ကျွန်တော်သိသမျှ ( ၂ )

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • အမေရိကန်ပြည်ထောင်စုတွင် ငါးနှစ်ကြာ ဆေးပညာသင်ယူပြီးနောက် ဆရာဝန်ဘွဲ့ရခဲ့သော ထူးချွန်သူ ကိုကွိုင်းချင်သည် ၁၉၂၃ ခုနှစ်တွင် နေရင်းနိုင်ငံ တရုတ်ပြည်မသို့ ပြန်လာခဲ့သည်။ ဒီတော့မှ သူ့နိုင်ငံသားများ ဆေးပညာဗဟုသုတ မည်သို့မည်ပုံ ခေတ်နောက်ကျနေသည်ကို ချင်သဘောပေါက်လာခဲ့မိသည်။ ရောဂါဝေဒနာ အဖြာဖြာကို ကုစားရာ၌ သူ့နိုင်ငံသားတွေ ဆေးပင် ဆေးမြစ်နှင့် ပိုးမွှားကောင်လေးများကို အသုံးချလျက်ပင် ရှိသေးကြောင်း သူမေ့သလောက် ဖြစ်ခဲ့လေသည်။
    သူ့စိတ်အနှောက်အယှက်အဖြစ်ရဆုံးမှာ သူ့ဦးလေး ပရဆေးဆရာက ယင်းသို့သော ဆေးဖက်ဝင် ပစ္စည်းများကို ရောင်းချနေခြင်းနှင့် ယင်းလုပ်ငန်းဖြင့် ကြီးပွားနေခြင်းကြောင့်ပင်ဖြစ်သည်။ သူ့ဦးလေးမှာ ပီကင်းမြို့၌ ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ဆိုင်ထဲတွင် နံစော်ပြီး ရွံစရာကောင်းသောသစ်ရွက်၊ ၀ါးရွက်များနှင့် အခြောက်ခံထားသည့် ပိုးမွှားကောင်ကလေးများကို ကျကျနနသိမ်းဆည်းထားသည်။ ရောဂါဝေဒနာမှန်သမျှကို ယင်းတို့ဖြင့်ပင် ဆေးညွှန်းဖော်စပ် ကုသပေးလေ့ရှိသည်။
    ချင်ကား အသက်အရွယ်အိုမင်းနေပြီဖြစ်သော ဦးလေးကို စိတ်ရှည် လက်ရှည် ပေါင်းသင်းနေရသည်။ ချင်နှင့် သူ့ဆရာသမား အမေရိကန်လူမျိုး ဒေါက်တာ “ကားလ်အက်ဖ်ရှမစ်”တို့က ပီကင်း ယူနီယံဆေးကောလိပ်တွင် ခေတ်မီဆေးဝါးများအသုံးပြုနေချိန်၌ မိုင်အနည်းငယ်အကွာ၌သာနေသော သူ့ဦးလေးက မှော်ပညာကို လိုက်စားနေရခြင်းမှာ ဆန်းသလိုတော့ ဖြစ်နေသည်။ တစ်နေ့သောအခါ အဘိုးကြီးသည် သစ်ရွက်ခြောက် နှစ်ရွက်ကို ထုတ်ယူလာပြီး တူတော်မောင်ရှေ့တွင် သပ်သပ်ရပ်ရပ်ချလိုက်ယင်း-
    “မင်းတို့ အနောက်တိုင်း သိပ္ပံပညာရှင်တွေထက် အစွမ်းပိုထက်တာတွေတစ်ချို့ ငါ့ဆီမှာ ရှိပါတယ်ကွ ၊ တို့ဆီမှာ “မာဟူဝမ်” (mahuang)ရှိတယ်” ဟု ဆိုသည်။
    “ကျောက်ခေတ်က အကြွင်းအကျန်တွေနဲ့တူတယ်နော်” ဟု အထင်သေးသောလေသံဖြင့် ချင်ကပျက်ချော်ချော် ဆိုလိုက်သည်။
    “မလေးမစား မလုပ်ပါနဲ့ကွ၊ မာဟူဝမ်ဟာ သေခါနီး အသက်ငင်နေသူကို အသက်ပြန်ရှင်စေနိုင်တယ် ငါ့လူ”
    “ကျွန်တော် ဦးလေးကို ခင်မင်ပါတယ်။ လေးလည်း လေးစားပါတယ် ဦးလေးရယ်။ ဒါပေမယ့် ဆေးတု ဆေးယောင်တွေနဲ့ မှော်ပညာတွေ အောက်လမ်းအတတ်တွေကိုတော့ မယုံဘူးဗျာ”
    အဘိုးကြီး စိတ်တိုသွားသည်။
    “မင်းတို့ အနောက်တိုင်းဆရာဝန်တွေမှာ သင်ယူစရာတွေ မရှိတော့ဘူးလို့များ မှတ်နေကြသလားကွ။ ရော့...ဒါတွေ မင်းယူထား။ စမ်းကြည့်၊ ကိုယ်ကိုယ်တိုင် မသိသေးတာတစ်ခုကို နှာခေါင်းတော့ နောက်ထပ် မရှုံ့လိုက်ပါနဲ့”

    သစ်ရွက်ခြောက်ကလေးနှစ်ရွက်ကို ချင်က ဒေါက်တာဘာရှမစ်အား ပြသေးသည်။ ဒေါက်တာရှမစ်လည်း သူ့လက်ထောက် ချင် မေ့မေ့ပျောက် ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်လျက် နှစ်ရွက်စလုံးကို ကြောင်အိမ်ထဲတွင် ချိတ်ဆွဲထားလိုက်သည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ ချင် မေ့လျော့နေခဲ့လေသည်။
    တစ်နေ့ ကျောင်းသားများအား သရုပ်ပြရန်အတွက် ဆရာတပည့်နှစ်ယောက် ခွေးတစ်ကောင်ကို ပြင်ဆင်နေ ကြသည်။ မေ့ဆေးအရှိန်ကြောင့် ခွေး၏အသက်ရှူရှိုက်နှုန်းမှာ ရေတွက်၍မရနိုင်လောက်အောင် ကျသွား၍ လှုံ့ဆွဆေးများကို ပျာပျာသလဲ ထိုုးပေးကြသည်။ သို့သော် သွေးခုန်ချက် အားလျော့မြဲ လျော့နေလေသည်။
    “ဒီကောင်ကို ငါတို့ အသက်သွင်းပေးဖို့ မလွယ်တော့ဘူးထင်တယ်” ဟု ရှမစ်က စိတ်ပျက် လက်ပျက်ဖြင့် ပြောသည်။
    “မဟုတ်သေးဘူးဆရာ၊ ကျွန်တော့်ဦးလေးပေးထားတဲ့ ဆေးထူး ဆေးဆန်းကို စမ်းကြည့်ဖို့ အချိန်ကောင်းပါ ဆရာရဲ့”
    ချင်သည် သစ်ရွက်နှစ်ရွက်ကို ရေထဲ ထည့်ဖျော်ပြီး ထူးဆန်းသော ထိုဖျော်ရည်ကို အသက်ငင်နေသော ခွေးကိုယ်တွင်းသို့ ထိုးသွင်းပေးလိုက်သည်။ ခွေးမှာ နဂိုပုံစံအတိုင်း အသက်ကို စတင်၍ ရှူရှိုက်လာလေသည်။ သူတို့ မျက်စိရှေ့၌ တွေ့ရပုံကို ချင်ရော ရှမစ်ပါ မယုံနိုင်ကြပေ။

    သို့သော် စမ်းသပ်မှုများကို လနှင့်ချီ၍ ပြုလုပ်လာကြပြီးသောအခါ တရုတ်လူမျိုးတို့ ရာစုနှစ်ပေါင်းများစွာ ကတည်းက သုံးစွဲလာခဲ့ကြသော ထိုအံ့ဖွယ်ဆေးဝါးကို အသက်ရှူရန် နှိုးဆွပေးသော တကယ့်အစွမ်းထက်ဆေး တစ်လက်အဖြစ် ချင်တို့ဆရာတပည့်နှစ်ယောက်လုံး သဘောပေါက် လက်ခံခဲ့ကြသည်။ ထိုအချိန်မှစ၍ “မာဟူဝမ်”သည် “အက်ဖီဒရင်” ( Ephedrine ) အမည်ဖြင့် ကမ္ဘာ့တစ်ခွင်မှ မရေတွက်နိုင်သော ပန်းနာရင်ကျပ်သမားများ၊ သွေးချိန်ကျသူများ၊ သွေးလန့်တတ်သူနှင့် သွေးသွန်ဝေဒနာရှင်များအား ကယ်ဆယ် ပေးခဲ့သော ဆေးဖြစ်လာခဲ့သည်။

    ကျွန်တော်သိသမျှသာ တင်ပြထားခြင်း ဖြစ်ပါသည်။
    Lin Oo ( psy )

    1 comments:

    မြရွက်ဝေ said...

    အတော်ဗဟုသုတရတဲ့ စာတစ်ပုဒ်ပဲ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo