ထေရဝါဒ စံပေတံဖြင့် တိုင်းတာ၍

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • (၁)
    ဓမ္မစွမ်းရည် အရှင်သုဝဏ္ဏနှင့် တွေ့ဆုံခြင်း
    ကျွန်တော်သည် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် နှစ်လခန့်တရားအားထုတ်ဖြစ်ခဲ့ပါသည်။ တရား အားထုတ်ပြီးသောအခါ သုံးရက်ခန့်ရိပ်သာတွင် လေ့လာခွင့်ရပါသည်။ ထို့ကြောင့် သာသနဓဇသီရိပဝရဓမ္မာ စရိယ၊ ဒီဃနိကာယကောဝိဒ ဥဘတောဝိဘင်္ဂဓရ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ စာပေဆုရ၊ မန္တလေးမြို့၊ သာသနတက္ကသိုလ်၊ သုတ္တန္တမဟာဌာန နာယက ပါမောက္ခဟောင်း အဆင့်မြင့် လောကုတ္တရာဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများဖြင့် စုံလင်သည့် ကမ္မာဋ္ဌာနာစရိယ ဓမ္မကထိက ဓမ္မစွမ်းရည်ဆရာတော် အရှင်သုဝဏ္ဏအား တွေ့ဆုံ ကြည်ညိုခွင့် ရခဲ့ပါသည်။
    သို့တွေ့ဆုံစဉ် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအတွက် အယူအမြင် စင်ကြယ်ရေး၊ ကိုးကွယ်မှု စင်ကြယ် သန့်ရှင်းရေးများနှင့် ပတ်သက်၍ ဆရာတော်၏ ကြည်ညိုဖွယ်ရာ ရပ်တည်ဖြေဆိုချက်များအား ကျွန်တော်မေးမြန်း ကြားနာခဲ့ရသည်များကို ပြန်လည် ဓမ္မဒါန ပြုလိုက်ပါသည်။

    (၂)
    သာသနပါပက အကျင့်များ
    “ဆရာတော်ဘုရား၊ ရေဆွမ်းကိုသာ ဘုဉ်ပေးတယ်၊ သဲဆွမ်းကိုသာ ဘုဉ်ပေးတယ်၊ လေဆွမ်းကိုသာ ဘုဉ်းပေးတယ်ဆိုတဲ့ ပုဂ္ဂိုလ်ထူးတွေအကြောင်း ကြားနေသိနေရပါတယ် ဘုရား။ အဲ့ဒီပုဂ္ဂိုလ်တွေကို ထေရဝါဒ ရှု့ထောင့်ကနေကြည့်ရင် ဆရာတော် ဘယ်လိုမြင်ပါသလဲ ဘုရား။
    “ရှင်းပါတယ် ဒကာရဲ့။ ဘယ်လိုရှင်းသလဲဆိုတော့ သုတ္တန်ဒေသနာ မဟာသီဟနာဒသုတ်မှာ သာသန ပါပတွေရဲ့ အကျင့်တွေကို ဟောကြားထားခဲ့တာပဲ ”
    “မှန်ပါ ဘုရား ”
    “ဘယ်လိုဟောကြားခဲ့သလဲဆိုတော့ အဲဒီပုဂ္ဂိုလ်တွေဟာ အဝတ်အထည်ကို မဝတ်ကြဘူးတဲ့။ နောက် သဒ္ဓါမျက်လုံး ကန်းနေကြတဲ့ အန္ဓပုထုဇဉ်တွေကို အထူးအဆန်းထင်ပြီး အရူးအနှမ်းကိုးကွယ်လာကြအောင် သူတို့ဟာ သစ်ရွက်စိမ်းတွေကို စားပြကြတယ်တဲ့။ ဆန်စိမ်းတွေကိုလည်း စားပြကြတယ်။ ပြီးတော့ ဆန်ကွဲ၊ ထမင်းဂျိုးတွေကိုလဲ စားပြတယ်။ နှမ်းဖတ်၊ မြက်၊ တောသစ်မြစ်၊ သစ်သီးတွေချည်းပဲလဲ စားပြတဲ့အပြင် နောက်ဆုံး ကျင်ကြီးအထိ စားပြပြီး ထူးဆန်းအောင် လုပ်ပြကြပါတယ်တဲ့ ”
    “ ေဩာ် တင်ပါ့ဘုရား ”
    “ ဒီတော့ မဟာသီဟနာဒသုတ်နဲ့ တိုင်းတာပြောရရင် သဲဆွမ်း၊ ရေဆွမ်း၊ လေဆွမ်းကိုသာ ဘုဉ်းပေးတယ်၊ စာသောက်တယ်ဆိုတဲ့ သူတွေဟာ အထူးအဆန်းဖြစ်အောင်၊ အရူးအနှမ်းကို ကိုးကွယ်တတ်ကြတဲ့သူတွေ များပြားလာအောင် ဗန်းပြတဲ့ သာသနပါပ အကျင့်တွေကို ကျင့်ပြနေတာပဲ။ ဘုရားပြောတဲ့ အကျင့်မြတ် အပြင်ဘက်ကဆိုတာ ထင်ရှားနေတာပါပဲ”

    အကျိုးမရှိသော အကျင့်ဆန်းများ
    ဓမ္မစွမ်းရည်ဆရာတော် အရှင်သုဝဏ္ဏ၏ ဖြေကြားချက်များမှာ ရှင်းလင်းတိကျလှပါ၏။ သုတ္တန်ဒေသနာလာ မဟာသီဟနာဒသုတ္တန်နှင့် နှိုင်းချင့်ကြည့်လေသော် ထိုထို ရေဆွမ်း၊ သဲဆွမ်း၊ လေဆွမ်းကို စားသည်ဆိုသော ပုဂ္ဂိုလ်များ၏ အကျင့်များကား သာသနပါပမှ အကျင့်များ ဖြစ်နေပေသည်။ ထိုအကျင့်ဆန်းများကို ဘုရားရှင်သည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကာလမှစ၍ အတ္တကိလာမထာနုယောဂကျင့်စဉ်ဟု ပစ်ပယ်ရှုတ်ချခဲ့ပြီး ဖြစ်လေသည်။
    အဘယ်ကြောင့် ထိုအကျင့်များကို ဘုရားရှင် ပစ်ပယ်ခဲ့ပါသနည်း။ ထိုအကျင့်များသည် လောဘ၊ ဒေါသ၊ မောဟ စသည့် ကိလေသာအညစ်အကြေးများ ကင်းဝေးသန့်ရှင်းစင်ကြယ်စေကြောင်း အကျင့်များမဟုတ်သောကြောင့် ပင် ဖြစ်ပါသည်။ အစွန်းရောက်ကျင့်ကြံခြင်းများ ဖြစ်သောကြောင့်လည်း ကိုယ်နှုတ်နှလုံးသုံးပါးကို ယဉ်ကျေး သိမ်မွေ့စေနိုင်သော အကျင့်မြတ်များလည်း မဟုတ်ကြပေ။
    ကုသလ အနဝဇ္ဇ အပြစ်မရှိ ချမ်းသာရာရကြောင်း ကုသိုလ်လမ်းကြောင်းများလည်းမဟုတ်ပါပေ။ ထို့ကြောင့် ဘုရားရှင်က ပစ်ပယ်ခဲ့ခြင်းဖြစ်ပါသည်။ ေဩာ် ထိုထိုသော အကျင့်ထူးအကျင့်ဆန်းများကို ဘုရားအစရှိသည့် သူတော်ကောင်းကြီးများ ပစ်ပယ်တားမြစ်တော်မူထားပါလျက် ထပ်မံကျင့်ကြံနေကြပြန်သည်။ ထိုအကျင့်များကို လက်ခံကြည်ညိုနေကြပြန်သည်ဆိုတော့ ယင်းပုဂ္ဂိုလ်များကား ထေရဝါဒ အဝန်းအဝိုင်းမှ စာရင်းဝင်များကား မဟုတ်တန်ရာ၊ သာသနပါပ ပုဂ္ဂိုလ်များသာ ဖြစ်ပေမည်ဟု ကျွန်တော်တို့ သိရှိနားလည်ထားကြရမည်သာ ဖြစ်ပါသည်။
    ယခုကဲ့သို့ သူတို့အကြောင်း ရေးသားဖော်ပြနေရခြင်းမှာလည်း ထိုပုဂ္ဂိုလ်များက သာသနာအတွင်း အယောင်ဆောင် လှည့်စားနေပါသဖြင့် ထေရဝါဒ အဝန်းအဝိုင်းနှင့် ခြားနားစေရန် စည်းတားပေးခြင်းသာ ဖြစ်ပါသည်။

    (၃)
    ရာထူးစည်းစိမ်ဥစ္စာများ တိုးတက်ကြီးပွားစေပါသလား
    “အရှင်ဘုရား ၊ သူတို့က ဆိုကြပါသေးတယ်။ ဘယ်ဂါထားရွတ်၊ ဘယ်အရာကို ပုတီးစိပ်ပါဆိုရင် ရာထူးတိုးတက် စေရမယ်၊ ကြီးပွားချမ်းသာလာစေရမယ်လို့ အတိအလင်းပြောဆိုနေကြတဲ့ အချက်ကိုကော ဘုရား”
    “အဘိဓမ္မာမှာ စိတ်ဟာ လက်ဖျောက်တစ်တွတ််အချိန်မှာ ကုဋေတစ်သိန်းကျော့ဖြစ်တယ်လို့ ဆိုတယ်။ ဒါကို ရှင်းအောင် မိလိန္ဒပဥှာနဲ့ပြောရရင်တော့ လက်ဖျောက်တစ်တွတ်စာမှာ စိတ်ဟာ စပါးတင်းရှစ်ဆယ်ဆံ့တဲ့ လှည်းအစီးတစ်ရာလောက် အစုလိုက် အပုံလိုက် ဖြစ်တယ်။ ဆိုလိုတာက လက်ဖျောက်တစ်တွတ်စာမှာ စိတ်တွေဟာ အနီးစပ်ဆုံး စပါးတင်းပေါင်း တစ်သောင်းပုံကြီးလောက်နီးနီး ဖြစ်တယ်ပေါ့။ အဲ့ဒီမှာ ရာထူးတိုးချင်၊ စီးပွားဖြစ်ချင်တဲ့ လောဘစိတ်နဲ့ ဂါထာရွတ်၊ ပုတီးစိပ်နေတယ်ဆိုတော့ လောဘဆိုတဲ့ အကုသိုလ်ဦးစီးတဲ့ စိတ်တစ်ကြိမ် ဖြစ်တိုင်းဖြစ်တိုင်း စပါးတင်းတစ်သောင်းပုံလောက်နီးနီး ဖြစ်ဖြစ်နေတယ်ပေါ့။ ဒီတော့ ဂါထာ ရွတ်စဉ် စိတ်အစဉ်အကြိမ်တွေများစွာ ဖြစ်နေမယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့ ။ လောဘ အကုသိုလ်တွေ ဘယ်လောက်ဖြစ်နေမလဲဆိုတာ ဧရာမလောဘအပုံကြီး ဖြစ်နေပြီပေါ့။ ရွတ်တဲ့ဂါထာက ဘုရားဟောပါလို့ ပါရှိခဲ့ရင် ကုသိုလ်ကတော့ နည်းနည်းတော့ပါမှာပေါ့။ သန့်သန့်ရှင်းရှင်း ကုသိုလ်တော့ မဟုတ်ပါဘူး။ တကယ်က ရာထူးတိုးချင် ရာထူးတိုးတက်ကြောင်း၊စီးပွားတိုးတက်ချင်ရင် စီးပွားတိုးတက်ကြောင်း အလုပ်တွေကိုသာ ကြိုးကြိုးစားစားလုပ်ပေါ့။ ဒါမှ ရာထူးတို့၊ စီးပွားတို့ဆိုတာ တိုးတက်လာမှာပေါ့။ အင်း...ထိုင်ပုတီးစိပ်၊ ဂါထာရွတ်နေရုံနဲ့တော့ ဘယ်ရာထူး၊ ဘယ်စီးပွားမှ တက်မလာနိုင်ပါဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်က လမ်းလွဲနေလို့ပဲလေ။

    အကြောင်းကြောင့် အကျိုးဖြစ်
    မှန်ပါ၏။ ဆရာတော် အမိန့်ရှိသကဲ့သို့အလုပ်ဟူသောအကြောင်းတရားကို မပြုလုပ်ပါဘဲ အကျိုးဟူသော ကျေးဇူးခံစားရခြင်းများသည် လုံးဝဖြစ်ပေါ်လာ၍ မလာနိုင်ပါ။ အသီးကိုစားလိုလျှင် အပင်ကို စိုက်ပျိုးရပါမည်။ အကြောင်းမပြုလုပ်ပဲလျက် အကျိုးတရားဟူသည် ဖြစ်ပေါ်၍ မလာနိုင်ပါ။

    (၄)
    ထေရဝါဒ စံပေတံနှင့် တိုင်းတာ၍
    ကျွန်တော်တို့ ထေရဝါဒဟူသော ဗုဒ္ဓဘာသာဝင်တို့သည် ဒီလိုကြား၊ ဟိုလိုကြား၊ ဒီလိုမြင်၊ ဟိုလိုမြင်တိုင်း မျက်ကန်းသဒ္ဓါဖြင့် မယုံသင့်ကြပါချေ။ ဝေဖန်စီစစ်တတ်သော ၀ိဘဇ္ဇဝါဒီများပီပီ ဝေဖန်စိစစ်ပိုင်းခြား ကြည့်ကြရ ပေမည်။ သို့ ဝေဖန်ပိုင်းခြားကြည့်ရာတွင် ဘုရားအစရှိသည့် အရိယာသူတော်ကောင်းကြီးတို့၏ လမ်းကြောင်းနှင့် ညီမညီ၊ ဓမ္မဝိနိယနှင့် ကိုက်မကိုက်၊ သီလ၊ သမာဓိ၊ ပညာသို့ ဆိုက်မဆို်က် ထေရဝါဒ စံပေတံဖြင့် ထောက်ချင့်တိုင်းတာ ကြည့်ကြရပေမည်။
    တိုင်းတာကြည့်ရာတွင် ရဟန်းပညာရှိ၊ လူပညာရှိများ ရေးသားထားသော ပါဠိမြန်မာပြန်စာပေများစွာ အားထားရာ ရှိနေပါသည်။ ထိုစံများဖြင့် တိုင်းတာကြည့်ပြီး ကိုက်ညီလျှင် ကိုးကွယ်ရာအဖြစ်ယူ၍ မကိုက်ညီပါက ပါပဝါဒများသာဟု မှတ်ယူကာ ရှောင်ကြဉ်တားဆီးကြရမည်သာ ဖြစ်ပါတော့သည်။
    Lin Oo ( psy )


    1 comments:

    tayzar said...

    အကိုရေ ဒီပို့စ် အတွက် ကျေးဇူးပါ။ အခုလို ထေရဝါဒ အကြောင်းအရာတွေ ရေးပေးတာ ဗဟုသုတရပါတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo