ကျွန်တော်သိသမျှ(၇) သို့မဟုတ် တိုင်းရင်းသားတို့၏ နေ့စဉ်ဘဝကိုလွှမ်းမိုးသည့် ရှောင်ဓလေ့များ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • လူတို့မှီတင်းနေထိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုသည် အမြဲပင်ဆက်နွယ်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိ လူမျိုးစုတိုင်းတွင် မိမိတို့ နေထိုုင်ရာဒေသနှင့် လိုက်လျောညီထွေဖြစ်စေရန် ဖန်တီးတည်ဆောက်ထားသော ကိုယ်ပိုင်ယဉ်ကျေးမှုပုံစံ အသီးသီးရှိကြသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းရင်းသားအားလုံး၌ ရှောင်ဓလေ့များ၊ ဆောင်ဓလေ့များနှင့် ပြောင်ဓလေ့များဟူ၍ အမျိုးမျိုးရှိကြသည်။ ထိုဓလေ့ထုံးစံများအနက်မှ တဘူး (Taboo) ခေါ် ရှောင်ဓလေ့အကြောင်းကို တင်ပြလိုပါသည်။

    တဘူး(Taboo) သည် ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ အယူသည်းခြင်းနှင့် အတူတွဲလျက် တွေ့ရသည်။ “Taboo”ဟူသော ဝေါဟာရမှာ ပေါ်လီနီးရှားလူမျိုးတို့၏ အသုံးအနှုံးဖြစ်၍ “တားမြစ်ထားခြင်း” ဟု အဓိပ္ပါယ် ရသည်။ တဘူးသည် ဆန့်ကျင်ဘက်ဖြစ်သော အဓိပ္ပါယ်များကိုလည်း ဖော်ပြလျက်ရှိသည်။ တဘူးသည် အထွဋ်အမြတ်ထားခြင်း၊ တန်ဖိုးထားခြင်းသဘောကို ဆောင်သည်။ တနည်းအားဖြင့် ကြည်ညို လေးစားခြင်း သဘောကိုဆောင်သည်။ တနည်းအားဖြင့် ကြည်ညိုလေးစားထိုက်၍ ရှောင်ကြဉ်ရခြင်းဖြစ်သည်။ ထို့အပြင် တဘူး၏ အဓိပ္ပါယ်၌ သဘာဝထက် လွန်ကဲခြင်း၊ ထူးဆန်းခြင်းနှင့် အန္တရာယ်ရှိခြင်းသဘောကိုလည်း တွေ့ရသည်။ ဆိုလိုသည်မှာ ကြောက်ရွံ့၍ ရှောင်ကြဉ်ရခြင်းပင်ဖြစ်သည်။ တချို့တဘူးများတွင်မူ မသန့်ရှင်းသော အရာဟု ယူဆ၍ ရှောင်ကြဉ်ရခြင်း သဘောကိုလည်း တွေ့ရသည်။

    တဘူး၏ ဆိုလိုရင်းမှာ တားမြစ်ခြင်း၊ ကန့်သတ်ချုပ်ခြယ်ခြင်းပင် ဖြစ်သည်။ ထိုသို့ တားမြစ်ခြင်းမှာ ဥပဒေဖြင့် သိသာထင်ရှားစွာ ပြဌာန်းတားမြစ်ထားသည့် တားမြစ်ချက်မျိုး မဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူများလိုက်နာရန် ဓလေ့ထုံးစံက သတ်မှတ်ပေးထားသော တားမြစ်ချက်မျိုးဖြစ်သည်။ “တဘူးဆိုသည်မှာ လူများတရားဝင်ရေးသား ပြဌာန်းထားခြင်းမရှိသည့် ရှေးအကျဆုံး ဥပဒေသ (The oldest human unwritten code of law )ဖြစ်သည်” ဟု ပညာရှင်များက ဆိုကြသည်။ တိုင်းရင်းသားတို့၏ ရှောင်ဓလေ့များကို လေ့လာကြည့်ပါက လူမှုရေးဆိုင်ရာ ထိန်းချုပ်ခြင်း (Social control) သဘောကို အထင်အရှားတွေ့နိုင်သည်။

    လူတို့၏ နေ့စဉ်ဘဝတွင် ရင်ဆိုင်ကြံုတွေ့နေရသော
    (၁) လူမှုရေးဆိုင်ရာ ကိစ္စရပ်များ ( ဥပမာ -ဆွေမျိုးတော်စပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း၊ လက်ထပ်ထိမ်း မြားခြင်း ၊ ကင်ပွန်းတပ်ခြင်း )
    (၂) စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ (ဥပမာ-တောင်ယာခုတ်ခြင်း၊ ကောက်ရိတ်သိမ်းခြင်း၊ အမဲလိုက်ခြင်း)
    (၃) ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ (ဥပမာ-ဘုရားပွဲကျင်းပပုံ၊ ရိုးရာနတ်ပူဇော်ခြင်း၊ ရှင်ပြုပွဲ) နှင့်
    (၄) အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ (ဥပမာ-အရိုက်အရာဆက်ခံခြင်း၊ ဒေသဆိုင်ရာ ဥပဒေသများ၊အကြီးအကဲ ရွေးချယ်ခြင်း) စသည့် အကြောင်းကိစ္စတိုင်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ရှောင်ဓလေ့များအားလုံးကို လေ့လာကြည့်ပါက -
    (က) လှုပ်ရှားမှုပြုရာတွင် ရှောင်ကြဉ်ရသော ဓလေ့ (Tabooed Act )
    (ခ ) လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ရှောင်ကြဉ်ရသော ဓလေ့ (Tabooed Person )
    (ဂ ) အရာဝတ္ထုများနှင့် ပတ်သက်၍ ရှောင်ကြဉ်ရသော ဓလေ့ (Tabooed Things ) နှင့်
    (ဃ) စကားပြောဆိုသုံးနှုန်းရာတွင် ရှောင်ကြဉ်ရသော ဓလေ့ (Tabooed Words ) စသည့် ရှောင်ဓလေ့ အမျိုးမျိုးကို တွေ့ရသည်။

    တိုင်းရင်းသားများသည် တဘူးချိုးဖောက်မိမည်ကို အလွန်ကြောက်ရွံ့ကြသည်။ ထိုသို့ ချိုးဖောက်မိပါက ချိုးဖောက်သူနှင့် ၎င်း၏ဆွေမျိုးအသိုင်းအဝိုင်း အပါအဝင် တဘူးသတ်မှတ်ထားသော အဖွဲ့အစည်းအတွင်း အချိန်မရွေး ကြီးမားသောအန္တရာယ် ကျရောက်နိုင်သည်ဟု ယူဆလေ့ရှိကြသည်။ ထို့ကြောင့် တိုင်းရင်းသားတို့၏ နေ့စဉ်ဘဝကို လွှမ်းမိုးနိုင်စွမ်းရှိသည့် Taboo (ခေါ်) ရှောင်ဓလေ့များအား လူအများနားလည် သိရှိသင့်သည်ဟု ယူဆသည့်အတွက် တိုင်းရင်းသားအချို့၏ ရှောင်ဓလေ့များနှင့် တွဲဖက်ဖော်ပြရခြင်း ဖြစ်ပါသည်။

    လှုပ်ရှားမှုပြုရာတွင် ရှောင်ကြဉ်ရသော ဓလေ့ထုံးစံများနှင့်ပတ်သက်၍ လေ့လာပါက ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပိန္နဲပင်ကျေးရွာနေ “တအန်းပလောင်” တိုင်းရင်းသားများသည် ယာခင်းမှအပြန် ပေါက်တူးကို ထမ်းရာတွင် အသွားရှိသည့်ဘက်ကို အနောက်ဘက်တွင်ထား၍ ထမ်းရသည်။ ပေါက်တူးကို မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲ၍ မလာရပေ။ ထိုသို့ ပြုမိပါက သူရဲတစ္ဆေများကပ်၍ ပါလာပြီး နေမကောင်းဖြစ်တတ်သည်ဟု ယုံကြည်ကြသည်။ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ဟော်ယောကျေးရွာနေ “ကနန်း”တိုင်းရင်းသားများသည် စပါးတလင်းနယ်နေစဉ် ထိုတလင်းအတွင်း ဖိနပ်စီး၍ မဝင်ရပေ။ ၀င်မိပါက စပါးအထွက်နည်းတတ်သည်ဟု ယူဆကြသည်။ လေလည်း မချွန်ရပေ။ ဤယုံကြည်မှုများကို ကနန်းကျေးရွာ ၂၄ရွာရှိ ရွာအတော်များများတွင် တွေ့နိုင်သည်။

    လူပုဂ္ဂိုလ်နှင့် ပတ်သက်၍ ရှောင်ကြဉ်ရသောဓလေ့အချို့ကို ဖော်ပြရသော် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်နှင့် ကုန်ကြမ်းဒေသမှ “ကိုးကန့်”တိုင်းရင်းသားတို့၏ အသုဘအခမ်းအနားသို့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ မသွားရပေ၊ အိမ်ရှင်မှ လုံးဝလက်မခံလိုပေ။ ထိုသို့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ လာရောက်ခဲ့ပါက သေသူအတွက် ရည်စူး၍ပြုလုပ်သော ကုသိုလ်ကောင်းမှုများ အချည်းအနှီးဖြစ်တတ်သည်ဟု ယုံကြည်ကြသောကြောင့် ရှောင်ကြဉ်ရခြင်း ဖြစ်သည်။ ချင်းပြည်နယ်တောင်ပိုင်း မင်တပ်မြို့နယ်အတွင်းရှိ “မွင်း”မျိုးနွယ်စုဝင် ချင်းတိုင်းရင်းသားများသည် လက်ထပ်ထိမ်းမြားရာတွင် “ဘူခို”မျိုး (လက်ထပ်၍ရသော အမျိုး) ကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လေ့ရှိပြီး “ဒူး”မျိုး (လက်ထပ်ယူ၍ မရသောအမျိုး)များကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခြင်းမပြုရန် တားမြစ်ထားသည်။ ထိုတိုင်းရင်းသားများ၏ ဖ ဘက်လိုက် ဆွေမျိုးတော်စပ်ပုံစနစ် (Patrilineal Kinship System) အရ ဖခင်ဘက်မှ တော်စပ်သောဆွေမျိုးများ (ဒူးမျိုး)ကို သွေးသားရင်းချာများအဖြစ် သတ်မှတ်ထားခြင်းကြောင့် အိမ်ထောင်ဖက်အဖြစ်မှ ရွေးချယ်ရန် ရှောင်ကြဉ်ရခြင်း ဖြစ်သည်။

    အရာဝတ္ထုများနှင့် ပတ်သက်၍ ရှောင်ကြဉ်ရသော ဓလေ့ကို ပဲခူးတိုင်း မွန်စံပြကျေးရွာနေ “မွန်”တိုင်းရင်းသူ အမျိုးသမီးများသည် ကိုယ်ဝန်(၇)လခန့်မှ စတင်ကာ မီးဖွားရာတွင် အသုံးပြုရန် မီးနေထင်းကို ကြိုတင်စုဆောင်းလေ့ ရှိကြသည်။ ထင်းအဖြစ်အသုံးပြုရန် သစ်ပင်ခုတ်လှဲရာတွင် အခြားသစ်ပင်များနှင့် ချံုပုတ်ပေါ်သို့ ကန့်လန့်ဖြတ်လဲကျသွားသော သစ်ပင်မျိုးကို မီးနေထင်းအဖြစ် အသုံးပြုရန် ရှောင်ကြဉ်ကြသည်။ ထိုကဲ့သို့သော သစ်ပင်မျိုးကို အသုံးပြုမိပါက မိခင်ရော ကလေးပါ အန္တရာယ်ကျရောက် နိုင်သည်၊ ကျန်းမာရေးထိခိုက်နိုင်သည်ဟု ယုံကြည်ကြသည်။ ကယားပြည်နယ်ရှိ “ဂေဘား” တိုင်းရင်းသားတို့သည် စပါးရိတ်သိမ်းနေချိန်တွင် ဂျီသေကောင်ကို တောင်ယာထဲမှဖြတ်၍ သယ်ယူမသွားရပေ။ ဂျီသေကောင်ကြောင့် စပါးလိပ်ပြာလွင့်တတ်၍ နောင်နှစ်တွင် စပါးအထွက်နည်းမည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။

    စကားပြောဆိုသုံးနှုန်းရာတွင် ရှောင်ကြဉ်ရသော ဓလေ့နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ကောင်းသော ဓလေ့ထုံးစံတစ်ခုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျိုင်းတုံမြို့ပတ်ဝန်းကျင်ဒေသရှိ “အခါ”တိုင်းရင်းသားတို့၏ ရိုးရာရွာအချို့တွင် လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာ၌ အမည်နာမကို ခေါ်ဆိုသုံးစွဲခြင်း မပြုရပေ။ အမည်နာမကို သေသည့်အခါမှသာ ခေါ်ခွင့်ရှိကြလေသည်။ “ကယား”တိုင်းရင်းသားတို့သည် မိမိတို့၏ မိဘများ၏အမည်ကို မည်သူမည်ဝါဟူ၍ ခေါ်ဝေါ်ပြောခြင်းမပြုရပေ။ မိဘများ သေဆုံးသွားခဲ့လျှင် အထူးပင် သတိပြု၍ ရှောင်ကြဉ်ကြရသည်။ ထို့အပြင် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး နာမည်ဆင်တူဖြစ်နေပါက တစ်ဦး၏အမည်ကို တစ်ဦးကမခေါ်ဘဲ တစ်ဦးနှင့်တစ်ဦး “မွီ”ဟု ခေါ်ဝေါ်လေ့ရှိကြသည်။

    အထက်ပါ ရှောင်ဓလေ့များအပြင် အခြားတိုင်းရင်းသားအသီးသီး၌လည်း မိမိတို့ရိုးရာဓလေ့ထုံးစံအရ ပြဌာန်းထားသော ရှောင်ဓလေ့အမျိုးမျိုးရှိကြပါသည်။ ကျွန်တော်သိသမျှသာ တင်ပြထားခြင်းဖြစ်ပါသည်။

    လင်းဦး (စိတ်ပညာ)

    2 comments:

    shwenyarthar said...

    အခုလို ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ နောက်ထပ်လည်း အဲ့လို posts လေးတွေကို ဖတ်ချင်ပါသေးတယ်ဗျာ။ အားလုံးအဆင်ပြေပါစေဗျာ။

    Heartmuseum said...

    ကိုယ့်ကိုယ်ကို စုံလှပြီ မှတ်နေတာ။
    Ko Lin Oo ရေးတာတွေက ကျွန်တော်မသိသေးတဲ့ ထုံးစံတွေဗျ။ မှတ်လောက်ပါပေတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo