ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင် (၉)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • “အလိမ္မာ စာမှာရှိသည်” ဟူသော စကားကို များသောအားဖြင့် ကြားဖူးကြသည်။ ဖတ်ဖူးကြသည်ဟု ဆိုရပါမည်။ စာပေကို ဖတ်၍ အသိဉာဏ်ကြွယ်ဝလျက် လိမ္မာသောသူတို့ ဖြစ်သွားကြသည်ကိုလည်း တွေ့ကြံုဖူးကြပါမည်။ စာပေကို ဖတ်သော်ငြားလည်း အသိဉာဏ်မတိုးပွားဘဲ ဆုတ်ယုတ်သွားသူတို့ကိုလည်း တွေ့မြင်ကောင်း တွေ့မြင်ခဲ့ကြပါမည်။ ကြားဖူးကောင်း ကြားဖူးခဲ့ကြပါမည်။ ထို့ကြောင့် စာပေတိုင်းတွင်ရှိသော အတွေးအခေါ်၊ အယူအဆတို့သည် လူသားအားလုံးအတွက် လိမ္မာရေးခြား ရှိနိုင်ပါသလား။ စဉ်စားသုံးသပ်ကြည့်ချင်စရာ ကောင်းပါသည်။

    စာပေဟု ဆိုရာ၌ ဗရုတ်သုတ်ခ အတွေးအခေါ်တို့ ပါ၀င်သော စာပေ၊ လေးနက်သော ဘဝအသိအမြင်တို့ကို ပေးနိုင်သောစာပေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် အတွေးအခေါ်တို့ ပါ၀င်သောစာပေဟူ၍ စာပေ အမျိုးမျိုး ရှိပါမည်။ ဤနေရာ၌ ကျွန်တော်ပြောချင်သည်မှာ ဘာသာရေးနှင့် ပတ်သက်သော အတွေးအခေါ်တို့ ပါ၀င်သည့် စာပေတို့ကိုသာလျှင် အဓိကဖြစ်ပါသည်။

    စာပေသည် အဆိပ်အတောက် ကင်းရပါမည်။ ဘာသာရေးစာပေသည် အခြားသောစာပေတို့ထက်ပို၍ အဆိပ်အတောက် ကင်းနိုင်ရပါမည်။ အဆိပ်ပင်ကို ရေးလောင်းပေးလျှင် ထိုအဆိပ်ပင်သည် ကြီးထွားရှင်သန် လာပါမည်။ အဆိပ်ပင်သည် လူတို့အား ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ အကျိုးပေးပါမည်။ ထို့အတူ အဆိပ်အတောက်မကင်းသော ဘာသာရေးစာပေတို့သည်လည်း လူတို့၏ အတွေးအခေါ် အယူအဆတို့ကို အကောင်းထက် အဆိုးဘက်သို့သာ ဦးတည်စေပါလိမ့်မည်။ မှန်ကန်သော အတွေးအခေါ်၊ အယူအဆတို့ကို သတ်ဖြတ်ပစ်ရာလည်း ရောက်သည်ဟု ဆိုနိုင်ပါမည်။ ထို့ကြောင့် အဆိပ်အတောက်မကင်းသော စာပေတို့ကို ဘာသာရေး စာရေးဆရာတို့အနေဖြင့် လုံးဝ မရေးသားသင့်ပါ။ ဘာသာရေးစာပေတို့ကို မြတ်နိုး လိုက်စားနေသူတို့ အနေဖြင့်လည်း လုံးဝ မဖတ်သင့်ဟု ထင်ပါသည်။

    မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်ဟု ကမ္ဘာက သိနေကြ၏။ ကမ္ဘာက သိနေကြသည့်အတိုင်း ထေရဝါဒ ဗုဒ္ဓဘာသာ ပီသဖို့ လိုပါသည်။ “ပီသဖို့”ဆိုရာ၌ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်နှင့်အညီ ချမှတ်ထားသော လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးခြင်းတို့ကို ဆိုလိုပါသည်။ လိုက်နာကျင့်သုံးခြင်းသည် ချမှတ်ထားသော လမ်စဉ်တို့ကို သိနေမှ ဖြစ်နိုင်ပါမည်။ ထိုအခါ လမ်းစဉ်တို့ကို သွန်သင်ပြမည့်သူ၊ လမ်းစဉ်ကို မီးမောင်းထိုးပြမည့်သူတို့ လိုအပ်လာပါမည်။ လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးနိုင်မည့် ပုဂ္ဂိုလ်တို့သည် ဆရာတော်များ၊ ဘာသာရေးတတ်ကျွမ်းသည့် လူပုဂ္ဂိုလ်များ၊ ဘာသာရေး အတွေးအခေါ်တို့ကို တိကျမှန်ကန်စွာ ရေးသားကြသော စာရေးဆရာတို့ပင် ဖြစ်ကြပါ၏။

    ယခုအခါ မြန်မာနိုင်ငံ၏ စာပေလောက၌ မဂ္ဂဇင်း၊ ဂျာနယ်စသော စာစောင်တို့ အများအပြား ပေါ်ထွက် နေကြ၏။ တချို့ မဂ္ဂဇင်း ၊ ဂျာနယ်တို့သည် ဘာသာရေး သီးသန့်မဟုတ်ကြသော်လည်း ဘာသာရေးနှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာတို့ ပါ၀င်ထည့်သွင်းတတ်ကြ၏။ ပါ၀င်ထည့်သွင်းထားသော ဆောင်းပါး၊ ကဗျာတို့ကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ညီ မညီ အယ်ဒီတာတို့က သုံးသပ်သင့်ပါသည်။ မိမိတို့ အမှန်တကယ် မသိလျှင်လည်း တတ်ကျွမ်းသည့် ပုဂ္ဂိုလ်တို့ထံ မေးမြန်း၍ မိမိတို့ မဂ္ဂဇင်း၊ ဂျာနယ်တို့၌ ထည့်သုံးသင့်ပါက ထည့်သုံးရပါမည်။ ပယ်သင့်ပါက ပယ်ရပါမည်။ ပြင်ဆင်သင့်ပါက ပြင်ဆင်ရပါမည်။ သို့ဖြစ်မှသာ စစ်မှန်သော ဘာသာရေး၊ အသိပညာတို့ကို တိုးပွားစေသော ထေရဝါဒ ဗုဒ္ဓဘာသာစာပေတို့ ဖြစ်လာပါမည်။

    လူတို့သည် အစွဲအလန်း အလွန်ကြီးမားကြပါသည်။ လှေနံ ဓါးထစ်၊ တစ်သမတ်တည်း ယူဆတတ်သူ၊ ငါထင်တာမှန်သမျှ လုံးဝမှန်ကန်သည်ဟု ယူဆတတ်သူတို့ အများအပြား ရှိကြပါသည်။ ထိုသူတို့ထံသို့ ဟိုဟာ ဟုတ်နိုး၊ ဒီဟာ ဟုတ်နိုးစသည့် အတွေးအခေါ်၊ အယူအဆတို့ကို ညစ်နွမ်းစေသော ယောင်ဝါးဝါးစာပေတို့ ရောက်ရှိသွားပါက အမှန်သည် အမှားဖြစ်၍ အမှားသည် အမှန်ဖြစ်သွားနိုင်ပါသည်။ ထိုသို့ မဖြစ်ခဲ့လျှင်သော်မှ ငါဖတ်ဖူး ကြားဖူးခဲ့သည်က တစ်မျိုး၊ ယခု ဖတ်လိုက်ရသည်က တစ်မျိုး၊ ဘယ်အရာက မှန်ပါလိမ့် စသည်ဖြင့် သံသယကို ထုံမွမ်းထားသော အမြင် အတွေးတို့ဖြင့် ဘာသာရေး အတွေးအခေါ်၊ အယူအဆများ ကျဉ်းမြောင်း သွားနိုင်ပါသည်။

    ထင်ရှားသော ဥပမာကို ပြရလျှင် ထေရဝါဒ ဗုဒ္ဓစာပေ၌ လုံးဝမပါရှိသော “သူရဿတီမယ်တော်”သည် ထေရဝါဒ ဗုဒ္ဓဘာသာဟု ခံယူထားကြသူအချို့က ဗုဒ္ဓ၏ ပိဋကတ်သုံးပုံကို စောင့်ရှောက်သော နတ်သမီးအဖြစ် လက်ခံယူဆနေကြ၏။ ထိုအယူအဆအား ကျွန်တော် လုံးဝ ကန့်ကွက်ပါသည်။ နောက်တစ်ခုက သာသနာတော် အနှစ်ငါးထောင်တွင် ဘုရားရှင်ထားတော်မူခဲ့သော သာသနာ အနှစ် နှစ်ထောင်ငါ့ရားသည် ကုန်ဆုံးသွားပြီဖြစ်၍ ယခုအခါ သိကြားမင်း စောင့်ရှာက်သော သာသနာအနှစ် နှစ်ထောင့်ငါးရာသာ ကျန်တော့သည်ဟု ယူဆလက်ခံနေကြသူတို့က ရှိသေး၏။ ထိုအရာတို့သည် စာပေရေးသားမှုမှတစ်ဆင့် ပေါ်ပေါက်လာသော အတွေးအခေါ်၊ အယူအဆတို့ပင် ဖြစ်ပါသည်။

    စာပေရေးသားသော စာရေးဆရာတို့ ရှိနေပါလျှင် စာပေကို ဖတ်ရှုနေကြသော စာဖတ်ပရိသတ်လည်း ရှိနေပါမည်။ ထိုအခါ စာရေးဆရာဟု အမည်ခံထားသူတို့၌ လုံးဝတာဝန်ရှိသွားပြီဟု ဆိုရပါမည်။ ဘာကြောင့် ဤသို့ ပြောဆိုရပါသနည်းဟု မေးလာခဲ့လျှင် အဖြေသည် ရှင်းရှင်းလေးပင်ဖြစ်ပါ၏။ “လူအများစုတို့သည် ယုံလွယ်ကြသောကြောင့်” ဟု ဖြေရပါလိမ့်မည်။ ယုံလွယ်ကြသူတို့၏ သန္တာန်၌ မှားယွင်းသည့် အတွေးအခေါ်၊ ယောင်ဝါးဝါးဖြစ်စေမည့် အတွေးအခေါ်၊ အယူအဆတို့ ၀င်ရောက်သွားနိုင်သည့် စာပေတို့ကို ရေးသားခြင်း၊ ဖော်ပြခြင်း မပြုသင့်ပါ။ ရေးသားဖော်ပြလျှင်လည်း ထိုစာပေသည် “အလိမ္မာ စာမှာရှိသည်”ဟူသော ဆိုရိုးစကားကို ဖျက်ဆီးရာရောက်သည်။ စာဖတ်ပရိသတ် အနေဖြင့်လည်း ကျော်လွှား၍ ဖတ်ရှု့သင့်ပါသည်။

    ဘာသာရေးစာစောင် အမည်ခံထားသော မဂ္ဂဇင်းတစ်ချို့၌ပင် ဘာသာရေးနှင့် လုံးဝမပတ်သက်သော ယောင်ဝါးဝါးစာပေတို့ ပါလာတတ်၏။ ဥပမာ-သက်သက်လွတ်စားမှ အကျင့်မြတ်သယောင်ယောင်၊ မီးလွတ်၊ ရေလွတ် စားသုံးမှ ပုဂ္ဂိုလ်ထူး ဖြစ်သယောင်ယောင်၊ ဘယ်ရိပ်သာသို့သွား၍ တရားအားထုတ်လိုက်ပါမှ တရားထူးတွေ့သယောင်ယောင် စသည့် ယောင်ခြောက်ဆယ် အရေးအသားတို့ဖြင့် အမွှမ်းတင် ရေးသားကြသည်တို့ ဖြစ်၏။ ထိုအရေးအသားတို့တွင် “ရဟန္တာ”ဆိုသည်က ပါပြန်သေး၏။ ရဟန္တာ မရှိဟု မဆိုလိုပါ။ သာသနာတော် မကွယ်ပျောက်သရွေ့ ရဟန္တာ မဆိတ်သုဉ်းကြောင်း ပိဋကတ်တော်စာပေ၌ အခိုင်အမာ ရှိပါသည်။ သို့သော် အရေးအသားတို့ကို ထိန်းထိန်းသိမ်းသိမ်း ရှိ့ဖို့လိုပါသည်။ အထက်၌ ဖော်ပြခဲ့သော ရေးသားမှုမျိုးသည် သဒ္ဓါတရားကို ထက်သန်စေနို်င်သော်လည်း အသိပညာတို့ကိုတော့ ထက်သန်စေနို်င်မည် မဟုတ်ပါ။

    အသိပညာ တိုးပွားစေကြောင်းကို ရေးသားလိုလျှင်လည်း သက်သက်လွတ်စားသုံးမှုကြောင့် ကိုယ်ခန္ဓာသည် မည်သို့ မည်ပုံ ကျန်းမာရေးနှင့် ညီညွတ်သည်၊ မည်သို့မည်ပုံ အာဟာရနှင့် ညီညွတ်သည် စသဖြင့် ကျန်းမာရေးရှုထောင့် အသီးသီးမှ ရေးသားတင်ပြသင့်ပါသည်။ ဘာသာရေးရှုထောင့်တို့တွင်လည်း ထို့အတူ မှန်ကန်သော သုံးသပ်တင်ပြမှုမျိုးတို့ကိုသာ ရေးသားတင်ပြသင့်ပါသည်။

    ဘာသာရေးရှုထောင့်တို့၌ “နိဗ္ဗာန်”သည် မည်ကဲ့သို့သဘော အဓိပ္ပါယ်ရှိသည်ကို လည်းကောင်း၊ “ကံကံ၏ အကျိုးတရား”တို့သည် ဘယ်ပုံ၊ ဘယ်ကဲ့သို့သော ဥပမာနှင့် တူသည်ကို လည်းကောင်း၊ “ထေရဝါဒ ဗုဒ္ဓဘာသာ”သည် ဘယ်လို အဓိပ္ပါယ်ရှိသည်ကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဆန့်ကျင်သော သုံးသပ် တင်ပြမှုတို့ဖြင့် ရေးသားတင်ပြသင့်ပါသည်။ ရဟန္တာနှင့် ပတ်သက်လျှင် “ဘယ်မြို့၊ ဘယ်ဒေသ၌ရှိသော ပုဂ္ဂိုလ်သည် အကျင့်သီလနှင့် အလွန်ပြည့်စုံနေပြီး ရဟန္တာဟု ထင်ရကြောင်း ၊ ရဟန္တာတမျှဖြစ်ကြောင်း” စသည်ဖြင့် ရေလာမြောင်းပေး စကားမျိုး၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော စကားမျိုးတို့ဖြင့် ရေးသားတင်ပြမှုမျိုး မပြုသင့်ပါ။ ထို့ကြောင့် စာပေရေးသားနေကြသော စာရေးဆရာတို့သည် မိမိတို့ရေးသား တင်ပြမှုသည် အဆိပ်အတောက် ကင်း မကင်း ဆိုသည်ကို အမြဲတမ်း သတိထား၍ ရေးသားတင်ပြသင့်ပါသည်။

    “အများသိလျှင် ဤ ကို ကျွဲ” ဖတ်ချင်ကြသော ယခုခေတ်၌ ဘာသာရေးနှင့် ပတ်သက်လာလျှင် အမှားအယွင်း ဖြစ်စေနိုင်သော အတွေးအခေါ်၊ အယူအဆတို့ ပါ၀င်သည့် ရေးသားမှုတို့ကို ရေးသားတင်ပြခြင်း မပြုလုပ်ပါရန် ထပ်မံ၍ မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော့်အနေဖြင့် “အားလည်းနာတယ်၊ ပြောလည်းပြောချင်ပါတယ်၊ ပြောလည်းပြောပြီးသည့် အနေအထားလည်း ဖြစ်သွားပါပြီ ”။

    နောက်ဆုံးပြောချင်သည်မှာ “ချွန်ချင်လွန်းလျှင်လည်း တုံးတတ်သည်၊ သွန်သင်လွန်းလျှင်လည်း မုန်းတတ်သည်” ကိုသာ ရင်တွင်းခံယူ ရေးသားလိုက်ရပါသည်။

    လင်းဦး (စိတ်ပညာ)

    3 comments:

    Emily said...

    သိကြားသာသနာ ဆိုတဲ့ စကားနဲ့ ပတ်သတ်ပြီး ကျွန်တော် မေးကြည့်ဖူးတယ်ဗျ။ ကျွန်တော်တို့ မြို့က ဆရာတော်ကြီးတစ်ပါးကိုပါ။ ဘုန်းဘုန်းက ဟောပါတယ် သိကြားသာသနာဆိုတာ မရှိပါဘူးတဲ့။ ဘုရားသာသနာပဲ ရှိပါတယ်တဲ့။ သာသနာ ကွယ်ပျောက်မှာစိုးတဲ့ အတွက် သိကြားက စောင့်ရှောက်လို့ပဲ ရပါတယ် လို့ မိန့်တော်မူပါတယ်။ ကိုလင်းဦး ပြောသလိုပဲဗျ တချို့ ဘာသာရေး မဂ္ဂဇင်းတွေမှာ အမြင်လွဲအောင် ရေးတတ် သားတတ်ကြတယ်။ ကိုယ်ကသိလွန်းလို့တော့ မဟုတ်ပါ ကိုယ့်စိတ်ထဲ မရှင်းလျှင် နားမလည်လျှင် ဆရာတော်ကြီးတွေဆီ ဆည်းကပ် မေးမြန်းလို့ သိရတာတွေပါ။ ပို့စ်တွေ ကောင်းတယ် အကိုရေ။ အားပေးနေပါတယ်။

    မင်းကျန်စစ်။ said...

    သူငယ်ချင်းရေ ကွဲကွဲပြားပြား နားလည်သွားရတယ်။ အရင်က နည်းနည်းရော နေတာ။ အတိုက်အခံတွေတော့ သိပ်မဖြစ်ပါနဲ့။ ရန်များနေအုံးမယ်။ စေတနာပါ သူငယ်ချင်း။

    Kyaw Moe Nyan said...

    ဆရာလုပ်တာတော့မဟုတ်ပါဘူး။ စကားပုံအမှန်က အများညီလျှင် ဤ ကို ကျွဲဖတ် လို့ထင်တယ်။ ကျနော် အမှတ်မှားတာလဲဖြစ်ချင်ဖြစ်မှာပေါ့။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo