ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်(၇)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ပြောရမယ်ဆိုရင်တော့ ဂမ္ဘီရနွယ် မဂ္ဂဇင်းတွေ တော်တော်လေးများလာတာ တွေ့ရတယ်။ ဂါထာတော်အကြောင်း၊ သေရွာပြန်အကြောင်းတွေ ရေးကြ ၊ ဖတ်ကြသူတွေကလည်း အများသား။ ........စီရင်တော်မူခဲ့သော ရာထူးတက်၊ စီးပွားတက်၊ ရန်နှိမ်ဂါထာတော်၊ အလုပ်အကိုင်ရရှိစေသောဂါထာ၊ အိုးပိုင် အိမ်ပိုင်နှင့် တင့်တယ်စွာ နေနိုင်အောင် ဒီစမကိုဆောင်၊ ဒီဂါထာရွတ် စသည် .....စသည် ။ ယတြာ၊ အစီအရင်တွေကလည်း တစ်မျိုးတစ်ဘာသာချင်း မထပ်စေရ။
    ကျွန်တော်တွေးမိတာက ဂါထာရွတ်တိုင်း အကျိုးပေးသလားဆိုတဲ့အတွေးကို အလိုလိုမွေးဖွားမိခဲ့တယ်။ လောဘစိတ်ပေါ်တင်ပြီး ရွတ်တဲ့ဂါထာ။ မောဟစိတ်ပေါ်တင်ပြီး ရွတ်တဲ့ဂါထာ၊ ဒေါသစိတ်ပေါ်တင်ပြီး အာဂုံဆောင်ထားတဲ့ ဂါထာ။ အဓိဌာန်ရက်စေ့တဲ့နောက် အကျိုးမထင်လာတဲ့အခါမှာတော့ အခြားအခြားသော ကောင်းနိုးရာရာ အစီအရင်ဘက် တစ်ခါပြန်လှည့်ကြပြန်ရော ။ ဒီအကြောင်းကို မိတ်ဆွေတစ်ဦးနှင့် ဆွေးနွေးဖြစ်တော့ တကယ်တိုက်ဆိုင်နေသည့် သူ့အဖြစ်ကို ခနဲ့နေသည်ဟု ထင်လို့လားမသိ
    “ကဲ ...ဒါဆို ဘယ်လိုကျင့်ကြံရပွားများရလဲ”တဲ့ မေးလာပါတယ်။

    “ဘယ်လို ကျင့်ကြံပါလို့ လမ်းညွှန်လောက်တဲ့အထိ ကျွန်တော့်မှာ ၀မ်းစာ မပြည့်ဝပါဘူး။ ဒါပေမယ့် ထိရောက်တဲ့ နည်းလမ်းကောင်းလေးတစ်ခုတော့ ကျွန်တော့်မှာရှိတယ်”လို့ ဆိိုုလိုက်ရင်ပဲ ဂါထာတစ်ပုဒ် ပေးတော့မည်အထင်နှင့် သူ့အိတ်ထဲက စာရွက်နဲ့ ဘောပင်ထုတ်ပြီး ကျွန်တော့်စကားကို ဆက်ပြီး နားစွင့်နေပါတယ်။
    “အမရပူရ မဟာဂန္ဓာရုံစာသင်တိုက်၊ ဆွမ်းစားကျောင်းဆောင်နံရံမှာ ချိတ်ဆွဲထားတဲ့ စည်းမျဉ်း(၁၀)ချက် ပေါ့ဗျာ။ ကျောင်းတွင်း ရဟန်းသံဃာတွေအတွက်တင် မဟုတ်ဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ အတွက်ပါ အကျိုးရှိစေမယ့် တစ်သက်တာ ကျင့်စဉ်မို့ ကူးမှတ်ထားခဲ့တာ။ စိတ်ကောင်းရှိဖို့က....ပထမ၊ ၀ိနည်းလေးစားဖို့က.....ဒုတိယ၊ ကျန်းမာဖို့က.....တတိယ၊ သန့်ရှင်းဖို့က......စတုတ္ထ၊ အဝတ်အစား ၀တ်တတ်ဖို့က...ပဥ္စမ၊ အနေအထိုင်တတ်ဖို့က.....ဆဌမ၊ အသွားအလာတတ်ဖို့က....သတ္တမ၊ အပြောအဆို တတ်ဖို့က.....အဌမ၊ စည်းကမ်းလိုက်နာဖို့က.....နဝမ၊ စာတတ်ဖို့က......ဒဿမတဲ့။ စိတ်ကောင်းရှိခြင်းက အရာအားလုံးရဲ့ မဏ္ဍိုင်ဆိုတော့ ...........”
    ကျွန်တော့် စကားတောင် မဆုံးလိုက်ပါဘူး ။ ထိုသူက ခပ်ပြံုးပြံုးနဲ့ ထထွက်သွားပါတယ်။ သူ့အပြံုးက တစ်မျိုးပဲ။ တည်ငြိမ်သွားတာလား၊ ကြည်လင်သွားတာလား တစ်မျိုးပဲ။ ဂါထာမှတ်လို့ ....ဒါကိုများဆိုတဲ့ သဘောပါပဲ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ အေးပြီး ကျန်နေခဲ့ပါတယ်။

    လွန်ခဲ့တဲ့ နှစ်တုန်းကပါ။ ကျောင်းသား ကျောင်းသူလေးတွေကို ဆုံးမလမ်းညွှန်ဖို့ဆိုပြီး ခင်မင်တဲ့ ကျောင်းအုပ်ဆရာကြီး ၀ယ်လာတဲ့ စာအုပ်တစ်အုပ် ဖတ်ရပါတယ်။ မောင်ခိုင်ခန့်ပြုစုတဲ့ “သေရွာပြန် ပုဂ္ဂိုလ်များ အကြောင်း”ပါ။ ဆရာကြီးရဲ့ ရည်ရွယ်ချက် ပြည်ဝသွားတယ်ဆိုမလား။ တစ်ချို့ကလေးတွေက အိမ်အထိ ယူဆောင်သွားပြီး ညီအစ်ကို မိဘဆွေမျိုးတွေကို လက်ဆင့်ကမ်းကြကြောင်း သိရပါတယ်။
    “ေဩာ်.....လူဆိုတာ ကောင်းမှုကံ၊ မကောင်းမှုကံရဲ့ အကျိုးပေးကို နားလည်သဘောပေါက်လာရင် ပြုပြင်ပြောင်းလဲယူနိုင်တဲ့ အသိတရားတွေ ရှိနေစမြဲပါလား” လို့ ပီတိပွားရပြန်ပါတယ်။
    “ဖတ်လို့တော့ အကောင်းသား။ ဘယ်.....ကျုပ်တို့ရွာဦးဘုန်းကြီးက ဒီလိုအကြောင်းတွေနဲ့ ဆက်နွယ်ပြီး ဟောမှပေါ့။ ခုတော့ဗျာ စာပေလဲမဖတ်၊ တရာဟောကလဲ.......အဲဒါကြောင့်.......အဲ့ဒီဘုန်းကြီးငယ်ငယ်တုန်းက ကျုပ်စာသင်ပေးခဲ့ရဖူးတယ်”
    ဘယ်ရည်ရွယ်ချက်က ဘယ်ရောက်ကုန်တယ် မသိ။ ကျွန်တော့်ပီတိလေးကို မနည်းဖမ်းယူထား လိုက်ရပါတယ်။ ဒီလူ အတွေးချော်သွားတယ်ထင်ပါရဲ့။
    စာအုပ်၊ စာပေထဲက အသိဆိုတာ ဦးနှောက်ထဲမှာတင်မကပဲ နှလုံသားထဲမှာ စွဲထင်နေမှ နဂိုဖြူစင် မွန်မြတ်ပြီးသား နှလုံသားမှာ စွဲမြဲနေစေတဲ့ အသိတရားဟာလည်း ဖြူစင် မြင့်မြတ်နေမှာပါ။ ပေရေညစ်ပတ်နေတဲ့ လက်နှစ်ဖက်နဲ့ ခံယူလိုက်တဲ့ နှစ်သက်ဖွယ် ဆီဦးထောပတ်ဟာ သူ့အတွက်တော့ မစင်ကြယ်တဲ့ အရသာဖြစ်သွားစေပေမယ့် ထောပတ်တိုင်း မစင်ကြယ်ဘူးလို့ စွဲချက်မတင်ကောင်းပါဘူး။

    စကြာဝဠာကြီးဟာ ကျွန်တော်တို့အားလုံးအတွက် အမှန်တရားပါ။ ကျွန်တော်တို့ တစ်ယောက်ချင်း အတွက်တော့ တစ်ကျောင်း တစ်ဂါထာပေါ့
    Lin Oo (psy)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo