နတ် လူ သာဓု ခေါ်စေသော်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ကျွန်တော်တို့နိုင်ငံတွင် သာသနာ့ပျိုးခင်း ပရိယတ္တိစာသင်တိုက်ကြီးတွေအများအပြား ရှိကြပါသည်။ ထိုသို့ စာသင်တိုက်ကြီးတွေ များပြားလှသည်နှင့်အမျှ မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး အရှည်တည်တံ့ခိုင်မြဲစေရေး အတွက် နှုတ်ဆင့်ကမ်း၊ လက်ဆင့်ကမ်း၍ ဆောင်တော်မူကြမည့် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်၊ မန္တလေးမြို့များရှိ စာသင်တိုက်ကြီးများတွင် ပညာရည်နို့ သောက်စို့လျက်ရှိကြကုန်သော ရဟန်းသာမဏေ များသည်လည်း များစွာသော ကျောင်းတိုက်ကြီးများ၌ အပြည့်အလျှံပင် ဖြစ်ကြပါ၏။ ထိုရဟန်း သာမဏေ စာသင်သားတို့သည် လူဝတ်ကြောင် ကျောင်းသားများကဲ့သို့ အမေ အမတို့ ခူးခပ်ထည့်ပေးထားသော ထမင်းဘူးကို အဆင်သင့် ကောက်ယူ၍ စတိုင်ကျကျ ကျောင်းတက်ကြရသည် မဟုတ်ကြကုန်။ မိမိတို့၏ ၀မ်းစာအတွက် မိမိတို့၏သလုံးမြင်းခေါင်းကိုသာ အားကိုးကာ ရှာဖွေတော်မူကြရ၏။ ထို့ကြောင်း ကျွန်တော်တို့ ဒါယကာ၊ ဒါယိကာမတို့ကလည်း မြတ်ဗုဒ္ဓသာသနာတော် ဆက်လက်ရှင်သန်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသောအားဖြင့် ထိုသာသနာ့မျိုးဆက် ရှင်ရဟန်းသာမဏေတို့ကို ဆွမ်းအစရှိသော ပစ္စည်းလေးပါးတို့ဖြင့် မိမိတို့ တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းကြရပေသည်။
    ကျွန်တော်နှင့်ဦးလေးတို့ မိသားစုသည် ကြာသာပတေးနေ့တိုင်း ဆွမ်းလောင်းဓမ္မာရုံတွင် ဆွမ်းလောင်းလှူလေ့ ရှိသည့်အပြင် အိမ်တွင်လည်း ထိုင်ကို်ယ်တော်များကို ပင့်ဖိတ် ဆွမ်းကပ်လေ့ရှိပါသည်။ ထို့ပြင်လည်း စာသင်သားသံဃာများ ဖြစ်နေသောကြောင့် ဘောလ်ပင်၊ ဗလာစာအုပ် စသော စာရေးကိရိယာများကိုလည်း အခါအားလျော်စွာ လှူဒါန်းပါသည်။ ထိုအထဲတွင် ရပ်ရွာက ဆွေမျိုးရိပ်မကင်းသည့် ဦးပဥ္စင်းများလည်း ပါ၀င်လျက်ရှိရာ ထိုဆွေမျိုး ဦးပဥ္စင်းများထဲမှ ဦးပဥ္စင်းတစ်ပါးမှာ ကျန်းမာရေး သိပ်ပြီးမကောင်းလှပါ။ အထက်ပိုင်း ဒေသတွင် ခေတ်တ္တသီတင်းသုံးစဉ်က ဖြစ်ခဲ့ရသည့် ငှက်ဖျားရောဂါကို အမြစ်ပြတ် ကင်းစင်အောင် ကုသခြင်း မပြုခဲ့၍လား မသိ (ကျွန်တော့်အထင်ပါ) ။ ခဏခဏ ဖျားတတ်၏။ စာမေးပွဲဖြေခါနီးတွင် အတော်လေး နေမကောင်းသဖြင့် ဓမ္မာစရိယစာမေးပွဲကို မဖြေနိုင်တော့ဘဲ ရွာသို့ ပြန်ကြွသွားခဲ့ရပါတော့သည်။ ကျန်ရစ်သည့် ဦးပဥ္စင်းများ စာမေးပွဲဖြေပြီး၍ ရွာသို့ ခေတ္တပြန်ကြွခါနီးတွင် လာရောက်နှုတ်ဆက်ကြသဖြင့် “နေမကောင်းဖြစ်နေတဲ့ ဦးပဥ္စင်းလေးကို ဆေးစစ်ဖို့နဲ့ ဆေးကုသမှုခံယူဖို့ ပြန်ပင့်ခဲ့ကြပါဘုရား”ဟု လျှောက်ထားလိုက်ပါသည်။

    ရိုးရာကိုင်၏- မကိုင်၏
    ဦးပဥ္စင်းများ မြို့သို့ ပြန်ကြွလာသောအခါ ထိုနေမကောင်းသော ဦးပဥ္စင်းလေး မပါလာ၍ မေးလျှောက်ကြည့်ရာတွင် ဦးပဥ္စင်းများက “ခေါ်မရခဲ့ဘူး ဒကာလေးရေ၊ ဆီးဖြူ-ဖန်ခါး-နွားကျင်ငယ်ရေများနဲ့ ဖော်စပ်ရတဲ့ ဘုရားဆေးနည်းတော်အတိုင်း ဖော်စပ်ပြီး စားကြည့်ဦးမယ်တဲ့။ ပိန်သွားလိုက်တာ ဒကာလေးရယ်” ဟု ဦးပဥ္စင်းတစ်ပါးက မိန့်ပါ၏။ ကျွန်တော်က “ဘုရားဆေးနည်းတော်နဲ့ ကုတာလဲ ကုတာပေါ့ဘုရား။ ဒါပေမယ့် အခုခေတ်က ရောဂါတွေက ဆန်းပြားတယ်မဟုတ်လား။ ဒါကြောင့် ဓါတ်မှန်ရိုက်တန်ရိုက်၊ သွေးစစ်တန်စစ်ပြီး ရောဂါရှာဖွေ စစ်ဆေးကြည့်ချင်တယ် ဘုရား။ ဒါမှလဲ အနာသိ ဆေးရှိဆိုတဲ့အတိုင်း ကုသရတာ လွယ်ကူတာပေါ့ ဘုရား ။ ကုတာကတော့ ဘုရားဆေးနဲ့ပဲ ကုကု၊ သိပ္ပံဆေးနဲ့ပဲ ကုကု၊ တိုင်းရင်းဆေးနဲ့ပဲ ကုကု ဆန္ဒရှိသလို ကုလို့ရပါတယ် ဘုရား” ဟု လျှောက်တင်မိပါ၏။
    “ဦးပဥ္စင်းတို့လဲ ပြောတာပါပဲ ဒကာလေးရယ်။ သူတွင်မကဘူး၊ သူ့ရဟန်း ဒကာ၊ ရဟန်းအမများရဲ့ အိမ်ကြွပြီး ဦးပဥ္စင်း မြို့ကိုပြန်လိုက်အောင် ဖျောင်းဖျ၊ တိုက်တွန်းပေးဖို့သွားပြောတော့ ဦးပဥ္စင်းကို ရိုးရာနတ် ကိုင်ထားတယ်လို့ အဟောထွက်ထားလို့ နတ်တင်ကြည်ပါဦးမယ်တဲ့ ဒကာရဲ့” ဟု စိတ်မကောင်းသံဖြင့် မိန့်ပါသည်။
    “ဘယ်လိုဘုရား” မကြားလိုက်ရ၍ ထပ်မေးခြင်း မဟုတ်ပါ။ ပီပီသသကြီးကို ကြားလိုက်ရပါသည်။ အံ့အားသင့်သွား၍ အာမေဍိတ်တစ်လုံး တုန်လှုပ်ချောက်ချားစွာ ခုန်ထွက်သွားခြင်းဖြစ်ပါ၏။
    “ကြံကြံဖန်ဖန် ဘုရား၊ ဗုဒ္ဓသာဝက သာသနာ့ဝန်ထမ်း ရဟန်းတော်ကို ရိုးရာနတ်ကိုင်ရတယ်လို့” ဟူ၍လည်း အံဩ ထိတ်လန့် ၀မ်းနည်းကြေကွဲ ယူကျံုးမရခြင်းများဖြင့် ဆို့နင့်စွာ ရေရွတ်မိပါတော့သည်။ “ေဩာ် လူတွေ လူတွေ ၊ ပြောတော့ ဗုဒ္ဓဘာသာ၊ လုပ်ဆောင်နေကြတာက ဘုရားနှင့် ဆန့်ကျင်ဘက်ချည်းပါလား”
    လူသားများ လောကတွင် ကပ်ဘေးများ ဆိုက်ရောက်ခဲ့ပါက ဘုရားရှင်အမှူးပြုလျက် သံဃာတော် အရှင်မြတ်များကို ဒေသစာရီ ကြွချီီတော်မူကြပြီး ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြခြင်း၊ လူများကို ကောင်းသောအကျင့်သီလများ ဆောက်တည်ပွားများကြရန် ဟောကြားတော်မူကြခြင်းဖြင့် ကပ်သုံးပါးနှင့် ဘေးဆိုးအန္တရာယ်များမှ လွတ်ကင်ချမ်းသာကြရကြောင်း ထေရဝါဒ သမိုင်းကြောင်း အစဉ်အလာရှိပါသည်။ (ပရိတ်ကြီး ၁၁သုတ် ဖြစ်တော်စဉ် သမိုင်းတွင်ရှုပါ။) မျက်မှောက်ကာလတွင်လည်း လူသားများ ဘယာဝေး၍ အေးချမ်းသာယာရေးအတွက် မြန်မာနိုင်ငံအနှံ့အပြား၌ နေရာဒေသအသီးသီး နှစ်ဆန်းတစ်ရက်နေ့တိုင်းပင် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ပွားကြခြင်း၊ အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲများ အခါအားလျော်စွာ ကျင်းပနေကြ သည်မှာ အထင်အရှားဖြစ်သည်။ ထို့ပြင် မြေကွက်ဝယ်ဝယ်၊ တိုက်တာအိမ်ကိုပင် ဆောက်ဆောက်၊ မြေသန့် ကမ္မဝါရွတ်ဖတ်ကြခြင်း၊ အိမ်တက်-တိုက်တက် မင်္ဂလာကျင်းပကြခြင်းနှင့် ရဟန်းတော်များ ဖိတ်ကြား၍ တရားနာယူကြရသည်သာ ဖြစ်ပါ၏။
    ယခုတော့ လူသားလောကကို အန္တရာယ်ကင်းအောင် ပြုဆောင်ပေးတော်မူကြသော၊ လောကကို သန့်ရှင်း စင်ကြယ်မှု ပြုတော်မူနေကြသော ဗုဒ္ဓ၏သာဝက ရဟန်းတော်မြတ်ကိုမှ အပါယ်လေးပါး စာရင်းဝင် ၃၇ မင်း ရိုးရာနတ်ဆိုသူက ခန္ဓာကိုယ်ကို ရောဂါဝေဒနာများကပ်အောင် ဖမ်းစားမှုပြုနိုင်သတဲ့ ။ “ဟောသူကလဲ ဟောပါပေ့။ ယုံသူကလည်း ယုံကြပါပေ့” ဟုသာ ဆိုလိုက်ချင်ပါတော့သည်။

    နတ်က ဘုန်းကြီးကို ဆံပင်နုတ်လေသတတ်
    မကြာခင် ထိုဦးပဥ္စင်းသည် ရွာသို့ ကိစ္စတစ်ခုဖြင့်ကြွရင်း နေမကောင်းသော ဦးပဥ္စင်းကို ပြန်ပင့်လာ၏။ ကျွန်တော်လည်း ကတိအတိုင်း ဆေးခန်းများသို့ လိုက်ပြ ကုသပေးပါသည်။ ယခု အတော်ပင် ကျန်းမာနေပါပြီ။ နေမကောင်းစဉ်ကတည်းက ဆေးခန်းပို့ဖို့ အကြိမ်ကြိမ်လျှောက်ထားသော်လည်း ဦးပဥ္စင်းက သူ့အတွက်နှင့် တစ်ပါးသူတို့ တာဝန်ဒုက္ခပိုနေကြမည်ကို မဖြစ်စေလို၍ ခွင့်ပြုတော်မူခြင်း မရှိခဲ့ပါ။ အလှူဝတ္ထုငွေများကိုလည်း လက်မခံခဲ့။ အကယ်၍သာ ထိုစဉ်ကတည်းက ကုသခဲ့မည်ဆိုလျှင် ဓမ္မာစရိယ စာမေးပွဲကို ချောချောမွေ့မွေ့ ဖြေဆိုအောင်မြင်နိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်လျက် နှမြောနေမိပါသည်။
    ထို့ပြင် ရဟန်းတော်ကို နတ်ကိုင်သည်သည်ဟု ဆိုခြင်းကို အစာမကျေဖြစ်နေသော ကျွန်တော်က “ဦးပဥ္စင်းကို နတ်ကိုင်တယ်ဆို ဘုရား”ဟု မေးလျှောက်မိရာ ဦးပဥ္စင်းက သူ့ရဟန်း ဒကာ၊ ဒကာမတို့အတွက် ရှက်စနိုးတော် မူဟန်တူသည် ရှက်ပြံုးလေး ပြံုးနေ၏။ကျွန်တော်က မကျေနပ်နိုင်သေးဘဲ “လူတွေ ဒီလို အယူအဆလွဲနေတာကို ရွာဦးကျောင်း ဘုန်းတော်ကြီး မသိဘူးလား ဘုရား” ဟု ဆက်လက်မေးလျှောက်ပြန်သည်တွင် နေမကောင်းသော ဦးပဥ္စင်းကို ပြန်ပင့်လာသော ဦးပဥ္စင်းက “မပြောပါနဲ့တော့ ဒကာရယ်၊ ရွာဦးကျောင်း ဘုန်းကြီးကိုယ်တိုင်တောင် နတ်နုတ်ခံရလို့ ခေါင်းပြောင်နေသတဲ့။ အဲ့ဒါနဲ့ နတ်ဆရာကိုမေးတော့ နတ်က လက်ရှိနေရာမှာ မပျော်လို့ဆိုတာနဲ့ နတ်စင်နေရာ ရွှေ့ပေးလိုက်မှ ဘုန်းကြီး ဆံပင် ပြန်ပေါက်သတဲ့ ဒကာရေ့” ဟူလေ၏။
    ကျွန်တော် ငိုအားထက် ရယ်အားသန် ဖြစ်သွားပါသည်။ သို့သော် ချက်ချင်းပင် စိတ်မချမ်းမသာ ဖြစ်သွားမိပါ၏။ “ဖြစ်ရလေ ဘုရား၊ တပည့်တော်တို့လဲ တစ်ခါတစ်ရံ အပူအားကြီးတဲ့အခါ ဆံပင်ကျွတ်တတ်တာပါပဲ ဘုရား၊ ဆေးဝါးနဲ့ ပြုပြင်လိုက်လို့ အပူအအေးမျှတ ညီညွတ်သွားရင် ဆံပင်ပြန်ပေါက်တာပါပဲ ဘုရား။ ဘယ်မှာ နတ်နှုတ်တာ ဟုတ်မလဲ ဘုရား။ အချို့လူတွေများ ခေါင်းတစ်ဝက်လောက်၊ အချို့တစ်ခေါင်းလုံးနီးပါး ထိပ်ပြောင်နေကြတာတွေဟာ ဒီလိုဆို ခက်ကရောပေါ့။ နတ်စင်ရွှေ့လိုက်မှ ဆံပင်ပြန်ပေါက်တယ် ဆိုတာကလဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်မှာပါ ဘုရား ”
    “ဟုတ်ပါတယ် ဒကာရယ် ၊ ဒါပေမယ့် ဘုန်းကြီးကလဲ သူကိုယ်တိုင် လက်တွေ့ခံရတာဆိုပြီး စွဲနေ ယုံနေတယ်”
    သွားပြီ။ “ခုမှ ကယ်သူဝေးပါပေါ့၊ လှေကွဲက အဖာ” ဆိုသကဲ့သို့ ဖြစ်တော့သည်။ ရှင်တော်ဗုဒ္ဓက လူအဖြစ် ရခဲစွ၊ ယောကျ်ားဘဝ ရခဲစွ၊ ရဟန်းအဖြစ် ရခဲစွ၊ သာသနာတော်ကြီးနှင့် ကြံုကြိုှုက်ခဲစွ၊ သဒ္ဒါတရား ရှိခဲစွ- ဟု ရရန်၊ ဖြစ်ရန် ခဲယဉ်းလှသော ဒုလ္လဘတရား ငါးပါးဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ထိုဒုလ္လဘတရားငါးပါးကို ပိုင်ဆိုင်သူတို့ကား လူသားဖြစ်သော ရဟန်းသာမဏေ၊ သံဃာတော်များမှတစ်ပါး အခြားမရှိ။ မည်သည့် ဗြဟ္မာ၊ သိကြား၊ နတ်များမှ မရနိုင်ကြပါချေ။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက ယနေ့မှဖြစ်သည့် ပုထုဇဉ်သာမဏေငယ်ကို အရိယာဖြစ်သော လူ ဒါယကာ၊ ဒါယိကာမများနှင့်တကွ ဗြဟ္မာ၊ သိကြား၊ နတ်တို့ အားလုံးကပင်လျှင် ရှိခိုး ပူဇော်ခြင်းငှာ ထိုက်သည်ဟု မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။ထိုသို့ ရတနာသုံးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည့် သံဃာရတနာတော်မြတ်ကို ဦးခေါင်းထက်မှ ဆံပင်ကိုများ မိစ္ဆာနတ်က ပြောင်အောင်နုတ်သတဲ့။ လူသူလေးပါး ကြား၍မှ လျော်ကန်ပါ၏လော။
    “ဒီလိုဆိုရင်ဖြင့် ဒီအစွဲတွေကို ကျွတ်အောင်ချွတ်ဖို့ ကယ်သူဝေးကြပြီပေါ့ ဘုရား”ဟု ၀မ်းနည်းပက်လက် တင်လျှောက်မိရာ ဦးပဥ္စင်းက “မဝေးပါဘူး ဒကာရဲ့ ၊ ရှိပါတယ်”
    “ဘယ်သူများလဲ ဘုရား”
    “အထက်ကျောင်း ဘုန်းကြီးလေ”
    ဦးပဥ္စင်းမိန့်မှ သတိရမိတော့သည်။ အထက်ကျောင်းဘုန်းကြီးဆိုသည်မှာ ရွာနှင့်ခပ်လှမ်းလှမ်းရှိ တောရကျောင်းတွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးဖြစ်၏။ တောကျောင်းတွင် ကျောင်းထိုင်၍ နေခြင်းကြောင့် တောကျောင်းဘုန်းကြီးဟု ခေါ်ဝေါ်နေကြသော်လည်း သက်တော်မှာ ငယ်ငယ်ပင်ရှိသေး၏။ နမ္မားမြို့ ၊ မြို့မကျောင်းတိုက်၌လည်းကောင်း၊ မန္တလေးမြို့ ၀ိသုဒ္ဓါရုံကျောင်းတိုက်၌လည်းကောင်း ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့သဖြင့် စာပေဗဟုသုတ ကြွယ်ဝပြီး ၀ိဘဇ္ဇဉာဏ် ထက်သန်တော်မူသည့် အပြင် ရိပ်သာတရားစခန်းဝင်၍ ပဋိပတ္တိကိုလည်း လက်တွေ့အားထုတ်တော်မူခဲ့သည်။ ဓမ္မာစရိယတန်း အရောက်တွင် ဤယခုလက်ရှိတောကျောင်းဘုန်းကြီး ပျံလွန်တော်မူ၍ အဝေးရောက်အစ်ကိုတော်လည်း ဖြစ်သော ဆရာတော်၏ “ရွာကိုပြန်၍ သာသနာပြုပါ” ဟူသော ဩဝါဒကို ဦးထိပ်ပန်ဆင်ကာ ဤတောကျောင်းသို့ လာရောက်ကျောင်းထိုင်ရခြင်း ဖြစ်သည်။ ရောက်စတွင် ငယ်ရွယ်သူဖြစ်သည့် အားလျော်စွာ တောကျောင်း၌ မပျော်မွေ့သော်လည်း နေရမည့်အတူတူ ကိုယ်တိုင်နှင့်တကွ အများအကျိုးရှိအောင်နေမည်ဟု ဆုံးဖြတ်တော် မူဟန်တူသည်။ နွေရာသီတွင် ကလေးငယ်များကို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ပို့ချပေးသည်။ လူလတ်ပိုင်းများကို ဓမ္မစကြာဝတ်အသင်းများ ဖွဲ့စည်းစေသည်။ သာရေး နာရေးရှိ၍ တရားဟောခွင့်ကြံု လျှင်လည်း အယူအမြင် စင်ကြယ်ရေး တရားတော်များကို ဦးစားပေး၍ ဟောသည်။ အငယ်တန်း၊ အလတ်တန်း၊ အထိလည်း စာချပေးသည်။
    “အထက်ကျောင်းဘုန်းကြီးက အယူမှား၊ အစွဲမှားများကို ထောက်ပြပြီး အမှန်တရားတွေ သက်ဝင်လာအောင် ပြုပြင်ရေးတရားတွေ ဟောပါတယ် ဒကာရယ်။ ဒါပေမယ့် လူတွေက ခက်တယ်။ တစ်ချို့က အဲဒီလို ဟောတာကိုပဲ သူတို့အစွဲတွေ ထိခိုက်ရမလားဆိုပြီး အထက်ကျောင်းဘုန်းကြီ နတ်နှောက်လို့ ရူးနေပြီလို့ ပြောကြသေးတယ်”
    “အလိုလေး ဘုရားဘုရား ။ မကြားဝံ့ မနာသာတွေပါလား။ တကယ့်သေနတ်ကျည်ဆံကမှ တစ်ခါမှန်လျှင် တစ်သက်တစ်ဘဝသာ သေရမည်။ ပါးစပ်ကျည်ဆန်ကတော့ တစ်ခါမှန်လိုက်ပြီ ဆိုမှဖြင့် ဘဝများစွာ သံသရာ တစ်လျှောက် ခံပေးဦးရော့ ”
    “သိပ်လဲ စိတ်မပူပါနဲ့ ဒကာရယ်။ ဘယ်သူတွေ ဘာပြောပြော အထက်ကျောင်းဘုန်းကြီးက လက်လျှော့မှာ မဟုတ်ပါဘူး။ အခုတောင်မှ ရွာကျောင်းကိုလာပြီး ၀ိပဿနာတရားစခန်းဖွင့်ဖို့ စီစဉ်နေလေရဲ့။ အစပိုင်းတော့လဲ လူအို လူမင်းတွေနဲ့ပေါ့။ တဖြည်းဖြည်းတော့ လူလတ်ပိုင်းနဲ့ လူငယ်တွေကိုပါ စည်းရုံးနိုင်ပါလိမ့်မယ်”
    ဦပဥ္စင်းက ဤသို့ မိန့်မှပင် ကျွန်တော် စိတ်သက်သာရာ ရသွားပါသည်။ “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန် သာသနာ” ဟု ဆိုသည့်အတိုင်း မိိမိကို မှိုချိုး မျှစ်ချိုးပြောသော်လည်း စိတ်နာ စိတ်ပျက်တော်မူခြင်း မရှိဘဲ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တော်မူသည့် အရှင်မြတ်အား လေးစားကြည်ညိုမိသည်နှင့်အမျှ အရှင်မြတ်၏ သာသနာပြုလုပ်ငန်းကြီး အောင်မြင်ပါစေ၊ အရှင်မြတ်လို သာသနာ့ အာဇာနည်များ များများကြီး ပေါ်ထွန်းလာပါစေဟုသာ အကြိမ်ကြိမ် ဆုတောင်းလိုက်မိပါတော့သည်။

    လင်းဦး ( စိတ်ပညာ )


    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo