ဘဘဆရာကြီး အီကြာကွေးရဲ့ ပျော်မှာပေါ့ ........ သူတို့ ပျော်မှာပေါ့

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • မိုးတွင်းကာလ ဖြစ်လင့်ကစား ဟိုနား ဒီနား ပြောက်တိ ပြောက်ကျား ပူးနောင်ချပ်ခြိမ်း နောင်ချပ်ခြိမ်း ဆိုင်းသံဖြင့် နတ်က နေသည်ကို မြင်ရသည်။ မိုးတွေက တအုံးအုံးရွာ၊ ဆိုင်းက တငြိမ့်ငြိမ့်တီး၊ နတ်က မနားတမ်းက၊ ကြည့်တဲ့လူတွေက မိုးစိုခံ ၊ မိုးပက်ခံပြီး ထီးဆောင်းကြည့်၊ အလုပ်ကြီး အကိုင်းကြီးတွေဆိုတာ သူတို့မှ အစစ်။ “နတ်ကရာ ကြည့်မော့”ဟု ရှေးလူကြီးများ ဆိုရိုးစကားရှိသည်။ ဘာမဟုတ် ညာမဟုတ် နတ်ဝင်သည်တွေ မူးရူး ခုန်ပေါက် ကနေသည်ကို အလုပ်ပျက်ခံ၊ အချိန်ကုန်ခံ၍ သွားကြည့်သူက ရှိသေးသည်။

    “နတ်ရူးဘုံမြှောက်” ဟုလည်း စကားရှိပြန်သည်။ ၃၇-မင်း နတ်များမှာ ဘာဘုံမှ မရှိ။ ဘုံမပြောနှင့် လေးတိုင်စင်တောင် မရှိ။ သူတို့ကို ကိုးကွယ်သူတွေက ဆောက်ပေးမှ စင်နှင့်နေရသည်။ နတ်ရူးဘုံမြှောက် စကားထက် “နတ်ရူးဗုံမြှောက်” စကားကို ဂုရုကွေး ပိုသဘောကျသည်။ ပူးနောင်ချပ်ငြိမ်း နောင်ချပ်ခြိမ်းဟု ဆိုင်းသမားက ဗုံနှင့်မြှောက်ပေးလိုက်လျှင် နတ်ဝင်သည်က အရူးပမာ ခုန်ပေါက်မြောက်ကြွကာ ကွေးနေအောင် ကသည် မဟုတ်ပါလော။ ဒါကို ခေါင်းဖြူစွယ်ကျိုးတွေက လက်အုပ်ချီမိုး ရှိခိုးကာ (ကျွန်တော်မျိုးမ အမိုက်အမဲလေးတွေကို ခွင့်လွှတ်ပါ) တဲ့ ။ အမိုက်အမဲလေးတွေ မဟုတ်။ အမိုက်အမဲကြီးတွေ ဖြစ်သည်။ သူတို့ အရွယ်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ရမည်။ ဘာမဟုတ်သည့် နတ်တွေကို သွားကိုးကွယ်နေခြင်းမှာ မိုက်မဲခြင်း ဖြစ်သည်။ ထို အမိုက်အမဲကြီးများကား ငယ်ရွယ်စဉ်က စ၍ ယခုအရွယ်အထိ အစဉ်တစိုက် ရူးလာသော နတ်ရူးများသာ ဖြစ်ပေသည်။

    ကနားစီးနှင့် အင်တာဗျူး
    “တုတ်စာရှိလားဟေ့............”
    အိမ်ပေါက်ဝတွင် ရပ်ပြီး ခုနှစ်မောင်းတင်၍ ဟစ်လိုက်သော ဂုရုကွေး၏အသံကြောင့် တစ်အိမ်လုံး ယောက်ယက်ခတ်သွားသည်။ အတန်ကြာမှ (ရှိပါတယ်၊ ကျွန်တော်မျိုးမ တုတ်စာ ရှိပါတယ်) ညှောင်နာနာ ဖြေသံနှင့်အတူ အိမ်တံခါးပွင့်လာသည်။ တံခါးဝတွင် ယောကျ်ားစစ်စစ်ဧကန်ဖြစ်ပါလျက် အားနွဲ့သည့် မိန်းမသားလို ကနွဲ့ကလျ ရပ်နေသော ကနားစီး ဥက္ကလာ တုတ်စာ။
    “ဟောတော့၊ ဒုက္ခပဲ။ အကုသိုလ်တော့ အပြားလိုက် ကပ်ပါပြီ။ ဂျာနယ်ထဲက ရေးလိုက်တာနဲ့တင် ကျွန်တော်မျိုးမတို့ ကြောက်ပြီးသားပါ။ ခုလို အိမ်တိုင်ရာရောက် လိုက်လာတယ်ဆိုတော့..........”
    ဂုရုကွေးကို မြင်လိုက်သည်နှင့် အခြောက်တုတ်စာ ပျာနေအောင် ကြောက်သွားသည်။ ပက်ပင်းသား မိထားပြီ ဆိုတော့ ထွက်ပြေး၍လည်း မရတော့ ။

    “အကုသိုလ် အပြားလိုက် ကပ်တာတွေ၊ အလုံးလိုက် ဆောင့်တာတွေ၊ အတောင့်လိုက် ၀င်တာတွေ ဒါတွေထား။ အိမ်အထိ လိုက်လာတာက နင့်ကို ဗျူးစရာရှိလို့ လိုက်လာတာ။ သစ်သားကို ပန်းပုထု ၊ ဆေးခြယ်ပြီး နင်တို့ လုပ်စားနေတဲ့ အရုပ်တွေနဲ့ ပတ်သက်ပြီး မေးစရာတွေ ရှိတယ်”
    “ဟုတ်ကဲ့ ......မေးပါ....မေးပါ ”
    “နင်တို့ရဲ့ အရုပ်တွေက မျက်လုံးပြူးပြူးတို့၊ ပါးစပ်ပြဲပြဲတို့၊ သွားခေါခေါတို့ ဒါမျိုးတွေချည်းပဲ။ ဓါးထမ်းတာတို့၊ ကျားဘေးက ရပ်နေတာတို့ ၊ ခေါင်းမှာ ချိုနှစ်ချောင်း ပေါက်နေတာတို့ ဒါတွေလဲ ပါသေးတယ်။ ဒါက နတ်ယုံသူတွေ၊ အသိဉာဏ် အဆင့်နိမ့်တဲ့သူတွေကို ချောက်ထားတာ မဟုတ်လား”
    “ဂုရုကြီးကလဲ ၊ ဒီလို ပြူးချောက်၊ ဖြဲချောက်ထားမှ သူများတို့ အလုပ်ဖြစ်တာ၊ သူတို့ကြောက်ပြီး ကနားကြီး ပေးရမယ်၊ မပေးရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ၊ ဘာညာကွိကွ၊ ကနားခွင်ရိုက်လိုက်တော့.....ဟော.... သူများတို့လဲ ဖွတ်ကလိ ဒင်္ဂါးတွေ အထပ်လိုက်ရတယ်။ သူများတို့နဲ့ ပူးတွဲလုပ်စားနေတဲ့ နတ်ဆိုင်းသမားတွေလဲ စို့စို့ပို့ပို့ ရတယ်”

    “နင်တို့ အရုပ်တွေရဲ့ မျက်ခွက်ကို မိုးဒီတို့၊ မော့စ်တို့၊ အရိုင်းတို့၊ ကုသိုလ်တို့လို စပ်ဖြဲဖြဲရုပ်တွေ ထုကြည့်စမ်း၊ ဘာဖြစ်မလဲ”
    “နတ်ယုံတဲ့သူတွေ ဘယ်ကြောက်တော့မလဲ၊ ရယ်ကုန်ကြမှပေါ့။ တမင် မကြောက်ကြောက်အောင် ချောက်ထားတာပါလို့ ဆိုနေမှ..... ဟင့် ...သူများပြောရင်း ပြောရင်းနဲ့ အတွင်းရေးတွေ ပေါ်ကုန်တော့မယ်”
    “အေး........ ငါကလည်း မပေါ်ပေါ်အောင် ဗျုးမှာပဲ။ ကနားတွေမှာ နဖူးသည်း ပိတ်စကို ဘာကြောင့် အနီရောင် သုံးသလဲ။ နတ်ဝင်တာလဲမဟုတ်။ အင်ပြီးလိမ်ပြီး တစ်ကိုယ်လုံး ဓါတ်လိုက်ခံရသလို တုန်တုန် တုန်တုန်လှုပ်တဲ့ အခါ နင်တို့ခေါင်းမှာ ဘာလို့ ပဝါနီတွေ ပတ်ထားတာလဲ။ နင်တို့ ရင်ဘတ်မှာ ဘာကြောင့် ပဝါနီတွေ စည်းထားတာလဲ”
    “ဂုရုကြီးကလဲ... အနီရောင်က အပူရောင်လေ။ လူကြောက်အောင် တမင်အနီရောင်ကို သုံးတာ”
    “ကနားနဖူးစည်းကို အအေးရောင်ဖြစ်တဲ့ အစိမ်းနု၊ အပြာနုလေးတွေ သုံးမယ်၊ ခေါင်းစည်းပဝါ၊ ရင်စည်းပဝါတွေကို အရောင်နုနု၊ အရောင်ဖျော့ဖျော့လေးတွေ သုံးမယ်ဆိုရင်.....”
    “နတ်တွေဟာ ကြောက်စရာ အကောင်းဘဲ ဖက်နမ်းချင်စရာ ကောင်သွားမှပေါ့လို့ ”

    “ငါငယ်ငယ်က ဓနုဖြူမှာ နေကတည်းက ယိမ်းက ဖူးတယ်။ အရပ်ပြဇာတ်တွေ ကတယ်။ ရွှေမန်းသဘင်မှာ ရှေ့ပိုင်းပြဇာတ် ဒါရို်က်တာ လုပ်ဖူးတယ်။ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း အထိုက်အလျောက် တီးမိ ခေါက်မိတယ်။ ဇာတ်ဆိုင်း၊ ဗလာဆိုင်း၊ နတ်ဆိုင်း ဆိုင်းသုံးမျိုးမှာ နတ်ဆိုင်းက ပတ်မများကို ထုရတယ်။ စည်ကို များများခေါက်ရတယ်။ ဒါဟာ နတ်ကနေတဲ့ နင်တို့ကို မမြောက်မြောက်အောင် လုပ်ပေးတာပဲ။ ဆိုင်းနဲ့ ပံ့ပိုးပေးရတာပဲ။ နတ်ရူဗုံကပ် ရှေးစကားအတိုင်း နင်တို့ ကလို့ရအောင် ဗုံနဲ့ မြှောက်ပေးတာပဲ”
    “မှန်ပါတယ် ဂုရုကြီး။ ကနားပွဲမှာ ဘင်ဂျိုတွေ၊ မယ်ဒလင်တွေ၊ စန္ဒရားတွေ၊ တယောတွေ၊ ခြောက်လုံးပတ်တွေနဲ့ သီချင်းကြီး တူရိယာအဖွဲ့လို လုပ်လို့ မရဘူး။ စည်တိုနှစ်လုံး၊ သုံးလုံးထားပြီး တမင် မဆူဆူအောင်၊ နားမငြီးငြီးအောင် ၊ အရပ်အခေါ် (ဆူတီး)ပေါ့။ နားနားတီးပေးရတယ်။ နာနာခေါက်ပေးရတယ်။ နတ်ဆိုင်း အဆိုတော်ကလဲ အသံကုန် အသံပြဲနဲ့ နာနာဆိုပေးရတယ်။ ဆိုင်းသမားတွေကလဲ ဟေးလားဝါးလားနဲ့ နနာအော်ပေးရတယ် ။ သူများတို့တစ်တွေ နာနာအော်လေး ကနားရှင် နာနာအထိနာလေ၊ ဖွတ်ကလိ ဒင်္ဂါးတွေ သိန်းချီနာပြီ မဟုတ်လား”

    “ဆိုင်းသမားနဲ့ နင်တို့ပင်းပြီး ကနားရှင်ကို မြှောက်လုံးကလေးတွေ၊ ပင့်လုံးကလေးတွေ လုပ်တာ ငါသိထားတယ်။ လေ့လာထားတယ်။ ဥပမာ - ဒကာဆိတ်က ကနားပေးတယ် ဆိုပါတော့။ နင်တို့ ဘာဆိုသလဲ (နေ့ရော ညရော အရောင်မမှိန် တကာဆိတ်တို့ အိမ်)၊ ငါပျော့ ပေးတယ်ဆိုလဲ (နေ့ရော ညရော အရောင် မမှိန် ဟာကြူလီ ငပျော့တို့အိမ်) ၊ ဒါပဲ မဟုတ်လား။ ကနားရှင် နာမည်သာပြောင်းသွားတယ်။ မြှောက်လုံး ပင့်လုံးကတော့ ဒါပဲ ”
    “ဂုရုကြီးက အကုန်သိနေတော့ သူများတို့ ရှေ့ရေး ရင်လေးစရာပဲ”
    “ဘာမှ ရင်လေးမနေနဲ့။ နတ်ကတော် အတွင်းရေးဆိုပြီး နံပါတ်စဉ်တပ်ပြီး လျှောက်ရေးဖို့ အချက်အလက်တွေ စုထားပြီးပြီ။ အလျဉ်းသင့်တဲ့အခါ ဂျာနယ် တစ်စောင်စောင်ကနေ ငါဖွင့်ချမယ်။ နင်တို့ အရုပ်တွေမှာ ဘာတန်ဖိုးရှိလဲ”
    “သူများတို့ ဒါတွေနဲ့ လုပ်စားနေတာပဲ၊ သူများတို့ အသိဆုံး၊ ဘာတန်ဖိုးမှ မရှိဘူး”

    “နတ်ယုံတဲ့သူတွေ၊ အသိဉာဏ် နိမ့်ပါးတဲ့ သူတွေကို အရုပ်နဲ့ချောက်၊ အရောင်နဲ့ချောက်၊ အတီးနဲ့ ချောက်ပြီး နည်းမျိုးစုံနဲ့ လုပ်စားနေတဲ့ နင်တို့တစ်တွေ အရုပ်ကို ကြောက်သလား၊ ငါ့ကလောင်ကို ကြောက်သလား”
    အီကြာကွေး

    လင်းဦး (စိတ်ပညာ)

    1 comments:

    Heartmuseum said...

    ကျွန်တော် ဖတ်ဖူးသလိုပဲဗျ။မြန်မာ့ဓနထဲမှာမှတ်တယ်.
    ကြာတော့ကြာပြီဗျ။ပြန်တင်ပေးတာကျေးဇူးတင်သဗျ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo