ်းစိမ်းတွေရဲ့ အစပ်မှာ ကျန်ခဲ့တယ်။ လယ်ကွင်းစိမ်းတွေရဲ့ အနားသတ်မှာ ရွာအုပ်အုပ်လေးတွေက မြင်နေကျ ပန်းချီကားလေးတွေ တစ်ချပ်ပြီးတစ်ချပ် ပြောင်းသွားသလို တစ်ရွာပြီးတစ်ရွာ ကျန်ခဲ့တယ်။ မျဉ်းပြိုင်သစ်ပင်တွေ ကလည်း ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့တယ် ။

    မဟာသမ္ဘဝတို့ ဖောင်မျှောခဲ့တဲ့ခရီးကရော ဒီလိုပဲ ကမ်းနာက သစ်ပင်တွေ ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့မှာပဲလား ၊ ရာဇဝင်ဆရာ စစ်ကိုင်းကျော်မှပဲ မြင်ရတော့မှာပေါ့ ။ ဆရာကျောင်းအိမ်မှာ လာနေတဲ့ စစ်ကိုင်းက ကားပွဲစား ဦးညွန့်လှိုင် ပြောပြောနေတဲ့ ဘီလူးမညီနောင် ဇာတ်လမ်းလို့ ညီမော်က လှည့်မေးတယ်။ “အေး ဟုတ်တယ်”
    “မင်းတို့ စစ်ကိုင်း ဘယ်ကစဖြစ်တာလဲဆိုတော့ မျက်စိမမြင်တဲ့ မဟာသမ္ဘဝတို့ ဖောင်ပေါ်ကို ဘီလူးမညီနောင် တက်တော့ ” ဆိုတာနဲ့ “တော်တော့ ...မင်းဟာက ဘီလူးမ ညီနောင်ရယ်လို့ မရှိပါဘူးကွာ” ဆိုတာနဲ့ သူ့ခမျာ စစ်ပင်ကြီးတောင် မကိုင်းလိုက်ရပါဘူး။ “ ဒီခေတ်က ညွန့်ဦးလှိုင်သာရှိရင် မင်းသားတွေဆီက ပွဲခတောင်းဦးမှာဟ၊ ကောဥ္စပြင်ရောက်တော့ ဘူးသီးခြောက်နဲ့ ရေခပ်နေတဲ့ ရသေ့တူမ ဗေဒါရီကိုတွေ့တာနဲ့ ပေးစားရော ၊ အဲ့ဒီက မွေးတဲ့ ကလေးက ဒွတ္တဘောင်ဖြစ်တာပဲ၊ မင်းတို့လည်း ပြည်ရောက်ရင် မြစ်ဆိပ်သွားပြီး ဘူးသီးခြောက်နဲ့ ရေခပ်တဲ့ ကောင်မလေး သွားရှာပေါ့ ။ ကျွန်တော်လည်း ဘေးဝဲယာကိုကြည့်ရင်း လိုက်ပါ လာခဲ့တော့တယ်။


    မိုးညို သို့ ဆိုတဲ့ ဆိုင်းဘုတ်လေးကို ညီးမော်က လှမ်းဖတ်တယ်။ “ဆရာကျောင်း အဲ့ဒီမိုးညိုပေါ့ ”။ ဘာလဲဟ ..ကဲကဲ လုပ်ပါဦး၊ မင်းကလည်း သမိုင်းထဲက မိုးညိုကို ဆွဲသွင်းတော့မယ်ပေါ့။ ညီမောင်က သွားဖြဲရင်း ဆက်ပြောတယ်။ “ဟယ်လို....မိုးညို ရဲစခန်းကပါလားခင်ဗျာ၊ ကျွန်တော့်သမီးစိုးစိုးကို သိန်းတန်ဆိုတဲ့ကောင် ခိုးသွားလို့ပါ”။ “ကိုသိန်းတန် ကိုသိန်းတန် စိုး သင်္ဘောပေါ်တက်ခဲ့မယ်”ဆိုတဲ့ စိုးမိုးမေတ္တာထဲက မိုးညိုလေ။ ကျွန်တော်အပါအဝင် အားလုံးဝိုင်းရယ်ကြတယ်။ကျွန်တော်က “ကဲ...တော်ပါပြီ၊ မင်းဇာတ်လည်းကောင်းပါတယ်။ မဟာသမ္ဘဝဇာတ်နဲ့ ပေါင်းလိုက်ရင်တော့ အို ကိုသမ္ဘဝ......ကိုသမ္ဘဝ ....စန္ဒမုခိ ဖောင်ပေါ်တက်ခဲ့မယ် ဖြစ်ကုန်တော့မယ်။
    စိုးသင်္ဘောပေါ် တက်ခဲ့မယ်ဆိုတော့ မတက်နဲ့ မတက်နဲ့ ကိုသိန်းတန်တောင်မှ ၀ရမ်းနဲ့ စီးလာတာတဲ့” ၊ ရယ်သံတွေက ကားရဲ့နောက်မှာ ပျံ့လွင့် ကျန်ရစ်ခဲ့ပြန်တယ်။

    မြို့တွေစိပ်လာလို့ ရှုပ်နေတဲ့ လူတွေကို ကြည့်ရင်း ညီမော့်ကို ကျွန်တော်ကြည့်လိုက်တော့ ဟွန်းကို တတီတီ တီးနေတယ်။ စိုးနိုင်က အိပ်နေပြီ ။ ကိုယ့်အာရုံတွေ ကိုယ်ပိုင်သွားကြပြီမို့ ရှုပ်နေတဲ့လမ်းဘေးက လူတွေကို ကျော်ပြီး လယ်ကွင်းတွေဘက်ကို ငေးနေမိတယ်။ အာရုံထဲမှာတော့ အစ်ကို ပန်းပုဆရာတစ်ယောက် ပြောပြောနေတဲ့ “ရှီကွေတ” “ရှီကွေတ”လို့ မေးတော့ သရေခေတ္တရာကို ပြောတာတဲ့၊ အရင်တုန်းက ပျူလိုနေမှာပေါ့။ တကယ်တော့ ကျွန်တော်ဟာ ပြည်မှာမွေးတဲ့ ပြည်သားတစ်ယောက်ပါ။ ဒါပေမယ့် ရန်ကုန်မှာ ကြီးပြင်းခဲ့ရတာ။ အခုတော့ မွေးရပ်ကို ခရီးသွားတစ်ယောက်ဧည့်သည်အနေနဲ့ သွားနေရတယ်။ ဒေါက်တာသန်းထွန်း စာအုပ်မှာတော့ ဂြီ့က္မေတြလို့ ရေးတယ်။ “ခရစ် ၈၀၁ ခုနှစ်မှာ တရုတ် ဧကရာဇ်ဆီကို ပျူတီးဝိုင်း စေလွှတ်ဖူးတယ်။ ပျူတွေ သီဆိုတီးမှုတ်ပုံ အရမ်းကောင်းလို့ တရုတ်တွေက ချီးမွမ်းတယ်။


    ပျူမြို့တော်ရဲ့နာမည် ဂြီ့က္မေတြကို မြန်မာတွေက ပီသအောင် မခေါ်နိုင်လို့ သရေခေတ္တရာလို့ ခေါ်နေကြတာ ဖြစ်တယ်။ နန်ကျောင်လူမျိုးတွေက သရေခေတ္တရာမြို့ကို ခရစ်နှစ် ၈၃၂ မှာ ဖျက်ဆီးခဲ့တယ်။ ၉ ရာစုနှစ်ရောက်တော့ အပြီးတိုင် ဖျက်ဆီးတာ ခံခဲ့ရတယ်။ ခုလို ပျက်စီးသွားတဲ့ ပျူဟာ ပြန်ပြီင်္း မထူထောင်နိုင်တော့လို့ တဖြည်းဖြည်း မြန်မာနဲ့ရောပြီး မျိုးဆက်ပြတ် သိမ်ကောခဲ့ရတယ်။ ဂြီ့က္မေတရဲ့ အဓိပ္ပါယ်က တင့်တယ်ခမ်းနားတဲ့ မြေအရပ်လို့ ဆိုလိုတယ်။ အခု ပြည်အရှေ့ တောင်ဘက်လေးမိုင်လောက် အကွာမှာရှိတဲ့ မှော်ဇာရထားဘူတာ ၀န်းကျင်ဖြစ်ပါတယ်” တဲ့။


    အဲ့ဒီသက္တတဘာသာနဲ့ ခန့်ညားထည်ဝါတဲ့ မြေလို့ အဓိပ္ပါယ်ရတဲ့ “ဂြီ့က္မေတြ”ကို ဘယ်တုန်းက သရေခေတ္တရာလို့ အသံထွက်ခဲ့ကြတာလဲ၊ ငါလည်း ပီသအောင် မခေါ်နိုင်ဘူး။ ပထမဆုံး နားထဲရောက်အောင် သွင်းပေးတဲ့ အစ်ကိုပန်းပုဆရာရဲ့ အညာလေသံနဲ့ သူ့အသံထွက်အတိုင်း “ရှီကွေတ”ကိုပဲ စွဲနေတယ်။ ရှီကွေတ သရေခေတ္တရာလို့ပဲ ခေါ်ချင်တယ်။ ကဲ ..ရောက်အောင်လာခဲ့ပါပြီ။ သရေခေတ္တရာ ရှီကွေတရေ ခန့်ညားထည်ဝါတဲ့ မြေနဲ့ ပြည်မြို့ရေ။


    သရေခေတ္တရာကို ပထမဆုံးကွင်းဆင်း သုတေသနပြုခဲ့သူဟာ မြန်မာပြည်မှာ ပထမဦးဆုံး ရှေးဟောင်း သုတေသန တာဝန်ခံဖြစ်သူ ဒေါက်တာ အီး ဖိုးချမ်းမာ (Dr.E.Forchamer)ဖြစ်ပါတယ်။ ၁၈၉၀ မှာ ကွယ်လွန်တဲ့ သူ့ရဲ့ သရေခေတ္တရာမြို့ဟောင်း အစီရင်ခံစားများကို (၁၈၈၂-၈၃)တွေမှာ ဗြိတိသျှ မြန်မာအုပ်ချုပ်ရေး အစီရင်ခံစားများမှာ တွေ့နိုင်ပါတယ်။ ၁၉၆၆-၆၇ က ရှေးဟောင်းသုတေသန ဦးစိန်မောင်ဦးက တူးဖော်တယ်။ တူးဖော်ချက် အစီရင်ခံစာတွေရယ် ၊ တရုတ်မန်ချူးကျမ်းက မှတ်တမ်းထားတာတွေရယ်၊ ခမ်းနားထည်ဝါတဲ့ မြေပေါ် မြေအောက်က ရတဲ့ ကိုးကွယ်မှုဆိုင်ရာ ရုပ်တုတွေ၊ အခြားပစ္စည်းတွေအရ သမိုင်းဆရာတွေ ခြေရာကောက်ခဲ့တဲ့ သရေခေတ္တရာက (၁) ရာစုက (၉) ရာစုထိ ထွန်းကားခဲ့တယ်။ မဟာယနနဲ့ ထေရဝါဒ ရောထွေးနေရာက (၄)ရာစုလောက်မှာ ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကား ထင်ရှားလာခဲ့တယ်။ မူလက ပျူအက္ခရာ မရှိသော်လည်း အိန္ဒိယပြည်တောင်ပိုင်းက အက္ခရာနဲ့ ပါဠိစာပေကို အခြေခံပြီး (၅)ရာစုလောက်မှာ ပျူစာပေဆိုပြီး ကိုယ်ပိုင်စာပေ ပေါ်ပေါက်လာခဲ့တယ်။


    မြန်မာနိုင်ငံမှာတွေ့ရတဲ့ မြို့ဟောင်းတွေထဲမှာ အကြီးဆုံးမြို့ရိုးကြီးကို တည်ဆောက်ခဲ့တယ်။ မြို့ကို အုတ်နဲ့စီပြီး အဝိုင်းပုံသဏ္ဍာန် ဆောက်ခဲ့တယ်။ မြို့ကို တစ်ပတ်လျှောက်ရင် တစ်ရက်ခရီးကြာမယ်။ (၉)မိုင်ပတ်လည် ကျယ်ဝန်းပြီး တံခါး (၁၂)ပေါက်နဲ့ နေတယ်။ အခု(၉)ပေါက် တူးဖော်လို့ရတယ်တဲ့။ မြို့သူ မြို့သား အားလုံးဟာ မြို့ရိုးထဲမှာ နေထိုင်ကြတယ်။ မြောက်ပိုင်းမှာ လယ်ယာမြေတွေပါ ထည့်သွင်းထားတာရယ်။ အရှေ့တောင်ဖက်မှာ (၃)ထပ်မြို့ရိုး၊ တောင်ဖက်နဲ့ အနောက်ဖက်မှာ (၂)ထပ်မြို့ရိုးတို့ ကာထားလို့ ရန်သူလာရောက် ထိုးဖောက်နေတတ်တယ်လို့ ထင်ရတယ်။ တရုတ် ထန်မင်းဆက် (၆၀၆-၉၁၈) ခရစ်နှစ် ရာဇဝင်မှတ်တမ်းတွေအရ ဘုရင်ဟာ ရွှေကြိုးခတ်တဲ့ ထမ်းစင်စီးတယ်။ သိပ်ဝေးရင် ဆင်စီးတယ်။ မိဘုရား မောင်းမ အများအပြားရှိတယ်။ မြို့တော် တံတိုင်းဝန်းကျင်ကို စဉ့်အုပ်နဲ့စီထားတယ်။ ဗုဒ္ဓဝါဒီ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ လူအများဟာ မေတ္တာရှေ့ထားပြီး သူ့အသက်ကို သတ်ဖို့ဝန်လေးတယ်။ အသက်ခုနစ်နှစ်ရောက်ရင် ကျားရော၊ မ ပါ ဆံရိတ်ခါ ဘုန်းကြီးကျောင်းမှာ သံဃာအစောင့်အရှောက်ကို ခံရတယ်။ အသက်နှစ်ဆယ်ကျော်လို့မှ ဘုရားတရားတော်ကို မပျော်လျှင် ဆံပင်ကို ပြန်ရှည်စေပြီး အိမ်သူတို့ အမှုကို ပြုစေတယ်။ ပိုးကောင်ငယ်လေးရဲ့ အသက်ကို မသတ်ချင်လို့ ပိုးအစစ်ကို မဝတ်ဆင်ကြပါဘူး။ လူတွေ့ရင် လက်မောင်းကို လက်နဲ့ အပြန်အလှန်ကိုင်ပြီး နှုတ်ဆက်ကြတယ်။ ပျူတို့ရဲ့ ယဉ်ကျေးသိမ်မွေ့ပုံကတော့ အံ့မခန်းပါပဲ။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေက ဦးခေါင်းထိပ်မှာ ဆံကိုအခွေထုံးပြီး ငွေနဲ့ပုလဲ တန်ဆာတွေဆင်တယ်။ ပိုးချည်ထည် အပြာရောင်ဝတ်တယ်။ ပိုးပဝါပါးပါးတစ်စကို ခြံုပြီး ယပ်တောင်ကိုင်ကာ အပြင်မှာ လမ်းလျှောက်နေတာကလည်း အခုတောင် စိတ်မျက်စိမှာ မြင်ယောင် လာတော့တယ်။ ရှီကွေတ ရောက်ရင်ရော သူတို့အရိပ်တွေ မြင်ရဦးမှာလား။


    ကားက မြို့တစ်မြို့ကို ဖြတ်သန်းတယ်။ ဈေးတန်းဆိုင်တန်းကိုမြင်တော့ ကားမောင်းနေတဲ့ ညီမော်က လူးလွန့် လှုပ်ရှားလာတယ်။ ဘီယာသောက်ရအောင်တဲ့။ “ဟာ .....မသောက်နဲ့ ..ပြည်ရောက်တော့မယ်ထင်တယ်” လို့ ပြောတာနဲ့ “သကြင်္န်မိုး ဇာတ်ကား ကြည်ဖူးလား”။ ညီမော် လုပ်ပြန်ပြီ ။ ဘာဇာတ် ကဦးမယ် မသိဘူး။ ကဲ လုပ်ပါဦး မင်းရဲ့ ဇာတ်။ “ဟဲ ဟဲ ခင်သန်းနုက နေအောင်ဆီရောက်လာပြီး ဇင်ဝိုင်းကို သကြင်္န်ကား ပေးလိုက်ဖို့ ပြောတာလေ၊ ဆရာ ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာ ” ဆိုတာလေ။ အခုလည်း ကျွန်တော်တို့ကို ဘီယာတိုက်ပါ။ ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာ ။ ကျွန်တော်က “အေး....ဆိုးတော့ မဆိုးဘူး၊ ဒါပေမယ့် မတိုက်တော့ဘူး၊ ဆက်မောင်းကြပါစို့ကွာ ။ ရောက်တော့မှ မင်းတို့ သောက်ချင်သောက်” ။ စိုးနိုင်က ထောက်ခံတယ်။ ဟုတ်တယ်။ ရောက်တော့မယ်။ နားရအောင် မြန်မြန်မောင်း။ ညီမော်က ကားကို စိတ်ဆိုးဆိုးနဲ့ အရှိန်ကို မြှင့်တယ်။ အနိမ့်အမြင့် ရှည်ရှည်နဲ့ လမ်းပေါ်မှာ ကားက ပြေးနေတယ်။ စိုးနိုင်က လှည့်ပြီးမေးတယ်။ “ဟိုတယ်မှာ အရင်နားမှာ မဟုတ်လား။ နက်ဖြန်မှ မှော်ဇာ သွားမှာပေါ့” ။ “အေး ... ဟုတ်တယ်၊ ဘုရားတော့ အရင်ဝင်မယ်လေ ၊ ပြည်ရွှေဆံတော်ကို ကန်တော့ပြီးမှ မင်္ဂလာဟိုတယ်ကို သွားမယ်” ။ ဒီကျွန်းတောကြီး ကျော်ရင် ရောက်ပြီလို့ ကျွန်တော်က သတိပေးလိုက်တယ်။


    ကျွန်းတောလွန်တော့ မိချောင်းရဲ ကုန်းတက်ကို ရောက်ပါပြီ။ ဒီနေရာလေးရောက်တော့ ညီမလေးကို အရမ်းသတိရတယ်။ ညီမလေးနဲ့ အတူ ဒီဧရာဝတီ မြစ်ကမ်းမှာ ဟိုဘက်ကမ်း ရွှေဘုံသာမုနိဘုရားနဲ့ နေဝင်ချိန်အလှကို နှစ်ယောက်အတူ ထိုင်ကြည်ဖူးတယ်။ အခုတော့ ညီမလေးနဲ့ ဘဝတွေက ခြားသွားပြီ။ ကောင်းရာဘုံကို ရောက်ဖို့ပဲ ဆုတောင်းမိပါတယ်။ စိတ်ထဲမှာ ငိုချင်လာတယ်။ စိတ်ထိန်းပြီး ဘေးကိုကြည့်လိုက်တော့ ဗိုလ်ချုပ်ကြေးရုပ်ကို ပတ်နေပါပြီ။ ဒီကြေးရုပ်ကို ထုတဲ့အထဲမှာ အစ်ကို ပန်းပုဆရာ ပါတယ်။ သူပြောဖူးတာက “Mounment အရုပ်တွေထုရင် ထားမဲ့နေရာက ဘယ်နေရာလဲ ၊ ကြည့်တဲ့ သူတွေနဲ့ ဘယ်လောက်အကွာမှာ ထားရမှာလဲ၊ နေက ဘယ်ကထွက်တာလည်း ၊ Lightingက ဘယ်ကပေးမှာလည်း ထည့်တွက် ရတယ်ကွ၊ ကြေးရုပ်ဆိုတော့ အလင်းပြန်တတ်တော့ အဲ့ဒါတွေ ထည့်တွက်ရတယ်။ အဖောင်းအကြွနဲ့ ရှိရတာ၊ ပြောင်ချောကြီးဆိုရင် အလင်းဝင်ပြီး လုံးချောကြီးနဲ့ မတူတော့ဘူး”တဲ့။ အခုတွေ့ရတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကတော့ မှောင်ခါစဖြစ်နေလို့ ဘာမှာ ထင်ထင်ရှားရှား မမြင်ရပါဘူး။ အစ်ကို့ လက်ရာကို တစ်ပတ် ပတ်ကြည့်ပြီး ချီးကျူးလိုက်တယ်။ ပြီးတော့ ရွှေဆံတော် ဘုရားဆီကို ဆက်ထွက်လာတော့တယ်။


    ဘုရား ရင်ပြင်တော်ကို တစ်ပတ်ပတ်နေတုန်း ညီမောင်က ဖောက်လာပြန်ပြီ။ “ဒီနေရာမှာပေါ့ဗျ” ။ ဟ ...လုပ်ပြန်ပြီ၊ ဘာဇာတ်လည်းမသိဘူး။ “ဦးဘချစ်က မမြဝင်းနဲ့ ဘုရားလာဖူးနေတုန်း ရဲသားလေးတစ်ယောက် လိုက်လာပြီး ဦးဘချစ် ဦးဘချစ် ...ပုလိပ်မင်းကြီးခေါ်ခိုင်းလိုက်လို့ပါ....လို့ ဗိုလ်အောင်ဒင် ဒီနယ်ရောက် နေတယ် ကြားလို့ ဖမ်းဖို့ လိုက်ခေါ်တာလေ၊ ဒီဘုရားပေါ်မှာပေါ့” ။ ကျွန်တော်က “အေးအေး သိတယ်၊ မင်း နောက်ဆက်တွဲ ဘာဖြစ်သလဲဆိုတာ သိလား၊ သူ့ကို လာခေါ်တဲ့ ပုလိပ်လေးကို ဦးဘချစ်က မမြဝင်းကို ပြန်ပို့ ခိုင်းပြီး ထွက်သွားတော့ ပုလိပ်လေးက မမြဝင်းကို ဘာပြောတယ်သိလား။ မမြဝင်း မမြဝင်း ဦးဘချစ် မရှိတုန်း လင်ငယ် မနေချင်ဘူးလားတဲ့ ” ဆိုတော့ အားလုံး ရယ်လိုက်ကြတာကို ဘုရားဖူးတွေ မျက်စောင်းထိုးကြလို့ ဘုရားပေါ်က အမြန်ဆင်းပြီး မင်္ဂလာ ဟိုတယ်ဆီိကို ဦးတည် မောင်းလိုက်ပါတော့တယ်။


    ဟိုတယ်မရောက်ခင် မြို့သစ်ကြီးရှိပါတယ်။ ကျွန်တော်တို့ blogger မင်းကျန်စစ် နေတဲ့ နေရာပေါ့။ မြို့သစ်ကြီးကို ကျော်လာတော့ ဘုရားကြီးတစ်ဆူကို တွေ့ပါပြီ။ အဲဒါ ပျူတွေရဲ့ လက်ရာ ဘုရားကြီးပါ။ ပြည်-အောင်လံသွား ကားလမ်းရဲ့ အရှေ့ဖက်မှာဆိုတဲ့ ဘုရားကြီးပေါ့ ။ ဆင်းပြီးတော့ ဓါတ်ပုံရိုက်တယ်။ မြို့ဟောင်းရဲ့ အပြင်ဘက် အဝေးဆုံးမှာ တည်ခဲ့တဲ့ ဘုရားဆိုတော့ ပျူတွေငြိမ်းချမ်းသာယာခဲ့ကြတဲ့ အချိန်တွေမှာ တည်ခဲ့မှာပေါ့။ ဒီဘုရားကြီးနားကနေ နာမည်ကြီးလှတဲ့ ပျူအရိုးအိုးဖြစ်တဲ့ ကျောက်အိုးကြီး (၃)လုံးကို ၁၉၁၁-၁၂ တုန်းက ဘုရားတောင်ဘက် ကိုက်၂၀၀ကနေ တူးဖော်တွေ့ရှိတယ်။ အဲဒီတုန်းက ဒေါက်တာ စီအိုဗလက်ဒင်က ကြိုးစားဖတ်ပေးခဲ့တော့ ကျောက်အရိုးအိုးတွေရဲ့ ပတ်လည် ကမ္ဗည်းစာတွေအရ ၃၅ခုနှစ်တွင် သူရိယဝိကြမင်း မိဖုရားကွယ်လွန်သည်။ ၅၀ပြည့်နှစ် ၅လတွင် သူရိယဝိကြမမင်း နတ်ရွာစံသည်။ သက်တော် ၆၄နှစ်။ ၅၇နှစ် ၂ လ ၊ ၂၄ရက်တွင် ဟရိ၀ိကြမမင်း နတ်ရွာစံသည်။ သက်တော် ၄၁နှစ်၊ ရလနှင့် ၉ရက်။ ၈၀ပြည့်နှစ်၊ ၂လ၊ ၄ရက်နေ့တွင် သီဟဝိကြမမင်း နတ်ရွာစံသည်။ သက်တော် ၄၄နှစ် ၉လနှင့် ၂၀လို့တွေ့ရလို့ ပျူတွေကို အုပ်ချုပ်ခဲ့တဲ ့ရှီကွေတမင်းတွေရဲ့ နာမည်ကို သိခွင့်ရခဲ့ကြတယ်။ ပညာရှင်တွေကတော့ ခရစ်နှစ်ဘယ်လောက်ကလဲဆိုတာ ဆန်းစစ်ပြီး အဖြေထုတ်ကြတုန်းပဲ။ ခရစ်နှစ် ရှိသလို မြန်မာနှစ်ရှိသလို၊ ပျူနှစ်လည်း ရှိတာပေါ့ ။ ခရစ်နှစ်နဲ့ မြန်မာနှစ်ကတော့ ၆၃၈နှစ်ပေါင်းလိုက်ရင် ရပါရဲ့။ ပျူတွေက သူတို့နှစ်ကို ဘယ်လိုသတ်မှတ်ခဲ့လဲဆိုတာ တိတိကျကျ မသိနိုင်သေးဘူးလေ။


    ဒေါက်တာသန်းထွန်း ဆောင်းပါးဖတ်ဖူးတယ်။ “အကြီးဆုံးဖြစ်တဲ့ ကျောက်အိုးကို ဘုရားထောင်ဘုရားဘေးမှာ တွေ့တယ်။ သုံး လေးပိုင်းတစ်ပိုင်း ပေ မြင့်တယ်၊ လုံးပတ် (၇)ပေရှိတယ်။ ရွှေကျင်တဲ့လူတွေ တွေ့ပြီး အိုးထဲက လိုချင်တွေယူပြီး ဘုရားနားမှာ ပစ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ အရိုးမီးသွေးကို သွန်ကြဲမပစ်ဘဲရပါရင် ရေဒီယိုကာဗွန် (C.14)နည်းနဲ့ စစ်ဆေးပြီး ရက်စွဲဖော်နိုင်မှာဖြစ်ပါတယ်။ တကယ့်ဝမ်းနည်းစရာ ဆုံးရှုံးမှု ဖြစ်ပါတယ်” တဲ့ ။ နှမျောဝမ်းနည်းစိတ်အတွေးနဲ့ပဲ မင်္ဂလာဟိုတယ်ထဲကို ချိုးကွေ့ဝင်ခဲ့ကြပါတယ်။ ညီမော်ကို ပြောပြတော့ “ဒီကောင်တွေ ဉာဏ်နည်းတာကိုး...အဝါရောင်မှ ရွှေလို့ထင်တဲ့ ကောင်တွေ” တဲ့။ ဟိုတယ် ဧည့်ကြိုခန်းမှာ အရင်ဆုံး မှော်ဇာကို ဘယ်လိုသွားရမလဲမေးတော့ လက်ကမ်းစာစောင်လေးထုတ်ပေးပြီး ဒီကနေ ၁၅မိနစ်လောက် ကားနဲ့မောင်းရင် ရောက်ပါတယ်။ မနက်မှပဲ သွားကြပါလားလို့ ညွှန်းပါတယ်။ သူ့ဟိုတယ် လက်ကမ်းစာစောင်ထဲက မြေပုံမှာ မှော်ဇာဆိုတဲ့ နေရာလေးကို လက်နဲ့ ထောက်လိုက်တယ်။ ညီမော်က ဒါ ရှီကွေတပဲ။


    ဟိုတယ်မှာ ညအိပ်ရင်းနဲ့ ညီမော်နဲ့ စိုးနိုင်ကို ကျွန်တော်သိသမျှတွေ ပြောပြပါတယ်။ ဘယ်တုန်းက ရှီကွေတ ပျက်သွားလဲဆိုတော့ ခရစ်နှစ် ၈၃၂နှစ်မှာ နန်ကျောင်လူမျိုးတွေက ရှီကွေတကို လာရောက်ဖျက်ဆီးသွားကာ သုံ့ပန်းအဖြစ်နဲ့ လူ ၃၀၀၀ကျော်ကို ဖမ်းသွားပြီး ကျေတုန်ခေါ် ယွန်နန်ဖုအမည်ရှိတဲ့ နန်ကျောင်တို့ရဲ့ အရှေ့ဖက် မြို့တော်မှာ ကျွန်ပြုထားတယ်။ နန်ကျောင်က ဘယ်ကလဲဆိုတော့ အခုမြန်မာနဲ့ တရုတ်နယ်စပ်နားဆီကကွာ ဆိုတာ့ ညီမော်က “ကျွန်တော် ကွန်ပြူတာဂိမ်းထွင်ဦးမယ်ဗျာ၊ အဲ့ဒီဂိမ်းထဲမှာ ရှီကွေတနဲ့ နန်ကျောင်ထည့်ပြီး ရှီကွေတဖက်ကနေ နန်ကျောင်ကို နိုင်အောင်တိုက်မယ်ဗျာ ” တဲ့ ။ ကျွန်တော်က “အေးအေး....ထွင် ရအောင်ထွင်၊ ဂိမ်းနာမည်ကို Red Alert ရှီကွေတလို့ ပေး။ မြို့ရိုးကို တံတိုင်း ၂ထပ် ၃ထပ်လုပ်၊ ခေတ်အဆက်ဆက်နဲ့ မင်းနာမည်တွေက ဂြီပြဘုဝမန၊ ဇယစန္ဒြဝရ်မန်၊ ဟရိ၀ိကြမ၊ သူရိယဝိကြမ၊ သီဟဝိကြလို့ ပညာရှင်တွေ ဖော်ပေးခဲ့တယ်။ မင်းကရော ဘယ်မင်းလက်ထပ်ရွေးမှာလဲ၊ အဝတ်အစား (Costume design )ကို ငါရေးပေးမယ်။ အမျိုးသမီးတွေက နှင်းဆီသွေး နေအရုဏ်ရောင် အကျင်္ီဝတ်၊ ထဘီအပြာရောင်ဝတ်တယ်။ ရောင်စုံပုတီးအနီကြား အနက်ကြားတွေဆွဲတယ်။ ငွေကြေးအဖြစ် သရေခေတ္တရာ ဒင်္ဂါးပုံတွေရှိတယ်” ။


    အဲဒီပျူတွေဘယ်ရောက်သွားလဲလို့ ညီမော်က မေးပြန်ပါတယ်။ ကျွန်တော်က “၁၀ရာစုကျတော့ သရေခေတ္တရာက မင်းနေပြည်ကနေ လျှော့ကျသွားပြီး၊ ပျူတွေက နောက်ဝင်လာတဲ့ မြန်မာတွေနဲ့ ရောသွားပြီ။ ပျူတွေကလည်း မွန်ဂိုလွိုက်အနွယ်ဝင်တွေပဲ၊ သူ့စာကလည်း လုံးချင်း အဓိပ္ပါယ်တွေပဲ၊ မြန်မာနဲ့ အနွယ်တူတွေပါပဲ။ ပုဂံခေတ်မှာလည်း အထင်အရှားရှိနေတာကတော့ လေးဘာသာရေးထိုးခဲ့တဲ့ ရာဇကုမာရ် ကျောက်စာပဲ ။ အဲဒီကျောက်စာမှာ ပျူစာတစ်ဖက်ပါတယ်။ ပျူတွေရှိနေသေးတာ အသေအချာပေါ့။ ၁၀၄၄ခုနှစ်မှာ အနော်ရထာနန်းတက်ပြီး မြန်မာတွေက ကျယ်ဝန်းတဲ့ စည်းလုံးတဲ့ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်သွားပြီဆိုတော့ အဲဒီထဲမှာ ပျူတွေပါသွားပြီပေါ့ ။ ညီမော် မင်းရဲ့ Red Alert ရှီကွေတ ကွန်ပျူတာဂိမ်းထဲမှာ ထည့်ရမှာ ရှိသေးတယ်။ ခရစ်နှစ် ၈၀၁ခုနှစ်မှာ ပျူဂီတအဖွဲ့ဟာ တရုတ်ဧကရာဇ်ဆီကို နန်ကျောင်က လွှတ်တဲ့ သံအဖွဲ့မှာ လိုက်ပါသွားရဖူးတာကို တရုတ်တွေ မှတ်တမ်းတင်ထားရှိတယ်။ အဆိုအတီးနဲ့ ဖျော်ဖြေခဲ့ရတယ်တဲ့ ။ ကပြဖျော်ဖြေပုံအလွန်ကောင်းတယ်လို့ မှတ်ထားတယ်။ သဘင်သည် အားလုံး နှင်းဆီသွေး နေအရုဏ်ချည်ထည်ကို ၀တ်ထားတယ်။ လက်ခြေတို့မှာ ရွှေဖြင့်ပြုလုပ်၍ ရတနာစီခြယ်သော လက်ကောက်ခြေကျင်းများဝတ်တယ်၊ ရွှေဦးရစ်ဖွဲ့၍ ရွှေနားတောင်းပန်တယ်။ ဆံထုံးမြဲအောင် ငှက်မွှေးနုနုနဲ့ ပြုလုပ်ခဲ့တဲ့ အစွပ်ကိုသုံးတယ်။ မကပြမီ ကကွက်အကြောင်း ရှင်းလင်းပြောကြားတယ်။ တူရိယာအတီးအမှုတ်နဲ့ စည်းချက်ကျအောင် ကတယ်။ တစ်ကြိမ်ကရင် ၂ယောက်၊ ၄ယောက်၊ ၆ယောက်၊ ၈ ယောက်၊ ၁၀ ယောက် ထွက်၍ ကတယ်တဲ့၊ ကဲ.....ဘယ်လောက်လှမလဲ တွေးကြည့်လိုက်ကွာ၊ အေး ...........အဲ့ဒီအဖွဲ့ထဲမှာ မင်း SPY ထည့်လိုက်ပေါ့။ ဒါဆို မင်းဂိမ်းတော်တော် လှသွားပြီ။ စိုးနိုင်ကို 3D လုပ်ခိုင်းပေါ့” ။ ပြောလို့ပြီးကော ညီမော်နဲ့ စိုးနိုင်တို့လည်း သူတို့ဂိမ်းကြီးကို ဆက်တွေးရင်း ကျွန်တော်လည်း ရှီကွေတကို ဆက်တွေးရင်း အိပ်လိုက်ပါတော့တယ်။


    မနက်လင်းတော့ မင်္ဂလာဟိုတယ်ရဲ့ ရေကန်လေးပေါ်က ရေကပြင်ဆောင်းလေးပေါ်မှာ နံနက်စာ စားပြီး မှော်ဇာကို ချီတက်ကြပါတယ်။ မိနစ်နှစ်ဆယ်လောက်မောင်းပြီးနောက် လယ်ကွက်တွေရဲ့ အလယ်က အုပ်အုပ်ဆိုင်းဆိုင်းနဲ့ မှော်ဇာကို လှမ်းမြင်ရပါပြီ။ ကတ္တရာလမ်းမြင့်မြင့်ပေါ်ကနေ နိမ့်ဆင်းရင်း ချိုးကွေ့လိုက်တော့ တစ်ချိန်က တင့်တယ်ခမ်းနားပြီး ကျက်သရေရှိတဲ့ ရှီကွေတပေါ် နင်းမိကြပြီပေါ့။ ကြက်သီးတော့ ထမသွားပါဘူး။ လွမ်းမောဖွယ်စိတ်တော့ တကယ်ပဲ ခန္ဓာကိုယ်ထဲကို ပျံ့နှံ့သွားတာကို ခံစားလိုက်ရတယ်။ အချိုးအကွေ့လေးတွေနဲ့ ရွာလမ်းလေးကိုဖြတ်ပြီး ရွာလယ်လမ်းဆုံလေးမှာ စည်ကားနေလို့ ကားကိုရပ်လိုက်တယ်။ လက်ဖက်ရည်ကိုမြင်တော့ ညီမော်က ကားပေါ်ကဆင်းရင်း “ပျူခေတ်မှာ လက်ဖက်ရည် အရင်သောက်ကြအောင်ဗျာ” တဲ့။ ကျွန်တော်တို့ကလည်း မငြင်းကြပါဘူး။ ရေတမာပင်လေးအောက်မှာ လုံခြံုအေးချမ်းတဲ့ စိတ်နဲ့ လက်ရည်ထိုင်သောက်ပါတယ်။ မျက်နှာချင်းဆိုင်မှာ ကုန်စုံဆိုင်လေးနဲ့ မီးခိုးရောင် တယ်လီဖုန်းရုံလေးရှိတယ်။ စိုးနိုင်ကမေးတယ် “ဟေ့ကောင် ညီမော်....မင်းအိမ်ကို ဖုန်းဆက်ပါလား၊ ပျူခေတ်က ဖုန်းဆက်နေတာပါလို့” ။ အမေးအမြန်း စုံစမ်းလုပ်တော့ လက်ဖက်ရည်တစ်ဆိုင်လုံးပဲ ၀ုိင်းညွှန်ကြတယ်။ အဲ့ဒီ တည့်တည့်က မှော်ဇာပြတိုက်၊ အဲ့ဒီဘေးမှာ နန်းတော်ရာ၊ ဆက်သွားရင် ဗိဿနိုးသင်္ချိုင်း လက်ညှိုးတွေ ၀ိုင်းညွှန်ကြတယ်။ စမူစာတွေပြွတ်သိပ်အောင်စီထားတဲ့ ဗန်းကြီးရွက်လာတဲ့ ကုလားကြီးတစ်ယောက် ၀င်လာလို့ ၀ယ်စားကြသေးတယ်။ လမ်းပေါ်မှာ မိန်းကလေးတစ်ယောက် ပန်းစက်ဘီးကို စီးရင်းဖြတ်သွားတော့ ညီမော်က “အဲဒါ ပျူဂီတ အဖွဲ့ကလား၊ နှင်းဆီသွေးနေ အရုဏ်အင်္ကျီတော့ မဟုတ်ဘူး၊ တီရှပ်ကြီးနဲ့ဗျာ” တဲ့။ ပိုက်ဆံရှင်းပြီးတော့ ညီမော်က Wall Sheet တွေ ကပ်ဦးမယ်တဲ့။ ပျူခေတ်ကို ကြော်ငြာထိုးသည်ပေါ့။ သူ့အခွေထွက်တုန်းက ပြည်မြို့မှာ ခေါင်းတုံးနဲ့ ဂစ်တာပိုက်ထားတဲ့ သူ့ပုံကြီးတွေ လိုက်ကပ်ဖူးတယ်။ အခု VCD ကာရာအိုကေ Wall Sheet တွေ ယူလာပါတယ်။ တစ်ခုက မျက်လုံးပြူပြူးကြီးနဲ့ အငဲပုံ၊ နောက်တစ်ခုက သရုပ်ဆောင် ဖူးစုံက ဂစ်တာကြီးပိုက်လို့ အတင်းကြီး ပြံုးပြနေတဲ့ပုံ။ ကျွန်တော်တို့ ကားပေါ်မှာ ထိုင်နေတုန်း လက်ဖက်ရည်ဆိုင်ထဲမှာ ညီမော်က ကြော်ငြာကပ်နေတယ်။ စိုးနိုင်က လိုက်ကူတယ်။ လက်ဖက်ရည်ဆိုင်ထဲက လူတွေကလည်း ၀ိုင်းတောင်းလို့ အလကားဝေနေတဲ့ ညီမော်က ပျော်နေပါတယ်။ စမူစာ ကုလားကြီးကတောင် တစ်ခု ယူသွားသေးတယ်။ ညီမော် ကားပေါ်တက်ရင်း ကျွန်တော်တို့ကို လှည့်ပြောပါတယ်။ “အငဲပုံတွေကျတော့ သိပ်မတောင်းကြဘူး၊ ကောင်မလေးတွေပုံပဲ လုကြတယ်”တဲ့ ။ ကျွန်တော်က “ အေး.....အငဲကြီး မသိစေနဲ့ဦး .....ငိုနေဦးမယ်” ။ အငဲနဲ့ ဖူးစုံတို့ကို ပျူခေတ်မှာ ထားခဲ့ပြီလို့ ပြောရင်း ညီမော်က ကုက္ကိုပင်ကြီးရဲ့အောက်က မှော်ဇာပြတိုက်ဆိုတဲ့ ၀န်းတံခါးထဲကို ကားကို ဦးတည် မောင်းလိုက်ပါတော့တယ်။


    ဧည့်သည်မှတ်တမ်းမှာ လက််မှတ်ထိုးလိုက်ပြီး သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ လမ်းညွှန်စာရွက်ကို ၀ယ်ပြီး ပြတိုက်ကို လိုက်ကြည့်ကြတယ်။ ပျူအက္ခရာ၊ အရိုးပြာထည့်တဲ့ ကျောက်အိုး၊ ဌာပနာတိုက် ကျောက်ပြားဖုံး၊ နံရံကပ်ရုပ်ကြွ၊ မြေအရိုးအိုး၊ ရောင်စုံပုတီးစေ့၊ ငွေဒင်္ဂါးပြား၊ သံမှိုများ၊ ပျူသဘင်သည် ငါးယောက်ကြေးရုပ်တုဓါတ်ပုံ၊ ခေါင်းကျိုးနေသော ရုပ်ပွားများ၊ စုံလင်အောင် ခင်းကျင်းထားသမျှ အတွက် ရှာဖွေစုဆောင်း ဖော်ထုတ်ပြသထားတဲ့ ရှေ့ကပညာရှင်များရဲ့ ကျေးဇူးဂုဏ်ကို အမှန်တကယ် ထင်မြင်လာပါတယ်။ ပြတိုက်တာဝန်ခံရောက်လာပြီး မိတ်ဆက်ရှင်းလင်းပေးပါတယ်။ နန်းတော်ရာကို ပတ်ကြဦးမလားဆိုပြီး ပြတိုက်နောက်ကျောဆီကို လက်ညှိုးထိုးပြီး ညွှန်တယ်။ သဲချောင်းတွေကို ဖြတ်ရမယ်လို့ သတိပေးတယ်။ ဗိဿနိုးမိဖုရားသင်္ချိုင်းက ဒီမှာလို့ မြေပုံပေါ်ကို လက်ထောက်ပြတယ်။ ပြတိုက် လမ်းညွှန်စာရွက်ထဲက သရေခေတ္တရာ မြို့ဟောင်းမြေပုံက ဟောဒါပါပဲ။




    ပြတိုက်က ပြန်အထွက်မှာ ပျူဂီတသဘင်သည် ငါးယောက် ကြေးရုပ်ဓါတ်ပုံရှေ့မှာ ရပ်နေတဲ့ ညီမော်က “အရိုင်းကို လူရွှင်တော်အဖြစ် လက်ခံရမယ်ကွ”၊ “ ဘာ လို့တုန်း” ။ “ ဒီပုံကြည့်ပါလား ၊ ဂီတသဘင်သည်ထဲမှာ ဒီကျောကုန်းကုန်းနဲ့ လူပျက် လူရွှင်တော်လေးထည့်ထားတာ ကြည့်ပါလား၊ လူရွှင်တော်က ပျူခေတ်ကတည်းက ရှိတယ်ဆိုတာ ပြတာပဲ၊ ကိုအရိုင်းကို တွေ့ရင် ခင်ဗျားကို လက်ခံပြီလို့ ပြောရမယ်..ဟာဟား”။ “ဟာ ဟုတ်မှာပေါ့ .. Live Show တွေမှာ ကိုအရိုင်းကြီး Presenter လုပ်လုပ်နေတာ ဒါကြောင့်ပေါ့။ ဒါပေမယ့် ဒီအရုပ်က လူရွှင်တော် ကိုအရိုင်းလောက် မနန့်ပါဘူးဗျာ” ။ ( ကိုအရိုင်းရေ...ခင်လို့စတာပါ...စိတ်မဆိုးပါနဲ့)။ ကျွန်တော်တို့နဲ့ ရောရယ်နေတဲ့ ပြတိုက်တာဝန်ခံတွေကို နှုတ်ဆက်ပြီး မှော်ဇာပြတိုက်ဘေးက ကွင်းပြင်ထဲကို ကားကို မောင်းထွက်လိုက်တယ်။ ချံုပုတ်တွေကြားထဲကို ကားတိုးဝင်တော့ ရပ်ကြည့်နေတဲ့ ကုလားအဘိုးကြီး တစ်ယောက်က “ ဟေ့ လူတွေ ဘယ်ကိုတုံး”တဲ့။ ကားကို နောက်ဆုတ်ရင်း “ဘောဘောကြီးဘုရားနဲ့ ဗိဿနိုး ဘုရင်မ သင်္ချိုင်းကိုသွာမလို့” ဆိုတော့ “ဒီလမ်းက သွားလို့မရဘူး၊ သဲချောင်းကို ဖြတ်ရမှာ၊ ခင်ဗျားတို့ သွားလို့ ရမှာ မဟုတ်ဘူး၊ ကဲပါဗျာ.......ကျုပ်ပဲ လိုက်ပြပါ့မယ်” ဆိုပြီး ကားပေါ်တက်တယ်။ ကျေးဇူးတင်တယ် အစ်ကိုရယ်ဆိုပြီး စိုးနိုင်က ရေတိုက်နေတယ်။ ကျေးဇူးတင်မဆုံးအောင် လိုက်ပို့တဲ့လူကြီးနာမည်က ဦးတင်မောင်တဲ့။ “ကျုပ်အိမ်က ဟိုမှာလို့ ”မှော်ဇာပြတိုက် တောင်ဘက်ဆီကို လက်ညှိုးထိုးပြတယ်။ ကျုပ်က ဟိန္ဒူတဲ့။ နွားမွေးပြီး နွားနို့ရောင်းတာတဲ့။ ကျွန်တော်ကတော့ စိတ်ကတွေးလိုက်သေးတယ်။ အယူဝါဒစုံ ကိုးကွယ်ခဲ့ကြတဲ့ သရေခေတ္တရာရယ် ယုံပါပြီလို့။

    ဒါနန်းတော်ရာပဲလို့ ဖုန်တွေထူတဲ့ လမ်းပေါ်ကနေအတက်မှာ ဦးတင်မောင်က ပြတယ်။ ကျွန်တော့ဘေးမှာ အုတ်ရိုးဟောင်းကြီး ဘွားခနဲမြင်လိုက်ရတယ်။ ကဲ ကားနဲ့ပဲ ပတ်ရင်ရောဘယ်လောက်ကြာမှာလဲ။ ပတ်ကြည့်ရအောင် ဆိုပြီး ဆက်လက်မောင်းပါတယ်။ ကာက တရိပ်ရိပ်အပြေးမှာ သစ်ပင်ချံုနွယ်တွေ ဖုံးနေတဲ့ နန်းတော် တာမြို့ရိုးကြီးက ကျွန်တော်တို့ကားအပေါ်မှာ မိုးပြီး တရိပ်ရိပ် လိုက်ကြည့်နေတယ်။ စိတ်အာရုံမှာ ဟောဒီလမ်းပေါ်မှာ သွားနေကြတဲ့ အခြွေအရံတွေနဲ့ ယပ်တောင်ကိုင်ထားတဲ့ ပျူအထက်တန်းစား အမျိုးသမီးကြီးကို မြင်ယောင်တယ်။ တစ်ယောက်လက်မောင်းကို တစ်ယောက်ကိုင်ပြီး စကားပြောနေကြတဲ့ အမျိုးသားတွေကို မြင်ယောင်တယ်။ ဒါ (၁၇၀၀) ပေနဲ့ (၁၁၂၅ )ပေကျယ်တဲ့ နန်းတော်ရာကြီးပေါ့။ မြောက်ဘက်မြို့ရိုးလို့ ထင်တာပဲ၊ ဩဇာပင်တွေက ပင်စည်တွေဖွေးလို့ တောထအောင်ပေါက်နေတယ်။ ရေအိုင် စပ်စပ်လေးဘေးမှာ ပျိုးခင်းလေးက စိမ်းပြီးစိုနေတယ်။ မြေနီလမ်း ရှည်မျောမျောကိုတွေ့တော့ ဦးတင်မောင်က အဲဒီကိုချိုးလိုက်လို့ ပြောပါတယ်။ လမ်းအလယ်က လမ်းခင်းဖို့ပုံထားတဲ့ မြေနီခဲပုံတွေပေါ်က ကားကလွတ်အောင်မောင်းပြီးတော့မှ ရှေ့ကို ဆက်သွားလို့မရတော့အောင် မြေနီပုံကြီးက ဟည်းထနေတယ်။ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က မြေပုံကြီးဘေးမှာရပ်နေတယ်။ ဦးတင်မောင်ကိုတွေ့မှ နှုတ်ဆက်ပြီး သွားလို့မရဘူး၊ လမ်းက အခုမှ ခင်းနေတာလို့ ပြောပါတယ်။ ဦးတင်မောင်ကို နောက်တစ်နည်း လမ်းညွှန်နေတယ်။ ကာကပြန်ကွေ့လို့ မရတော့လို့ နောက်ပြန်ဆုတ်ရတယ်။ အဲ့ဒီနှစ်ယောက်က ပြတိုက်မှူးနဲ့ အင်ဂျင်နီယာလို့ ဦးတင်မောင်က ပြောပါတယ်။ ရှောင်ဖယ်လို့မရတော့ပါ။ သဲချောင်းတစ်ခုကို ဦးတင်မောင်က ခေါင်းဆောင်ပြီး ဖြတ်တယ်။ ကုန်းစောင်းနှစ်ခုကြားက လမ်းကြမ်းကြီးကို တက်တယ်။ လွင်ပြင်ကျယ်ကျယ်ကြီး တစ်ခုတွေ့တယ်။ ပဲစဉ်းငုံ ရိုးပြတ်ခင်းအလယ်မှာ ရွက်ဖျင်တဲကြီးထိုးပြီး နို်င်ငံခြားသားတစ်ယောက် ထိုင်နေတယ်။ အဲဒီလူကို ဦးတင်မောင်က လှမ်းနှုတ်ဆက်ပါတယ်။ ဦးတင်မောင်က “အဲ့ဒီလူက ဩစတြေးလျက လူလေ။ မြေကြီးတွေကို လေ့လာနေတာ၊ စာတမ်းတင်ဖို့ ဆိုလားဗျာ ” တဲ့ ။ ညီမော်က သစ်တယ်ဗျာလို့ အော်တယ်။ ကားက စိမ်းနေတဲ့ မေမြို့ပန်းခင်းကြီးတစ်ခုဘေးက ကပ်ပြီးဖြတ်တယ်။ ရောင်စုံပန်းတွေက ဖူးပွင့်နေလိုက်တာမှ ဝေဝေဆာဆာမို့ ကားပေါ်က လှမ်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဘေးမှာ မြယာပင်တွေ တောထနေတဲ့ လမ်းပြေပြေလေးပေါ် ကားခေါင်းတည့်တော့ ဟိုဟာ ဘောဘောကြီးလို့ ဦးတင်မောင်က ပြပါပြီ။ အဝင်ဝမှာ ဒဟတ်တောလေး တစ်ခုရှိတယ်။ တရားစခန်းလေးတဲ့။ အဝေးကပဲ ကြည့်ချင်လို့ ကားကို ရပ်ပါတယ်။ ထီးတည်းပေါက်နေတဲ့ ဒဟတ်ပင်ကြီးကိုမှီပြီး ဘောဘောကြီးဘုရားကို ကြည့်တယ်။ ဘုရားကိုရော တည်ခဲ့ကြတဲ့သူတွေကိုရော ၊ ထိန်းသိမ်းခဲ့ကြတဲ့ သူတွေကိုရော ရည်ရွယ်ပြီး ကန်တော့လိုက်ပါတယ်။ ဓါတ်ပုံရိုက်ပြီးချိန်မှာတော့ ဘုရားလေးကလမ်းအတိုင်း နိုင်ငံခြားသူတစ်ယောက် လွယ်အိတ်တစ်စောင်းလွယ်ပြီး ရေဘူးကတစ်ဖက်၊ မေမြို့ပန်းလေးက တစ်ဖက်နဲ့ ပြံုးပြရင်း ဖြတ်သွားတယ်။ ဟိုင်းလို့ ညီမော်က နှုတ်ဆက်ရင်း သစ်ပြန်ပြီဗျာလို့ အော်ပြန်လေရော။ ဦးတင်မောင်က လေ့လာရေးလာတာတဲ့။ ခင်ဗျားတို့လိုပဲတဲ့ ။ ဘောဘောကြီးဘုရား ပစ္စယံပေါ်တက်ပြီး တစ်ပတ်ပတ်ကြတယ်။ ပေကြိုးတိုင်းဦးမှာလားလို့ စိုးနိုင်က ရွဲ့ပြီးမေးလို့ ကျွန်တော်က “ မတိုင်းပါဘူးကွာ၊ ဒါရှေးအကျဆုံးစေတီ၊ ဉာဏ်တော်အမြင့် ၁၅၃ပေရှိတယ်၊ ငါဖတ်ပြီးပြီဟ”လို့ ပြန်ပြောလိုက်ပါတယ်။ စေတီကြီးရဲ့ အနောက်တောင်လို့ထင်ရတဲ့ထောင့်ရဲ့ မန်ကျည်ပင်ကြီး တစ်ပင်အောက်မှာ ဒန်းအစိမ်းရောင်လေး တစ်ခုရှိတယ်။ ဒန်းရဲ့အပေါ် သံတန်းမှာ ပိုးပဝါအစိမ်းရောင်လေးတွေ ချည်ထားတယ်။ ဒန်းပေါ်မှာ ပန်းအိုးနဲ့ ပန်းခြောက်လေးတွေတွေ့တယ်။ ဆန်းတယ်ထင်လို့ ဦးတင်မောင်ကိုမေးတော့ “အဲဒါ ဗိဿနိုး ဘုရင်မကြီးကို ပူဇော်ထားတာဗျ။ ဒါပန်ထွာဘုရင်မကြီးနယ်မြေလေဗျာ” တဲ့ ။

    ကဲ လာပါပြီ ....။ ကျွန်တော်နဲ့ လမိုင်း မကပ်တော့တာပေါ့ခင်ဗျာ။ သူ့နတ်ကျွန်းလေးတဲ့။ တကယ်ဆို ပန်ထွာ နယ်မြေမှ မဟုတ်တာ။ တင့်တယ်ပြီး အသရေရှိတဲ့ နယ်မြေပါ။ ကျန်စစ်မင်း (၁၀၈၄-၁၁၁၃) လက်ထက်မှာ ရေးထိုးခဲ့တဲ့ မွန်ကျောက်စာမှာ ဗိဿနိုးရသေ့သည် ဂဝံပတေ့ ရဟန္တာ၊ သိကြားမင်း၊ ၀ိသကြံုနတ်သား၊ ကဋကမ္မ နဂါးမင်းတို့နှင့်အတူ သရေခေတ္တရာမြို့ကို တည်ထောင်ဖန်ဆင်းလိမ့်မည်ဟု မြတ်စွာဘုရားက ဗျာဒိ်တ်တော် ထားခဲ့ကြောင်း ရေးထိုးထားတဲ့ ကျောက်စာအရကိုပဲ ရှီကွေတမြို့ကြီးဟာ ရှေးကျပြီး ဒဏ္ဍာရီဆန်လွန်းလှပါပြီ။ အလွန်ကြီးကျယ်ခဲ့ပြီး ဘုရားရှင်ဆီက ဗျာဒိတ်ရခဲ့ပြီး ရှေးလူတွေ အစဉ်အဆက်ဆက် စွဲမက်ခဲ့ကြတဲ့ အိပ်မက် ဖြစ်ခဲ့ပြီပေါ့။ ဒီတော့လည်း ဒဏ္ဍာရီ ပုံပြင်တွေရော၊ တိကျတဲ့ သမိုင်းအချက်အလက်တွေပါ ရောထွေးနေပြီပေါ့ ။ အစဉ်အလာ ယုံကြည်ခဲ့ကြတာကတော့ သရေခေတ္တရာမင်းကြီး ဒွတ္တဘောင်က ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးကို အောင်နိုင်ခဲ့တယ်။ ဗိဿနိုးမြို့ကြီးကို ဖျက်ဆီးပြီး ဘုရင်မ ပန်ထွာကို သရေခေတ္တရာကို ခေါ်လာပြီး သိမ်းပိုက်လိုက်တယ်။ ဒါ အရိုးစွဲခဲ့ကြတဲ့ ဇာတ်ပေါ့။ ကဲ ကြည်ပါဦး ......ပန်ထွာဘုရင်မရဲ့ဒန်းတဲ့ ၊ စိန်ဒိုင်းမွန်း သင်္ဘောဆေး အစိမ်းရောင်ကြီးချယ်လို့၊ လေအဝှေ့မှာ ဆက်ထားတဲ့ ပုဝါးလေးတွေက လွင့်လို့။ ကဲ...မိဖုရားကြီးကို ကန်တော့ကြအောင်တဲ့။ ကျွန်တော်က သူတို့ကို ခပ်တည်တည်ကြည့်လိုက်တယ်ဆိုရင်ပဲ စိုးနိုင်က ဘာဖြစ်လို့လဲပေါ့။ ကျွန်တော်က “ ကိုယ်တော့ ဒီဒဏ္ဍာရီကိုလည်း ကျောမခိုင်းပါဘူး၊ ကြိုက်တယ်၊ ဘုရင်မကြီးက စိတ်ကူးထဲမှာတော့ တော်တော်လှတယ်၊ ကျက်သရေရှိမယ်၊ ခံ့ညားမယ်၊ အိန္ဒြေကြီးမယ်။ ဆွဲဆောင်မှု ရှိတယ်လို့ ထင်တယ်လေ။ ဒါပေမယ့် ဒို့တွေက ဘာဖြစ်လို့ သူ့ကို ကန်တော့ကြရမှာလဲ။ သူ့ကို နတ်အဖြစ်နဲ့ လူတွေက ကန်တော့နေကြတယ်။ သူ့နယ်မြေတဲ့” ။ ကျွန်တော်ဆက်ပြီး မပြောတော့ပါ။ ဒီနယ်မြေခံ ဦးတင်မောင်ပါနေတာက တစ်ကြောင်း၊ အဖွဲ့သားတွေကလည်း ကျွန်တော်ရေးနေတဲ့ စာပေနဲ့ စိတ်ဓါတ်ကို သိနေတာကတစ်ကြောင်း ဆက်မပြောတော့ပါ။ အဖွဲ့သားတွေကတော့ နားလည်ပြီးသားပါ။ ညီမော်က ဟုတ်တယ်ဟေ့ ဆိုပြီး ထောက်ခံပါတယ်။

    ပျူစာလုံးတွေထဲမှာ တ္ဒဗး ဆိုတာ အရှင်၊ မင်းကြီးပေါ့။ အဲ့ဒီ တ္ဒဗးကို ဒွတ္တဘောင်လို့ ယူကြတယ် ထင်တာပဲ။ အရိုးအိုးစာ တွေ့ထားသမျှတော့ ၀ိကြနဲ့ ၀ရ်မန်မင်းဆက်တွေပဲ၊ ဘယ်သူ့ကို ညွှန်းတယ်ပြောတတ်ဘူး။ ဗိဿနိုးမြို့ကလည်း ၄ရာစုလောက်က ဖျက်ဆီးခံရတာပဲ။ ဆက်စပ်ရင်တော့ အကိုက်ပဲ။ ခဏနေတော့ ဗိဿနိုး ဘုရင်မသင်္ချိုင်းကို ဆက်လက် ချီတက်ကြပါတယ်။ လမ်းဘေးမှာ ပွင့်နေတဲ့ အဝါရောင်ပန်းပွင့်လှလှတစ်ပွင့်ကို ခူးလိုက်တယ်။ ဘဲဘဲဘုရားလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ဂူဘုရားသေးသေးရဲ့ ရင်ပြင်တော်ပေါ်ကို လှမ်းတက်လိုက်ပြီး ဘောဘောကြီးဘုရားကို လှမ်းကြည့်လိုက်တယ်။ ဒဟတ်ပင်လေးတွေကြားကနေ ပြောင်းတိုင်ကြီးလို ကောင်းကင်ဆီကို ထိုးတက်နေတယ်။ ဘဲဘဲဘုရားကို တစ်ပတ်ပတ်တယ်။ အဲဒါ ပုဂံဘုရားတွေရဲ့ ပုံစံအစပဲလို့ ဆိုပါတယ်။ ဒီဘုရားလေးကို ပုဂံက မြန်မာတွေ အခေါက်ခေါက် အခါခါ လာကြည့်ကြသလား၊ ခဏခဏ လာရောက်ဖူးမြော်ကြသလား တွေးမိပါတယ်။ အတွင်းလိုဏ် ကျဉ်းကျဉ်းလေးထဲမှာ နံရံက ရုပ်ပွားတော်ကို ပန်းအဝါလေး ကပ်လှူလိုက်ပါတယ်။ လမ်းပြင်ပြီးစ တံတားလေးကို ရအောင်ဖြတ်မောင်းပြီး ဘုရင်မရဲ့ သင်္ချိုင်းဆီကို ဆက်လက်ထွက်ခွာပါတယ်။

    အုတ်တံတိုင်းနိမ့်နိမ့်ကာထားပြီး ရှေးဟာင်းသုတေသနက သွပ်မိုးပေးထားပါတယ်။ အုတ်တံတိုင်း အပြင်ဘက်မှာတော့ သစ်ပင်ပုလေးတွေ ခြံုနွယ်လေးတွေ တောထနေတယ်။ ညီမော် အရင်ဝင်သွားတယ်။ မသစ်တော့ဘူးဗျာ၊ ဟောင်းပြီလို့ အော်တယ်။ အရိုးအိုး ခြောက်လုံး ထည့်မြှုပ်ထားတဲ့ ကျောက်အိုးခွက်ကြီးတွေ စနစ်တကျ နှစ်လုံးတစ်တန်းနဲ့ သုံးတန်းရှိတယ်။ အထဲက ကျောက်အရိုးအိုးကြီးတွေကိုတော့ နှုတ်ထားပြီးပါပြီ။ အရိုးအိုးထည့်မြှုပ်ထားတဲ့ ကျောက်တွင်းကြီး ခြောက်တွင်းပေါ့။ ညီမော်က ဖြတ်ခနဲ ဆင်းကြည့်တယ်။ ဘယ်လောက်နက်သလဲ သိရအောင်လို့တဲ့။ ၀ိကြမမင်းတို့ရဲ့ အရိုးအိုးတွေက ကျောက်သားတစ်ဆက်တည်းတဲ့။ ဗိဿနိုးမိဖုရားသင်္ချိုင်းက အရိုးအိုးကျောက်တွေက အခွေလိုက် တစ်ရစ်ခြင်းဆက်ထားတယ်လို့ မှတ်တမ်းကို သိရှိဖူးပါတယ်။ အဲဒီကျောက်တွင်းကြီးတွေ အစပ်မှာ ရပ်နေတဲ့ ဦးတင်မောင်က ဟိုဘက်မှာ ဗိဿနိုးမြို့၊ ဗဟိုဘက်နားမှာ ပျူတိုက်တဲ့။ တောတော့ တိုးရမယ်၊ ကားတော့ မလွယ်ဘူးတဲ့။ ကဲ....ဒွတ္တဘောင်ဖမ်းခေါ်ခဲ့တဲ့ ဗိဿနိုးတွေ ဟောဒီနားမှာနေခဲ့တယ်။ ပန်ထွာဘုရင်မကြီးကို ဒီမှာ မြှပ်ခဲ့တယ်။ မြို့ရိုးအပြင်မှာရှိတယ်။ ဆက်စပ်ပြီးတော့ ပန်ထွာဘုရင်မကြီးရဲ့ အရိုးအိုးတွင်း နှုတ်ခမ်းဝမှာရပ်ကြပြီး မှန်းကြည့်တာ အကောင်းဆုံးနဲ့ ဆွတ်ပျံ့ဖွယ်၊ ၀မ်းနည်းတမ်းတဖွယ် အကောင်းဆုံးပဲပေါ့။

    သင်္ချိုင်းပရိ၀ုဏ်က ထွက်လိုက်တော့ ကျက်ကျက်ပူနေတဲ့ နေရောင်အောက်မှာ စောစောကတွေ့လိုက်ရတဲ့ နိုင်ငံခြားသူ အမျိုးသမီးက လူကိုမကြည့်ပါ။ ကားကို လှည့်ကြည့် လှည့်ကြည့်နဲ့မို့ နှုတ်ဆက်လိုက်ပါတယ်။ သူ့ကြည်ရတာ မောပန်းနေပြီး ကားနဲ့ လိုက်ချင်တဲ့ပုံပါ။ ထင်တဲ့အတိုင်းပါပဲ။ လိုက်ခွင့်ပြုဖို့ ခွင့်တောင်းပါတယ်။ ကျွန်တော်တို့ကလည်း ကြံုတုန်း ကြွားလိုက်ပါတယ်။ ဒါ ငါတို့ရဲ့ ပထမဆုံး ဘုရင်မရဲ့ သင်္ချိုင်းရာပဲလို့ပြောပြီး သူ့ကို လိုက်ပြပါတယ်။ သူက အံ့ဩတယ်။ ကျေးဇူးလည်း တင်လို့မဆုံးဘူး။ သူက အိန္ဒိယမှာနေတဲ့ အမေရိကန် တစ်ယောက်ဖြစ်ကြောင်း၊ ဒီကို ဆိုက္ကားနဲ့လာကြောင်း၊ ဆိုက္ကားဆရာကို မှော်ဇာပြတိုက်မှာထားပြီး တစ်ယောက်တည်းလေ့လာရင်း ထွက်လာတာ ခြောက်မိုင်လောက် လမ်းလျှောက်ပြီး လူမတွေ့တော့ မောနေကြောင်း၊ ယာသမားတစ်ယောက်ကို တွေ့လို့ ကားဘယ်မှာလဲမေးကြည့်ရာ ရှစ်လလောက်နေမှ ဒီဘက်ကို ကားတစ်စီးလောက်လာကြောင်း ပြောလို့ လမ်းဆက်လျှောက်ရင်း ဒီကို ရောက်လာတာပါတဲ့။ ကားရှေ့ခန်းမှာတင်လာပြီး မှော်ဇာပြတိုက်ကို ပြန်လာခဲ့ကြတယ်။ ညီမော်က နိုင်ငံခြားသူနဲ့ ယူနိုး အိုင်နိုးတွေ လုပ်နေပါတယ်။ ဦးတင်မောင် လက်ညှိုးထိုးပြခဲ့တဲ့ လေးမျက်နှာ၊ အရှေ့ဈေး၊ အနောက်ဈေးဂူတို့ကို မရောက်ခဲ့ပါ။ ပြီးတော့ နာမည်ကြီးလှတဲ့ ဦးခင်ဘကုန်းကိုလည်း သွားကြည့်ချင်နေသေးတယ်။ နောက်တစ်ခေါက်လာမှ သွားကြည့်ပါဦးမယ်။ အဲဒီ ဦးခင်ဘကုန်းက ရှေးအကျဆုံး ပိဋကတ်တော် ကောက်နုတ်ချက်ကို ၁၉၂၇က တူးဖော်ရရှိခဲ့တယ်တဲ့။ “သိဒ္ဓမ်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” အစချီတဲ့ အဘိဓမ္မာ ၀ိနယ ပိဋကတ်ကောက်နုတ်ချက်တွေကို ရေးထိုးထားတဲ့ နာမည်ကြီး ပျူခင်ဘကုန်း ရွှေပေလွှာ အချပ်၂၀ပေါ့။ ဦးမောင်ကန်ပိုင်တဲ့ကုန်းမှာ တူးလို့ရတဲ့ ရွှေပေလွှာ နှစ်ချပ်က “ယေဓမ္မဟေတုပ္ပဘဝါ” ပိဋကတ်တော် ကောက်နုတ်ချက်တွေ ဖြစ်တယ်။ ၁၉၂၈က ကျွန်းတောစု ရွာသားရတဲ့ ရွှေပေလွှာက “က္ကတိပိသော ဘဂဝါ” အစချီတယ်။ ဒီပိဋကတ်ရွှေပေလွှာတွေ၊ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ၊ လေးမျက်နှာ ဘဲဘဲဘုရားနဲ့ တစ်ခြမ်းဖောင်းရုပ်ကြွ၊ ရုပ်ပွားတွေ၊ ဗုဒ္ဓဆင်းတုတွေကို တွေ့ရမှတော့ ဗုဒ္ဓဘာသာထွန်းကားနေပါပြီလို့ သက်သေခံနေပါပြီ။ ပုဂံက သာသနာဟာ ဟောဒီ တင့်တယ်ခမ်းနားပြီး အသရေရှိတဲ့ မြေကပဲ စီးဆင်းပါတယ်လို့ပဲ ယုံကြည်ချင်ပါတော့တယ်။

    နောက်တစ်ခါ ပြန်လာဦင်္းမယ်လို့ ငြိုးခဲ့ပါတယ်။ ရှီကွေတနဲ့ ဘောဘောကြီး၊ ဘဲဘဲလေး၊ ဘုရားကြီး၊ ဘုရားမာ ချန်ခဲ့တယ်။ လေးမျက်နှာ၊ အရှေ့ဈေး၊ အနောက်ဈေး ဂူချန်ခဲ့တယ်။ ဗိဿနိုးမိဖုရားသင်္ချိုင်းနဲ့ ပျူတိုက်တွေ ချန်ခဲ့တယ်။ ဒင်္ဂါးတွေ၊ ရောင်စုံပုတီးတွေ၊ ရွှေပေလွှာတွေ ချန်ခဲ့တယ်။ ရွှေငွေကျောက်ဆင်းတုတွေ ချန်ခဲ့တယ်။ မြို့ရိုးဟောင်းကြီးနဲ့ နန်းတော်ရာ ချန်ခဲ့တယ်။ ရတတ်သလောက် ဖော်ထုတ်ကြတော့လို့ ပဟေဠိတွေ ထားရစ်ခဲ့တယ်။

    ကားက မှော်ဇာပြတိုက်ထဲကို ချိုးဝင်လိုက်တယ်။ နိုင်ငံခြားသူက ဆင်းတယ်။ ဆိုက္ကားသမားက ပျော်လို့ ထခုန်တယ်။ ကြာနေလို့ ကျွန်တော်ဘာလုပ်ရမှန်းမသိ ဖြစ်နေတာဗျတဲ့၊ နိုင်ငံခြားသူက လက်အုပ်လေးချီပြီး ကျေးဇူးတင်ကျန်ခဲ့တယ်။ မှော်ဇာကထွက်တော့ ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ Wall Sheet တွေ ကပ်ထားတာ တွေ့ရတယ်။ ဖူးစုံက ဂစ်တာပိုက်ပြီး အတင်းပြံုးပြနေတယ်။ အငဲက မျက်လုံးကြီးပြူးပြီး ကျွန်တော်တို့ကို ကြည့်ရင်း ကျန်ရစ်ခဲ့တယ်။ ကျွန်တော်တို့ သစ်လည်း မသစ်၊ ဟောင်လည်းမဟောင်းဘဲနဲ့ နောက်တစ်ခေါက် မှော်ဇာကို သွာဦးမယ်။
    ဘဲဘဲဘုရားအာရုဏ်ခံထဲက ရုပ်ပွားတော်


    ဘောဘောကြီးဘုရား


    ဌာပနာတိုက် ကျောက်ပြားဖုံး


    ဗိဿနိုးဘုရင်မ သင်္ချိုင်းကျောက်အရိုးအိုး နှုတ်ယူခဲ့တဲ့ တွင်းထဲက လူမော်


    ဘဲဘဲဘုရားနဲ့ တံတားပြင်နေတဲ့ဆရာ


    မှော်ဇာပြတိုက်

    (ဆရာကျောင်)


    9 comments:

    စိုးထက် - Soe Htet ! said...

    “ဂြီ့က္မေတြ” or “ရှီကွေတ” တစ်ဝကြီး ဖတ်သွားတယ် ဗျို့ တစ်ကယ် စိတ်ဝင်စားစရာပဲ ဗျ :D

    ရွှန်းမီ said...

    မီ့ အထင်ပေါ့.. ဂြီ့က္မေတြ ဆိုတာ .. (သီရိ) ကို အဲဒီခေတ်မှာ အသံထွက်ရာက ဂြီ့ = ဂြရီ = ဂြရေ = သျှရေ = သရေ .. အသံထွက် အဲဒီလို ဆင်းမယ် ထင်ပါတယ်..
    က္မေ = ခေါတ်.. တြ = တရ = တရာ ..
    သရေ ခေတ္တရာ (သီရိခေတ္တရာ) ဆိုတာလဲ တင့်တယ်ခမ်းနားတဲ့ မြေအရပ် လို့ပဲ အဓိပ္ပာယ် ရပါတယ်. . .
    မူရင်းဘာသာ အတူတူကို နေရာအလိုက် အသံထွက်ပုံ နဲနဲကွဲသလိုပါပဲ ..
    ှရှီကွေတ ဆိုတာလဲ အသံဝဲတဲ့ သျှီခေတ္တြ= သျှေခေတ္တြ = သရေခေတ္တရာ ပါပဲ ..
    အသုံးအနှုန်း မတူတာတွေကလွဲလို့ စကားလုံးတွေမူရင်းကို ပြန်လိုက်ကြည့်ရတာ ပျော်လို့ပါ..
    ပြီးတော့ ညီမော် ဂိမ်းရေးပြီးရင် အကြောင်းကြားပေးပါ..
    နှင်းဆီသွေး နေအရုဏ်အရောင်ဆိုတာကိုလည်း မြင်ဖူးချင်လိုက်တာ ..

    su wai said...

    ကိုလင်းဦးရေ…ပထမတစ်ခေါက် ဖတ်တုန်းက ကော်မန့်ပေးဖို့ အဆင်မပြေလို့ ဆီပုံးထဲမှာပဲ ပြောချင်တာတွေ ပြောထားခဲ့တာ…။ အခု ရှီကွေတအကြောင်း နောက်တစ်ခေါက် လာထပ်ဖတ်တာပါ။ ဆုဝေက ခရီးသွားမှတ်တမ်းတို့ အတွေ့အကြံုတို့ကို အရမ်းသဘောကျပါတယ်။ အလုပ်လဲအားလပ် ပိုက်ဆံအတွက်လဲ ပူစရာမလို ကျန်းမာရေးလဲ ကောင်းမယ်ဆိုရင် ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတွေကိုသွားပြီး ဒေသန္တရ ဗဟုသုတတွေ ရှာချင်ပါသေးတယ်။ ဟိုတစ်ခါ ကိုလင်းဦးရေးတဲ့ ဆလုံလူမျိုးတွေအကြောင်း ပို့စ်လေးကိုလဲ သဘောကျတယ်။ နောက်လဲ ခရီးတွေ များများသွားဖြစ်ပြီး ခရီးသွားအတွေ့အကြံုလေးတွေ ပြန်လည်ဝေမျှပေးနိုင်ပါစေလို့…။ ( Red Alert ရှီကွေတ ရေးပြီးရင်လဲ ပြောဦးနော် :P )

    Сергей.(Имя российского) said...

    ဒီလိုအချက်အလက်အပြည့်အစုံနဲ့ ရေးပေးထားတာ ကျေးဇူးတင်ပါတယ် .. အသိတွေတိုးတာပေါ့ဗျာ .. ဆက်ရေးနိုင်ပါစေ ။

    Gu Gu said...

    လင်းဦးရေ... ဒီပို့စ်ကတော့ ရှယ်ပါပဲ... စိတ်ဝင်စားစရာလဲ ကောင်းတယ်ဗျာ... နောက်တစ်ခေါက် ပြန်ဖြစ်ရင်တော့ ပြည် ဖက်ကို ဝင်လည်မလားလို့တောင် စဉ်းစားနေတယ်...

    Synchro 305 ~ said...

    အား... တော်တော်အားထုတ်ထားတာပဲ...
    မိုက်တယ်အစ်ကို....
    ဖတ်ရတာအားရပါ၏ :)

    မင်းကျန်စစ်။ said...

    သူငယ်ချင်းရေ ပြည်ကို တကယ်ကို ပြန်သွားရသလိုကို ခံစားရတယ်။ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရေးထားတော့ မသိသေးတာတွေပါတောင် သိလိုက်ရတယ်။ သွားခဲ့ဖူးတဲ့ နေရာလေးတွေတိုင်းကိုလည်း အမှတ်ရတယ်။ ဘယ်အချိန်များမှ ပြန်ဖြစ်မယ် မသိနိုင်သေးဘူးကွာ။ လွမ်းတယ် သီရိခေတ္တရာနဲ့ ဧရာဝတီရယ်...

    Heartmuseum said...

    ကောင်းမှကောင်းဗျာ...ဟိုနေ့ကအချိန်မရလို့ မဖတ်လိုက်ရဘူး။ အခုမှပြန်လာဖတ်တာဗျ။
    ကိုမျိုး စာရေးကောင်းတာ အခုမှသိဗျာ။
    သမိုင်း၊အတွေ့အကြံု၊ဟာသ၊ဗဟုသုတ ရောမွှေပြီး
    ဆွဲခေါ်သွားတာ ငြိမ့်လိုက်တာဗျာ။ရွှန်းမှီပြောသလို
    ညီမော် ဂိမ်းရေးပြီးရင် အကြောင်းကြားပေးပါ..
    နှင်းဆီသွေး နေအရုဏ်အရောင်ဆိုတာကိုလည်း မြင်ဖူးချင်လိုက်တာ ..

    May Burma said...

    good post

    thanks

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo