ဘုရားပွဲ ဘုန်းကြီးပျံပွဲ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • လောကီရေးရာ၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာ၌ ဦးတည်ချက်ကို တိတိ ကျကျ ပီပီပြင်ပြင် ချမှတ်ရသည်။ ထိုဦးတည်ချက် ထမြောက်အောင်မြင်စေရန် ဆောင်ရွက်ရမည့် နည်းဗျူဟာကိုလည်း ကြိုတင်၍ ခင်းကျင်းရသည်။ “ဦးတည်ချက်”နှင့် “နည်းဗျူဟာ”ကို ခိုင်ခိုင်မာမာ ကြိုတင်ဆောင်ရွက်မှု မရှိသော် လုပ်ငန်းတစ်ရပ်သည် အနှစ်သာရ ထိထိမိမိ အကျိုးရှိရှိ အရာထင်ထင် အောင်မြင် ဖြစ်ထွန်းလိမ့်မည် မဟုတ်ချေ။
    ရှေးအစဉ်အဆက်ကပင် “ဘုရားပွဲ”၊ “ဘုန်းကြီးပျံပွဲ”များ ကျင်းပလာခဲ့ကြသည်။ ယင်းသို့ ကျင်းပရာ၌ အချို့ချို့သော ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများသည် ဦးတည်ချက်ကို ပီပီပြင်ပြင် မချမှတ်။ ဦးတည်ချက် မပီပြင်သောအခါ နည်းဗျူဟာလည်း ခိုင်မာမှုမရှိ။ ထိုအခါ ဘာသာရေးအရ အနှစ်အသားရှိ၍ ထိထိမိမိ ဆောင်ရွက်ရမည့်အစား ပျော်ပွဲရွှင်ပွဲများနှင့် (အချို့ဒေသတွင် လောင်းကစားပွဲ)တို့ လွှမ်းမိုးနေသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်တွင် ပျော်ပွဲ၊ ရွှင်ပွဲတို့ နေရာယူလွှမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းသောလက္ခဏာ မဟုတ်ချေ။
    ဘုရားရှင်၏ ဂုဏ်တော်၊ ဘုန်းတော်၊ ကျေးဇူးတော်များကို နှလုံးသွင်းပူဇော်သည့် “ဘုရားပွဲ”တွင် အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ ဗွီဒီယို၊ ရုပ်ရှင်များ ခြိမ့်ခြိမ့်သဲ ထည့်သွင်းကျင်းပခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရာကျပါမည်လော။ ကိလေသာ နိုးကြွစေသော ပျော်ပွဲ၊ ရွှင်ပွဲ၊ အငြိမ့်၊ ဇာတ်၊ ဆိုင်း စသည်တို့ဖြင့် ဘုရားပွဲကျင်းပခြင်းသည် “တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ” အဆိုကို မှန်ကန်ကြောင်း ထောက်ခံနေခြင်းသာ ဖြစ်ပါ၏။
    ထို့အတူ ဘုန်းကြီးပျံပွဲတို့၌လည်း အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ ကပွဲများ ထည့်သွင်းခြင်း၊ ဧယင်ကျူးခြင်းတို့သည် ပျံလွန်တော်မူပြီးသော ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးအား ပူဇော်ရာ ရောက်ပါမည်လော။ ထေရဝါဒီ ထေရ်အရှှုင်မြတ်ကြီးများသည် ကိလေသာပွားစေသည့် ပျော်ပွဲ၊ ရွှင်ပွဲ၊များကို နှစ်မြို့တော်မမူပါ။ သူတို့ ဘဝနတ်ထံ ပျံလွန်တော်မူသောအခါ သူတို့ကို အကြောင်းပြုလျက် ပျော်ပွဲ၊ ရွှင်ပွဲထည့်ခြင်းသည် ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို ဆပ်ရာမရောက်သည့်အပြင် ဆရာ့ဂုဏ်ကျေးဇူးကို မသိတတ်ရာ ရောက်နေပါ၏။ အထူးသဖြင့် ဆရာတော်ကြီးများ၏ ရုပ်ကလပ်တော်အနီးတွင် ဧယင်ကျူးအပူတိုက်နေသည်မှာ မဖွယ်ရာလှပေ။ အချို့ဆိုလျှင် ဆရာတော်ကြီးများကို ပုတ်ခတ်ပြီး ဟာသများတောင် နှောကြပါသည်။ တည်ငြိမ် အေးချမ်းသော ဓမ္မနှင့် လုံးဝဆန့်ကျင်ပါ၏။
    ဘာသာရေးပွဲမှန်သမျှ ဓမ္မနှင့် လျော်ညီစွာ တည်တည်ငြိမ်ငြိမ် အိန္ဒြေရရ ကျင်းပသင့်ပါသည်။ အေးအေးချမ်းချမ်း ရွှင်ရွှင်လန်းလန်း ဆောင်ရွက်သင့်ပါသည်။ ဘုရားပွဲဆိုလျှင်လည်း အနှိုင်းမဲ့ ကျေးဇူးတော်ရှင် မြတ်ဘုရားကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ပူဇော်ရာရောက်အောင်၊ ဘုန်းကြီးပျံပွဲဆိုလျှင်လည်း ပျံလွန်တော် မူသွားသော ဆရာတော်ကြီးကို ရိုရိုသေသေ လေးလေးစားစား ပူဇော်ရာရောက်အောင်၊ အနှစ်အသားရှိရှိ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်အပ်ပါ၏။
    ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို အကြောင်းပြုပြီး အပျော်အပါး၊ အသောက်အစား၊ လောင်းကစားများပြုကြခြင်းမှာ ဗုဒ္ဓနှင့် သံဃဟူသော ရတနာမြတ်နှစ်ပါးကို မကြည်ညို မရိုသေရာရောက်ပြီး ဘာသာခြားတို့အနေဖြင့် အထင်သေးဖွယ် ဖြစ်စေပါ၏။ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ဘာသာရေးအခမ်းအနားပွဲများတွင် ပြုပြင်ဖွယ်ရာများ ရှိနေကြောင်း တင်ပြလိုက်ပါသည်။
    ဘုရားပွဲ လုပ်ရပ်တွေမှာလဲ ဘုရားဖူးကြတာနဲ့ မတူကြတော့ပါ ။ အရောင်းအဝယ်ပွဲ၊ အကြည်အရှုပွဲလို့သာ ပြောဖို့ကောင်းတော့သည် ။ အများက ဒီလိုချည်း ဖြစ်ကုန်ကြပါပြီ ။ဘုန်းကြီးပျံပွဲတွေကလည်း ပျံပွဲမဟုတ်၊ ဖြုန်းပွဲ၊ ပျော်ပွဲ၊ ရိုက်ပွဲ၊ သတ်ပွဲတွေ ဖြစ်နေကြပြီ။ ဘာသာရေး၊ နာရေးပွဲတွေကလည်း မျက်နှာကြီး ရွေးချယ်ပွဲ၊ ဂုဏ်လိုပွဲ၊ ပကာသနပြိုင်ပွဲမျိုးတွေသာ ဖြစ်နေကြ ပေပြီ ။
    လင်းဦး( စိတ်ပညာ )

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo