ရက်လည်ဆွမ်း.......

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • ရက်လည်ဆွမ်း

    “ ငါ့သား အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့”

    ပြီးခဲ့တဲ့နေ့ကအဖေကျွန်တော့်အိမ်ရောက်လာပါတယ်။သူ့သူငယ်ချင်းဆုံးလို့ အသုဘကို လိုက်ပို့ချင် ကြောင်းလာပြောပါတယ်။ ကျွန်တော့်အဖေနဲ့ ရွယ်တူဆိုတော့အသက်(၇၀)ကျော်ပါ။ ကျွန်တော့်ကား ပေါ်မှာ အဖေနဲ့ စကားပြောဖြစ်ပါတယ်။

    “ အဖေ...အဖေသူငယ်ချင်းက သားသမီးတွေမရှိဘူးလား”

    “ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်”

    “ အတူမနေကြဘူးလား”

    “ မနေကြဘူးကွ”

    “ ဘာဖြစ်လို့လဲ အဖေ ”

    “ ဒီလိုကွ၊ ဒီကောင်ကြီးက နောက်မိန်းမယူထားတာ။ သားသမီးတွေက သူ့ကို အမြင်မကြည်ဘူး။ ဒါကြောင့် သားသမီးတွေနဲ့ဒီကောင် အဆင်မပြေဘူး။ အခုသေတော့လည်း သူ့သားသမီးနဲ့ သမီးဆီကို ငါပဲအကြောင်းကြား ထားတယ်။

    “ သူကဘာဖြစ်လို့ နောက်မိန်းမယူတာလဲအဖေ ”

    “ ဒါတော့ငါလည်းဘယ်သိမလဲ၊ ငါသိတာကတော့ သူ့ရဲ့ပထမမိန်းမဆုံးပြီးမှ ဒီမိန်းမကိုယူတာ၊ အဲဒီလိုယူလိုက် တာကြောင့် သားနဲ့သမီးဟာ သူ့အဖေကို လုံးဝလှည့်မကြည့်တော့ဘူး ”

    “ ဒါဆိုဘာဖြစ်လို့ သူ့သားနဲ့ သူ့သမီးကို စောင့်ရမှာလဲအဖေရ ”

    “ ဒါကတော့ သူ့ဆန္ဒပေါ့ကွာ၊ ဒီကောင်ကြီးက မှသွားလို့ ငါလည်းသူခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့။ မိဘက သားသမီးကိုချစ်တာ သဘာဝဖြစ်လာတဲ့စိတ်..၊ တားဆီးလို့မရဘူး။ သားသမီးက မိဘကို ပြန်ပြီးပြုစုတာ၊ စောင့်ရှောက်တာ၊ ချစ်တာကျတော့ သဘာဝစိတ်မဟုတ်ဘူး။ မြင့်မြတ်တဲ့ လူသားတွေမှာသာ ရှိတဲ့စိတ်ကွ ”

    အဲ့ဒီနေ့က တောင်မြင့်သုဿာန်မှာ မီးသဂြင်္ံုလ်ပါတယ်။ အဖေဟာသူ့သူငယ်ချင်းကို မီးသဂြင်္ံုဟ်ပြီးတဲ့ အထိ စောင့်ကြည့်ပါတယ်။ သူ့သူငယ်ချင်းရဲ့သားနဲ့သမီးဟာ ငါးရက်နဲ့ ရက်လည်ချင်ပါတယ်လို့ ပြောတယ်။ ဒါကြောင့် အဖေဟာဆက်ပြီး ကူညီပြန်တယ်။

    ရက်လည်တဲ့နေ့က တော်တော်စည်ကားပါတယ်။ အသုဘရှင်ရဲ့သားနဲ့သမီးဟာ ငွေကြေးရှိသူတွေ ဆိုတော့ ရက်လည်ဆွမ်းမှာ ရက်ရက်စက်စက်လှူပါတယ်။ သူ့အဖေက အသက်(၇၂)နှစ်မို့လို့ သံဃာ(၇၂)ပါးကိုပင့်တယ်။ဆွမ်းကပ်တယ်၊သင်္ကန်းလှူတယ်။အရပ်ထဲကလူတွေကိုရက်လည်တရားနာဖို့ ဖိတ်တယ်။ နေ့လည်စာနဲ့ ဧည့်ခံတယ်။ဒီလိုတွေ စည်စည်ကားကားဖြစ်ဖို့၊ စနစ်တကျဖြစ်ဖို့ ကျွန်တော့်အဖေက အားတက်သရော ကူညီပါတယ်။

    ရက်လည်တဲ့နေ့မှာ ရေစက်ချကြတယ်။ သေဆုံးသူ အဖေအတွက်အမျှပေးတယ်။ အဲ့ဒီရက်လည် ဆွမ်းသွတ် ပြီးတဲ့ညမှာ အဖေနဲ့ကျွန်တော် စကားပြောဖြစ်တယ်။

    ငါ့သား...ရက်လည်ဆွမ်းကို မင်းဘယ်လိုမြင်တုန်း ”

    ကျွန်တော်ဘာမှမဖြေတတ်ပါ။ ကျွန်တော်နားလည်တာမိရိုးဖလာပါပဲ။ အိမ်တိုင်း အိမ်တိုင်း လူသေဖူးကြတယ်။ တစ်ချို့ကလည်း (၃)ရက် ၊ တချို့လည်း(၅)ရက်၊ (၇)ရက်မှာ ရက်လည်တယ်။ သေဆုံးသူတွေအတွက် ကောင်းမှုကုသိုလ်လုပ်တယ်။ အမျှပေးတယ်။ အမျှရပြီးကျွတ်ဖို့ လွတ်ဖို့ ရည်ရွယ်ချက်နဲ့သံဃာတော်တွေကိုပင့်တယ်။ကျွန်တော်ကဒီလောက်ပဲသိတာ။ကျွန်တော်သိသလောက် အဖေလည်းသိနေတာမို့ ကျွန်တော်ဘာမှပြန်မဖြေတာဖြစ်ပါတယ်။

    “ ငါစဉ်းစားမိတယ်။ သားသမီးအတွက် ငါတို့မိဘတွေသေရင် သားသမီးဝတ်ငါးပါးထဲက မွေခံထိုက်စေဆိုတဲ့စကားနဲ့ လှူမျှဝေဆိုတဲ့ စကားကိုသာ လိုက်နာကြတာ။ သားသမီးဝတ်ငါးပါးထဲမှာ ကျင့်ဝတ်ငါးပါးထဲမှာ ကျန်ကျင့်ဝတ်သုံးပါးကို ဂရုမစိုက်ကြဘူး ”

    “ ဘာကိုဆိုလိုတာလဲအဖေ ”

    “ ဒီလိုကွာ။ မိဘတွေသေမှ သိန်း(၄၀)၊(၅၀)ဖိုး အကုန်အကျခံပြီး ရက်လည်ဆွမ်းလုပ်တာထက် မိဘတွေမသေခင်သူတို့စားချင်တာကျွေးဖို့၊သူတို့ဝတ်ချင်တာဝတ်ဖို့ ၊ သူတို့စိတ်ချမ်းသာဖို့ကပိုပြီး အရေးမကြီးဘူးလား။ အခုတော့ကွာ....”

    “ ဒါဆိုရင် အဖေရယ်။ မိဘတွေသေမှ အမျှအတန်းဝေတာထက်ကောင်းတာရှိသေးလို့လား အဖေရယ် ”

    “ ကျွေးမွေးမပြတ်ဆိုတဲ့ သားသမီးဝတ်(၅)ပါးထဲက ပထမတာဝန်ကို မကျေပွန်တဲ့ သားသမီးက အများကြီးပါ ကွာ။ ငါတို့မိဘတွေ သာသမီးမကြိုက်တာ တစ်ခုလောက်လုပ်မိရုံနဲ့ ပုံကြီးချဲ့ပြီး ပစ်ထားကြတဲ့သားသမီးက များတာ ပါ။ မိဘတွေသေမှ အမျှဝေတာထက် မိဘတွေမသေခင် ကျန်တဲ့သားသမီးဝတ်သုံးပါးကို လိုက်နာသင့်တယ်။ အခုတော့ မိဘတွေသေမှ ရက်လည်ဆွမ်းကို ကြီးကြီးကျယ်ကျယ်ဆောင်ရွက်ပေးရုံးနဲ့ သားသမီးတာဝန်ကျေပြီလို့ ထင်ကြတယ်။ မသေခင်မှာ ကျွေးတာကပိုကောင်းတာပေါ့။ သေပြီးမှတော့ ကိုယ်မိဘလောက် ကိုယ့်ပေါ် မစောင့်ရှောက်တဲ့၊ ကိုယ်ကိုမပြုစုခဲ့တဲ့ တခြားလူတွေကို ငွေကုန်ကြေးကျခံပြီးကျွေးတာ အဓိပါယ်မဲ့နေသလို အဖေ ခံစားရတယ်ကွာ။ တကယ်တော့ ကိုယ့်အပေါ်ကို အသက်နဲ့ရင်းပြီးချစ်ခဲ့တဲ့၊ စောင့်ရှောက်ခဲ့တဲ့မိဘကို ကျွေးသင့်တာကွ ”

    အဖေ့စကားဟာ အဓိပါယ်တွေရှိပါတယ်။ မိဘကိုအသက်ရှင်နေတုန်းမှာ ကျွေးမွေးခြင်းလည်းမရှိ၊ စောင့်ရှောက်ခြင်းလည်းမရှိ၊ မိဘသေမှ မိဘပိုင်ဆိုင်တာတွေကို အမွေခွဲဖို့ ရင်ထဲမှာသောကမီးတွေ မျက်နှာမှာက မျက်ရည်တွေနဲ့ မပြေမလည်ဖြစ်နေကြတဲ့ မောင်နှမတွေအများကြီးပါ။ မွေခံထိုက်စေဆိုတဲ့စကားကို တိတိကျကျ လိုက်နာပြီး ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံနဲ့ စောင့်လေမျိုးနွယ်ကို မေ့နေကြတဲ့သားသမီးတွေက အများစုပါ။ မွေခံထိုက်စေနဲ့ လှူမျှဝေကိုတော့ လိုက်နာကြတယ်။

    အဖေပြောတဲ့ စကားတစ်ခွန်း ပြောပါရစေ။

    “ ငါ့သား..........

    သားသမီးတွေဟာမိဘသေရင် မိဘတွေကို မြေကြီးထဲ မြှုပ်ပစ်လိုက်ကြတယ်။ မီးရှို့ပစ်လိုက်ကြတယ်။ သားသမီးတွေသာငါတို့ထက် အရင်သေခဲ့ရင် သားသမီးကို ငါတို့ မြေကြီးထဲမြှုပ်မပစ်ဘူး။ ရင်ဘတ်ထဲက အသည်း နှလုံးထဲမှာ မြှုပ်နှံထားကြတာ ”

    သား ၊ သမီးတွေ တွေးဆ ဆင်ခြင်ကြည့်ကြဖို့ပါ။

    ၃-၁၁-၂၀၀၇

    ၁၂းဝဝ(PM)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo