ဘာသာရေးနယ်ပယ်မှ ပြုပြင်ဖွယ်ရာများ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ၀န်းသိုမြို့သို့ရောက်ခိုက် ရင်းနှီးသော မိတ်ဆွေတစ်ယောက်၏ ဖိတ်ကြားချက်အရ ရောက်ရှိသွားသည်။ သူ့အိမ်၌ ၀န်းသိုမြို့ ကျေးဇူးရှင် အဘိဓဇမဟာရဋ္ဌဂုရု ခန္တီးဆရာတော်ဘုရားကြီး(၁၂၅၆-၁၃၄၈)၏ ပုံတော်ကို တွေ့ရသည်။ အကြောင်းကို စုံစမ်းကြည့်ရာ အောက်ပါအတိုင်း သိရှိရသည်။
    “ကျွန်တော့်အိမ်ဝင်းထဲဂျီ(ချေ)တစ်ကောင်ရောက်လာတယ်ဗျ။ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာ နယ်အနှံ့ပဲ။ တစ်ခါမှ မကြံုဖူးဘူး။ တော်တော်လေး အံ့ဩသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း လူကြီးတွေကို မေးစမ်းကြည့်ရတယ်။ လူကြီးတွေက အိမ်ကလူတွေ သေကြေပျက်စီးတတ်တယ်၊ ရပ်ရွာ မြို့ရွာ ပျက်တတ်တယ် စသည်ဖြင့် ပေါ့လေ။ ပြောကြ၊ ဆိုကြတာ စုံနေတာပဲ။ တစ်ယောက် တစ်မျိုးဆိုပါတော့။ ကျွန်တော်လည်းဟုတ်သော်ရှိ၊ မဟုတ်သော်ရှိတစ်နိုင်ငံလုံးကကြည်ညိုကိုးကွယ်နေကြတဲ့ ခန္တီးဆရာတော် ဘုရားကြီးကို မေးလျှောက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိလိုက်တယ်။ တိုတိုပြောရရင် ခန္တီးဆရာတော်ဘုရားကြီးကို သွားပင့်တယ်ဗျာ။ ညနေပိုင်း ကြွလာမယ့်အချိန် အမိန့်ရှိတယ်။ ကြွလာတော့ ဆရာတော်ကို အအေးကပ်ပြီး အကျိုးအကြောင်း လျှောက်လိုက်တယ်။ အဆိုးအကောင်းလည်း အမိန့်ရှိပါဘုရား ဆိုပြီးတော့ ဂျီ(ချေ)၀င်တဲ့အကြောင်း လျှောက် ရတာပေါ့။ ပရိတ်တရားတော်ကိုလည်း ချီးမြှင့်ပေးပါတယ်။”
    “ဆရာတော်ကတော့ အေးအေးပဲ။ ဘယ်လိုအမိန့်ရှိလဲဆိုတော့ “ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် ဖြစ်တတ်တဲ့ သဘာဝတွေပါ”။ နောက်ပြီး “ရှေးလူကြီးသူမတွေ ပြောဆိုကြတာလဲ ထုံးစံရှိခဲ့လို့ ပြောကြဆိုကြ မှတ်သားထား ကြတာပါ။ မုချဖြစ်နိုင်တယ်လို့ မဆိုပါဘူး” တဲ့ဗျ။
    နောက်ပြီးတော့-
    “သာသနာနဲ့ ကြံုကြိုက်ခိုက်မှာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တော်တွေကို မမှိတ်မသုန် ယုံယုံကြည်ကြည် ဆည်းကပ်ကိုးကွယ်ရင် အန္တရာယ်ကင်းမှာပါပဲ” တဲ့။ “သံသယ မကင်းဘူးထင်ရင် ပရိတ်တရားနာ၊ ပရိတ်ရွတ် လုပ်ရင်လဲ ရပါတယ်” တဲ့ ။ ကျွန်တော့်နားထဲ စွဲသွားတဲ့စကားတစ်ခွန်းကတော့ ဂျီ(ချေ)၀င်ရင် လူသေ တတ်တယ်၊ မြို့ရွာပျက်စီးတတ်တယ် ဆိုတာတွေဟာ ဘုရားဟော ဒေသနာမဟုတ်ဘူးဆိုတဲ့ ဩဝါဒပါ ပဲ။


    ဤကား ကျွန်တော့်မိတ်ဆွေထံမှ ကြားနာမှတ်သားရသော မြတ်နိုးဖွယ်ရာစကားများဖြစ်ပါ၏။ တော်ပေသေး၏။ အခြားသူတစ်ဦးဦးဆိုလျှင် ဗေဒင်မေး၊ ယတြာချေ စသဖြင့် အလုပ်ရှုပ်သွားနိုင်၏။ အသိဉာဏ်ပညာဦးစီင်္းသော ဘာသာ သာသနာယုံကြည်မှုကြောင့် ၀ိပဿနာထိပ်ခေါင်တင် ကျေးဇူးရှင် ခန္တီးဆရာတော်ဘုရားကြီးကိုလည်း ဖူးမြင်လိုက်ရ၏။ ကျိုးကြောင်းဆက်နွယ်သော တရားကောင်းကိုလည်း နာကြားခွင့် ရလိုက်၏။ သံသယကင်းပြီး ကျန်းမာချမ်းသာခြင်းဂုဏ်ကိုလည်း ရရှိလိုက်၏။ အဘယ်မျှ မွန်မြတ်ပါသနည်း။
    လောကီသားတို့အတွက် လောကီကိစ္စများသည်လည်း မလွဲမသွေ ကြံုကြရ၏။ နိဗ္ဗာန်မရောက်မချင်း လောကီ ကိစ္စများ ဆောင်ရွက်နေကြရဦးမည်သာ ဖြစ်၏။ သို့သော် “တစ်ဆင့်စကား ပြောသံကြားကာမျှဖြင့် မှန်ပြီဟု မယူနှင့်၊ ဘိုးဘေးစဉ်ဆက် ဆိုထုံးစကားဖြင့်လည်း မှန်ပြီဟု မယူနှင့်၊ ဤသို့ဖြစ်ဖူး၏ဟူသော ရှေးစကားမျှဖြင့်လည်း မှန်ပြီဟု မယူနှင့်....” စသော (အံ၊-၁၊၁၈၉) မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို ထောက်ချင့်၍ တစ်ဖက်သတ် တစ်ယူတန် အစွဲမပြင်းထန်ကြဖို့ လိုပါ၏။
    စာရေးသူတို့ငယ်ငယ်က မိဘဘိုးဘွားတို့ ဆုံးမသည်ကို သတိပြုမိပါ၏။ “ဟဲ့ ကောင်လေး၊ ညကြီးမိုးချုပ် လျှောက်မလည်နဲ့၊ သရဲ ကုပ်ချိုးလိမ့်မယ်” စသဖြင့် ဆုံးမသွန်သင်ခဲ့၏။ အမှန်မှာ ညဉ့်အချိန်မတော် သွားလာ သဖြင့် အပေါင်းအသင်းမှားပြီး ပျက်စီးနိုင်၏။ ညဉ့်မိုက်သဖြင့် အဆိပ်ရှိသတ္တဝါများ နင်းမိနိုင်ခြင်း၊ တွင်းကျွံနိုင်ခြင်း စသော ဆိုးပြစ်များစွာရှိ၏။ ထို့ကြောင့် စာရေးသူတို့အား ဘိုးဘွားမိဘတို့က သတိပေးပြီး ခြိမ်းခြောက်ခဲ့၏။ ထိုကျေးဇူးကြောင့် မတွေ့ကြံုသင့်သော အမှားများ ရှောင်ရှားနိုင်ခဲ့၏။ ကုပ်ချိုးတတ်သည့် သရဲကိုပင် ကျေးဇူးတင်ရတော့မလိုလို ဖြစ်ရပါ၏။ ထိုနည်းတူ အခြားသော ရှေးရိုးစဉ်လာ စကားများလည်း ရှိပါသေး၏။ ချင့်ချိန်တတ်ဖို့၊ စဉ်းစားတတ်ဖို့ သတိပေး တင်ပြရခြင်း ဖြစ်ပါ၏။
    စစ်ကိုင်းတိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး ပဒေသာဆုံးမစာများ (စာ-၃၃)၌ ရေးဖွဲ့ထားသည့်
    * ဉာဏ်ဝီရိယ၊ ရှိတုံက၊ ကိစ္စပြီးသည်သာ။
    * ဆန္ဒရှိက၊ မှုကိစ္စ၊ ပြီးတတ်ကြသည်သာ။
    * စိတ်ဓါတ်ဆောင်က၊ မှုကိစ္စ၊ ပြီးတတ်ကြသည်သာ။
    ဟူသည့်အတိုင်း အရာရာ၌ ဉာဏ်ယှဉ်၍ ဆင်ခြင်တတ်သော ပညာရှိဖို့ လို၏။ သို့မှသာ အကျိုးမရှိသော ယုံကြည်စွဲလမ်းမှုများ ပျောက်ကွယ်ပြီး လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးများ ရရှိနိုင်မည် ဖြစ်ပါသည်။
    Lin Oo (psy)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo