တရားနှင့် တရားသမား

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ယနေ့ခေတ်တွင် ၀ိပဿနာရိပ်သာများ များပြားလာသည်။ ရိပ်သာဝင်သော ယောဂီများလည်း များပြားလာသည်။ အရေအတွက် များပြားလာသောအခါ ယင်းအရေအတွက်ထဲမှာ အရည်အချင်းရှိသူတွေလည်း ပါမည်။ စိတ်ဓာတ် အဆင့်အတန်းမြင့်မားသူတွေလည်း ပါမည်။ စိတ်ဓာတ်အဆင့်အတန်း နိမ့်ပါးသူတွေလည်း ပါမည်။

    တစ်ခါတွင် ယောဂီတစ်ဦးနှင့် စကားလက်ဆုံကျစဉ် ကျွန်တော်က ရိပ်သာအတွက် စားစရိတ်များကို လှူသော အလှူရှင်တို့ကြောင့်သာ တရားစခန်းဖွင့်လှစ်နိုင်ကြောင်း။ ငွေကြေးမချမ်းသာသောကြောင့် မလှူနိုင်သူတွေချည်း ဆိုလျှင် တရားစခန်းဖွင့်ဖို့ပင် မလွယ်ကြောင်းပြောရာ ထိုယောဂီက “အလှူရှင်တွေကဗျာ လှူသာလှူတာ၊ စခန်းကျတော့ ကျွန်တော်တို့လို ၀င်နိုင်ကြတာ မဟုတ်ဘူး” ဟု ပြန်ပြောပါသည်။

    ထိုယောဂီ၏စကားကို အံ့ဩစွာ၊ စိတ်မချမ်းမြေ့စွာ နားဖြင့်ဆတ်ဆတ်ကြားရသောအခါ ဘာမျှပြန်၍ ပြောချင်စိတ် မရှိတော့ပါ။ ယောဂီတစ်ဦးကဆိုလျှင် “အိမ်က ၁၀-ရက်ခွာနိုင်တယ်ဆိုတာ တော်ရုံစွန့်လွှတ်မှု မဟုတ်ဘူး။ ပါရမီရှိမှဖြစ်တာ။ ဘုရားဆိုရင် ထီးနန်းကိုတောင် စွန့်သွားတာ” ဟု မအပ်ရာ၊ မနှိုင်းကောင်း နှိုင်ကောင်း ဆက်စပ်ပြောသည်ကို ကိုယ်တိုင်ကြားဖူးပါသည်။

    ထိုသို့ စိတ်ဓာတ်ရေးရာအရ၊ အရည်အချင်းအရ ညံ့ဖျင်းသော ယောဂီတို့၏ ထောင်လွှားသော၊ ၀ါကြွားသော အပြောအဆို၊ အပြုအမူများကို ကြားသိရသောအခါ အချို့သည် “၀ိပဿနာတရား”အပေါ်တွင်ပင် သံသယ ၀င်လာကြသည်။ အမှန်တော့ အနှိုင်းမဲ့ ကိုးကွယ်ရာဖြစ်တော်မူသော ဘုရားရှင်သည် ၀ိပဿနာ ကမ္မဋ္ဌာန်းတရား အားထုတ်ပြီး ကိလေသာများ အကြွင်းမဲ့ ကင်းစင်တော်မူ၏။ ဉာဏ်အလင်းရောင်တော် ရတော်မူ၏။ ရဟန္တာထေရ် အရှင်တော်မြတ်ကြီးများကလည်း ၀ိပဿနာတရား အားထုတ်ပြီး ကိလေသာများ ကင်းစင်သွားသည်။ သံသရာဝဋ် ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်သွားသည်။

    သို့ဖြစ်၍ ၀ိပဿနာတရားအပေါ် မည်သို့မျှ သံသယဝင်စရာ မလို။ သို့လော သို့လော တွေးတောဖွယ်မရှိ။ “၀ိပဿနာတရား”နှင့် “ယောဂီ” ကို ခွဲခြား၍ မြင်တတ်ဖို့ လိုပါသည်။ ယောဂီတွေထဲမှာလည်း “အရိုးခံယောဂီ” နှင့် “ဟန်ရေးပြ ယောဂီ”၊ “စာတတ် ပေတတ်ယောဂီ”နှင့် စာမဖတ် ပေမဖတ် ယောဂီ”၊ “ယောဂီအစစ်”နှင့် “ယောဂီအတု”ကို ခွဲခြားသိဖို့လိုသည်။ တရားနှင့် တရားသမားကို ခွဲခြားစွာမြင်ရန်လိုကြောင်း ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ဤသို့ သတိပေး မိန့်ကြားတော်မူခဲ့ပါ၏။

    “............တရားဆိုတာ မကောင်းတာ မရှိဘူးတဲ့။ တရားသမားကသာ မပြည့်စုံရင်တော့ မကောင်းတာရှိမှာပဲ။ တရားသမားဆိုတာကလဲ သူ့အဆင့်နဲ့ သူပဲလေ။ ဘယ်သူက ပြည့်စုံတယ်လို့ ပြောလို့ရမှာလဲ။ ဒါပေမယ့် လောကမှာ များသောအားဖြင့် တရားတွေကိုပဲ မြင်ပြီးတော့ တရားကို မမြင်ဘဲနဲ့ အပြစ်ပြောတတ်တဲ့ လူတွေ ရှိတယ်။ တရားကို တကယ်မြင်သွားပြီဆိုရင် တရားသမားကို သနားရုံပဲ သနားမယ်။ မပြည့်စုံသေးလို့ အပြစ်တော့ မပြောတော့ဘူး”

    အခုတကယ်ကို ဒီလို ယောဂီတွေကြောင့် “၀ိပဿနာ”ကို အမြင်တမျိုးမြင်နေကြသဖြင့် ဒီပိုစ့်လေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

    လင်းဦး ( စိတ်ပညာ )

    1 comments:

    Heartmuseum said...

    ဟုတ်တယ်...လောကကြီးမှာ ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေက များသဗျို့။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo