အာဆင်နယ်ဟာ သာမန်အသင်းလေးမဟုတ်ပါဘူး

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • အာဆင်နယ်အသင်းဟာ ဟိုက်ဘူရီကို အိမ်ကွင်းအဖြစ်သုံးစဉ်တုန်းက အီတာလျံကျောက်ပြားတွေနဲ့ ဆောက်ထားတဲ့ခန်းမကြီးရှိတယ်။ Marble Hallပေါ့။ အသင်းနဲ့ပတ်သတ်တဲ့ အမှတ်တရပစ္စည်းတွေထားတဲ့ ခန်းမ ဖြစ်ပါတယ်။ အဲ့ဒီခန်းမထဲမှာ “ခေတ်သစ်အာဆင်နယ်ရဲ့ဖခင်”လို့ အသိမှတ်ပြုခံရတဲ့ ဟားဘတ်ချ်မင်းရဲ့ ကိုယ်တစ်ပိုင်းပုံ ကျောက်ရုပ်ရှိပါတယ်။ဟိုက်ဘူရီကနေ အမ်းမရိတ်ကိုပြောင်းတဲ့အခါ အဲ့ဒီကျောက်ရုပ် အပါအဝင် အမှတ်တရပစ္စည်းတွေကို ထားခဲ့မှာတော့ မဟုတ်လောက်ပါဘူး။ ကွင်းသစ်ကို ယူသွားမှာ သေချာပါတယ်။ MarBle Hallလိုပဲ ခမ်းနားကြီးကျယ်တဲ့ နေရာတစ်ခုခုမှာ ထားကြမှာဖြစ်ပါတယ်။ ဒီလိုသာထားခဲရင် တစ်နေ့က အမ်းမရိတ် မှာ ကျင်းပတဲ့ အခမ်းအနားမှာ အသင်းဥက္ကဌ ပီတာဟေးဝုဒ် ပြောတဲ့စကားကို ချက်ပ်မင်းရုပ်တုကြီးကကြားလိမ့်မယ်၊ ဒီလိုကြားတဲ့အခါဘာယူခဲ့၊ ဘာခွာခဲ့လို့ မပြောရင် တောင် ရုပ်တုကြီးက“ငါဒီမှာမနေဘူး၊ ဟိုက်ဘူရီပြန်ပို့၊ဟိုက်ဘူရီပြန်ပို့”လို့ ပြောလိမ့်မယ်လို့ အတပ်ပြောရဲ ပါတယ်။
    အောက်တိုဘာလ(၁၈)ရက်နေ့က အမ်းမရိတ်မှာ အခမ်းအနားတစ်ရပ်ကျင်းပခဲ့ပါတယ်။ အဓိက အစီ အစဉ် (၃)ခုပါ၀င်ခဲ့တယ် ပြောရမှာပေါ့။ တစ်ခုက ပြည်ပလုပ်ငန်းရှင်တွေလက်ထဲ အသင်းရောက် မသွားအောင် ဟန့်တားတဲ့အနေနဲ့အစုရှယ်ယာရှင်တွေလုပ်ဖို့ သဘောတူထားတဲ့ အစီအစဉ်ကို ကြေငြာဖို့၊ နောက်တစ်ခုက အသင်းအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်(၃)ယောက်ရဲ့ ကြေးရုပ်တုတွေ ဖွင့်လှစ် ပေးဖို့နဲ့ နောက်ဆုံးတစ်ခုက ၀င်းဂါးကို အာဆင်နယ်ရဲ့ အနာဂတ်အသင်း ဥက္ကဌအဖြစ် လျာထားတဲ့အကြောင်း ထုတ်ဖော်ပြောကြားဖို့တွေပဲ ဖြစ်ပါတယ်။ ဖွင့်လှစ်ပေးလိုက်တဲ့ ကိုယ်တစ်ပိုင်းကြေးရုပ်တု(၃)ခုထဲမှာ ၀င်းဂါးရဲ့ ရုပ်တုတစ်ခုပါပါတယ်။ သူ့ရဲ့ကျေးဇူးတွေ အသင်းပေါ်မှာ အများကြီးရှိလို့ သူ့ရုပ်တုထားတာဟာ သင့်တော်ပါ တယ်။
    ၀င်းဂါးကို နောင်တစ်နေ့မှာ အသင်းဥက္ကဌအဖြစ်ခန့်ဖို့ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတာ မသိပါ ဘူး။ သူအသင်းမှာရှယ်ယာဘယ်လောက်ပိုင်ဆိုင်ထားသလဲ ။ ရှယ်ယာဘယ်လောက်ပိုင်ဆိုင်မှ ဒါရိုက်တာအဖွဲ့ အတွက် အရွေးခံ၊ ဥက္ကဌအဖြစ် ခန့်အပ်လို့ရသလဲဆိုတာတွေက အသင်းရဲ့အတွင်းရေးကိစ္စတွေပါ။ ဆိုးသည် ၊ ကောင်းသည်၊ သင့်တော်သည်၊ မသင့်တော်သည်ဆိုတာ အပြင်လူတွေအနေနဲ့ ဝေဖန်ပိုင်ခွင့်မရှိပါဘူး။ ဒါပေ မယ့် သတင်းတစ်ချို့မှာပါလာတဲ့ ပီတာဟေးဝုဒ်ပြောတဲ့စကားတွေကတော့ တော်တော်လေးကို ဆိုးပါတယ်။ ဒီလိုသာ ပြောခဲ့ရိုးမှန်ရင်တော့ သူဟာ သူ့ရှေးအစဉ်အဆက် အာဆင်နယ်ကိုပဲ့ကိုင်ဦးဆောင်သူတွေမျက်နှာ အိုးမည်းသုတ်စော်ကားလိုက်တာပါပဲ။ အာဆင်နယ်ကို အစဉ်တစိုက်အားပေးလာသူတွေမဆိုထားနဲ့ ၊ အင်္ဂလိပ် ဘောလုံးလောကအကြောင်း ထဲထဲဝင်ဝင်လေ့လာသူတွေတောင် “ဒါမဟုတ်ဘူ၊ မှားတယ်”လို့ကြားက ၀င်ပြော မှာ ဖြစ်သလို ချက်ပ်မင်းရုပ်တုကြီးလည်း ဘယ်သူ့ဆီက ခွင့်ပြုချက်မှမယူဘဲ ဟိုက်ဘူရီကို ထပြန်သွားစေနိုင် လောက်ပါတယ်။
    ပီတာဟေးဝုဒ်က ၀င်းဂါးကို အာဆင်နယ်ရဲ့ အနာဂတ်အသင်းဥက္ကဌအဖြစ် လျာထားခဲ့တဲ့အကြောင်းရင်း အဖြစ်“သာမန်အသင်းလေးကိုဒီနေ့လိုကမ္ဘာကျော်ကလပ်အသင်းကြီးဖြစ်လာအောင်လုပ်ပေးခဲ့လို့”လို့ ထောပနာပြု ပြောကြားခဲ့ပါတယ်။ ဒါဟာမမှန်ပါဘူး ။ အာဆင်နယ်ဟာ ၀င်းဂါးရောက်ပြီးတော့မှ ကမ္ဘာကျော် လာတဲ့ အသင်းမဟုတ်ပါဘူး။ အသင်းကိုသူမလာခင်၊ ရှင်းရှင်းပြောရရင် ၀င်းဂါးမမွေးခင်ကတည်းက အာဆင်နယ်အသင်းဟာ အစဉ်အလာကြီးတဲ့ အသင်းကြီးတစ်သင်းဖြစ်နေပါပြီ။ စကားအဖြစ်ပြောတာလား၊ အချက်အလက်အပေါ်အခြေခံပြီးပြောတာလားဆိုတာ ကွဲကွဲပြားပြားသိနိုင်ဖို့ အာဆင်နယ်ရဲ့ အတိတ်ကစွမ်း ဆောင်မှုတွေကို တင်ပြသွားပါ့မယ်။
    အင်္ဂလိပ်အမှတ်ပေးပြိုင်ပွဲကို ၁၈၈၉ မှာစခဲ့ပေမယ့် ပထမကမ္ဘာစစ်အပြီး ပြိုင်ပွဲကို အသစ်တဖန်ပြန်စ- ပထမတန်းနဲ့ဒုတိယတန်းအသင်းတွေကို အသင်း (၂၀)ကနေ(၂၂)သင်းအထိတိုးမြှင့်တဲ့ ၁၉၁၉ခုနှစ်နောက်ပိုင်း ကျမှ စနစ်တကျဖြစ်လာတာပါ။ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ ပထမတန်းမှာ အာဆင်နယ်အသင်းပါ၀င်ခဲ့ပါတယ်။ အဲ့ဒီ ၁၉၁၉ခုနှစ်ကနေ ဒီနေ့အထိ တစ်ကြိမ်မှဒုတိယတန်းကိုမဆင်းခဲ့ဖူးတဲ့အသင်းဆိုလို့ တစ်သင်းပဲရှိပါတယ်။ အဲ့ဒီအသင်းဟာအာဆင်နယ်အသင်းပါပဲ။မန်ယူတန်းဆင်းဖူးတယ်။လီဗာပူးတန်းဆင်းဖူးတယ်။ တော့တင် ဟမ်၊ ချယ်လ်ဆီးတို့ကအစ ၁၉၁၉ခုနှစ်ကစပြီး ပထမတန်းပြိုင်ပွဲမှာ ကစားဖူးတဲ့အသင်းမှန်သမျှ အာဆင်နယ် ကလွဲရင် တန်း မဆင်းဖူးတဲ့အသင်း တစ်သင်းမှ မရှိခဲ့ပါဘူး။ ပထမတန်းမှာ အာဆင်နယ် ကလွဲရင် သက်တန်းအကြာမြင့်ဆုံးနေနိုင်ခဲ့တာ အဲဗာတန်ဖြစ်ပါတယ်။ ၁၉၅၄ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တစ်ဆက်တည်း တန်းမဆင်းရဘဲ အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒါနဲ့ယှဉ်ကြည့် လိုက်ရင် အာဆင်နယ်ရဲ့ စွမ်းဆောင်မှုဟာ လက်ဖျားခါစရာကောင်းတယ်ဆိုတာ သိနိုင်လောက်ပါတယ်။
    ၁၉၃၃၊ ၁၉၃၄ နဲ့ ၁၉၃၅ ခုနှစ်တွေမှာ အာဆင်နယ်ဟာ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ပထမတန်းချန်ပီ ယံ (၃)နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာသလို ၁၉၇၁ ခုနှစ်မှာ အာဆင်နယ်ဟာ ၂၀ ရာစု အတွင်း ပထမတန်းအမှတ်ပေးပြိုင်ပွဲ ချန်ပီယံဘွဲ့နဲ့ အက်ဖ်အေဖလားကို တစ်ပြိုင်တည်းဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် မှတ်တိုင်သစ်စိုက်နိုင်ခဲ့ပါတယ်။ ဒါတွေက ဘယ်လိုလုပ်နိုင်ခဲ့သောလုပ်ရပ်တွေကို အာဆင်နယ်လုပ်နိုင်ခဲ့တယ်ဆိုတာကို ဖော်ပြခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကထဲ အာဆင်နယ် အသင်းအပေါ် လေးစားမှုဟာ ဒီထက်နက်ရှိုင်းပါသေးတယ်။
    ၁၉၃၀ ပြည့်နှစ်များကနေ ဒုတိယကမ္ဘာစစ်ပြီးစအချိန်ထိ ဘောလုံးလောကကလူတွေက အာဆင်နယ် သည် အင်္ဂလိပ်ဘောလုံးလောက၊ အင်္ဂလိပ်ဘောလုံးလောကဟာ အာဆင်နယ်ပဲလို့ အသိအမှတ်ပြုခဲ့ပါတယ်။ ဘယ်အတိုင်းအတာထိ အလေးထားခဲ့သလဲဆိုတာ ဥပမာတစ်ခုဖော်ပြပါ့မယ်။ ၁၉၆၄ ခုနှစ်မှာ ကမ္ဘာစစ်အတွင်း နာဇီတွေကို ပူးတွဲတိုက်ပွဲဝင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒိုင်နမိုမော်စကိုအသင်း အင်္ဂလန်ကို ချစ်ကြည် ရေးပွဲတွေ လာကစားပါတယ်။ တစ်ပွဲက အာဆင်နဲ့ကစားတာပါ။ ဒိုင်နမိုအသင်းက အင်ပြည့်အားပြည့်ဖြစ်ပေ မယ့် အာဆင်နယ်ကတော့ နာမည်သာအာဆင်နယ် ၊ တကယ်ကတော့အဖြစ်ဖွဲ့စည်းထားတာပါ။ လူမစုံလို့ ဘလက်ပူးက မက်သရူးတို့၊ မော်တင်ဆန်တို့ကို ထည့်ကစားခဲ့ရတယ်။ ကစားတာကလည်း ဟိုက်ဘူရီမှာ မဟုတ်ပါဘူး ။ ဟိုက်ဘူရီက ဗုံးတွေထိမှန်ထားလို့ ၀ိှုက်ဟတ်လိန်းမှာ ကစားခဲ့ပါတယ်။ ပွဲကြီးကြပ်တဲ့ ဒိုင်လူကြီး က ရုရှားဒိုင်လူကြီး။ အဖြစ်သာဖွဲ့စည်းထားတဲ့ နာမည်ခံအာဆင်နယ်အသင်းက ၂-၀ နဲ့ အနိုင်ရနေချိန်မှာ မြူတွေကျလာပါတယ်။ ၅ ကိုက်ထက်ပိုမမြင်ရတော့ပါဘူး။ လုပ်သင့်တာက ပွဲရပ်ပစ်ဖို့ပါ။ ဒါပေမယ့် ဒိုင်လူကြီး က ပွဲကိုမရပ်ဘူး။ ဒိုင်နမိုက ၄-၃ နဲ့အနိုင်ရတဲ့အထိ ဆက်ကစားသွားတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင် နယ်ကို နိုင်တယ်ဆိုတဲ့ ဂုဏ်ကိုလိုချင်လို့ဖြစ်ပါတယ်။ ဒိုင်နမိုရဲ့ ချစ်ကြည်ရေးခရီးစဉ်က ဦးတည်ချက်တစ်ခု တည်းရှိပါတယ်။ အာဆင်နယ်ကို အနိုင်ကစားနိုင်ဖို့ပါပဲ။ အာဆင်နယ်ဟာ ဒီလောက်ကို ဩဇာတိက္ကမကြီးမား ခဲ့ပါတယ်။
    “ဆရာရေ အတိတ်ကရွှေထီးဆောင်းခဲ့တာတွေထားခဲ့တော့၊ ဒီခေတ်က သင်မနေ့ဘာတွေလုပ်ခဲ့ သလဲမဟုတ်ဘူး။ ဒီနေ့ဘာတွေလုပ်နိုင်သလဲဆိုတဲ့ခေတ်။ အာဆင်နယ်ဟာ ၀င်းဂါးမတိုင်ခင်က ဟုတ်ဟုတ်ငြား ငြား ဘာအောင်မြင်မှုတွေ ရခဲ့လို့လဲ ။ သူရောက်လာမှ တစ်ကျော့ပြန်အောင်ပွဲခံခဲ့တာမဟုတ်လား”ဆိုရင် ဟုတ်မဟုတ် ၀င်းဂါးခေတ်(၁၁)နှစ်နဲ့ ၀င်းဂါးမတိုင်မီ (၁၁)နှစ်ရခဲ့တဲ့ အောင်မြင်မှုတွေ နှိုင်းယှဉ်ကြည့်သင့်ပါ တယ်။
    မန်ယူဟာ အမှတ်ပေးချန်ပီယံသရဖူပြန်ဆောင်းနိုင်ဖို့ (၂၆)နှစ်စောင့်ခဲ့ရတယ်။ ချယ်လ်ဆီးက အနှစ် (၅၀)စောင့်ခဲ့ရတယ်။ ဒါပေမယ့် ဖာဂူဆန်ခေတ်မတိုင်မီက မန်ယူ၊ မော်ရင်ညို ဦးမဆောင်မီက ချယ်လ်ဆီး၊ ဘင်နီတက်ဇ်ကိုင်တွယ်နေတဲ့ လီဗာပူးတို့ဟာ သာမန်အသင်းတွေလို့ ပြောလို့မရဘူး။ အင်မတန်အစဉ်အလာ ကြီးခဲ့တဲ့ အသင်းတွေပါ။ သူတို့မရှိတော့ပေမယ့် မန်ယူ၊လီဗာပူး စတဲ့ အသင်းတွေဟာ ကျန်နေဦးမှာပါ။ ၀င်းဂါးနဲ့ အာဆင်နယ်လည်း ထိုနည်းလည်းကောင်းပါပဲ။ ပုဂ္ဂိုလ်ရေးခံစားမှု မပါဘဲ အရှိကို အရှိတိုင်းပြောရရင် ၀င်းဂါးရောက်လာတဲ့အတွက် အာဆင်နယ် ဒီလိုဖြစ်လာတယ်ဆိုတာထက် အာဆင်နယ်ကို ၀င်းဂါး ရောက်လာ လို့သာ ဒီလိုမျိုးလုပ်နိုင်တာဖြစ်တယ်လို့ဆိုမှ ပိုမှန်နိုင်ပါလိမ့်မယ်။ လက်ရှိ အာဆင်နယ်အနေနဲ့ ၀င်းဂါးကို အသည်းအသန်လိုချင်နေတယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ သူ့ကို ဆွဲထားနိုင်ဖို့ ဘာလုပ်ရလုပ်ရ၊ ဘယ်လောက်အောက်ကျို့ရအောက်ကျို့ရ အောက်ကျို့နေတာကို ခွင့်လွှတ်နိုင် စရာရှိပါတယ်။ အတိုင်းအတာ တစ်ခုအထိပေါ့။ ဒါပေမယ့် အတိတ်ကလုပ်ရပ်တွေကို လျစ်လျူရှု၊ အစဉ်အဆက် စွမ်းဆောင်မှုခဲ့တွေကို သိမ်ဖျင်းသွားအောင်အာဆင်နယ်အသင်းကို“သာမန်အသင်းလေး”လို့ပြောတာ ကြတော့၊ အဲ့ဒီ့အတိုင်းအတာ ကို ကျော်လွှားခဲ့ပါပြီ။ အာဆင်နယ်ဟာ ချယ်လ်ဆီးလို ခေတ်သစ်“ကြီးလေးကြီး” ထဲက အသင်းတစ်သင်း မဟုတ်ပါဘူး။ မန်ယူ၊ လီဗာပူးတို့နဲ့အတူ လက်ဟောင်း“ကြီးငါးကြီး”စာရင်းဝင်အဆင့် ဖြစ်ခဲ့ပါတယ်။ ၀င်းဂါး ခေတ်ထက်စောပါသေးတယ်။ ပိုဆိုးတာက ဒီလိုပြောခဲ့တဲ့သူက သာမန်အသင်းဥက္ကဌ မဟုတ်။ အက်ဒဝပ် မိသားစုနဲ့မန်ယူပတ်သတ်မှုရှိသလိုမျိုး ဆွေးမျိုးစဉ်ဆက် အာဆင်နယ်နဲ့ ပတ်သတ်ထားတဲ့ ဟေးလ်ဝုဒ် မိသားစုဝင်တစ်ယောက် ဖြစ်နေခြင်းက ပိုလို့ဆိုးပါတယ်။ ဒီလိုပြောလိုက်ခြင်းက သူ့ဖခင် ဒင်းနစ် ဟေးလ်ဝုဒ် မျက်နှာကို တံတွေးနဲ့ထွေးလိုက်သလို ဖြစ်နေပါသလားဆိုတာ မစဉ်းစားခဲ့ခြင်းက အလွန်အံ့ဩစရာ ပါပဲ။ စာရေးသူသာ ချက်ပ်မင်ကျောက်ရုပ်ဖြစ်မယ်ဆိုရင် ရိုးရိုးဟိုက်ဘူရီကို မပြန်ဘဲအာဆင်နယ်ဟာသာမန် အသင်း လေး ပါလို့ပြောတဲ့ ပီတာဟေးလ်ဝုဒ်ကို ရိုက်ပြီးမှ ပြန်မှာဖြစ်ပါတယ်။


    ို

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo