ကျွန်တော်သိသမျှ(၅) သို့မဟုတ် ကျွန်တော်ရောက်ခဲ့သော သက်သက်လွတ်နယ်မြေ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ၂၀၀၄ ခုနှစ်တုန်းကပါ။ ဒီသကြင်္န်မှာ ဘာများလုပ်ရမလဲ၊ ဘယ်များသွားရပါ့မလဲ ဦးနှောက်ခြောက်နေတုန်း သောကြာမဂ္ဂဇင်းတိုက်မှာရောင်းတဲ့ မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး၏ ဘဝအချိုးအကွေ့များ၊ ယွန်းစလင်း အမြုတေပေါင်းချုပ် (၃)အုပ်တွဲကြီးကို ၀ယ်ဖတ်ရာက ဒီတစ်ခါတော့ မြိုင်ကြီးငူ သက်သက်လွတ်နယ်မြေကိုသွားပြီး ဆရာတော်ရဲ့ တည်ဆောက်ပြုပြင်လုပ်ငန်းတွေမှာ ငွေကြေးပါ၀င်ကူညီရင်း ခရီးထွက်မယ်လို့ တွေးပြီး ကျေနပ်နေမိတယ်။

    ဒီလိုနဲ့ ဧပြီလ(၁၁)ရက်နေ့ တနင်္ဂနွေနေ့(၃)နာရီလောက်မှာ ကျောပိုးအိတ်တစ်လုံး၊ ထီးတစ်ချောင်းနဲ့ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ရောက်ခဲ့ပါတယ်။ ကားတွေကို စုံစမ်းတော့ ပုံမှန် ရန်ကုန်-ဖားအံကားခ (၁၅၀၀)ကျပ်ဟာ (၄၅၀၀)ကျပ် ဖြစ်နေပြီ။ ဘယ်တတ်နိုင်ပါ့မလဲ။ လက်မှတ်တစ်စောင်ဝယ်ပြီး စောင့်နေရတော့ တာပေါ့ ။ လက်မှတ်မှာရေးထားတာက “အောင်စစ်သည်ခရီးသည်ပို့ဆောင်ရေး(အဆင့်မြင့်အထူးအမြန်ယာဉ်)၊ ယာဉ်အမှတ် ၄ခ/၄၆၃၈၊ ယာဉ်ထွက်ချိန်(၆)နာရီတဲ့။ သို့သော်လည်းပဲပေါ့လေ ...တကယ်တမ်းမှာတော့ (၇)နာရီ (၁၀)မိနစ်လောက်မှ စတင်လှုပ်ရှားပါတယ်။ ဒါတောင် တကယ်မထွက်သေးဘဲ အဝေးပြေးဝင်းထဲမှာပဲ လှည့်ပတ်မောင်းပြီး ကုန်တွေတင်ပါတယ်။ နောက်ဆုံး (၇)နာရီခွဲလောက်မှာတော့ ၀င်းထဲက တကယ်ထွက်ပါပြီ။ အဝေးပြေးဝင်းနဲ့ ထောက်ကြံ့အကြားကို ခရေပင်လမ်းခွဲအတိုင်း ထွက်လာရာမှာ အကြိမ်(၂၀)လောက် ရပ်တာတွေ၊ အဲဒီနောက်် တစ်လမ်းလုံး အကြိမ်ကြိမ်ရပ်ပြီး လူခေါ်တင်တာတွေ မရေးတော့ပါဘူး။ ဒီကားဟာ အဆင့်မြင့်အထူးအမြန်ယာဉ်ကြီးလို့ ပြောပေမယ့် ခရီးသည်တွေရဲ့ ပစ္စည်းပစ္စယ လက်ဆွဲအိတ်တွေ တင်ဖို့တောင် စင်မပါပါဘူး။ ထိုင်ခုံများဟာလည်း မလှုပ်သာ မလူးသာ ခြေမဆန့်သာအောင် ကျဉ်းကြပ်နေပြီး နောက်ကို မှီလို့ရအောင် ဖန်တီးထားတဲ့ အတင်အချခလုတ်လည်းမရှိ၊ ထိုင်ခုံအောက်ခြေများကို သစ်သားတုံးများနဲ့ ပြုပြင်ခုခံထားပါတယ်။ ယာဉ်နောက်ပိုင်း နေရာသုံးပုံတစ်ပုံလောက်ကို ထိုင်ခုံတွေဖြုတ်ပြီး ကုန်ပစ္စည်းများအပြည့် တင်ထားပါတယ်။ ကားခ(၄၅၀၀)ကျပ်ယူထားသော်လည်း လေအေးပေးစက်မရှိ။ ကားဟာ လွတ်နေသေးတဲ့ ထိုင်ခုံတွေအတွက် အကြိမ်ကြိမ်လူတင်ပေမယ့် ကျွန်တော့ဘေးက ထိုင်ခုံကို ဘယ်သူမှ ရောက်မလာပါဘူး။ ေဩာ်....မြိုင်ကြီးငူဆရာတော်ရဲ့ တည်ဆောက်ပြုပြင်လုပ်ငန်းတွေမှာ မတ်လ တစ်လစာနဲ့ ဧပြီလပထမပတ်အတွင်း ရှာဖွေရရှိထားတဲ့ ဒေါ်လာငွေ (၁၁၀)ကျပ်ကို ရောင်းလို့ ရလာတဲ့ငွေ (၉၀၀၀၀)ကျပ်တိတိ လှူလိုက်မဟဲ့ဆိုတဲ့ ကုသိုလ်စိတ်ကူးကြောင့်ထင်ပါရဲ့ နှစ်ယောက်စာထိုင်ခုံကို တစ်ယောက်ထဲကွေးအိပ်ရင်း ဇိမ်ကျကျပါသွားပါတယ်။

    ဒီလိုနဲ့ ပဲခူး၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက္ကော်စသည်တို့ကို လေယာဉ်မောင်းသလို မောင်းလာရာမှာ ဖားအံတံတားကို မနက်(၃)နာရီလောက် ရောက်ခဲ့တယ်။ တံတားက မနက်(၅)နာရီမှဖွင့်လို့ ဒီဘက်ထိပ်မှာပဲ စောင့်နေကြရပါတယ်။ (၅)နာရီထိုးတော့ ယာဉ်တစ်စီးချင်း စစ်ဆေးနေတာမို့ ဖားအံကို (၆)နာရီထိုးမှ ၀င်ပါတယ်။ ဖားအံကနေ မြိုင်ကြီးငူကားနဲ့ ဆက်ထွက်လာရာမှာ (၁၂-၄-၂၀၀၄)၊ မနက်(၇)နာရီ မြိုင်ကြီးငူကို ရောက်ရှိခဲ့ပါတော့တယ်။ မြိုင်ကြီးငူ ဧရိယာအဝင်ဂိတ်မှာ အိတ်များ၊ အထုပ်အပိုးများကို အသေအချာ ရှာဖွေ စစ်ဆေးပါတယ်။ အထူးသဖြင့် သားငါး၊ ငပိခြောက် စတာတွေကို သက်သက်လွတ်နယ်မြေအတွင်း မယူဆောင်လာရအောင် စစ်ဆေးတာ ဖြစ်ပါတယ်။ မြိုင်ကြီးငူဂိတ်အဆုံးမှာတော့ ယွန်းစလင်းအမြုတေ ပေါင်းချုပ်စာအုပ်ကြီးထဲမှာ ဖတ်ရတဲ့အတိုင်း ဒီကေဘီအေဥက္ကဌ ဦးသာထူးကျော်ရဲ့အိမ်ကို မေးမြန်းပြီး သွားရတာပေါ့။ ဒါပေမယ့် ဥက္ကဌကြီးက ဖားအံဘုန်းကြီးကျောင်းမှာ ကိုရင်ကြီးသွားဝတ်နေလို့ မတွေ့ခဲ့ရပါဘူး။ ဥက္ကဌကြီးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအဆင့်ရှိသူ စောသိန်းဇော်နဲ့တွေ့လို့ အကျိုးအကြောင်း ရှင်းပြတော့ အတွင်းရေးမှူး ဦးလာဘထံခေါ်သွားပြီး သတင်းပို့ တင်ပြေပေးပါတယ်။ ဦးလာဘရဲ့ ညွှန်ကြားချက်အရ ဥက္ကဌကြီးရဲ့ ရုံးအုပ်ချုပ် ဗိုလ်ကြီးအဆင့်ရှိ စောချစ်လွင်နဲ့ ဇနီးနော်သိန်းပွင့်တို့အိမ်မှာ တည်းခိုရပါတယ်။ အဲဒီနေ့ (၁၂-၄-၂၀၀၄)ရက်နေ့မှာပဲ ဘရသေ့ကျောင်းကိုသွားပြီင်္း ဆရာတော်မရှိတဲ့အတွက် အလှူငွေကျပ် (၉၀၀၀၀)ကျပ်ကို လက်ခံထားဖို့လျှောက်ထားရာ မယ်တော်ကျောင်းကိုသွားပြီး မယ်တော်ထံမှာ အပ်နှံထားဖို့ ပြောပါတယ်။ ဘရသေ့ကို ငွေ(၅၀၀၀)ကျပ်လှူဒါန်း ကန်တော့ပြီးတဲ့နောက် မယ်တော်ကျောင်းကိုသွားပြီး မယ်တော်ထံ အလှုူငွေ အပ်နှံခဲ့ပါတယ်။ အဲဒီနောက် ဘရသေ့ရဲ့ လုံခြံုရေးအရာရှိ ဗိုလ်မှူးအဆင့်ရှိ စောနန္ဒိယက လိုက်ပို့ပေးလို့ သံလွင်မြစ်ကမ်းနဖူးအထက်မှာ တည်ထားတဲ့ ဘေသဇ္ဇမုနိကြေးသွန်း ဘုရားကြီးကို ဖူးခဲ့ရပါတယ်။ ဆရာတော် ကြေးသွန်းဘုရားကြီး တည်ထားရာမှာ ကြေးသွန်းဘုရားကြီးအတွက် ကြေးပိဿာချိန် (၁၁၀၀)အသုံးပြုခဲ့ရပြီး မကိုဋ်တော်အတွက် ရွှေချိန်(၃၈)ပိဿာ အသုံးပြုခဲ့ရပါတယ်။ ကြေးသွန်းဘုရားကြီးနဲ့တကွ စံကျောင်းတော်တည်ဆောက်ရာမှာ (၄)နှစ်နဲ့တစ်လ ကြာခဲ့ပြီး ငွေကျပ်သိန်းပေါင်း (၇၀၀၀)ကျော်ခန့် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

    (၁၃-၄-၂၀၀၄)ရက်နေ့မှာတော့ ရုံးအုပ်ဦးစောချစ်လွင်ရဲ့ ယောက္ခထီး၊ အသက်(၇၀)နှစ်ရှိ ဖထီးက လိုက်ပို့လို့ တောင်ကုန်းကြီးရဲ့ထိပ်မှာ တည်ထားတဲ့ ရပ်တော်မူကျွန်းကိုး ဘုရားကြီးကို ဖူးတွေ့ခဲ့ရပါတယ်။ ဒီရပ်တော်မူ ရုပ်ပွားတော်ထုလုပ်ခဲ့တဲ့ ကျွန်းလုံးကြီးကို ရရှိခဲ့ပုံကလည်း ထူးခြားလှပါတယ်။ ဒီကျွန်းလုံးကြီးဟာ သဲသောင်ပြင်ရဲ့ အောက်ပေ(၂၀)လောက်မှာ နစ်မြုပ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ သက်ကြီးရွယ်အိုများ အပါအဝင် မည်သူ တစ်ဦးတစ်ယောက်မျှ မသိခဲ့ကြပါဘူး။ ဆရာတော်က ဒီသောင်ပြင်ရဲ့ အောက်မှာ ကျွန်းလုံးကြီးရှိတယ်၊ တူးကြဆိုလို့ တူးဖော်ကြရာမှာ လူပေါင်း(၅၀၀)ကျော်နဲ့ (၁၀)ရက်/ (၁၅)ရက်ခန့် တူးကြရပြီး ပေ(၂၀)လောက်အနက်မှာ ဒီကျွန်းလုံကြီးကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ရပ်တော်မူ ဆင်းတုတော်ထုလုပ်တဲ့ ပန်းပုဆရာကြီး ဦးသိန်းဝင်းရဲ့ ပြောပြချက်အရ အဖျားပိုင်းထိပ်ဝ (၇)ပေကျယ်ပြီး၊ အရှည်(၁၄)တောင်ခန့်ရှိကြောင်း၊ အရင်းပိုင်း သင်္ကန်းတော်ဖြန့်နေပုံ ထုလုပ်ရာမှာ မူလသစ်လုံးကြီးရဲ့ အရင်းပိုင်းပုံစံက သင်္ကန်းဖြန့်နေပုံဖြစ်တဲ့အတွက် အလိုက်သင့် လွယ်ကူစွာထုလုပ်နိုင်ခဲ့ကြောင်း။ ၂၀၀၀ပြည့်နှစ် တပေါင်း/တကူးမှ စတင်ထုလုပ်ရာ ၀ါဆို/၀ါခေါင်တွင် အပြီးသတ်နိုင်ခဲ့ကြောင်း၊ စံကျောင်းတော်ကြီးကို ၂၀၀၁ခုနှစ် အောက်တိုဘာလတွင် အုတ်မြစ်ချခဲ့ကြောင်း သိရပါတယ်။

    (၁၄-၄-၂၀၀၄)ရက်နေ့မှာတော့ လိုက်လံပြသမယ့်လူ မရှိတော့ဘူး။ အားလုံးဟာ တာဝန်အသီးသီးနဲ့ အလုပ်ရှုပ်နေကြပါတယ်။ မနေ့ကလိုက်ပို့တဲ့ အသက်(၇၀)ကျော် ဖထီးကလည်း ပူပြင်းလှတဲ့ နေဒဏ်ကို မခံနိုင်ရှာဘူး။ ကျွန်တော်ကလည်း ယွန်းစလင်းအမြုတေပေါင်းချုပ်စာအုပ်ကြီးထဲမှာ ဖတ်ခဲ့ရတဲ့ သံလွင်မြစ် တစ်ကြောမှာ ဆရာတော်တည်ထားတဲ့ စေတီပုထိုးများကို ဖူးချင်တယ်။ ဒါနဲ့ တစ်ယောက်ထဲပဲ မြိုင်ကြီးငူ စက်လှေဆိပ်ကို ဆင်းလာခဲ့တယ်။ သဇင်မြိုင်ရပ်ကွက်မှာနေတဲ့ စက်လှေသမား မောင်ပူဇွန်(ခေါ်)မောင်နီရေးနဲ့ ဈေးညှိပြီး ငွေတစ်သောင်းနဲ့ စက်လှေငှားလို့ သံလွင်မြစ်ကို ဆက်တက်ခဲ့ကြပါတော့တယ်။ မြိုင်ကြီးငူ လှေဆိပ်က နံနက်(၇)နာရီ (၁၅)မိနစ်လောက်ပေါ့။ ပထမဆုံး ညာဘက်ကမ်းခြေမှာ မာလာယုဘုရား၊ ကရင်လို နော်ပေါနူ၊ ဘယ်ဘက်ကမ်းမှာတော့ စန္ဒပါလ၊ ကရင်လို သင်လိုလ။ အဲဒီနောက် ကန်ညီနောင်စခန်းဘုရား။ ရှေ့ဆက်လာတော့ ကမော့လဲ့တောင်၊ ပေါ့တော့တောင်။ အဲဒါပြီးတော့ ကျောက်တောင်ကုန်းကြီးတစ်ခုဟာ သံလွင်မြစ်ဘယ်ဘက်ကမ်းကနေ ဆင်းလာပြီး မြစ်ထဲ ရေဆင်းသောက်နေတဲ့ ကျောက်မြွေကြီးတစ်ကောင်လို ခေါင်းထောင်ပြီး အဆုံးသတ်ထားပါတယ်။ မောင်ပူဇွန်ရဲ့ ပြောပြချက်အရ မြွေကြီးဟာ သံလွင်မြစ်ကို ဖြတ်ကူးမယ့်ဆဲဆဲ ညာဘက်ကမ်း ခွေးခြသေ့င်္တောင့်လို့ခေါ်တဲ့နေရာက ခွေးဟောင်လို့ ဆက်မကူးတော့ဘဲ ရပ်သွားခဲ့တာတဲ့။ ကျောက်မြွေကို ဖြတ်လာပြီးတဲ့နောက် မရှေး မနှောင်းမှာပဲ ညာဘက်ကမ်း ခွေးခြင်္သေ့တောင်ကုန်းပေါ်မှာ တည်ထားတဲ့ သီလသိဒိ္ဓဘုရားကို ဖူးတွေ့ရပါတယ်။ ခွေးခြင်္သေ့တောင်ကုန်းဟာ သိပ်မမြင့်လှပါဘူး။ ဒါပေမယ့် အဲ့ဒီတောင်ကုန်းနဲ့ တစ်ဆက်တည်းတောင်ကြောကတော့ အတော်မြင့်ပါတယ်။ တောင်ကြောနဲ့ သံလွင်မြစ်အကြားမှာရှိတဲ့ ခွေးခြင်္သေ့တောင်ကုန်းဟာ လူတွေတမင်တကာ ဖန်တီး တည်ဆောက်ထားတဲ့ သဘာဝကျောက်တုံးကြီးများကို အစီအရီထပ်ပြီး အင်္ဂတေ ကိုင်ထားသလိုမျိုး ပန်းရံသမားများ လက်စွမ်းပြထားသည့်အလား ထူးခြားစွာ ဖြစ်ပေါ်နေပါတယ်။

    အဲဒီနောက် ရင်းပိုင်းချောင်းဝဘုရား။ အဲဒီနောက် အောင်မင်္ဂလာသုခစေတီ၊ နောက် စကြင်္ာတောင်ဘုရား စသဖြင့် ဆရာတော်ခက်ခက်ခဲခဲကြိုးပမ်းတည်ထားခဲ့တဲ့ ဘုရားစေတီတွေကို ထုံးဖွေးဖွေးနဲ့ သပ္ပာယ်စွာ ဖူးတွေ့ခဲပါတယ်။ ဆက်လက်ပြီး ဆန်တက်လာရာမှာ ဘယ်ဘက်ကမ်းမှာရှိတဲ့ မဲဆိပ်ရွာကိုရောက်တော့ ရေငတ်တာနဲ့ ကမ်းပေါ်တက်ပြီး ဖျော်ရည်ဘူးဝယ်ရင်း ရေနွေးကြမ်းသောက်ကြပါတယ်။ ရွာက အတော်ကြီးပြီး ကိုယ်ထူကို်ယ်ထ ဆောက်လုပ်ထားတဲ့ မူလတန်းကျောင်းတစ်ကျောင်းနဲ့ ဘောလုံးကွင်းတစ်ကွင်းရှိသော်လည်း ဆရာ/ဆရာမများ မရှိလို့ အခက်တွေ့နေကြရရှာတယ်။ မဲဆိပ်ရွာကထွက်လာတော့ တောင်ကြား။ အဲဒီနောက် ဆိတ်ဝဲ၊ အဲဒီနောက် မသာတံခါး၊ ပြီးတော့ ဘုရားကျောက်၊ အဲဒါပြီးတော့ တောင်နီဘုရား စသဖြင့် တစ်ခုပြီး တစ်ခု ဆန်တက်လာခဲ့ကြတယ်။ မသာတံခါးဆိုတာကတော့ ကမ်းနှစ်ဘက် ၀ဲယာကနေ မြစ်လယ်နားအထိ ကျောက်ဆောင်ကြီးနှစ်ခု ဖြစ်ပေါ်တည်ရှိနေတာပဲပေါ့။ မိုးတွင်း ရေကြီးပြီး ရေစီးကြမ်းတဲ့အချိန်မှာ အန္တရာယ်ကြီးလှတဲ့အတွက် မသာတံခါးလို့ခေါ်တာပါ။ တောင်နီဘုရားဆိုတာကလည်း ဘုရားတည်ထားတဲ့ ဧရာမ ကျောက်တုံး ကျောက်ဆောင်ကြီးရဲ့ မျက်နှာစာမှာ မြက်တွေပေါက်နေပြီးတော့ အဲဒီမြက်တွေ ခြောက်သွားပြီး မြက်သီးဆံတွေကလည်း နီညိုရောင်ဖြစ်နေတာ့ တောင်နီကြီးတစ်လုံးလို ဖြစ်နေလို့ပါ။ တကယ်တမ်း မြက်တွေအောက်က ကျောက်ဆောင်၊ ကျောက်တုံးကြီးဟာ မည်းမည်ကြီးမို့ တောင်မည်းဘုရားလို့တောင် ခေါ်သင့်ပါတယ်။

    အဲဒီကဆန်တက်လာတော့ အိမ်ငါးလုံးသာရှိတဲ့ စောသီထ၊ နောက်အိမ်ခြေ(၂၀)ရှိတဲ့ ဘောသရော၊ နောက်ဆုံးမှာ အိမ်ခြေ(၂၀)ရှိတဲ့ တမူဖိုးမှာ လမ်းဆုံးခဲ့တယ်။ တမူဖိုးက ဆက်တက်မယ်ဆိုရင် ဟပ်ကြီးဆိုတဲ့ နေရာကိုရောက်မယ်တဲ့။ ဟပ်ကြီးဆိုတာက သံလွင်မြစ်ဟာ သမရိုးကျစီးလာနေရာက ချောက်ကြီးဖြစ်သွားပြီး ရေတံခွန်ကြီးလို ဖြစ်နေတဲ့ နေရာပေါ့။ နွေရာသီ ရေနည်းတဲ့အချိန် ချောက်ဟာ ပိုနက်နေတယ်။ ပြီးတော့ တမူဖိုးနဲ့ ဟပ်ကြီးအကြား ရေစီးအလွန်ကြမ်းပြီး ၀ဲကတော့ကြီးတွေရှိလို့ ဆက်မသွားချင်ဘူးလို့ စက်လှေသမားက ပြောပါတယ်။ ကျွန်တော်က အန္တရာယ်ရှိတဲ့နေရာအထိ မသွားပါဘူး။ အဲဒီ စုပ်ဝဲကြီးတွေနဲ့ ဟပ်ကြီးဆိုတာကို မြင်ရရုံလေးပဲ လိုက်ပြပါဆိုတာတောင် ဘယ်လိုမှ ပြောလို့မရဘူး။ အဲဒီအချိန်မှာ (၁၁)နာရီ ခွဲပြီးလို့ နေ့လည်(၁၂)ထိုးခါနီး ထမင်းဆာဆာနဲ့ တမူဖိုးရွာမှာ ထမင်းချက်ခိုင်းပြီး စာကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ်းပါးပေါ်တက်ကြပါတယ်။ အိမ်တစ်အိမ်မှာ ပိနဲ္နစေ့ကို ဆား၊ အချိုမှုန့်၊ ငရုတ်သီး စတာတွေနဲ့ ထောင်းပြီး ရေလုံပြုတ်ချက်၊ တို့စရာအရွက်က ခံတက်ချဉ်ရွက်၊ ထမင်းက ဆန်ကြမ်း၊ ဆာဆာနဲ့ နှက်လိုက်ကြတာ နတ်သုဒ္ဒါနဲ့ မလဲနိုင်ဘူးဖြစ်သွားတာပဲ။ ထမင်းကျွေးတဲ့အိမ်ရှင်က မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့ ဗလကောင်းကောင်း လူချောလူခန့်ပါ။ စကားပြောစက်နဲ့ ကရင်လိုပြောတာ ဘာပြောမှန်း မသိရပေမယ့် ဒီကေဘီအေက ဖြစ်မယ်လို့ထင်ပါတယ်။ ကျွန်တော်က အလကားစားရတာ အားနာလို့ ပိုက်ဆံပေးပြီး ချက်ခိုင်းရအောင်ဆိုတော့ မောင်ပူဇွန်က ဧည့်သည်ကိုကျွေးရင် ပိုက်ဆံမယူရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကလေးတွေကို နည်းနည်းပါးပါး မုန့်ဖိုးပေးရအောင်ဆိုတော့ အိမ်ရှင်ရဲ့ မြေးလေးတစ်ယောက်ကို မောင်ပူဇွန်က (၁၀၀)ကျပ်ပေးပြီး နောက်မြေးတစ်ယောက်ကို ကျွန်တော်က (၅၀၀)ကျပ်တန်တစ်ရွက် ပေးလိုက်ပါတယ်။

    နေ့လည်(၁)နာရီခွဲလောက်မှာ မယ်တော်စောရွာကိုသွားပြီး ကိုရင်ဝတ်နေကြတဲ့ အိမ်ရှင်ရဲ့သား(၃)ယောက် ပြန်ရောက်လာကြပြီး ကျွန်တော်တို့လည်း နှုတ်ဆက်ထွက်ခွာ လာပါတော့တယ်။ အပြန်ခရီးကတော့ ရေစုန်ဆိုတော့ မြန်ပါတယ်။ ထူးထူးခြားခြား ရေးပြစရာမရှိပါဘူး။ ဒါပေမယ့် ထူးခြားတာ တစ်ခုတော့ တွေးမိတယ်။ တမူဖိုးကနေ လှေကြံုလိုက်စီးတဲ့ သားအဖနှစ်ယောက်ရယ်၊ ကျွန်တော်နဲ့ အောင်ပူဇွန်ရယ် လှေရှိရာကို လာရာမှာ ခြေထောက်သဲထဲမြုပ်သွားတဲ့အခါ အသားနဲ့ထိမိတဲ့ သဲရဲ့အပူဟာ မခံမရပ်နိုင်အောင်ပါပဲ။ လှေကြံုစီးဖို့လိုက်လာတဲ့ အဖိုးကြီးရဲ့သားဖြစ်သူဟာ ဖိနပ်မပါရှာဘူး။ သူဟာ သဲပြင်ပေါ်မှာ ခုန်ဆွခုန်ဆွပြေးသွားပြီး သဲပြင်ပေါ်မှပေါက်နေတဲ့ ခြံုနွယ်ပင်တွေပေါ် ခုန်တက်လိုက်၊ အပင်ငယ်တွေပေါ် နားလိုက်နဲ့ သဲပြင်ကြီးပေါ်ဖြတ်ပြေးနေခဲ့တယ်။ ကမ်းမှာဆိုက်ထားတဲ့ စက်တပ်လှေငယ်ဟာ ပူလွန်းလို့ လှေဝမ်းစက်ကြောင်းတွေ အက်ကွဲပြီး ရေတွေတင်နေလို့ ရေတွေခပ်ထုတ်ပြီး ပြန်ဖာနေခဲ့ရတယ်။ မြိုင်ကြီးငူက လူကြီးသူမတွေရဲ့ စကားအရ ဘယ်တော့မှ ဖိနပ်မစီးတဲ့ဆရာတော်ဟာ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ သောင်ပြင်မှာ အေးအေးဆေးဆေးလျှောက်လှမ်းပြီး သွားလေ့ရှိတယ်။ သစ်ငုတ်တွေ၊ ဆူးတွေ၊ ကျောက်ခဲချွန်တွေရှိတဲ့ တောတောင်ထဲမှာလည်း ဖိနပ်မပါဘဲ လျှောက်လှမ်းခဲ့ပြီး ဘယ်တော့မှ ထိခိုက်အန္တရာယ် မကြံုဘူးလို့ ဆိုပါတယ်။ နောက်တစ်ခု သတိထားမိတာက သံလွင်မြစ်ကမ်းလေး ၀ဲယာမှာ တောင်ယာတွေလုပ်ထားလို့ တောင်ကတုံးတွေဖြစ်နေတာပါပဲ။ မီးတွေရှို့ထားတဲ့ လောင်နေဆဲ တောမီးတွေလည်း တွေ့ရတယ်။ မြိုင်ကြီးငူဒေသမှာ လှေကားထစ်တောင်ယာစံနစ်ကို ကျင့်သုံးနိုင်ရင် ကောင်းလိမ့်မယ်လို့ တွေးမြင်မိပါတယ်။

    မြိုင်ကြီးငူကို ရောက်ခါနီး သံလွင်မြစ်ရဲ့အလယ်မှာ သဲသောင်ပြင်ကြီးဟာ ကျွန်းကြီးတစ်ကျွန်းလို ဖြစ်နေပြီး ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စိုက်ခင်းတွေနဲ့ ဖြစ်နေတယ်။ အဲဒီ သဲသောင်ကျွန်းကြီးရဲ့ ညာဘက်ခြမ်း သံလွင်မြစ်ထဲကို စက်လှေနဲ့ဝင်ရောက်လာခဲ့ပြီး သောင်ကျွန်းကိုကျော်ဖြတ်အပြီး သံလွင်မြစ်ထဲကို စီးဝင်နေတဲ့ ယွန်းစလင်းချောင်းထဲကို ၀င်ရောက်ခဲ့ကြပါတယ်။ ယွန်းစလင်းချောင်းအဝင် ညာဘက်ကမ်းမှာ ကော့ကရက် ကျေးရွာရှိပါတယ်။ ဆက်ပြီး ဆန်တက်တော့ ဘယ်ဘက်ကမ်းပါးပေါ်မှာ ဆရာတော်တည်ထားတဲ့ ထီးလေးသာယာ ဘုရားကို ဖူးတွေ့ရပါတယ်။ တပါင်း လဆုတ်(၇)ရက်မှာ ကျင်းပတဲ့ ဘုရားပွဲမှာ မိုးဒီနဲ့ မော့စ်တို့ လာရောက်ကပြတယ်လို့ သိရပါတယ်။ အဲဒီဘုရားကို ကမ်းပေါ်တက်ဖူးပြီးနောက် ညနေ(၆)နာရီထိုးတော့မှာမို့ ချောင်းကို ဆက်မတက်တော့ဘဲ မြိုင်ကြီးငူကို ပြန်ခဲ့ကြပါတော့တယ်။

    (၁၅-၄-၂၀၀၄)ရက်နေ့ နံနက်ပိုင်းမှာတော့ ဘယ်မှမသွားပဲ မြိုင်ကြီးငူဆရာတော်ရဲ့ ခရီးစဉ်များအကြောင်း ရေးထားတဲ့ တံလျှပ်လေနှင့်ခရီးစဉ်များစာအုပ်ကို ဖတ်ရင်း အချိန်ဖြုန်းနေခဲ့ပါတယ်။ နေ့လည်ဘက်မှာ အလွန်ပူတဲ့အတွက် လေရပြီး အေးမြတဲ့ဘရသေ့ကျောင်းအောက်မှာ သွားအိပ်ရင်း ဘရသေ့ရဲ့ ၀ယျာဝစ္စအနီးကပ် ဆောင်ရွက်ပေးနေတဲ့ ဖားအံမြို့က ကိုအောင်ဆန်းမြ၊ အနီးကပ် လုံခြံုရေးမှူး ဦးနန္ဒိယနဲ့ ဦးစိန်ဖေတို့နဲ့ စကားစမြည်ပြောကြတယ်။ ဆရာတော်ဟာ တစ်နေရာတည်းမှာ အတည်တကျ နေလေ့မရှိပဲ ဘုရားတွေလိုက်တည်၊ ပဥ္ဇင်းခံပွဲတွေမှာ ပဥ္ဇင်းခံပေး၊ ကိုရင်တွေ ဒုလ္လဘရဟန်းတွေကို ဘုရားဖူးခေါ်သွားနဲ့ အလုပ်ရှုပ်နေကြောင်း၊ အားတဲ့အချိန်လေးတွေမှာ တရားကျင့်ဂူအတွင်းမှာ တရားထိုင်ခြင်းနဲ့ တစ်ခါတစ်ရံ မယ်တော်ကို လာတွေ့လေ့ရှိကြောင်း သိရပါတယ်။

    ဆရာတော်ကြီးရဲ့ ကြိုးပမ်းမှုကြောင့် ဖားအံမှ လှိုင်းဘွဲ့မြိုနယ် ထိဖိုခလုံရွာအထိ ကတ္တရာလမ်း(၁၀)မို်င်သာ ရှိခဲ့ရာက ဘားအံ-မြိုင်ကြီးငူကားလမ်း (၄၅)မိုင် ဖောက်လုပ်ပြီးစီးခဲ့ပါတယ်။ တံတားအကြီးအသေးပေါင်း (၁၀၀)ကျော် ရှိပါတယ်။ မြိုင်ကြီးငူရဲ့ စိန်ပန်းမြိုင်ရပ်ကွက်မှာ ရေလှောင်တမံတစ်ခု၊ မြိုင်ကြီးငူ ဧရိယာထဲမှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၁)ရုံ၊ အထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း (၁၀)ကျောင်း၊ မူကြိုကျောင်း (၁)ကျောင်း၊ တိုင်းရင်ဆေးခန်း (၁)ခု၊ ပြည်သူ့ဆေးရုံ (၁)ရုံ၊ ဒီကေဘီအေ စစ်ဆေးရုံ (၁)ရုံ၊ အိုင်အိုဒင်း ဖြည့်စွက်ဆားစက် (၁)စက်၊ သကြားစက်ရုံ (၁)ရုံ၊ တို့ ရှိကြပါတယ်။ မြိုင်ကြီးငူ ဧရိယာအတွင်းမှာ အိမ်မွေးကြက်၊ ၀က်၊ ဘဲ၊ ဆိတ်၊ ခွေး လုံးဝ မရှိ။ လယ်လုပ်ရန်အတွက် ကျွဲ၊ နွား၊ ဆင်တို့သာ ရှိကြပြီး ဘုရား စေတီနဲ့ တန်ဆောင်းတို့မှာ ရန်ကုန်က ဘုရားရင်ပြင်နဲ့ တန်ဆောင်းတွေမှာလို အတွဲများ အမြင်မတော် သွားလာနေထိုင်ခြင်းမရှိဘဲ လက်ချင်းချိတ်ပြီး လျှောက်တာနဲ့တောင် တွေ့တဲ့လူကြီးက ရိုက်နှက်ဆုံးမပြီး ပြန်လည်ရန်ပြုရင် ထိပ်တုံးခတ် အပြစ်ပေးပါတယ်။ ယခင်သကြင်္န်တုန်းက မြိုင်ကြီးငူထဲဝင်လာရာမှာ ဘောင်းဘီတိုနဲ့ စွပ်ကျယ်သာသာဝတ်ထားတဲ့ မိန်းမတွေနဲ့ သရုပ်ပျက်လွန်းစွာ ၀တ်ဆင်ထားတဲ့ ယောကျ်ားတို့ကို ထိပ်တုံးခတ်အပြစ်ပေးခဲ့တဲ့အတွက် ဒီနှစ်သကြင်္န်မှာ သရုပ်ပျက်တာ မတွေ့ခဲ့ရပါဘူး ။

    မြိုင်ကြီးငူကို စရောက်တဲ့(၁၂)ရက်မှ (၁၅)ရက်နေ့အထိ ညနေတိုင်း ဘရသေ့ကျောင်းရဲ့ အရှေ့ဘက် ချောက်ထဲက ရေတွင်းမှာ ရေချိုးပါတယ်။ ရေဟာကြည်လင်သန့်ရှင်းပြီး အေးမြလှတယ်။ ရေတွင်းနဲ့ ၃/၄လှမ်း လောက်ဝေးတဲ့ နေရာမှာ ရေချိုးဖို့ အင်္ဂတေကိုင်ထားတာ (၄)တောင်ပတ်လည်လောက် ရှိပါတယ်။ ရေချိုးဖို့ လေးထောင့်သံပုံးထဲကို ရေဖြည့်တဲ့အခါ လျှံကျလာတဲ့ရေတွေဟာ အင်္ဂတေကွက်ပေါ်မှာ အိုင်ငယ်လေးတွေ ဖြစ်နေတာကို ငှက်အမျိုးအစားပေါင်းစုံ၊ အကွက်အသွေးပေါင်းစုံနဲ့ ရှဉ့်ငပေါလေးတွေက မကြောက်မရွံ့ အလုအယက်လာသောက်ကြပါတယ်။ တောခြံုတွေထဲမှာ တွန်နေတဲ့ တောကြက်ဖတွေရဲ့ အသံကိုလည်း ကြားရတယ်။ နေ့လည်နေ့ခင်း ပူလောင်လွန်းတဲ့အချိန်မှာ ဆတ်မ(၃)ကောင်ဟာ ဘရသေ့ကျောင်းအောက်မှာ လာအိပ်ကြတယ်။ ဒေါင်းဖိုတစ်ကောင်ကလည်း ကျောင်းထဲကို ၀င်လာတတ်တယ်။ ဒေါင်းဖိုခွပ်လို့ နဖူးကိုခွပ်မိရင် လူကြီးတစ်ယောက်တောင် ဖင်ထိုင်လဲတယ်လို့ ပြောပြကြတယ်။

    (၁၆-၄-၂၀၀၄)ရက်နေ့နံနက် ဦးစောချစ်လွင်အိမ်မှာ နံနက်စာ စားပြီး စာဖတ်နေတုန်း ဆရာတော်ဟာ ကိုရင်နဲ့ ဒုလ္လဘရဟန်းအပါး တစ်ထောင်ကျော်နဲ့အတူ ကားကြီးတွေနဲ့ရောက်လာကြောင်း သတင်းရပါတယ်။ ကျွန်တော်လည်း မယ်တော်ကျောင်းကို ချီတက်ခဲ့ပါတယ်။ မယ်တော်ဆောင်အရောက် စကြင်္ ံလမ်းပေါ်မှာ စကားပြောနေတဲ့ ဆရာတော်ကိုတွေ့လို့ ထီးကိုအသာချပြီး ရိုသေပျပ်ဝပ်စွာ ထိခြင်းငါးပါးနဲ့ ဦးသုံးကြိမ်ချပြီး တပည့်တော်ဟာ မိမိရှာဖွေရရှိထားတဲ့ ချွေးနဲစာ ငွေ(၉၀၀၀၀)ကျပ်ကို ဆရာတော်လိုရာသုံးရန် နဝကမ္မ ၀တ္ထုငွေအဖြစ် လာရောက်လှူဒါန်းရင်း မြိုင်ကြီးငူသက်သက်လွတ်နယ်မြေကို လေ့လာရေး ခရီးထွက်ခဲ့ခြင်း ဖြစ်ကြောင်း လျှောက်ထားပါတယ်။ ဆရာတော်က ဖော်ဖော်ရွေရွေပြံုးပြံုးရွှင်ရွှင်နဲ့ပဲ လှူဒါန်းသမျှကို လိုအပ်တဲ့ နေရာများမှာ သုံးသွားမယ့်အကြောင်း ပြောပါတယ်။ဆရာတော်ရဲ့ အဆုတ်တစ်ခြမ်းသာ အလုပ်လုပ်တော့တယ် ဆိုပေမယ့် ဆရာတော်ရဲ့ အသားအရည်စိုစိုပြေပြေနဲ့ ပြည့်ပြည့်ဖြိုးဖြိုးရှိလှပါတယ်။ ဆရာတော့်အကြောင်း ဖတ်ရှု့ကြားသိရလို့ဖြစ်စေ၊ ဘာသာတရားကို သက်ဝင်ယုံကြည်ပြီး သဒ္ဒါတရားပေါက်လို့ဖြစ်စေ မြိုင်ကြီးငူကို လေ့လာရန်နှင့် အလှူငွေထည့်ဝင်လိုသူ နိုင်ငံခြားသားဧည့်သည်များ ရှိပါက ခေါ်ယူလာလိုကြောင်း လျှောက်တဲ့အခါ ဆရာတော်က ခါးခါးသီးသီးငြင်းပါတယ်။ နိုင်ငံခြားသားအချို့ ရောက်လာဘူးကြောင်း၊ သူတို့ဟာ လူ့အခွင်ရေးနဲ့ နိုင်ငံရေးအကြောင်းပြောပြီး ဘာမျှလှူဒါန်းကူညီခြင်း မရှိကြောင်၊ ဆရာတော်အနေဖြင့် မိမိတို့ပြည်သူတွေကိုသာ အားကိုးကြောင်း၊ နိုင်ငံခြားသားများကို အထင်မကြီး အားမကိုးကြောင်း ပြောပါတယ်။ အခြေအနေကလည်း မတည်ငြိမ်သေးကြောင်း၊ နောင်အရာရာ အေးချမ်းသွားတော့လည်း တစ်မျိုးပေါ့လို့ မိန့်ကြားပါတယ်။ ဆရာတော်က စာရေး၊ စာဖတ်ဝါသနာပါကြောင်း ၊ စာရေးဆရာများ ရောက်လာရာတွင် သောကြာဦးမောင်ကလေးနဲ့ ဦးသာဂဒိုးတို့ နှစ်ဦးကို ခင်မင်လေးစားကြောင်း ပြောပါတယ်။

    အဲဒီညနေမှာတော့ နောက်ဆုံးအနေနဲ့ ကိုအောင်ဆန်းမြ၊ ဦးနန္ဒိယတို့နဲ့အတူ သံလွင်မြစ်ထဲ ရေဆင်းကူးခဲ့ပါတယ်။ အချိန်က (၃)နာရီ ၊ နေအလွန်ပူးပြင်းသော်လည်း သံလွင်မြစ်ရေဟာ ရေခဲတမျှ အေးလှပါတယ် ။ (၁၇-၄-၂၀၀၄)ရက်နေ့မှာတော့ မြိုင်ကြီးငူ- ဖားအံ၊ ဖားအံ-ကျိုက်ထို၊ ကျိုက်ထို-ဘုရားကြီး၊ ဘုရားကြီး-ရန်ကုန် အမြန်ယာဉ်ငယ် အဆင့်ဆင့်စီးပြီး ပြန်လည်ရောက်ရှိခဲ့ပါတော့တယ် ခင်ဗျား ။ .........။

    Lin Oo ( psy )

    2 comments:

    မြရွက်ဝေ said...

    ဖားအံမှာနေပေမယ့် မြိုင်ကြီးငူတော့ တခါမှ မရောက်ဖူးဘူး။ အမေတို့တော့ မြိုင်ကြီးငူဆရာတော် ဖားအံမှာ လမ်းတွေလာပြင်ပေးတုန်းက လုပ်အားသွားပေးကြတယ်တဲ့။

    သဇင်ဏီ said...

    ခရီးသွားတဲ့အကြောင်းဖတ်သွားပါတယ်ရှင်..
    ဓာတ်ပုံလေးတွေနဲ့ဆိုပိုပြီးဝေဝေဆာဆာရှိမယ်ထင်တယ်နော်..

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo