ကျွန်တော်သိသမျှ(၄) သို့မဟုတ် ..... ကျွန်တော်တွေ့ကြံုခဲ့ရသော ဆလုံတိုင်းရင်းသားများ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,

  • ကျွန်တော်မြိတ်မြို့သို့ရောက်ရှိစဉ် အဘဦးသိန်းတင်နှင့် တွေ့ဆုံခဲ့ရပါသည်။ အဘဦးသိန်းတင်သည် (၁၉၆၄)ခုနှစ်၊ ရန်ကုန်မြို့တွင် ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားသို့ ဆလုံတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့သူ ဖြစ်ပါသည်။ (၁၉၆၄) ခုနှစ်က မြိတ်နှင့်ကော့သောင်းဝန်းကျင် ကျွန်းစုများတွင် နေထိုင်လျက်ရှိသော ဆလုံလူဦးရေမှာ(၂၄၀၀)ဦးခန့် ရှိပါသည်။
    “ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဆလုံတိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်းခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီးတစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံသာမက သူတို့ဘဝ၏အဖော်မွန်ဟုခေါ်သော ခွေးများကိုလည်း တစ်ပါးတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက်မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီခြေတံရှည်တဲအိမ်လေးများတည်ဆောက်ပြီး နေထိုင်ကြပါသည်။
    ရေမှာကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီးအန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြပါသည်။ သူတို့ရိုးရာဓလေ့များထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ်ကိုးကွယ်ခြင်းတို့လည်း ပါ၀င်ပါသည်။ ဆလုံရိုးရာပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဘာလိုင်းကျေးရွာအုပ်စု၊ လန်ပိကျွန်း၏တစ်ဖက်ကမ်း “မကြံုဂလက်”ကျေးရွာတွင် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။


    (၁) ဆလုံတိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ
    (၁၉၆၄)ခုနှစ်က မှတ်သားတွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသားတို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့်ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကိုုကျွမ်းကျင်စေရန်၊ မကြောက်စေရန်ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ကလေးငယ်များမှာ မွေးစကပင်သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကို်ယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင်ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့မွေးထ ရှိလာကြပါပြီ။


    (၂) ဆလုံတို့၏ ကျန်းမာရေး
    ဆလုံတိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက်နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့်တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်းဖြစ်သောသူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်းကိုလည်း လုပ်မြဲလုပ်ကြပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့်ရောဂါမှာ ငှက်ဖျားစွဲခြင်းနှင့် အာဟာရချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။


    (၃) ၀တ်စားဆင်ယင်ခြင်း
    ဆလုံတိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အဝတ်အစားဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အဝတ်အစား ဆင်ယင်လာကြပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြံုခြံု ၀တ်ဆင်သည်ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြံုခြံုဝတ်ဆင်လာကြပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အဝတ်အစား၊ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနားဝတ်ဆင်လာကြပေပြီ။


    (၄) အစားအသောက်
    ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျမနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာလုပ်ကိုင်နေထိုင်ကြသည့်အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင်များတွင် တွယ်ကပ်လျက်ရှိသော ဂုံး(ခရုတစ်မျိုးအထဲတွင်ရှိသည်)ဟု ခေါ်သည့် တငိုကိုခွာ၍ အထဲမှ ခရုသဖွယ်အရာကို ချက်ပြုတ်စားသောက်ကြပါသည်။ ပင်လယ်ကျောက်ဆောင်ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ်ဖြတ်တောက်၍လည်း ချက်ပြုတ်သုံးဆောင်ကြပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆)ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံတိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာတွင်လည်း အလွန်ကျွမ်းကျင်သူများပင်ဖြစ်သည်။ သစ်ပင်အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက်မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ်ဆတ်ဆတ် စားသုံးကြပါသည်။ ဆလုံတို့၏သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ရိုးရာလှေပေါ်တွင် မိသားစုအားလုံး သိုက်သိုက်ဝန်ဝန်း ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စားသောက်ကြပါသည်။
    ဆလုံတိုင်းရင်းသားတို့စားသုံးသည့် အရွက်များဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်ကမုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော်ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသတောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော်တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာအတွက်လိုအပ်သော ကွမ်း)မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျပေါက်နေခြင်းပင်ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော်တွေ့ဖူးပါသည်။


    (၅) အလုပ်အကိုင်
    ဆလုံတိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်းဝိုင်းဝန်း၍ လုပ်ဆောင်လေ့ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်းပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင်ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်းအလက်များကို တစ်စုနှင့်တစ်စု စီစီညီညီထပ်ကာပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင်ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာရစ်ပတ်ခြင်း ၊ ကွပ်ခြင်းပြုလုပ်ထားသည်မှာ ခ်ိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှလှေဝန်းထဲသို့ မဝင်ပါ။ သူတို့၏ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှုမရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာတိုက်ခတ်လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြပါသည်။
    ဆလုံတိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ငုပ်ခြင်း၊ ကနုကမာရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သောလုပ်ငန်း အဝဝကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသောဆလုံတို့မှာ ရေငုပ်မျက်မှန်အကောင်းစားနှင့် အောက်စီဂျင်အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။
    ကျွန်တော်တွေ့ခဲ့သော ဆလုံတိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀)နှစ်ခန့်တွင် ရေနှင့်ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့်မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့်ရှိသော ဆလုံယောက်ျားလေးမှာ ခက်ရင်းစူးခွမှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့်နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်းလိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသောအခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့ဩသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါသေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင်ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်းစူးခွမှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိူးယူဖမ်းဆီးကြပါသည်။ ဟိိုုစဉ်က ဆလုံတိုင်းရင်းသားတို့ ငါးဖမ်းသည်ဆိုသည်မှာ ငါးဖမ်းပိုက်များဖြင့် ဖမ်းလေ့ဖမ်းထနည်းပါးပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက်အမျိုးမျိုးဖြင့် အတော်များများဖမ်းဆီးလာကြပါသည်။ သူတို့ဘဝမှာ ယခင်က ဖမ်းယူရရှိငါးများနှင့် ရေငုပ်၍ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်းခံရသော်လည်း ယခုအခါထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန်ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင်နေကြသော ဆလုံများ၊ ရွှေဆွဲကြိုးတဝင်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေနေကြသော ဆလုံကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံတိုင်းရင်းသားတို့ လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။


    (၆) ထိမ်းမြားလက်ထပ်ခြင်း
    ဆလုံတိုင်းရင်းသားတို့သည် ကလေးမီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေးအတွက် နတ်ဆရာနှင့် နတ်ကိုးကွယ်ကြသည်။ သေဆုံးသွားလျှင်လည်း သေဆုံးသူ ကောင်းရာမွန်ရာရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီးထိမ်းမြားလက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှုပြုမှသာလျှင် လင်မယားအရာမြောက်သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသားတို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများဖြစ်သည့်အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ရှိပါသည်။ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီးမိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့်တိုင်ပင်ကာ စားသောက်ဖွယ်ရာများကို စီမံပြင်ဆင်ကြပါသည်။
    သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့်ကြော်ထားသော လင်းနို့ကြော်၊လင်းဆွဲကြော်၊ အူ အသည်းများထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့စားထရှိပါသည်။ မင်္ဂလာ အခမ်းအနားကျင်းပသည့်နေ့ရက်တွင် တစ်စုတစ်ဝေးတည်းနေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေးကိုယ်တာ အလုပ်ကိုမျှမလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံးဝိုင်းဝန်းလုပ်ဆောင်ချက်ပြုတ်ကြပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသောအားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ရှိပါသည်။ ဆလုံနတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များပြင်ဆင်ပြီး အဆင်သင့်ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက်လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့လက်ပေါ်သို့ နတ်ဆရာ၏လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက်ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာမောင်မယ်ကို ရာသက်ပန်စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့အလုပ်အကိုင်အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆိုပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက်မြှောက်ကာ တိုင်တည်စေပါသည်။
    ဆလုံတိုင်းရင်းသားတို့သည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့လောကတွင် အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝအဆက်အသွယ်မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြပါသည်။ သူတို့သည် အိမ်ထောင်ကျသောအခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့လိုက်ပါသည်။ ဇနီးမောင်နှံနှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြတော့ဟု ဆိုလိုသည့်သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။
    ဆလုံရိုးရာနတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည်ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင်လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွားပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။


    (၇) တစ္ဆေကြီးပွဲ
    တစ္ဆေကြီးပွဲဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာမွန်ရာရောက်သူရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင်ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သဂြင်္ိုဟ်လေ့ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်နဝ်ရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာနတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများကိုလည်း ပင့်ဖိတ်ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွနေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူအများသား။ မည်သို့ပင်ဆိုစေ ဆလုံတိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။


    (၈) ဆလုံရိုးရာလှေကို လွန်းတင်ခြင်း
    ဆလုံတိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ရှိပါသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့်နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်ပါသည်။ ပေါက်ပြဲယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်းနေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မျှပင် ကြီးသည့်လှေဖြစ်စေကာမူ အများဆုံးလုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်ပါသည်။


    (၉) ကျွန်တော့်ကိုယ်တွေ့ ရွှေအောင်ပွဲ
    ကျွန်တော့်ကိုယ်တွေ့ ကြံုခဲ့ရသည့် ဆလုံတို့၏ ရွှေရှာဖွေခြင်းပြီးဆုံးခြင်း အောင်ပွဲ အတွေ့အကြံုလေးကို ပြောပြချင်ပါသေးသည်။
    နေရာကား ရွှေကျွန်းလေးသဲသောင်ပြင်၊ သဲသောင်ကုန်း ကမူနေရာတွင် ဆလုံနတ်ကွန်းတစ်ခု နတ်ကွန်းအထဲတွင် ထမင်းကြော်၊ ငါးကြော်၊ ကြက်ကင်၊ အရက်များ။ နတ်ကွန်းနံလေးတွင် ရောင်စုံခြယ်သထားသော သစ်သားပြားများ (အကျယ်တစ်ပေ၊ အရှည်ခြောက်ပေ၊ ထု နှစ်လက်မခန့်) စိုက်ထူ ထားသည်။ မြေကြီးထဲတွင် တစ်ပေခန့်သာ တူးထည့်ထားခြင်း ဖြစ်သည်။
    “ဒုံ...ဒုံ...ဒုံ တလုံတုန်...ဒုံ.....ဒုံ ”
    “ဒုံ.......တလုံတုန်......ဒုံ.....ဟေး.......ဟေး........ဟေး ”
    ဆလုံတို့၏အောင်ပွဲ၊ ဆလုံတို့ ရွှေရှာသည်မှာ တစ်လပြည့်ခဲ့ပြီ။ သူတို့ ရွှေရှာသည်မှာလည်း ရိုးရိုးလေးပင်။ ပေါက်တူး၊ ပေါက်ပြားတို့ဖြင့် အကျယ် ၃ပေ၊ အနက် ၄ပေခန့် ကျင်းများတူးကာ၊ အချို့ကလည်း အကျယ် ၄ပေ၊ အနက် ၅ပေခန့် ကျင်းများတူးကြသည်။ ကျင်းထဲမှရသော မြေစားများကို “ယင်”ဟုခေါ်သော သစ်သားဒယ်များထဲသို့ ထည့်၊ ရေထည့်ပြီးနောက် လက်နှစ်ဖက်ဖြင့် “ယင်း”ကို ဆန်ကောဝိုင်း လှည့်လည်ခြင်းပင်။ ထိုသို့ လှည့်ရာတွင် ဖြည်းဖြည်းမှန်မှန် လှည့်ရပါသည်။ ရေကို မကြာခဏ ထည့်ပေးရပါသည်။
    ဟော.. အခုဆလုံတို့၏ ရွှေအောင်ပွဲလာပြီ။ ဆလုံခေါင်းဆောင် ဦးဘထွန်း၏ ဦးဆောင်မှုဖြင့် ဆလုံတို့ တစ်လတိတိရွှေရှာပေးခဲ့ပြီ။ သူတို့ရှာသည့်ရွှေကို သက်ဆိုင်ရာက ညနေ(၅)နာရီဆိုလျှင် ချက်ချင်း ငွေအပြည့် ချေ၍ ပေါက်ဈေးအတိုင်းယူသည်။ မည်သို့ဆိုစေ ဆလုံတို့ တာဝန်ကျေပါသည်။ သူတို့ အောင်ပွဲတစ်ခု ရခဲ့ပြီ မဟုတ်ပါလော။ ထို့ကြောင့် အောင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည်။ အောင်ပွဲနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဗုံသံ ၊ ဘင်သံ၊ ဗုံတစ်လုံးနှင့် ဘင်တစ်ခု( ဘင်ခရာအဖွဲ့တွင် သုံးသည့်ဘင်) များက မိုးဟိန်းသလို ဟိန်းထွက်နေသည်။ ဆလုံအမျိုးသားနှင့် အမျိုးသမီးတို့ စည်းချက်ညီညီ ခြေလက်အရွှေ့အပြောင်း အချိုးတို့ဖြင့် ကခုန်နေကြသည်။ ပါစပ်မှလည်း ဟေး.....ဟေး......ဟု အားမာန်ပါပါ အော်ဟစ်နေကြသည် ။ အင်မတန် ပျော်စရာကောင်းလှသည်။ ဦးဘထွန်းနှင့် နတ်ဆရာတို့ ထမင်း၊ ဟင်း၊ ငါးကင်၊ ကြက်ကြော်၊ အရက်တို့ဖြင့် သူတို့ရိုးရာနတ်ကို ပသပူဇော်နေကြသည်။ သူတို့ရှေ့တွင် နတ်ကွန်း၊ သဲကုန်းမြင့်ပေါ်က နတ်ကွန်း၊ သူတို့ပူဇော်ပသပုံမှာ လက်နှစ်ဘက်ကိုကားထား၍ ခေါင်းပေါ်မြှောက်လိုက်၊ နည်းနည်းအောက်ချလို်က် လုပ်ခြင်းပင်၊ ပါးစပ်မှလည်း ဆလုံလို တတွတ်တွတ်ဖြင့် ရေရွတ်မြည်တမ်း ဆုတောင်းနေကြသည်။ ရွှေရှာသည့် သူတို့အောင်ပွဲပေးသော ရိုးရာနတ်အား ကျေးဇူးတင်ပါကြောင်း နတ်ဆရာက ထပ်တလဲလဲ ပြောနေခြင်းပင်ဖြစ်သည်။
    အောင်ပွဲ....၊ မဟာအောင်ပွဲ၊ အောင်ပွဲသံက မိုးယံသို့အောင်မြင်စွာ ထိုးတက်သွားလေပြီ။ ဆလုံးအမျိုးသား အမျိုးသမီးတို့၏ အချက်ကျကျကကြိုး၊ ကကွက်နှင့် ဗုံသံ၊ ဘင်သံများ... စည်ညံလို့.....ပျော်စရာ...ပျော်စရာ .. ပျော်စရာအတိ....ပျော်စရာအပြည့်.....။ ။

    Lin Oo (psy)


    4 comments:

    kthuyein said...

    ဗဟုသုတ များစွာရ၏။

    မြရွက်ဝေ said...

    အတော်ဗဟုသုတရတယ်။ ဓာက်ပုံလေးတွေပါ မြင်ရရင် ပိုကောင်းမှာဘဲ။ ဆလုံတွေကို တီဗီမှာ တစ်ခါဘဲ ကြည့်ဘူးတယ်။

    သဇင်ဏီ said...

    ဗဟုသုတအနေနဲ့သေချာဖတ်သွားပါတယ် ကိုလင်းဦးရေ..

    tuzzaung said...

    ဗဟုသုုတများစွာရပါတယ်။
    မသိသေးတာတွေသိသွားတယ်။
    ကျေးဇူးတင်ပါတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo